တစ်ခါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ
ပြောရေးဆိုခွင့်ရှိသူ ဒကာကြီးတစ်ယောက် စင်္ကာပူလာ၍ ဆေးကုသမှုခံယူ၏။ ကြားသိရသမျှသတင်းမျာအရ
သူ့ရောဂါက လွန်နေပြီဖြစ်သည်။ထောင်ထဲ၌ နှစ်ရှည်လများ နေခဲ့ရပြီး ဟုတ်တိပတ်တိ
ဆေးကုသမှူလည်း ခံယူခဲ့ရဟန်မတူပေ။ရှိစေတော့၊ဤကိစ္စ။ စင်္ကာပူရောက်ပြီး ရက် အနည်းငယ်အကြာတွင်
ထိုဒကာကြီး ဆုံးပါးသွားရှာလေတော့သည်။ ရေးလိုသောအကြောင်း အခုမှ စ ရတော့ မည်။
ထိုဒကာကြီး ၏ ဈာပန၌ အသုဘရှုကြွရောက်ရေးကိစ္စဖြစ်သည်။ စောစောကတော့ ဘာသိဘာသာပင်၊ နောက်မှ ရင်းနှီးသောဒကာ၏ လျှောက်ထားချက်အရ အသုဘရှုကြွရန် ရဟန်းတော် အခက်အခဲရှိနေကြောင်း သိခဲ့ရ တော့သည်။ ထိုဒကာကလည်း လူရင်းတွေဖြစ်သဖြင့် "အရှင်ဘုရားကတော့ ကြွမှကိုဖြစ်မယ်" ဟု လေသံပြင်းပြင်း ပင့်ဖိတ်လေတော့သည်။
အမှန်ပင်စိတ်မကောင်းဖြစ်မိ၏။ ထို့ကြောင့် မဖြစ် ဖြစ်အောင်ကြွခဲ့မည်ဟု အာမခံလိုက်သည်။ ထိုနောက် မတ်ဆွေရဟန်းကို ဖုန်းဆက်ရာ မင်းသွားရင် ငါလည်းလိုက်ရမှာပေါ့ ဟူသော သေဖော်သေဖက်စကား ပြန်ရခဲ့သည်။ အဆင်ပြေသွား၏၊ အနည်ဆုံး နှစ်ပါးတော့ရပြီ။ ခက်သည်က ဤကိစ္စမျိုးက တိုင်ပင်၍မကောင်း၊ အဖော်ညှိ၍မကောင်းဖြစ်သည်။
"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်" ဟုဆိုလိုက်သည်နှင့် "အသုဘ" ကိစ္စပြောက်ခါ "နိုင်ငံရေး" ဟူသောအသွင် ပြောင်းသွားတတ်ပြန်သည်။ မတတ်နိုင်၊ သွားတော့သွားရမည်။ အမှန်မူ ထိုနေ့က ပါဠိကောလိပ် သင်တန်း ရှိသည်။ သို့သော် သင်တန်းတစ်နာရီနှင့် လူတစ်ယောက်၏ နောက်ဆုံးခရီး ဘယ်ဟာကပိုအရေးကြီသည်ကို လူတိုင်းသိ၏။
စဉ်းစားမိသည်၊ သေဆုံးသူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ သူသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်လည်းဖြစ်သည်။ အသုဘရှုရန် သံဃာတစ်ပါးမှမကြွသော် (မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ) အရုပ်ဆိုး၏၊ရင်နင့်ဖွယ်ကောင်း၏။ သံဃာများလည်း သိက္ခာကျ၏၊ ရှက်ဖွယ်ဖြစ်၏။ (သဘောမတူက အငြင်းမပွားလို)ထို့ကြောင့် မဖြစ် ဖြစ်အောင်ကြွခဲ့မည်ဟု အာမခံလိုက်ခြင်း ဖြစ်သည်။
မိတ်ဆွေရဟန်း၊ အခြားအာဂန္တုတစ်ပါးနှင့် သုံးပါး ပင်နီဆူလာမှ မန်ဒိုင်းသို့ ထွက်ခဲ့ကြသည်။ မဆိုးပါ၊ လိုက်ပါပို့ဆောင်သူ တော်တော်များများရှိသည်။ တရားဟော ရေစက်ချရန် အချိန်ရောက်သောအခါ ကင်မရာမီး၊ ဗွီဒီယိုမီးများ တလက်လက်ရှိနေတော့သည်။ ဓာတ်ပုံနှင့် ဗွီဒီယိုများယနေ့ည မီဒီယာပေါ်သို့ရောက်ပေတော့မည်။ ဤခေတ်က မီဒီယာခေတ်၊ မီဒီယာကိုတားမရ။
စောစောက ပြောခဲ့သလိုပင် "အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်" ဟူသောအမည်ကြောင့် "အသုဘ" တစ်ခုသည် "နိုင်ငံရေး" ဟူသော ခေါင်စဉ်အောက်၌ မရိုးမယဉ် ပြန့်နှံ့သွားလေတော့၏။ တို့တော့ ရှင်းစရာလေးတွေရလာတော့မယ် ဟု ရယ်စရာပြောမိကြသေး၏။
အမှန်ပင်ရခဲ့ပါ၏၊ နောက်မှဆက်ပါမည်။
ဒုတိယကိစ္စက မြန်မာနိုင်ငံဆိုင်ရာ သံရုံး၌ မဲပေးကြသောနေ့ကဖြစ်သည်။ ညနေ သုံးနာရီလောက်ရောက်သော် ထို ဒကာကပင်အလောတကြီးဖုန်းဆက်ပြန်၏။ မြန်မာလူငယ်(၂၀၀၀)ခန့် သံရုံးရှေ့၌ မဲပေးရန်စောင့်နေကြသည်၊ သို့သော် လူတစ်ယောက် မဲပေးလျှင်(၁၅)မိနစ်ခန့်ကြာသဖြင့် တစ်နာရီကြာမှ လေးယောက်၊ အလွန်ဆုံး ငါးယောက်သာ မဲပေးလို့ရသည်၊ ထို့ကြောင့် လူငယ်အများစုက အရမ်းဒေါသဖြစ်နေကြသည်။ စင်္ကာပူ ရဲသား၊ ရဲကားမျာကလည်း အဆင်သင့်စောင်ဆိုင်းနေကြသည်။ ပြဿနာတစ်ခုခုဖြစ်လျှင် ထိန်းမရ သိမ်းမရဖြစ်ကာ အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မည်ဟု အလောတကြီးပြောလာပြန်သည်။ ဦးဇင်းတို့က ဘာလုပ်ပေးနိုင်မှာမို့လဲ ဟုမေးရာ ဘာမှလုပ်စရာမလိုပါ၊ အရှင်ဘုရားနဲ့ အခြားဆရာတော်တစ်ပါးကြွလာပြီး မျက်နှာပြပေးရုံပါ။ လူငယ်များကိုဒီနည်ဲး့နဲ့လာထိန်းပေးပါ။ အရှင်ဘုရားတို့ကိုမြင်ရလျင် သူ့တို့ဒေါသအတန်ငယ်ပြေနိုင်ပါသည်။ မိမိတို့နိုင်ငံသားများ ဒုက္ခမရောက်မီ ကြိုတင်၍ ကာကွယ်ပေးပါ ဟု သူကဆိုသည်။
စဉ်းစားစရာရှိသောကိစ္စဖြစ်သည်။ ယမန်နေ့ကမှ ဂျပန်နိုင်ငံ၌ ဂျပန်ရဲများနှင့် မဲပေးလာသောမြန်မာများ ရိုက်ကြနှက်ကြဖြစ်သဖြင့် ခေါင်းပေါက်သူပေါက်၊ ဆေးရုံရောက်သူရောက်၊အချုပ်ခန်းထဲရောက်သူရောက် ဝမ်းနည်းဖွယ်သတင်းဖတ်ခဲ့ရသည်။ ဤကိစ္စမျိုး စင်္ကာပူမှာဖြစ်လျှင်စင်္ကာပူဥပဒေအရ ပိုအထိနာနိုင်သည်။ စင်္ကာပူဥပဒေက ပို၍လက်သံပြောင်သည်။
ထို့ကြောင့် ကြွလိုကကြွ ၊မကြွလိုကနေ ၊ စင်္ကာပူအခြေစိုက် သံဃာအားလုံးကို ပင့်သင့်ကြောင်း ကိုယ်တိုင်ကတော့ ထို(သူတို့ညွှန်းဆို ပင့်ဖိတ်သော) ဆရာတော်နှင့်အတူ ကြွမည်ဟု ကတိပေးလိုက်သည်။
စင်္ကာပူရဲလည်း ခေါင်းမကွဲစေလို၊ ကိုယ့်လူမျိုးလည်း အချုပ်ကျ ကြိမ် အရိုက်ခံ မဖြစ်စေလို၊ မြန်မာသံရုံးလည်း ခဲအထိမခံစေလို။
သို့ဖြင့်ပင် ရောက်သွားခဲ့ကြရပြန်၏။
ရဟန်းသုံးပါးကို မြင်ခိုက် မြန်မာလူငယ်များက လက်အုပ်ချီကြ ၊ ထိုင်ဝတ်ချကြ၏။ မဆိုးဟုထင်သည်။ လူအုပ်ကြီး အတန်ငယ် ငြိမ်သက်နေသည်။
အဆိုးဆုံးက စောစောကပြောခဲ့သော မီဒီယာတည်း။
ချင်နယ် နယူးအေးရှားမှ လူများရောက်လာပြီး မေးကြတော့၏။ မြန်မာလူထုအပေါ် ရဟန်းတော်များ၏ သြဇာသက်ရောက်မှု၊ အဘယ်ကြောင့် သံဃာတော်များ ဤမဲပေးရာကြွလာကြသနည်း ၊ စသော မေးခွန်းများတည်း။ ပြောသောစကားက အင်္ဂလိပ်ဖြစ်နေ၍ ညီတော် နောင်တော်များက ချစ်ခြင်းတရားကြီးစွာ မိမိကို ရှေ့တင်ကြတော့သည်။
မတတ်နိုင်၊ ဖြေရတော့သည်။
ရဟန်းတော်များရောက်လာခြင်းက လူအုပ်ကြီးကို အနည်းငယ်ငြိမ်သက်စေရန်၊ စင်္ကာပူ၏ တည်ဆဲဥပဒေတို့ကို လေးလေးစားစား လိုက်နာကြဖို့ သတိပေးရန်၊ မနေ့ကဂျပန်မှာဖြစ်သော ကိစ္စမျိုး စင်္ကာပူမှာ မဖြစ်စေရန်၊ မိမိမြန်မာနိုင်ငံရေးအတွက်စင်္ကာပူ၏ ပြည်ထဲရေးကို မထိပါးမိကြစေရန် စသည်တို့ကို ပြောဆိုဖို့ ရောက်လာရခြင်းဖြစ်ကြောင်း ရှင်းပြရသည်။
ကိုယ်က နိုင်ငံရေးမပါအောင် ဖြေသည်ကိုပင် ထိုမီဒီယာက နိုင်ငံရေးနှင့်ဆိုင်သော မေးခွန်းကို မေးဖြစ်အောင် မေးသည်။
ရဟန်းတော်များ မဲပေးခွင့်ရှိသလား။ (ရဟန်းတော်များမှာ မရှိ)
ဘယ်ပါတီကို ကြိုက်သလဲဟူသော မေးခွန်းနှစ်ခုမေးသည်။
မခက်လှပါ။ နိုင်ငံတော်နှင့် ပြည်သူလူထုကို တိုးတက်ကြီးပွားအောင် လုပ်ပေးနိုင်သော ပါတီကို ကြိုက်ပါသည်။ နာမည်များကို မကြိုက်ပါ - ဟုပြောလိုက်သည် ။ ဘာမှ ပြဿနာ မဟုတ်ပါ။
ပြဿနာက ညမှ ဖြစ်တော့သည်။ ထိုချင်နယ်နယူးအေးရှားက ၎င်းသတင်းကို ဗွီဒီယိုများဖြင့် ဝေေ၀ဆာဆာ ထုတ်လွှင့်လေတော့သည်။
ထိုသတင်းကိုကြည့်မိသော ကျောင်းမှ တရုတ် ဒကာ ဒကာမများက ဖုန်းတဂွမ်ဂွမ်ဆက်ကာ ပြောကြ ၊ အပြစ်တင်ကြတော့၏။ သူတို့ကိုလည်း အပြစ်မဆိုသာ၊ ထိုနေရာကား ရဟန်းသွားသင့်သည့် နေရာမဟုတ်။ သို့သော်သွားသင့်သော အကြောင်းရှိသည်ဟုထင်ကာ ရဟန်းကြွခဲ့၏ ။ လပြည့်နေ့ည ဒကာ၊ ဒကာများ စုံသော အခါမှသာ ထိုကိစ္စကို တရားဟောရင်းရှင်းပြရသည်။ သူတို့နားလည် သဘောပေါက်သွားကြသည်။ ဒါဆိုရင်တော့ သွားကိုသွားရမယ်၊ ထောက်ခံတယ် ဟုပင်ဆိုလာကြသေးသည်။
ပြဿနာပြီးပြီဟုထင်ခိုက် ထို့ထက်ကြီးသော ပြဿနာပေါ်လာပြန်သည်။
စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးက ခေါ်လေတော့သည်။
ထိုဗွီဒီယို သတင်းကို အခြေခဲပြီး မေးမြန်းသင့်သည်တို့ကို မေးမြန်းကြသည်။ စစ်ဆေးကြသည်။ ပြဿနာမရှိပါ။ မှန်တာတွေ ဖြေစရာ အများကြီးရှိသည်။ အချိန် နှစ်နာရီခွဲခန့်ကြာသော အင်တာဗျူးဖြစ်လေသည်။
နိုင်ငံရေးနှင့်ဘာသာရေးကိစ္စကို သူတို့နားလည်ကြသည်။
လက်ရှိအစိုးရက လူပဲဖြစ်ဖြစ်၊ အဖွဲ့ချုပ်ကလူပဲဖြစ်ဖြစ် သေဆုံး၍ အသုဘရှုပင့်သော် ထိုပင့်ခံရသောရဟန်းသည် ကြွရမည်။ ဤသည်မှာ နိုင်ငံရေးမဟုတ်၊ ဘာသာရေးသာ ဖြစ်သည်။ "Your government is smart enough to know that's not politic" ဟုပြောရာ သူတို့ပြုံးကြသည်။
သံရုံးကိစ္စကိုလည်း ရှေ့ကပြောခဲ့သည့် အတိုင်းရှင်းပြခဲ့သည်။
သူတို့လက်ခံကြသည်။ (လက်ခံသည်ဟုထင်သည်။) ထို့ကြောင့်ဆက်နေ၍ရခြင်းဟု မှတ်ရပေတော့သည်။
မည်သူ့ကိုမှ မထိခိုက်စေချင်သလို ဘာရည်ရွယ်ချက်မှလည်း ကြီးကြီးကျယ်ကျယ် မရှိပါ။ နိုင်ငံရေး၊ လူမှုရေး ၊ ဘာသာရေး ဟူသောကိစ္စရပ်များသည် တစ်ခုနှင့်တစ်ခု နှီးနွယ်နေရကား တစ်ခါတစ်ခါ ခွဲခြားရ အတော်ခက်လှသည်။
မည်သို့ဖြစ်စေ ၊ လုပ်သင့်သည် ထင်တာကို လုပ်လိုက်တာပဲကောင်းပါသည်။ အမြင်ဟူသည် ညှိရခက်သော ကိစ္စဖြစ်သည်။ ညှိစရာလည်းလိုတော့ မလိုပါ။ ထိုပြဿနာငြိမ်သက်အောင်ကား တစ်နှစ် နှစ်နှစ်ခန့် အချိန်ယူကာ ပြန်လည်တည်ဆောက်ရသည်။ သို့သော် တန်သည်ဟုထင်သည်။ ။
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment