♒ မြွေဆိပ်၊ လူဆိပ် ♒

အညာသိအန်ကယ်၊ တွံတေးသိန်းတန်( နာမည်ကို သုညတစ်လုံး တိုးပေးလိုက်သည်) တို့က မြွေဆိပ်ဖြေဆေးလှူဖို့ လုပ်ခဲ့ကြ၊ လုပ်ကြ၊ လုပ်ဆဲဟု သိခဲ့ရသည်။ ထို့ကြောင့် အညာသိအန်ကယ်ကို လူဆိပ်ဖြေဆေးလည်း လုပ်ကြဦးလေ၊ မြွေတွေကို လှူရအောင်ဟု စမိ၏။ မှန်၏၊ မြွေသားစားသူများ ပေါလာကတည်းက ရွာ၌မြွေမရှိတော့။ လွမ်းတော့ မလွမ်းမိ။ သို့ဖြင့်……

          ဘာမှမဆိုင်ပဲ မြွေကိစ္စ ခေါင်းထဲရောက်လာတော့၏။



          တစ်ခါက ထူးထူးခြားခြား မြွေအကြောင်း အိပ်မက် မက်၏။ ထိုအိပ်မက်အကြောင်း ပြောသည့်အခါ မိတ်ဆွေတစ်ယောက်က မြွေအိပ်မက်မက်လျှင် ငွေဝင်တတ်သည်ဟု ပြော၏။ သို့သော် ဘာငွေမှတော့ ဝင်မလာခဲ့ချေ။ ထိုမိတ်ဆွေကလည်း ငါ့စကားတော့ အမှားမခံ၊ ဒီကောင့်ကို ငွေသွားပေးမည်ဟု သဘောမထား( သူစကားကို သူအလေးမထားဟု ဆိုလိုသည်)၊ ငွေလာမပေးခြင်းကြောင့် ဘာငွေမှ မဝင်ခြင်းဖြစ်သည်။ သူပြောသည့်စကားကို သူတန်ဖိုးထားလျှင် ဘယ်ကမှ ငွေမဝင်သော် သူကပေးရမည်ဖြစ်၏။ အူကြောင်ကြောင်တော့ (အနည်းငယ်) နိုင်၏။

          မက်မိသော မြွေကိုလည်းကောင်း၊ ဝင်မလာသော ငွေကိုလည်းကောင်း၊ သူ့စကားကို သူတန်ဖိုးမထားသော မိတ်ဆွေကိုလည်းကောင်း အပြစ်တင်နေခြင်းသည်လည်း အူကြောင်ကြောင် နိုင်၏။

          တစ်ခါက ရွာကလူတစ်ယောက် မြက်ရိတ်ရင်း မြွေကြီးတစ်ကောင်ကို တွေ့ရ၏။ အတော်ကြီးသည်ဟု ဆို၏။ ထို့ကြောင့် ထိုမြွေကို မြင်လျှင်မြင်ခြင်း နောက်ကိုပင် လှည့်မကြည့်တော့ပဲ တစ်ချိုးတည်း လစ်ပြေးလေတော့၏။ သူ့အထင်က သူကထိလိုက်မိသဖြင့် ထိုမြွေက သူ့နောက် လိုက်လာပြီဖြစ်၏။

          ထိုသူ၏ အနီးအနား၌လည်း အခြားသူများရှိနေ၏။ ထိုသူများက သူပြေးနေသည်ကို တွေ့ကြရ၏။ ဒါ့ကြောင့် ဘာဖြစ်လို့ပြေးနေတာလည်းဟုမေးရာ မြွေကြီးလိုက်လာလို့ဟု ဖြေ၏။ မေးသူတို့ မျက်လုံးများ ပြာဝေသွားကြရတော့၏။ သူ့နောက်လိုက်နေသော မြွေကို မတွေ့ကြရ။ သူတစ်ယောက်တည်းသာ ပြေးနေခြင်းဖြစ်၏။

          အမှန်မူ စားပိုးနင့်နေသောမြွေသည် အပေါ်ကတက်နင်းတာတောင် အိပ်ယာကမနိုးတတ်။ တစ်လံမျှလောက်သော မြွေလိုက်လျှင်လည်း လွတ်လမ်းသိပ်မမြင်။ ရှိစေ။ တစ်ခါတစ်ခါ လူဟူသည် တစ်ယောက်တည်း ပြေးနေတတ်သော သတ္တဝါတည်း။



          သိပ်ပြီးအရေးမပါလှသော၊ မှုစရာမလိုသောသူများကို ရေမြွေဟု ခေါ်ကြ၏။ တချို့သောဒေသက လင်းမြွေဟုလည်း ခေါ်ကြ၏။ ရေမြွေက အဆိပ်မရှိ၊ ရေ၏ အအေးဓာတ်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်၏။ သို့သော် လင်းမြွေကမူ အဆိပ်ရှိ၏။ သူက လူကိုမကိုက်၊ ကိုက်သော်လည်း ဘာမှမဖြစ်။ ထိုလင်းမြွေက နွားကို ကိုက်လျှင်မူ တုံးကနဲ ချက်ချင်း သေတတ်၏။ လူနှင့် နွား ခန္ဓာကိုယ်ဓာတ်သဘာဝ ဖွဲ့စည်းပုံတူဟန် မတူချေ။

          စာပေကတော့ အိပ်၊ စား၊ ကာမဂုဏ်မှီဝဲရာတို့၌ လူနှင့်နွား တူသည်ဟု ဆို၏။ မြွေဆိပ်ခုခံရာ၌ တူသည်ဟုမဆို။ ထို့ကြောင့် ပြောရန်မလိုတော့။

          ပြောရန်ရှိသည်က ရဟန်းတို့မစားအပ်သော အသားကြီးဆယ်မျိုးတွင် မြွေသားပါ၏။ ထို့ကြောင့် ရဟန်းတစ်ပါး မြွေသားမစားအပ်။ စေတနာရှိသော် မြွေဆိပ်ဖြေဆေးအတွက်တော့ လှူကောင်း၏။

          ပူပြင်းသော ကုန်းခေါင်ခေါင်တွင်နေသောမြွေက ရေမြွေထက် အဆိပ်ပြင်း၏။ လူသိနည်း သောကိစ္စက အဆိပ်ပြင်းသောမြွေပင်ဖြစ်စေ အစာစားပြီးခဏ၌ဆိုလျှင် အဆိပ်သိပ်မပြင်းတော့။ အပြန်အားဖြင့်ဆိုရလျှင် အစာရှာထွက်လာသော မြွေကိုက်လျှင် အဆိပ်အပြင်းဆုံး ဖြစ်တော့၏။ မမြန်လျင် အသက်ဆုံးပါးတတ်၏။

          မှန်မမှန်တော့ မသိချေ။ ကျန်စစ်သားလှံတစ်ချောင်းနှင့် ထွက်ပြေးစဉ်က ပုန်းခိုခဲ့သောနေရာ၌ သူဘုရင်ဖြစ်သောအခါ စေတီတည်သည်ဟု ဆို၏။ ထိုစေတီက စည်ဆုံစေတီ၊ ယခု စည်တုန်းဘုရားဟု ခေါ်ကြ၏။ ဗျုပ္ပတ်ကား ကျန်စစ်သားပုန်းနေစဉ် ဟိုရွာ၊ ဒီရွာမှတီးသောစည်များဆုံ၍ ကြားရသောနေရာ၊ ရွာတိုင်း (သုံးရွာ) က စည်သံများ ကြားရသောနေရာဖြစ်သောကြောင့်ဟု ဆို၏။ ထိုဘုရားက တန်ခိုးကြီး၏။

          ဘုရားဝန်းကျင်၌ ညစ်ညမ်းသောအမှု၊ ညစ်ညမ်းသောစကား မပြောရ။ ထိုဘုရားရှေ့၌ မန်ကျည်းပင်ကြီးရှိ၏။ တစ်နေ့သ၌ လူတစ်ယောက်က ထိုမန်ကျည်းပင်ပေါ်တက်ပြီး မန်ကျည်းရွက်ခူးစဉ် ညစ်ညမ်းသောစကားများ ပြော၏။ ထိုပုဂ္ဂိုလ် သစ်ပင်ပေါ်မှ ငုံ့ကြည့်သောအခါ မန်ကျည်းပင်အောက်၌ ဧရာမမြွေကြီးများ ရစ်ထွေးပြည့်နှက်နေလေ၏။ ထိုအခါမှစကာ ထိုပုဂ္ဂိုလ်ဦးနှောက်ချောင်သွား၏။ လူအများလည်း ထိုဘုရားကို ပို၍လေးစားလာကြ၏။ ထိုမြွေများ ဘာမြွေဖြစ်သည်ကို ထင်ကြေးပေးရုံမှလွဲ၍ မည်သူမှ တိတိကျကျ မပြောနိုင်ကြပေ။

          တောင်ရောက်မြောက်ရောက် မြွေကိစ္စပြီးသောအခါ စာလာပေလာမြွေတို့ကို ဆက်ဦးအံ့။

          ပထဝီဓာတ်ပျက်ခြင်းသည် ထဒ္ဓမုခမြွေကိုက်သည်နှင့်တူသည်ဟု ဆို၏။ ထိုမြွေကိုက်သော် ကိုယ်အလုံးခက်ထရော်ရှိခြင်း၊ ခိုင်မာခြင်းသို့ရောက်၍ ကွေးခြင်းဆန့်ခြင်းကို မရမူ၍သေရသကဲ့သို့ ပထဝီဓာတ်ပျက်သော် ကိုယ်အလုံးခိုင်မာခြင်း၊ ခက်ထရော်ရှိခြင်းသို့ရောက်၍ သေချင်းသို့ရောက်၏။
          မုတိမုခမြွေခဲသောသူအား ကိုယ်အလုံးပုပ်၍ ပျက်စီးခြင်းသို့ ရောက်ရသကဲ့သို့၊ ထို့အတူ အာပေါဓာတ်ပျက်သောသူအား ကိုယ်အလုံးပုပ်၍ ပျက်စီးခြင်းသို့ရောက်၏။

          အဂ္ဂိမုခမြွေခဲသည်ရှိသော် ကိုယ်အလုံးကို မီးဖြင့်တိုက်ဘိသကဲ့သို့ လွန်စွာပူလောင်ခြင်း နှိပ်စက်၍ ပျက်စီးခြင်းသို့ ရောက်ရသကဲ့သို့ ထို့အတူ တေဇောဓာတ်ပျက်သောသူအား ပြင်းစွာပူပန်ုခြင်း နှိပ်စက်၍ ပျက်စီးခြင်းသို့ရောက်၏။

          သတ္တမုခမြွေခဲသည်ရှိသော် ကိုယ်အလုံးကို သားလှီးဓားဖြင့် လိုက်၍လိုက်၍ မွှန်းဘိသကဲ့သို့ ဖြစ်၍ သေချင်းသဘောသို့ ရောက်ရသကဲ့သို့ ထို့အတူ ဝါယောဓာတ်ပျက်သောသူအား အလုံးစုံသော အရိုး၊ အဆစ်၊ အသား၊ အကြောတို့ကို သားလှီးဓားငယ်ဖြင့် ဖြတ်ခြင်းကိုပြုဘိသကဲ့သို့ဖြစ်၍ သေချင်းသို့ ရောက်တတ်၏ (ဂမ္ဘီရတ္ထဒေသနာ၊ သီးလုံးဆရာတော်ကြီး၊ နှာ-၂၄၆) ဟု လာရှိလေ၏။

          သိပ္ပံနည်းကျ၊ မကျတော့ မသိပေ။

          လူကို မြွေကိုက်ပါက ဆေးမမှီလျှင် အကိုက်ခံရသောလူ သေဆုံးတတ်၏။ ထို့ကြောင့် မြွေဆိပ်ပြင်းသည်ဟု ဆိုကြ၏။

          လူကိုကိုက်လိုက်မိသော မြွေများသည်လည်း လူ့သွေးနှင့်မတည့်သဖြင့် ကိုက်မိသည့်နေရာနှင့် မလှမ်းမကမ်း၌ သေဆုံးနေရှာကြသည်ကို တွေ့ရတတ်၏။ ဤသို့ဆိုသော် လူများသည် မြွေများအတွက် အဆိပ်ပြင်းသော သတ္တဝါတို့တည်း။ တဖက်သတ်ဆိုခြင်းကား မတရားလှပေ။

မှတ်ချက်။        ။ရွာသားများမှတ်စုဖြစ်သဖြင့် သိပ္ပံနှင့် ညီချင်မှ ညီပါလိမ့်မည်။ မည်သို့ဆိုစေ မြွေဆောင်းပါးသည် အညာသိ အန်ကယ်နှင့် တွံတေးသောင်းတန်- တို့အဖွဲ့ကို မှတ်တမ်းပြုပါ၏။



မှတ်တမ်းဓါတ်ပုံများ  (အဘိဓမ္မာ အသင်းကြီး၏ Facebook မှ ရယူသည်။)

 

သီဟနာဒ

















Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment