ယခုတလော ဘာဖြစ်နေသည်မသိ၊
အဘိဓမ္မာနှင့်ပတ်သက်သည့်ကိစ္စများ စာရေးချင်စိတ် ပေါက်နေသည်။ “ ကိလေသာများနှင့် ဘောလုံးကန်ခြင်း”
၊ “ ဟေးလားဝါးလား စေတသိက်များ”၊ “ဒါဘယ် စတန်းဒတ် (Double Standard) စေတသိက်များ”၊
“မည်းရင် မည်း၊ ဖြူရင် ဖြူ စေတသိက်များ (Black or White) ” စသည်တို့ ခေါင်းထဲမှာ
တန်းစီနေ၏။
ထိုခေါင်းစဉ်များကို မတို့မထိရမှီ “ဘုရားရှင်တောင်မှ ကလောင်ခွဲရှိ၏” ဆိုသည့်
စာကြောင်းကလေးက သူ့အကြောင်းရေးရန် မကြာခဏ စေ့ဆော်နေပြန်၏။ စာစကားဖြင့် ဆိုသော်
စေတနာပင်တည်း။
သိပ်တော့ မဆိုင်လှ။ ပြောတော့ ပြောချင်သည်။ “ အဘိဓမ္မာ” ဟူသည် နာမည်လေးကပင် လှပ၏။
နောက်ပေါက်ရွှေကြာပင်က လူလည်ဝင်လုပ်သလိုလေးလည်း ခံစားရပါ၏။ နားရှုပ်သွားမှာ
စိုးရိမ်သည်။ မဆီမဆိုင် အကုသိုလ် စိတ်၊ စေတသိက်၊ စိတ္တဇရုပ် (
စိတ်ကြောင့်ဖြစ်သောရုပ်) များဖြစ်မှာလည်း စိုးရိမ်သည်။ ဤသို့ ဖြစ်၏။
ရှေးဦး ဗုဒ္ဓဘာသာ (Early Buddhism) ၌ ဓမ္မနှင့် ဝိနယ သာရှိ၏။ အဘိဓမ္မဟု မခေါ်ဝေါ်ရသေး။
ရာစုနှစ်အနည်းငယ်ကြာသောအခါ ဓမ္မမှတဆင့် အဘိဓမ္မဟူသော ဝေါဟာရနှင့် ဒေသနာ
ကွဲထွက်လာခဲ့သည်။ ကြည့်ပါ။ ဓမ္မ။ အက်ဂျစ်တစ်မပါသော ဝေါဟာရတည်း။
အဘိဓမ္မဟူသည့် ရွှေကြာပင်က “အဘိ” ဟူသော အက်ဂျစ်တစ်ကိုယူကာ “အဘိဓမ္မ” ဟု တည်ရှိလာ၏။ “
အဘိ” ကို More Profound ဟု ဘိုစကားက ဘာသာပြန်၏။ ပို၍ နက်နဲသောဟု အဋ္ဌကထာဆရာက ဖွင့်၏။
အနက်အဓိပ္ပါယ်များစွာ ရှိ၏။
ယခု ပြောလိုသောကိစ္စက ထို “အဘိဓမ္မ” ကိုထပ်၍ အက်ဂျစ်တစ်သုံးတတ်ကြခြင်းတည်း။
မလိုအပ်တော့ဟု ထင်၏။ ဓမ္မသည် လေးနက်၏။ အဘိဓမ္မသည် ပို၍လေးနက်သိမ်မွေ့၏။ လိုအပ်သော
အဓိပ္ပါယ်ခြုံငုံမိပြီဟု ထင်ပါသည်။
အင်္ဂလိပ်ဘာသာ၌ “Huge” ဟူသော စကားလုံးရှိ၏။ ဘာမှထပ်လုပ်စရာမလိုသော စကားလုံးဖြစ်၏။
ဥပမာ- Big ။ Big ကို အများကြီးကြီးသည်ဟု ဆိုချင်လျှင် Very Big ဟုပြောနိုင်၏။
Bigger ဟု ပြောနိုင်၏။ Biggest ဟုလည်း ပြောနိုင်၏။ Huge ကား ထိုသို့မဟုတ်။
Very Huge ဆိုလျှင် ပြုံးဖွယ်ဖြစ်၏။ Huge သည် Very ဖြစ်ပြီးသားတည်း။ Huger
ဟုလည်းကောင်း၊ More Huge ဟုလည်းကောင်း၊ Hugest ဟုလည်းကောင်း၊ the most huge
ဟုလည်းကောင်း မည်သို့မျှ ပြင်၍၊ သုံး၍၊ ပြောဆို၍ မသင့်တော့။ Huge သည်
အလွန်ထူးဆန်းသော အက်ဂျစ်တစ်ဖြစ်၏။
အဘိဓမ္မသည်လည်း ဤသို့ဖြစ်၏။ ဗုဒ္ဓကို ဗုဒ္ဓဟုခေါ်ခြင်းသည် မရိုင်း၊ ဓမ္မကို
ဓမ္မဟုခေါ်ခြင်းသည် မရိုင်း၊ အဘိဓမ္မကို အဘိဓမ္မဟုခေါ်ခြင်းသည် မရိုင်း။ ဆိုလိုသည်မှာ
အင်္ဂလိပ်ဘာသာပြန်များ၌ Buddha ဟုသာ တွေ့ရ၏။ သုတ္တန်၌ တထာဂတဟု တွေ့ရ၏။ အပိုမပါ။
အက်ဂျစ်တစ်မပါ။ ထိုအခါ အက်ဂျစ်တစ်လှလှများသုံးတတ်သည့် မြန်မာစကားကို အကျွမ်းဝင်
နေသူတို့အတွက် အက်ဂျစ်တစ်များ မပါသောအခါ တစ်မျိုးလေးဖြစ်သွားတတ်၏။
ကိုယ်တိုင်လည်း တစ်မျိုးလေးဖြစ်ခဲ့ဖူး၏။ ဤသည်မှာ မဆီမဆိုင် ပြောလိုသော
ကိစ္စပင်တည်း။
ထိုအဘိဓမ္မာဒေသနာတော်ကို ဘုရားရှင်ကိုယ်တော်မြတ်က တာဝတိံသာ၌ သန္တုဿိတ နတ်သား
အမှူးပြုသည့် နတ်ဒေဝါများနှင့်တကွ သုံးလောကသားတို့အား ဟောကြားတော် မူသည်ဟု
စာပေမှာတွေ့ရ၏။ ထိုအခါ ဘုရားရှင်မှာ တချိန်တည်း အလုပ်နှစ်ခုဖြစ်နေ၏။
၁။ တာဝတိံသာ၌ အဘိဓမ္မာတရား ဟောကြားခြင်း၊
၂။ လူ့ပြည်၌ ဘုရားရှင်တို့ ပြုကျင့်ရမည့် ဗုဒ္ဓဝေယျာဝစ္စများ ပြုကျင့်ခြင်း။
အလုပ်က နှစ်ခု၊ ဘုရားရှင်က တစ်ပါး၊ မလောက်ငှတော့။ ထိုအခါ နိမ္မိတရုပ်ပွါးတော်ကို
ဖန်ဆင်းရတော့၏။ ဘုရားရှင်ဖြစ်၍ နိမ္မိတရုပ်ပွါးဟု ဆိုရ၏။ ယနေ့ သီဟနာဒတို့
ခေတ်စကားနှင့် ပြောလျှင် ကလောင်တစ်ချောင်းပွါး၍ မက်ဆေ့ပေးခြင်းတည်း။ ဤသို့
ယုံကြည်မိပါ၏။
အမှန်ဆိုရသော် ထိုအဘိဓမ္မဆိုသည့် ဒေသနာတော်သည် ဘုရားရှင်ကလောင်ခွဲသုံးဖို့
တွန်းအားပေးလိုက်သော ဒေသနာဟုဆိုရသော် မရိုင်းဟုထင်၏။
အဘိဓမ္မာ၊ အဘိဓမ္မာ။
ဘုရားပင် ကလောင်ခွဲတော်မူခဲ့ရ၏။
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment