မြန်မာ့ရေစီးနှင့်အတူ စီးမျောလိုက်

အရှေ့တောင်အာရှ သတင်းခေါင်းကြီးတွေမှာ အာဆီယံခေါင်းဆောင်တွေက ၂၀၁၄-  ခုမှာ မြန်မာပြည်ရုံးထိုင်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် မြန်မာကနေရာယူသွားတယ်။ ဒီနောက် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် မြန်မာပြည်ကို သွားခဲ့တယ်။ အဲဒီနောက်မှာတော့ စီးပွါးရေးသမားတွေ စုပြုံပြီး ခြေဦးလှည့်နေကြတော့ လေယာဉ်လက်မှတ်ရဖို့တောင် အတော်ခက်သွားပါတော့တယ်။

            ဒီလိုအပြောင်းအလဲတစ်ချို့တွေ့နေရပေမယ့် ဒီထက်ခိုင်မာတဲ့ ပြောင်းလဲမှုမလုပ်ရင် စီးပွါးရေးပိတ်ဆို့မှု တွေလည်း ရှိနေဦးမှာပဲလို့ သံသယရှိသူတွေ ရှိနေသလို မြန်မာပြည်သူလူထုနဲ့ အစိုးရကလည်း ပြောင်းဆိုလို့ ပြောင်းနေပြီ၊ ဘာဖြစ်လို့ အရေးယူပိတ်ဆို့မှုတွေ ဆက်လုပ်နေတာလည်းဆိုတဲ့ မေးခွန်းတွေ မေးနေကြပါပြီ။

            အာဆီယံသံတမန်အဖွဲ့နဲ့အတူ မြန်မာပြည်ကိုသွားဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့ကြပါတယ်။ တစ်ခုစဉ်းစားလို့မရတာက မြန်မာနိုင်ငံဟာ ကျွန်တော်မရောက်ဖူးတဲ့ အာဆီယံနှစ်နိုင်ငံထဲက တစ်နိုင်ငံ ဖြစ်နေခြင်းပါ။ နောက်တစ်နိုင်ငံကတော့ လာအိုပါ။

            မြန်မာပြည်က ဘယ်လိုသတင်းမျိုး ရယူနိုင်ခဲ့မလဲ။ အပြောင်းအလဲတစ်ချို့ရှိခဲ့ပေမယ့် သံသယ ရှိနေသူတွေလည်း ဒုနဲ့ဒေး၊ ဒီကြားထဲ ဘာတွေများလေ့လာတွေ့ရှိနိုင်မလဲ။

            ရန်ကုန်လေဆိပ်ကို ရောက်တယ်ဆိုရင်ပဲ တစ်စွန်းတစ်စတော့ နားလည်ခွင့် ရခဲ့ရပါတော့တယ်။ ကျွန်တော်တို့ ဟန်းဖုန်းတွေထဲက SIM ကဒ်တွေကို GSM တွေနဲ့ လဲတပ်ခဲ့ရတယ်။ ပြည်ပကိုခေါ်လို့ရပေမယ့် မက်ဆေ့ခ်ျပို့လို့မရဘူး။ နေပြည်တော်ကို ဆက်လက်ပျံသန်းကြတဲ့အခါမှာတော့ တစ်ချို့က အဆက်အသွယ် မပြတ်အောင် CDMA ကဒ်တွေကို လဲထည့်ခဲ့ကြပြန်တယ်။

            ဒါပေမယ့် ဒီအခက်အခဲတွေဟာ နည်းပညာမဖွံ့ဖြိုးလို့သာဖြစ်ပြီး တားဆီးပိတ်ပင်မှုကြောင့်တော့ မဟုတ်ပါဘူး။ နေပြည်တော်ကိုသွားရင် မိုဘိုင်းဖုန်းတွေ သုံးခွင့်မရှိဘူးလို့ အရင်ကကြားခဲ့ဖူးပါတယ်။ မဟုတ်ပါဘူး။

            အာဆီယံအဖွဲ့အတွင်းရေးမှူးချုပ် ဒေါက်တာစူရင်နဲ့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၊ သူ့ဝန်ကြီးများအဖွဲ့နဲ့ တွေ့ဆုံရတဲ့အခါမှာတော့ အားလုံးအကောင်းဖက်ကို ဦးတည်လာခဲ့ပါတော့တယ်။

            ၂၀၁၄- ခု အာဆီယံအိမ်ရှင်အဖြစ် လက်ခံတဲ့အခါမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီပံ့ပိုးဖို့ ပြောကြတဲ့အခါမှာတော့ နှစ်ဦးနှစ်ဘက်စလုံးဟာ ပွင့်ပွင့်လင်းလင်းရှိလှပါတယ်။ မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီလိုတယ်ဆိုတာ နှစ်ဘက်လုံးသဘောတူကြတယ်။ အထောက်အကူပစ္စည်းတွေ ဒီထက်ကောင်းမွန် ခေတ်မီဖို့၊ ဆက်သွယ်ရေး ဒီထက်မြန်ဆန်ကောင်းမွန်ဖို့ စတာတွေရောပေါ့။

            “လူကြီးမင်းများကိုယ်တိုင် ဘာလီနဲ့ အခြားနေရာတွေမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသလို ၂၀၁၄- ခုနှစ်ရောက်ရင် ထောင်ပေါင်းများစွာ မြန်မာပြည်ထဲကို ဝင်လာကြပါလိမ့်မယ်။ အာဆီယံအဖွဲ့ဝင်တွေပါမယ်။ အာဆီယံရဲ့ ပါတနာတွေပါမယ်။ ကမ္ဘာတစ်ဝှမ်းလုံးကလူတွေ ပါလာကြပါလိမ့်မယ် ” လို့ ဒေါက်တာ စုရင်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

            “၂၀၁၄- မှာ ကျလာမယ့် မြန်မာရဲ့ အာဆီယံအိမ်ရှင်အဖြစ် လက်ခံကျင်းပရေးဟာ ထူးခြားမှုရှိပါတယ်။ ၂၀၁၄- ခုဟာ နောက်ဆုံးအသုတ်ဖြစ်ပြီး ပြီးတာနဲ့နောက်တစ်လှည့်အတွက် မလေးရှားကို လက်လွှဲပေးရတော့မှာပါ။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ မြန်မာနိုင်ငံက အလုပ်ရှုပ်နေသလို၊ အာဆီယံနိုင်ငံတွေကလည်း ဒီလှုပ်ရှားမှုနဲ့အတူ လိုက်ပါနိုင်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။”

            အဲဒါ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပထမဆုံးတွေ့ဆုံမှုပါ။ အဲဒီနောက် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲတစ်ခု ထပ်လုပ်ခဲ့ကြပြန်ပါတယ်။ ဒီတစ်ခါမှာတော့ စီးပွါးရေးဝန်ကြီး ဦးတင်နိုင်သိန်း၊ သတင်းပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း၊ သမ္မတကြီး ဦးသိန်းစိန်ပါ ပါဝင်ပါတယ်။

            သူတို့ရဲ့ စီးပွါးရေး ပိတ်ဆို့မှုရုပ်သိမ်းပေးဖို့ တောင်းဆိုချက်တွေဟာ အရင်လို စိတ်ပျက်ငြီးငြူတဲ့ လေသံမပေါက်ပဲ တကယ် ကျိုးကြောင်းညီညွတ်တယ်လို့ ထင်ပါတယ်။ မြန်မာတွေရဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ဖို့ ကြိုးစားနေချိန်မှာ စီးပွါးရေးပိတ်ဆို့ထားမှုဟာ တကယ်ကြီးကျယ်တဲ့ အဟန့်အတားတစ်ခုပါ။

            “တန်းတူအခွင့်အရေးသာပေးပါ၊ တရားနည်းလမ်းကျကျ ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်ပါတယ်” ဆိုတာ ဝန်ကြီးတွေဆီက ထွက်လာတဲ့အသံတွေပါ။

            သမ္မတကြီးကတော့-

            “ ပြည်တွင်းမှာ အလုပ်တွေ ဖန်တည်းရမယ်။ ဒီအလုပ်တွေဟာ ပြည်တွင်းမှာရှိတဲ့ မြန်မာတွေအတွက် သာမက အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ သန်းချီတဲ့မြန်မာတွေ အတွက်ပါ။ သူတို့ ပခုံးပေါ်ကဝန်ထုပ်တွေ လျော့ချပေးရပါမယ်။” ပြည်ပမှာအလုပ်လုပ်နေရတဲ့ သူ့လူမျိုးတွေကိုပါ ဦးတည်ထားတဲ့ရည်ရွယ်ချက်ဟာ ရဲဝံ့ပြီး အမြော်အမြင်ကြီးမှုလည်း ပါဝင်နေပါတယ်။

            နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်လေ့လာဖို့ တောင်းဆိုတဲ့ ဒေါက်တာစုရင်ရဲ့တောင်းဆိုချက်ကိုလည်း သူလက်ခံခဲ့တယ်။ ယခု သန်းပေါင်းခြောက်ဆယ်၊ လာမယ့် နှစ်နှစ်ဆယ်အတွင်း တိုးပွါးလာမယ့် လူသန်းပေါင်းတစ်ရာအတွက် စားနပ်ရိက္ခာတွေ ဒီဒေသကနေ ဖြည့်ဆည်းပေးနိုင်ရေး အစီအစဉ်တွေအတွက် အာဆီယံနဲ့ ကမ္ဘာက ကူညီပံ့ပိုးပေးဖို့ ပြောဆိုခဲ့ကြပါတယ်။

            ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်နေတာနဲ့အညီ မစ္စတာသိန်းစိန်က လာမယ့်ရွေးကောက်ပွဲမှာ အာဆီယံနိုင်ငံတွေက လေ့လာသူတွေနဲ့ သတင်းမီဒီယာအဖွဲ့တွေကို လာရောက်ခွင့်ပြုဖို့ အလေးအနက်ထား စဉ်းစားနေကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

            စီးပွါးရေးပိတ်ဆို့မှုဖွင့်ပေးဖို့ တောင်းဆိုတဲ့အထဲမှာ အစိုးရပိုင်းကသာမက စီးပွါးရေးရပ်ဝန်းကလူတွေ ပါဝင်နေတယ်ဆိုတာလည်း တွေ့ရပါတယ်။

            “၉၅-ရာခိုင်နှုံးကျော်သော မြန်မာစီးပွါးရေးလုပ်ငန်းများဟာ အသေးစားနဲ့ အလတ်စား စီးပွါးရေးလုပ်ငန်းတွေ(SMES- Small and Medium-sized Enterprises) သာဖြစ်ပြီး အဲဒီစီးပွါးရေးလုပ်ငန်းတွေအတွက် နည်းပညာအကူအညီနဲ့ ငွေကြေးစီးဆင်းမှုအကူအညီ အများကြီး လိုအပ်ပါတယ်” လို့ မစ္စတာ ဝင်းအောင်က ပြောခဲ့ပါတယ်။

            စက်မှုလုပ်ငန်းရှင်များအဖွဲ့ခေါင်းဆောင် မခိုင်ခိုင်နွယ်ကလည်း စီးပွါးရေးပိတ်ဆို့မှုဟာ တိုးတက်မှု အတွက် အဟန့်အတားကြီးတစ်ခုဖြစ်ရကြောင်း၊ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအတွက် လွန်စွာစိတ်ပျက်စရာကောင်းကြောင်း မှတ်ချက်ပေးခဲ့ပြန်ပါတယ်။

            “မြန်မာဟာ လေဆိပ်ကခွာခဲ့ပြီးတဲ့ လေယာဉ်ပေါ်က လေယာဉ်အဖွဲ့တွေနဲ့ တူပါတယ်၊ ဘာတွေပဲဖြစ်နေဖြစ်နေ ရှေ့ကိုပဲဆက်တိုးကြမှာပါ။ နောက်ဆုတ်လို့ မရတော့ပါဘူး” လို့ UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ဆိုပြန်ပါတယ်( Union of Myanmar Federation of Chambers of Commerce and Industry)။

            ဒါဆို The Lady ကရော။

            နိုဘယ်ဆုရှင် ဒေါ်စုမပါပဲ မြန်မာနိုင်ငံရဲ့သတင်းက မပြည့်စုံပါဘူး။ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲအကြောင်းနဲ့ သူမက စတင်ပါတယ်။ ဒါကလည်း ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေက သတင်းထောက်တွေအတွက် သိပ်မထူးခြားလှတဲ့ သတင်းတစ်ခုပါ။

            ဒီထက်ပိုပြီး အံ့သြစရာကောင်းတာက ဒေါ်စုက ဒေါက်တာစူရင်နဲ့တွဲပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အဲဒါ သူမအိမ်ဘေးမှာပါ။ စစ်တပ်အကြီးအကဲတွေကို လက်စားချေမှုဆိုတာနဲ့ပတ်သက်လို့ သူမက ငြင်းဆိုခဲ့ပါတယ်။

            “ကျွန်မက တောင်အမေရိကရဲ့ Desmond Tutu ကို အကြီးအကျယ်အားကျသူပါ၊ လက်စားချေပြီးရယူတဲ့ တရားမျှတမှုဆိုတာကို လုံးဝအယုံအကြည် မရှိပါဘူး” Live and Let Live ဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ ကရုဏာတရားကို နိုင်ငံတော်တည်ဆောက်ချိန်တစ်လျှောက်လုံး လက်ကိုင်ထားသွားမယ်လို့ သူမက ဆိုပါတယ်။

            နာဂစ်တိုက်ခတ်ခဲ့တဲ့ ဧရာဝတီခရီးစဉ်ကတော့ ကျွန်တော်တို့တစ်ဖွဲ့လုံး တော်တော်နဲ့မေ့လို့မရမဲ့ ခရီးစဉ်တစ်ခုပါ။ ကျွန်တော်တို့တည်းခိုတဲ့နေရာကနေ ကီလိုမီတာအနည်းငယ် လျှောက်သွားတဲ့အခါမှာတော့ သစ်ခက်သစ်ရွက်တွေနဲ့ ဆောက်ထားတဲ့ လယ်စောင့်တဲတွေကို တွေ့ရပါတယ်။ အိမ်တွေကလည်း ဝါးလုံးအိမ်လေးတွေပါ။

            ရွာတွေကိုရောက်တော့ ရှက်နေတဲ့ကလေးတွေက လက်ယမ်းပြကြတယ်။ ကျွန်တော်တို့ပေးတဲ့ တီရှပ်နဲ့ မုန့်တွေကိုရတော့ ပျော်နေကြတယ်။ ဒေါက်တာစူရင်က သူတို့အတွက် မက်ဆေ့ခ်ျရိုးရိုးလေးပေးတယ်- “နောက်ထပ် ဆိုင်ကလုန်း မရှိ (Cyclone, no more)၊ အာဆီယံ ရက်စ်၊ ရက်စ်”။ ၅၀၀-ကျော်ရှိတဲ့ လူကြီး၊ ကလေးတွေ ဝိုင်းပြီးအော်ကြတယ်။ ရွာထဲကို ကားမောင်းဝင်လာတော့မှ ဈေးဆိုင်အသေးစားလေးတွေကို တွေ့ရတယ်။ အိမ်တွေကလည်း ပိုပြီးခိုင်ခိုင်မာမာရှိတာ တွေ့ရပါတယ်။ ကျွန်တော်တို့ တကယ်ဝမ်းသာခဲ့ရပါတယ်။

            မိတ်ဆွေတွေဖြစ်ကြတဲ့ ဒါရိုက်တာဝီလျံနဲ့ လက်ထောက်ဒါရိုက်တာ အက်ဒလီနာတို့အတွက်ကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာပဲပေါ့။ သူတို့က နာဂစ်မုန်တိုင်းတိုက်ပြီးတဲ့နောက် လုပ်အားပေးရင်း လပေါင်းများစွာ ဒီမှာနေထိုင်ခဲ့တဲ့သူတွေလေ။ သူတို့အဓိကအားစိုက်ပြီး လုပ်အားပေးခဲ့တဲ့ သလိပ်ကြီးရွာကိုရောက်တော့ တော်တော်မိုးချုပ်နေပါပြီ။ ရွာသားတွေက မအိပ်သေးပဲ ကျွန်တော်တို့အဖွဲ့ကို စောင့်နေခဲ့ကြတယ်။ ဒီလောက်နွေးထွေးမှုမျိုး တသက်မှာ မကြုံခဲ့ရဖူးသေးပါဘူး။

            ဒေါက်တာ ဝီလျံနဲ့ မစ္စ အက်ဒလင်တို့အတွက်ကတော့ ပျော်မဆုံး၊ မော်မဆုံးပါပဲ။ အိမ်ကိုလွမ်းသူရဲ့ အိမ်အပြန်ခရီးတစ်ခုလိုကို ဖြစ်နေတာပါ။ ရွာသူရွာသားတွေ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိကြပါတယ်။ သူတို့ ကြိုးစားခဲ့သမျှ၊ ကူညီပံ့ပိုးခဲ့သမျှတွေဟာ ရွာသူရွာသားတွေအတွက် အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုတာ သိရတော့ ပိုပြီးကျေနပ်စရာပဲပေါ့။ ဒီခရီးလည်းဆုံးရော ကျွန်တော်တို့အားလုံး အားပေးမှုတစ်ခုခုရလိုက်သလို ခံစားရပါတယ်။

            ရွာသူရွာသားတွေက လောကဓံကို တင်းတင်းခံထားနိုင်တယ်။ လက်ရှိပါတီနဲ့ အတိုက်အခံပါတီ တို့ကလည်း သူတို့ဘဝတွေ ပိုမိုတိုးတက်လာအောင် ကူညီဖို့ ဆန္ဒရှိကြတယ်။ သံသယရှိသူတွေကတော့ ဒါဟာ နိုင်ငံရေးပါတီနှစ်ခုရဲ့ အားပြိုင်မှုလို့ ဆိုပါလိမ့်မယ်။

            ကျွန်တော်ကတော့ လူထုအတွက်အကျိုးရှိမယ်ဆိုရင် အားပြိုင်တော့ရော ဘာဖြစ်သေးလဲလို့ တွေးမိပါတယ်။

            မြန်မာတွေအတွက် အချိန်ကသိပ်မရှိဘူး။ အစိုးရကလည်း ဒါကိုသိတယ်။ ၂၀၁၃- မှာ ကျင်းပမယ့် SEA ဂိမ်းဟာ ၂၀၁၄- မှာ ကျင်းပမယ့် အာဆီယံဆွေးနွေးပွဲအတွက် ရီဟာဇယ်တစ်ခုလို ဖြစ်နေလိမ့်မယ်။ အားလုံးအမြန်ပြောင်းလဲဖို့ လိုနေပြီ။

            မြန်မာရဲ့ အပြောင်းအလဲကိုမြင်ချင်ရင် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်သင့်ပြီ။

The Straits Time, March 6, 2012.
Keeping up with Myanmar’s ကို ဘာသာပြန်ထားတာပါ။
The writer is the director of community affairs development at the Asian Secretariat in Jakata.
By Danny Lee




ဇင်ဝေသော်















Copyright © 2011 ကမ်းလက်. All rights reserved.

ဘာသာရေးလား နိုင်ငံရေးလား

 
တစ်ခါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒကာကြီးတစ်ယောက် စင်္ကာပူလာ၍ ဆေးကုသမှုခံယူ၏။ ကြားသိရသမျှသတင်းမျာအရ သူ့ရောဂါက လွန်နေပြီဖြစ်သည်။ထောင်ထဲ၌ နှစ်ရှည်လများ နေခဲ့ရပြီး ဟုတ်တိပတ်တိ ဆေးကုသမှူလည်း ခံယူခဲ့ရဟန်မတူပေ။ရှိစေတော့၊ဤကိစ္စ။ စင်္ကာပူရောက်ပြီး ရက် အနည်းငယ်အကြာတွင် ထိုဒကာကြီး ဆုံးပါးသွားရှာလေတော့သည်။ ရေးလိုသောအကြောင်း အခုမှ စ ရတော့ မည်။

ထိုဒကာကြီး ၏ ဈာပန၌ အသုဘရှုကြွရောက်ရေးကိစ္စဖြစ်သည်။ စောစောကတော့ ဘာသိဘာသာပင်၊ နောက်မှ ရင်းနှီးသောဒကာ၏ လျှောက်ထားချက်အရ အသုဘရှုကြွရန် ရဟန်းတော် အခက်အခဲရှိနေကြောင်း သိခဲ့ရ တော့သည်။ ထိုဒကာကလည်း လူရင်းတွေဖြစ်သဖြင့် "အရှင်ဘုရားကတော့ ကြွမှကိုဖြစ်မယ်" ဟု လေသံပြင်းပြင်း ပင့်ဖိတ်လေတော့သည်။

အမှန်ပင်စိတ်မကောင်းဖြစ်မိ၏။ ထို့ကြောင့် မဖြစ် ဖြစ်အောင်ကြွခဲ့မည်ဟု အာမခံလိုက်သည်။ ထိုနောက်  မတ်ဆွေရဟန်းကို  ဖုန်းဆက်ရာ မင်းသွားရင် ငါလည်းလိုက်ရမှာပေါ့ ဟူသော သေဖော်သေဖက်စကား ပြန်ရခဲ့သည်။ အဆင်ပြေသွား၏၊ အနည်ဆုံး နှစ်ပါးတော့ရပြီ။ ခက်သည်က ဤကိစ္စမျိုးက တိုင်ပင်၍မကောင်း၊ အဖော်ညှိ၍မကောင်းဖြစ်သည်။

"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်" ဟုဆိုလိုက်သည်နှင့် "အသုဘ" ကိစ္စပြောက်ခါ "နိုင်ငံရေး" ဟူသောအသွင် ပြောင်းသွားတတ်ပြန်သည်။ မတတ်နိုင်၊ သွားတော့သွားရမည်။ အမှန်မူ ထိုနေ့က ပါဠိကောလိပ် သင်တန်း ရှိသည်။ သို့သော် သင်တန်းတစ်နာရီနှင့် လူတစ်ယောက်၏ နောက်ဆုံးခရီး ဘယ်ဟာကပိုအရေးကြီသည်ကို လူတိုင်းသိ၏

စဉ်းစားမိသည်၊ သေဆုံးသူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ သူသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်လည်းဖြစ်သည်။ အသုဘရှုရန် သံဃာတစ်ပါးမှမကြွသော် (မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ)  အရုပ်ဆိုး၏၊ရင်နင့်ဖွယ်ကောင်း၏။ သံဃာများလည်း သိက္ခာကျ၏၊ ရှက်ဖွယ်ဖြစ်၏။ (သဘောမတူက အငြင်းမပွားလို)ထို့ကြောင့် မဖြစ် ဖြစ်အောင်ကြွခဲ့မည်ဟု အာမခံလိုက်ခြင်း ဖြစ်သည်။

မိတ်ဆွေရဟန်း၊ အခြားအာဂန္တုတစ်ပါးနှင့် သုံးပါး ပင်နီဆူလာမှ မန်ဒိုင်းသို့ ထွက်ခဲ့ကြသည်။ မဆိုးပါ၊ လိုက်ပါပို့ဆောင်သူ တော်တော်များများရှိသည်။ တရားဟော ရေစက်ချရန် အချိန်ရောက်သောအခါ ကင်မရာမီး၊ ဗွီဒီယိုမီးများ တလက်လက်ရှိနေတော့သည်။ ဓာတ်ပုံနှင့် ဗွီဒီယိုများယနေ့ည မီဒီယာပေါ်သို့ရောက်ပေတော့မည်။ ဤခေတ်က  မီဒီယာခေတ်၊ မီဒီယာကိုတားမရ။

စောစောက ပြောခဲ့သလိုပင် "အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်" ဟူသောအမည်ကြောင့် "အသုဘ" တစ်ခုသည်  "နိုင်ငံရေး" ဟူသော ခေါင်စဉ်အောက်၌ မရိုးမယဉ် ပြန့်နှံ့သွားလေတော့၏။ တို့တော့ ရှင်းစရာလေးတွေရလာတော့မယ် ဟု ရယ်စရာပြောမိကြသေး၏။

အမှန်ပင်ရခဲ့ပါ၏၊ နောက်မှဆက်ပါမည်။
ဒုတိယကိစ္စက မြန်မာနိုင်ငံဆိုင်ရာ သံရုံး၌ မဲပေးကြသောနေ့ကဖြစ်သည်။ ညနေ သုံးနာရီလောက်ရောက်သော် ထို ဒကာကပင်အလောတကြီးဖုန်းဆက်ပြန်၏။ မြန်မာလူငယ်(၂၀၀၀)ခန့် သံရုံးရှေ့၌ မဲပေးရန်စောင့်နေကြသည်၊ သို့သော် လူတစ်ယောက် မဲပေးလျှင်(၁၅)မိနစ်ခန့်ကြာသဖြင့် တစ်နာရီကြာမှ လေးယောက်၊ အလွန်ဆုံး ငါးယောက်သာ  မဲပေးလို့ရသည်၊ ထို့ကြောင့် လူငယ်အများစုက အရမ်းဒေါသဖြစ်နေကြသည်။ စင်္ကာပူ ရဲသား၊ ရဲကားမျာကလည်း အဆင်သင့်စောင်ဆိုင်းနေကြသည်။ ပြဿနာတစ်ခုခုဖြစ်လျှင် ထိန်းမရ သိမ်းမရဖြစ်ကာ အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မည်ဟု အလောတကြီးပြောလာပြန်သည်။ ဦးဇင်းတို့က ဘာလုပ်ပေးနိုင်မှာမို့လဲ ဟုမေးရာ ဘာမှလုပ်စရာမလိုပါ၊ အရှင်ဘုရားနဲ့ အခြားဆရာတော်တစ်ပါးကြွလာပြီး မျက်နှာပြပေးရုံပါ။ လူငယ်များကိုဒီနည်ဲး့နဲ့လာထိန်းပေးပါ။ အရှင်ဘုရားတို့ကိုမြင်ရလျင် သူ့တို့ဒေါသအတန်ငယ်ပြေနိုင်ပါသည်။ မိမိတို့နိုင်ငံသားများ ဒုက္ခမရောက်မီ ကြိုတင်၍ ကာကွယ်ပေးပါ ဟု သူကဆိုသည်။

စဉ်းစားစရာရှိသောကိစ္စဖြစ်သည်။ ယမန်နေ့ကမှ ဂျပန်နိုင်ငံ၌ ဂျပန်ရဲများနှင့် မဲပေးလာသောမြန်မာများ ရိုက်ကြနှက်ကြဖြစ်သဖြင့် ခေါင်းပေါက်သူပေါက်၊ ဆေးရုံရောက်သူရောက်၊အချုပ်ခန်းထဲရောက်သူရောက် ဝမ်းနည်းဖွယ်သတင်းဖတ်ခဲ့ရသည်။ ဤကိစ္စမျိုး စင်္ကာပူမှာဖြစ်လျှင်စင်္ကာပူဥပဒေအရ ပိုအထိနာနိုင်သည်။ စင်္ကာပူဥပဒေက ပို၍လက်သံပြောင်သည်။

ထို့ကြောင့် ကြွလိုကကြွ ၊မကြွလိုကနေ ၊ စင်္ကာပူအခြေစိုက် သံဃာအားလုံးကို ပင့်သင့်ကြောင်း ကိုယ်တိုင်ကတော့ ထို(သူတို့ညွှန်းဆို ပင့်ဖိတ်သော) ဆရာတော်နှင့်အတူ ကြွမည်ဟု ကတိပေးလိုက်သည်။

စင်္ကာပူရဲလည်း ခေါင်းမကွဲစေလို၊ ကိုယ့်လူမျိုးလည်း အချုပ်ကျ ကြိမ် အရိုက်ခံ မဖြစ်စေလို၊ မြန်မာသံရုံးလည်း ခဲအထိမခံစေလို။

သို့ဖြင့်ပင် ရောက်သွားခဲ့ကြရပြန်၏။

ရဟန်းသုံးပါးကို မြင်ခိုက် မြန်မာလူငယ်များက လက်အုပ်ချီကြ ၊ ထိုင်ဝတ်ချကြ၏။ မဆိုးဟုထင်သည်။ လူအုပ်ကြီး အတန်ငယ် ငြိမ်သက်နေသည်။

အဆိုးဆုံးက စောစောကပြောခဲ့သော မီဒီယာတည်း။

ချင်နယ် နယူးအေးရှားမှ လူများရောက်လာပြီး မေးကြတော့၏။ မြန်မာလူထုအပေါ် ရဟန်းတော်များ၏ သြဇာသက်ရောက်မှု၊ အဘယ်ကြောင့် သံဃာတော်များ ဤမဲပေးရာကြွလာကြသနည်း ၊ စသော မေးခွန်းများတည်း။ ပြောသောစကားက အင်္ဂလိပ်ဖြစ်နေ၍ ညီတော် နောင်တော်များက ချစ်ခြင်းတရားကြီးစွာ မိမိကို ရှေ့တင်ကြတော့သည်။

မတတ်နိုင်၊ ဖြေရတော့သည်။

ရဟန်းတော်များရောက်လာခြင်းက လူအုပ်ကြီးကို အနည်းငယ်ငြိမ်သက်စေရန်၊ စင်္ကာပူ၏ တည်ဆဲဥပဒေတို့ကို လေးလေးစားစား လိုက်နာကြဖို့ သတိပေးရန်၊ မနေ့ကဂျပန်မှာဖြစ်သော ကိစ္စမျိုး စင်္ကာပူမှာ မဖြစ်စေရန်၊ မိမိမြန်မာနိုင်ငံရေးအတွက်စင်္ကာပူ၏ ပြည်ထဲရေးကို မထိပါးမိကြစေရန် စသည်တို့ကို ပြောဆိုဖို့ ရောက်လာရခြင်းဖြစ်ကြောင်း ရှင်းပြရသည်။

ကိုယ်က နိုင်ငံရေးမပါအောင် ဖြေသည်ကိုပင် ထိုမီဒီယာက နိုင်ငံရေးနှင့်ဆိုင်သော မေးခွန်းကို မေးဖြစ်အောင် မေးသည်။

ရဟန်းတော်များ မဲပေးခွင့်ရှိသလား။ (ရဟန်းတော်များမှာ မရှိ)
ဘယ်ပါတီကို ကြိုက်သလဲဟူသော မေးခွန်းနှစ်ခုမေးသည်။

မခက်လှပါ။ နိုင်ငံတော်နှင့် ပြည်သူလူထုကို တိုးတက်ကြီးပွားအောင် လုပ်ပေးနိုင်သော ပါတီကို ကြိုက်ပါသည်။ နာမည်များကို မကြိုက်ပါ - ဟုပြောလိုက်သည် ။ ဘာမှ ပြဿနာ မဟုတ်ပါ။

ပြဿနာက ညမှ ဖြစ်တော့သည်။ ထိုချင်နယ်နယူးအေးရှားက ၎င်းသတင်းကို ဗွီဒီယိုများဖြင့် ဝေေ၀ဆာဆာ ထုတ်လွှင့်လေတော့သည်။

ထိုသတင်းကိုကြည့်မိသော ကျောင်းမှ တရုတ် ဒကာ ဒကာမများက ဖုန်းတဂွမ်ဂွမ်ဆက်ကာ ပြောကြ ၊ အပြစ်တင်ကြတော့၏။ သူတို့ကိုလည်း အပြစ်မဆိုသာ၊ ထိုနေရာကား ရဟန်းသွားသင့်သည့် နေရာမဟုတ်။ သို့သော်သွားသင့်သော အကြောင်းရှိသည်ဟုထင်ကာ ရဟန်းကြွခဲ့၏ ။ လပြည့်နေ့ည ဒကာ၊ ဒကာများ စုံသော အခါမှသာ ထိုကိစ္စကို တရားဟောရင်းရှင်းပြရသည်။ သူတို့နားလည် သဘောပေါက်သွားကြသည်။ ဒါဆိုရင်တော့ သွားကိုသွားရမယ်၊ ထောက်ခံတယ် ဟုပင်ဆိုလာကြသေးသည်။

ပြဿနာပြီးပြီဟုထင်ခိုက် ထို့ထက်ကြီးသော ပြဿနာပေါ်လာပြန်သည်။
စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးက ခေါ်လေတော့သည်။

ထိုဗွီဒီယို သတင်းကို အခြေခဲပြီး မေးမြန်းသင့်သည်တို့ကို မေးမြန်းကြသည်။ စစ်ဆေးကြသည်။ ပြဿနာမရှိပါ။ မှန်တာတွေ ဖြေစရာ အများကြီးရှိသည်။ အချိန် နှစ်နာရီခွဲခန့်ကြာသော အင်တာဗျူးဖြစ်လေသည်။

နိုင်ငံရေးနှင့်ဘာသာရေးကိစ္စကို သူတို့နားလည်ကြသည်။

လက်ရှိအစိုးရက လူပဲဖြစ်ဖြစ်၊ အဖွဲ့ချုပ်ကလူပဲဖြစ်ဖြစ် သေဆုံး၍ အသုဘရှုပင့်သော် ထိုပင့်ခံရသောရဟန်းသည် ကြွရမည်။ ဤသည်မှာ နိုင်ငံရေးမဟုတ်၊ ဘာသာရေးသာ ဖြစ်သည်။ "Your government is smart enough to know that's not politic" ဟုပြောရာ သူတို့ပြုံးကြသည်။

သံရုံးကိစ္စကိုလည်း ရှေ့ကပြောခဲ့သည့် အတိုင်းရှင်းပြခဲ့သည်။

သူတို့လက်ခံကြသည်။ (လက်ခံသည်ဟုထင်သည်။) ထို့ကြောင့်ဆက်နေ၍ရခြင်းဟု မှတ်ရပေတော့သည်။

မည်သူ့ကိုမှ မထိခိုက်စေချင်သလို ဘာရည်ရွယ်ချက်မှလည်း ကြီးကြီးကျယ်ကျယ် မရှိပါ။ နိုင်ငံရေး၊ လူမှုရေး ၊ ဘာသာရေး ဟူသောကိစ္စရပ်များသည် တစ်ခုနှင့်တစ်ခု နှီးနွယ်နေရကား တစ်ခါတစ်ခါ ခွဲခြားရ အတော်ခက်လှသည်။

မည်သို့ဖြစ်စေ ၊ လုပ်သင့်သည် ထင်တာကို လုပ်လိုက်တာပဲကောင်းပါသည်။ အမြင်ဟူသည် ညှိရခက်သော ကိစ္စဖြစ်သည်။ ညှိစရာလည်းလိုတော့ မလိုပါ။ ထိုပြဿနာငြိမ်သက်အောင်ကား တစ်နှစ် နှစ်နှစ်ခန့် အချိန်ယူကာ ပြန်လည်တည်ဆောက်ရသည်။ သို့သော် တန်သည်ဟုထင်သည်။       ။


သီဟနာဒ
 










Copyright © 2011 ကမ်းလက်. All rights reserved.

ဉာဏ်တော် သက်တော်

ဘုရားကပညာတော်ပြီး မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေမရှိဘူး။
တစ်ချို့ကမ္ဘာကျော်ကြီးတွေဆိုမုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေမရိတ်ကြဘူး။
ဘုရားက သီလသာရှိတာ သွားလေရာ တောင်ဝှေးလည်းမဆောင်ဘူး။
တစ်ချို့သူတော်စဉ်တွေဆို  တောင်ဝှေးလက်ကမချကြဘူး။
ဘုရားကသမာဓိသာရှိတာ ပုတီးကိုင်ထားတာလည်းမတွေ့ရဘူး၊
တစ်ချို့ဆို ပုတီးကိုရွှေချပြီးစိပ်ကြတာ။ ရွှေသမာဓိ။

သဗ္ဗညုတဉာဏ်ဆိုတာဘာလဲလို့ သေသေချာချာမသိဘူး။
ဒါပေမယ့် ဘာပဲမေးမေး ဘုရားရှင် ခေါင်းကုတ်စဉ်းစားရတယ်ဆိုတာမရှိဘူး။
"အင်း၊ အဲ၊ ဘယ်လိုပြောရမလဲ၊ ဟိုလိုပေါ့နော်" ဆိုတာတွေလည်းမတွေ့ရဘူး။

သဘောမပေါက်တာက
ဘုရားဆင်းတုတော်တွေ၊ ပန်းချီတွေကို
ဘုရားရှင်ရဲ့သက်တော်ကို ခန်းမှန်းလို့ရအောင်
ဘာလို့မထုကြ မဆွဲကြတာလဲ။

ကျောက်ဆင်းတုတွေဆို အသက်ကိုမှန်းလို့မရဘူး။
ဓမ္မစကြာဟောတော်မူတဲ့ဘုရားရှင်နဲ့
မဟာပရိနိဗ္ဗာနသုတ်ထဲက ဘုရားရှင် တူလို့ကိုမရဘူး။
ငရဲကြီးမှာကြောက်လို့ဆိုရင်တော့ မဆိုင်လှဘူးထင်တယ်။
ဘုရားက အရှင်မြတ်ကိုတော်တိုင် လှည်းအိုကြီးနဲ့ တူနေပြီလို့မိန့်ခဲ့တာပဲ။

ဗုဒ္ဓဘာသာတွေက မရဏကိုလက်ခံပြီး
ဘုရားရဲ့ဗျာဓိကို ပုံမဖော်ရဲကြသေးဘူး။
အိန္ဒိယကလာတဲ့  ကြေးဆင်းတုဘုရားတစ်ဆူ ဖူးခဲ့ရဖူးတယ်။
အဲဒီဆင်းတုကိုကြည့်ရင် သက်တော် ၅၀ နဲ့ ၆၀ ကြားလို့ ခန်းမှန်းလို့ရတယ်။
တော်တော်ကျေနပ်မိတယ်၊ ဒီလိုမှပေါ့။


ဇင်ဝေသော်








Copyright © 2011 ကမ်းလက်. All rights reserved.

Harvard တက္ကသိုလ် ပါမောက္ခ Francis Bowen က သံသရာဝါဒကိုလက်ခံယုံကြည်ကြရန် ခရစ်ယာန် ညီအစ်ကိုမောင်နှမများထံ ရေးသောစာ

ယခုလက်ရှိရထားသောဘဝသည် ပို၍မြင့်မြတ်သောနောက်ဘဝသို့ တက်လှမ်းရန် ထိန်းကျောင်းဖို့နှင့်ကြိုတင်ပြင်ဆင်ဖို့ဖြစ်သည်။ အလွန်မြင့်မြတ်သောဘဝသို့ ရောက်ရှိရန်
တစ်ခုတည်းသောဘဝကအချိန် အလွန်ပင် တိုတောင်းနေသည်။


ထာဝရကောင်းကင်ဘုံသို့ရောက်ရှိရန် သုံးနှစ်၊ ငါးနှစ်ဆိုသောကာလက
လုံးဝမလုံလောက်နိုင်ပေ။ ဝိဉာဉ်ကိုထိမ်းသိမ်းလေ့ကျင့်ရန်
ဤမျှတိုတောင်းသော အချိန်အကန့်အသပ်လေးထဲ၌ ဘယ်လိုဖြစ်နိုင်ပါမည်နည်း။

တူညီသောကိုယ်ရည်ကိုယ်သွေး ပါရမီတို့ဖြင့် တစ်ဘဝပြီးတစ်ဘဝခရီးဆက်ကြရင်း
ကျင့်စဉ်များအားဖြည့်၊ ကိုယ်ကျင့်တရားများဖြည်းဆည်း၊ စရဏနှင့်လူ့ကာရိုက်တာတို့ကို
ထူထောင်ကြရန် အဘယ့်ကြောင့်အဆက်မပြတ်ဖြစ်နေမည့် ဘဝများစွာ ရှိမနေရပါသနည်း။

လက်ရှိဘဝမှာ အတိတ်ကအကြောင်းတရားတွေရဲ့ အကျိုးဆက်တွေ ရှိနေပေမယ့်
အတိတ်ကို မှတ်မိနေရန်တော့မလိုအပ်ပေ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီအောင်
ခွဲခြားပေးနေသည့် စာနာနားလည်မှုနှင့် သိမြင်သဘောပေါက်မှုတို့ကို တည်ဆောက်ရန်
အများကြီး အထော်အပံ့ ပြုခဲသော အတိတ်စာမျက်နှာပေါင်း မည်မျှ ကျွန်ုပ်တို့ မေ့လျော့ပစ်ခဲ့ကြပြီနည်း။

ဒါတွေအားလုံးကို သတိမရခြင်းကြောင့်တော့ ကျွန်ုပ်တို့ဆောင်ရွက်ရမည့်ဝတ္တရားများ လျော့ပါးမသွားပါ။
ဘာတွေကို ဘယ်လို ဖြုန်းတီးခဲ့ကြတယ်ဆိုတာကို မေ့လျော့နေကြရင်တောင် အချိန်ကို အလွဲသုံးစားလုပ်ခဲ့တြယ်ဆိုတာကတော့ ထင်ရှားပါတယ်။

ယခုလတ်တလောမှာပင် မေ့လျော့နေသည့် အတ္တအခြေခံသော အတိတ်ကအကုသိုလ်တရားတို့၏ အကျိုးဆက်ဖြစ်ကြသော ကျန်းမာရေး မပြည့်စုံခြင်း၊ သမ္မာဆန္ဒနှင့်စွမ်းရည်သတ္တိများ မလုံလောက်ခြင်း
စတဲ့ ခါးသီတဲ့အကျိုးဆက်များကို ခံစားနေကြရဆဲပင်ဖြစ်သည်။ ထိုအကုသိုလ်များက အလွန်များပြားနေသည့်အတွက် ကျွန်ုပ်တို့ မှတ်သားမထားနိုင်ခဲ့ကြပေ။

လူတစ်ယောက်အတွက် ထာဝရ ကောင်းကင်ဘုံကို ချီးမြှင့်ဖို့ မိတ်ဆက်အနေနဲ့ပေးထားတဲ့
ဒီဘဝဟာ ထာဝရဘုရားရှင်၏ ဖန်ဆင်းပေးမှုသက်သက်ကြောင့်သာဆိုလျှင် ဘာကြောင့်
ဝိဉာဉ်တွေရဲ့ ပြင်ပပုံသဏ္ဌာန်ခြားနားချက်က ဒီလောက်ကြီးမားနေရတာလဲ လို့
ကျွန်ုပ်တို့မေးစရာရှိနေပါတယ်။

အကယ်၍ မီတန်ဆိုက်ကိုစစ်သာ တံခိုးရှင်အုပ်ချုပ်သည့် အစီအမံထဲ ပါသွားပြီလျှင် ယင်းပြဿနာပါ အတူတတကွပျောက်ကွယ်သွားပေတော့မည်။ လူတစ်ယောက်၏ လက်ရှိအခြေနေသည် သူ၏အတိတ်ကံကြောင့်ဖြစ်သည်ဆိုတဲ့ အမြင်ကနေကြည့်ပါ၊ အကုသိုလ်ကံနှင့် ထိုကံ၏အကျိုးဆက်ဟူသောဒေသနာသည် ခက်ခဲစွာလေ့လာရသည့်သင်္ခန်းစာဖြစ်သွားနိုင်သည်။

သို့သော် သူကိုယ်တိုင်အတိတ်ကအကြောင်းတရားတွေရဲ့အကျိုးကိုလက်ခံနေရသည်ဆိုသည့်အချက်ကိုမူ မည်သူကမှ စောဒကတက်၍မရနိုင်။ ကျွန်ုပ်တို့ခေါ်နေကြသည့်  သေခြင်းတရားသည်
နောက်ဘဝတစ်ခုဆက်ရန် အစပြုခြင်းသာဖြစ်သည်။

နောက်လာမဲ့ဘဝမှာ ဒီဘဝထက်ပိုပြီးမြင့် မြတ်မလာဘူးဆိုလျှင်ဖြင့်
ကျွန်ုပ်တို့ ကိုယ်တိုင်ကိုသာ အပြစ်တင်ရန်ရှိတော့သည်။


ဆုထားမျက်ချယ်












Copyright © 2011 ကမ်းလက်. All rights reserved.

ကျနော့် အမြင် (Bertrand Russel)

"ပညာအားဖြင့်ဖြစ်စေ ကိုယ်ကျင့်တရားအားဖြင့်ဖြစ်စေ
သမိုင်းအရ တစ်ချို့လူတွေမြင်နေကြသလို
ဂျီးဇက်ခရိုက်ဟာ သိပ်အမြင့်ကြီးမှာရှိတယ်လို့ မထင်မိဘူး။

 ပညာနဲ့ သီလ အကြောင်းပြောရင်
ဗုဒ္ဓ ကို ဂျီးဇက်ခရိုက်ရဲ့ အထက်မှာ ကျနော်တော့ထားမိမယ်"

"I can not myself feel that either in the matter of wisdom
or in the matter of virtue Christ stands quite as high as
some other people know to history.

I think I should put Buddha above him in those respects."
(Bertrand Russel, Why I am not a Christian.)






Copyright © 2011 ကမ်းလက်. All rights reserved.