အရှေ့တောင်အာရှ သတင်းခေါင်းကြီးတွေမှာ
အာဆီယံခေါင်းဆောင်တွေက ၂၀၁၄- ခုမှာ မြန်မာပြည်ရုံးထိုင်ဖို့
ဆုံးဖြတ်ပြီးတဲ့နောက် မြန်မာကနေရာယူသွားတယ်။ ဒီနောက် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး
ဟယ်လာရီကလင်တန် မြန်မာပြည်ကို သွားခဲ့တယ်။ အဲဒီနောက်မှာတော့ စီးပွါးရေးသမားတွေ စုပြုံပြီး
ခြေဦးလှည့်နေကြတော့ လေယာဉ်လက်မှတ်ရဖို့တောင် အတော်ခက်သွားပါတော့တယ်။
ဒီလိုအပြောင်းအလဲတစ်ချို့တွေ့နေရပေမယ့်
ဒီထက်ခိုင်မာတဲ့ ပြောင်းလဲမှုမလုပ်ရင် စီးပွါးရေးပိတ်ဆို့မှု တွေလည်း ရှိနေဦးမှာပဲလို့
သံသယရှိသူတွေ ရှိနေသလို မြန်မာပြည်သူလူထုနဲ့ အစိုးရကလည်း ပြောင်းဆိုလို့ ပြောင်းနေပြီ၊
ဘာဖြစ်လို့ အရေးယူပိတ်ဆို့မှုတွေ ဆက်လုပ်နေတာလည်းဆိုတဲ့ မေးခွန်းတွေ မေးနေကြပါပြီ။
အာဆီယံသံတမန်အဖွဲ့နဲ့အတူ မြန်မာပြည်ကိုသွားဖို့
ကျွန်တော့်ကို တာဝန်ပေးခဲ့ကြပါတယ်။ တစ်ခုစဉ်းစားလို့မရတာက မြန်မာနိုင်ငံဟာ ကျွန်တော်မရောက်ဖူးတဲ့
အာဆီယံနှစ်နိုင်ငံထဲက တစ်နိုင်ငံ ဖြစ်နေခြင်းပါ။ နောက်တစ်နိုင်ငံကတော့ လာအိုပါ။
မြန်မာပြည်က ဘယ်လိုသတင်းမျိုး ရယူနိုင်ခဲ့မလဲ။
အပြောင်းအလဲတစ်ချို့ရှိခဲ့ပေမယ့် သံသယ ရှိနေသူတွေလည်း ဒုနဲ့ဒေး၊ ဒီကြားထဲ ဘာတွေများလေ့လာတွေ့ရှိနိုင်မလဲ။
ရန်ကုန်လေဆိပ်ကို ရောက်တယ်ဆိုရင်ပဲ တစ်စွန်းတစ်စတော့
နားလည်ခွင့် ရခဲ့ရပါတော့တယ်။ ကျွန်တော်တို့ ဟန်းဖုန်းတွေထဲက SIM ကဒ်တွေကို GSM တွေနဲ့
လဲတပ်ခဲ့ရတယ်။ ပြည်ပကိုခေါ်လို့ရပေမယ့် မက်ဆေ့ခ်ျပို့လို့မရဘူး။ နေပြည်တော်ကို ဆက်လက်ပျံသန်းကြတဲ့အခါမှာတော့
တစ်ချို့က အဆက်အသွယ် မပြတ်အောင် CDMA ကဒ်တွေကို လဲထည့်ခဲ့ကြပြန်တယ်။
ဒါပေမယ့် ဒီအခက်အခဲတွေဟာ နည်းပညာမဖွံ့ဖြိုးလို့သာဖြစ်ပြီး
တားဆီးပိတ်ပင်မှုကြောင့်တော့ မဟုတ်ပါဘူး။ နေပြည်တော်ကိုသွားရင် မိုဘိုင်းဖုန်းတွေ သုံးခွင့်မရှိဘူးလို့
အရင်ကကြားခဲ့ဖူးပါတယ်။ မဟုတ်ပါဘူး။
အာဆီယံအဖွဲ့အတွင်းရေးမှူးချုပ် ဒေါက်တာစူရင်နဲ့
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၊ သူ့ဝန်ကြီးများအဖွဲ့နဲ့ တွေ့ဆုံရတဲ့အခါမှာတော့ အားလုံးအကောင်းဖက်ကို
ဦးတည်လာခဲ့ပါတော့တယ်။
၂၀၁၄- ခု အာဆီယံအိမ်ရှင်အဖြစ် လက်ခံတဲ့အခါမှာ
တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီပံ့ပိုးဖို့ ပြောကြတဲ့အခါမှာတော့ နှစ်ဦးနှစ်ဘက်စလုံးဟာ
ပွင့်ပွင့်လင်းလင်းရှိလှပါတယ်။ မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီလိုတယ်ဆိုတာ
နှစ်ဘက်လုံးသဘောတူကြတယ်။ အထောက်အကူပစ္စည်းတွေ ဒီထက်ကောင်းမွန် ခေတ်မီဖို့၊ ဆက်သွယ်ရေး
ဒီထက်မြန်ဆန်ကောင်းမွန်ဖို့ စတာတွေရောပေါ့။
“လူကြီးမင်းများကိုယ်တိုင် ဘာလီနဲ့ အခြားနေရာတွေမှာ
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသလို ၂၀၁၄- ခုနှစ်ရောက်ရင် ထောင်ပေါင်းများစွာ မြန်မာပြည်ထဲကို
ဝင်လာကြပါလိမ့်မယ်။ အာဆီယံအဖွဲ့ဝင်တွေပါမယ်။ အာဆီယံရဲ့ ပါတနာတွေပါမယ်။ ကမ္ဘာတစ်ဝှမ်းလုံးကလူတွေ
ပါလာကြပါလိမ့်မယ် ” လို့ ဒေါက်တာ စုရင်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့
တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
“၂၀၁၄- မှာ ကျလာမယ့် မြန်မာရဲ့ အာဆီယံအိမ်ရှင်အဖြစ်
လက်ခံကျင်းပရေးဟာ ထူးခြားမှုရှိပါတယ်။ ၂၀၁၄- ခုဟာ နောက်ဆုံးအသုတ်ဖြစ်ပြီး ပြီးတာနဲ့နောက်တစ်လှည့်အတွက်
မလေးရှားကို လက်လွှဲပေးရတော့မှာပါ။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ မြန်မာနိုင်ငံက အလုပ်ရှုပ်နေသလို၊
အာဆီယံနိုင်ငံတွေကလည်း ဒီလှုပ်ရှားမှုနဲ့အတူ လိုက်ပါနိုင်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။”
အဲဒါ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပထမဆုံးတွေ့ဆုံမှုပါ။
အဲဒီနောက် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲတစ်ခု ထပ်လုပ်ခဲ့ကြပြန်ပါတယ်။ ဒီတစ်ခါမှာတော့
စီးပွါးရေးဝန်ကြီး ဦးတင်နိုင်သိန်း၊ သတင်းပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း၊
သမ္မတကြီး ဦးသိန်းစိန်ပါ ပါဝင်ပါတယ်။
သူတို့ရဲ့ စီးပွါးရေး ပိတ်ဆို့မှုရုပ်သိမ်းပေးဖို့
တောင်းဆိုချက်တွေဟာ အရင်လို စိတ်ပျက်ငြီးငြူတဲ့ လေသံမပေါက်ပဲ တကယ် ကျိုးကြောင်းညီညွတ်တယ်လို့
ထင်ပါတယ်။ မြန်မာတွေရဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ဖို့ ကြိုးစားနေချိန်မှာ စီးပွါးရေးပိတ်ဆို့ထားမှုဟာ
တကယ်ကြီးကျယ်တဲ့ အဟန့်အတားတစ်ခုပါ။
“တန်းတူအခွင့်အရေးသာပေးပါ၊ တရားနည်းလမ်းကျကျ
ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်ပါတယ်” ဆိုတာ ဝန်ကြီးတွေဆီက ထွက်လာတဲ့အသံတွေပါ။
သမ္မတကြီးကတော့-
“ ပြည်တွင်းမှာ အလုပ်တွေ ဖန်တည်းရမယ်။
ဒီအလုပ်တွေဟာ ပြည်တွင်းမှာရှိတဲ့ မြန်မာတွေအတွက် သာမက အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့
သန်းချီတဲ့မြန်မာတွေ အတွက်ပါ။ သူတို့ ပခုံးပေါ်ကဝန်ထုပ်တွေ လျော့ချပေးရပါမယ်။” ပြည်ပမှာအလုပ်လုပ်နေရတဲ့
သူ့လူမျိုးတွေကိုပါ ဦးတည်ထားတဲ့ရည်ရွယ်ချက်ဟာ ရဲဝံ့ပြီး အမြော်အမြင်ကြီးမှုလည်း ပါဝင်နေပါတယ်။
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို
သွားရောက်လေ့လာဖို့ တောင်းဆိုတဲ့ ဒေါက်တာစုရင်ရဲ့တောင်းဆိုချက်ကိုလည်း သူလက်ခံခဲ့တယ်။
ယခု သန်းပေါင်းခြောက်ဆယ်၊ လာမယ့် နှစ်နှစ်ဆယ်အတွင်း တိုးပွါးလာမယ့် လူသန်းပေါင်းတစ်ရာအတွက်
စားနပ်ရိက္ခာတွေ ဒီဒေသကနေ ဖြည့်ဆည်းပေးနိုင်ရေး အစီအစဉ်တွေအတွက် အာဆီယံနဲ့ ကမ္ဘာက ကူညီပံ့ပိုးပေးဖို့
ပြောဆိုခဲ့ကြပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်နေတာနဲ့အညီ
မစ္စတာသိန်းစိန်က လာမယ့်ရွေးကောက်ပွဲမှာ အာဆီယံနိုင်ငံတွေက လေ့လာသူတွေနဲ့ သတင်းမီဒီယာအဖွဲ့တွေကို
လာရောက်ခွင့်ပြုဖို့ အလေးအနက်ထား စဉ်းစားနေကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။
စီးပွါးရေးပိတ်ဆို့မှုဖွင့်ပေးဖို့ တောင်းဆိုတဲ့အထဲမှာ
အစိုးရပိုင်းကသာမက စီးပွါးရေးရပ်ဝန်းကလူတွေ ပါဝင်နေတယ်ဆိုတာလည်း တွေ့ရပါတယ်။
“၉၅-ရာခိုင်နှုံးကျော်သော မြန်မာစီးပွါးရေးလုပ်ငန်းများဟာ
အသေးစားနဲ့ အလတ်စား စီးပွါးရေးလုပ်ငန်းတွေ(SMES- Small and Medium-sized
Enterprises) သာဖြစ်ပြီး အဲဒီစီးပွါးရေးလုပ်ငန်းတွေအတွက် နည်းပညာအကူအညီနဲ့ ငွေကြေးစီးဆင်းမှုအကူအညီ
အများကြီး လိုအပ်ပါတယ်” လို့ မစ္စတာ ဝင်းအောင်က ပြောခဲ့ပါတယ်။
စက်မှုလုပ်ငန်းရှင်များအဖွဲ့ခေါင်းဆောင်
မခိုင်ခိုင်နွယ်ကလည်း စီးပွါးရေးပိတ်ဆို့မှုဟာ တိုးတက်မှု အတွက် အဟန့်အတားကြီးတစ်ခုဖြစ်ရကြောင်း၊
အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအတွက် လွန်စွာစိတ်ပျက်စရာကောင်းကြောင်း မှတ်ချက်ပေးခဲ့ပြန်ပါတယ်။
“မြန်မာဟာ လေဆိပ်ကခွာခဲ့ပြီးတဲ့ လေယာဉ်ပေါ်က
လေယာဉ်အဖွဲ့တွေနဲ့ တူပါတယ်၊ ဘာတွေပဲဖြစ်နေဖြစ်နေ ရှေ့ကိုပဲဆက်တိုးကြမှာပါ။ နောက်ဆုတ်လို့
မရတော့ပါဘူး” လို့ UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ဆိုပြန်ပါတယ်( Union of
Myanmar Federation of Chambers of Commerce and Industry)။
ဒါဆို The Lady ကရော။
နိုဘယ်ဆုရှင် ဒေါ်စုမပါပဲ မြန်မာနိုင်ငံရဲ့သတင်းက
မပြည့်စုံပါဘူး။ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲအကြောင်းနဲ့ သူမက စတင်ပါတယ်။ ဒါကလည်း
ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေက သတင်းထောက်တွေအတွက် သိပ်မထူးခြားလှတဲ့ သတင်းတစ်ခုပါ။
ဒီထက်ပိုပြီး အံ့သြစရာကောင်းတာက ဒေါ်စုက
ဒေါက်တာစူရင်နဲ့တွဲပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အဲဒါ သူမအိမ်ဘေးမှာပါ။ စစ်တပ်အကြီးအကဲတွေကို
လက်စားချေမှုဆိုတာနဲ့ပတ်သက်လို့ သူမက ငြင်းဆိုခဲ့ပါတယ်။
“ကျွန်မက တောင်အမေရိကရဲ့ Desmond Tutu
ကို အကြီးအကျယ်အားကျသူပါ၊ လက်စားချေပြီးရယူတဲ့ တရားမျှတမှုဆိုတာကို လုံးဝအယုံအကြည် မရှိပါဘူး”
Live and Let Live ဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ ကရုဏာတရားကို နိုင်ငံတော်တည်ဆောက်ချိန်တစ်လျှောက်လုံး
လက်ကိုင်ထားသွားမယ်လို့ သူမက ဆိုပါတယ်။
နာဂစ်တိုက်ခတ်ခဲ့တဲ့ ဧရာဝတီခရီးစဉ်ကတော့
ကျွန်တော်တို့တစ်ဖွဲ့လုံး တော်တော်နဲ့မေ့လို့မရမဲ့ ခရီးစဉ်တစ်ခုပါ။ ကျွန်တော်တို့တည်းခိုတဲ့နေရာကနေ
ကီလိုမီတာအနည်းငယ် လျှောက်သွားတဲ့အခါမှာတော့ သစ်ခက်သစ်ရွက်တွေနဲ့ ဆောက်ထားတဲ့ လယ်စောင့်တဲတွေကို
တွေ့ရပါတယ်။ အိမ်တွေကလည်း ဝါးလုံးအိမ်လေးတွေပါ။
ရွာတွေကိုရောက်တော့ ရှက်နေတဲ့ကလေးတွေက
လက်ယမ်းပြကြတယ်။ ကျွန်တော်တို့ပေးတဲ့ တီရှပ်နဲ့ မုန့်တွေကိုရတော့ ပျော်နေကြတယ်။ ဒေါက်တာစူရင်က
သူတို့အတွက် မက်ဆေ့ခ်ျရိုးရိုးလေးပေးတယ်- “နောက်ထပ် ဆိုင်ကလုန်း မရှိ (Cyclone, no
more)၊ အာဆီယံ ရက်စ်၊ ရက်စ်”။ ၅၀၀-ကျော်ရှိတဲ့ လူကြီး၊ ကလေးတွေ ဝိုင်းပြီးအော်ကြတယ်။
ရွာထဲကို ကားမောင်းဝင်လာတော့မှ ဈေးဆိုင်အသေးစားလေးတွေကို တွေ့ရတယ်။ အိမ်တွေကလည်း ပိုပြီးခိုင်ခိုင်မာမာရှိတာ
တွေ့ရပါတယ်။ ကျွန်တော်တို့ တကယ်ဝမ်းသာခဲ့ရပါတယ်။
မိတ်ဆွေတွေဖြစ်ကြတဲ့ ဒါရိုက်တာဝီလျံနဲ့
လက်ထောက်ဒါရိုက်တာ အက်ဒလီနာတို့အတွက်ကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာပဲပေါ့။ သူတို့က
နာဂစ်မုန်တိုင်းတိုက်ပြီးတဲ့နောက် လုပ်အားပေးရင်း လပေါင်းများစွာ ဒီမှာနေထိုင်ခဲ့တဲ့သူတွေလေ။
သူတို့အဓိကအားစိုက်ပြီး လုပ်အားပေးခဲ့တဲ့ သလိပ်ကြီးရွာကိုရောက်တော့ တော်တော်မိုးချုပ်နေပါပြီ။
ရွာသားတွေက မအိပ်သေးပဲ ကျွန်တော်တို့အဖွဲ့ကို စောင့်နေခဲ့ကြတယ်။ ဒီလောက်နွေးထွေးမှုမျိုး
တသက်မှာ မကြုံခဲ့ရဖူးသေးပါဘူး။
ဒေါက်တာ ဝီလျံနဲ့ မစ္စ အက်ဒလင်တို့အတွက်ကတော့
ပျော်မဆုံး၊ မော်မဆုံးပါပဲ။ အိမ်ကိုလွမ်းသူရဲ့ အိမ်အပြန်ခရီးတစ်ခုလိုကို ဖြစ်နေတာပါ။
ရွာသူရွာသားတွေ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိကြပါတယ်။ သူတို့ ကြိုးစားခဲ့သမျှ၊
ကူညီပံ့ပိုးခဲ့သမျှတွေဟာ ရွာသူရွာသားတွေအတွက် အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုတာ သိရတော့
ပိုပြီးကျေနပ်စရာပဲပေါ့။ ဒီခရီးလည်းဆုံးရော ကျွန်တော်တို့အားလုံး အားပေးမှုတစ်ခုခုရလိုက်သလို
ခံစားရပါတယ်။
ရွာသူရွာသားတွေက လောကဓံကို တင်းတင်းခံထားနိုင်တယ်။
လက်ရှိပါတီနဲ့ အတိုက်အခံပါတီ တို့ကလည်း သူတို့ဘဝတွေ ပိုမိုတိုးတက်လာအောင် ကူညီဖို့
ဆန္ဒရှိကြတယ်။ သံသယရှိသူတွေကတော့ ဒါဟာ နိုင်ငံရေးပါတီနှစ်ခုရဲ့ အားပြိုင်မှုလို့ ဆိုပါလိမ့်မယ်။
ကျွန်တော်ကတော့ လူထုအတွက်အကျိုးရှိမယ်ဆိုရင်
အားပြိုင်တော့ရော ဘာဖြစ်သေးလဲလို့ တွေးမိပါတယ်။
မြန်မာတွေအတွက် အချိန်ကသိပ်မရှိဘူး။ အစိုးရကလည်း
ဒါကိုသိတယ်။ ၂၀၁၃- မှာ ကျင်းပမယ့် SEA ဂိမ်းဟာ ၂၀၁၄- မှာ ကျင်းပမယ့် အာဆီယံဆွေးနွေးပွဲအတွက်
ရီဟာဇယ်တစ်ခုလို ဖြစ်နေလိမ့်မယ်။ အားလုံးအမြန်ပြောင်းလဲဖို့ လိုနေပြီ။
မြန်မာရဲ့
အပြောင်းအလဲကိုမြင်ချင်ရင် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်သင့်ပြီ။
The Straits
Time, March 6, 2012.
Keeping up with
Myanmar’s ကို ဘာသာပြန်ထားတာပါ။
The writer is
the director of community affairs development at the Asian Secretariat in
Jakata.
By Danny Lee
ဇင်ဝေသော်
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment