လူကမှား သတင်းစာက တောင်းပန်

မမှားသောလူဟူသည်မရှိ၊ ဒါ့ကြောင့် လူသည် တစ်ခုမဟုတ် တစ်ခု မှားတတ်ကြပါတယ်။ လူကမှားပေမယ့် တကယ်တမ်း တောင်းပန်ရတာက သတင်းစာသာ ဖြစ်တယ်လို့ အမေရိကန် စာရေးဆရာ တစ်ယောက်က ပြောဖူးပါတယ်။ သူ့နာမည်ကို မှတ်ထားပေမယ့် မေ့သွားပါပြီ။ စိတ်မကောင်းပါ၊ သတင်းစာကနေ တောင်းပန်ရပါလိမ့်မယ်။

            အမေရိကန်မှာ ဗာဂျီးနီးယားက အိမ်တစ်ခုပေါ်ကို F-18 တိုက်လေယာဉ် ပျက်ကျခဲ့တယ်။ လူကိုးယောက် ဒဏ်ရာရပေမယ့် သေပြောက်သူ မရှိဘူးလို့ ဆိုပါတယ်။ အသေအပြောက် မရှိတာကတော့ သတင်းကောင်း တစ်ခုပေါ့။ ဒါပေမယ့် အမေရိကန်သတင်းစာမှာ ဖော်ပြထားတာက ဗာဂျီးနီးယားမှာရှိတဲ့ စင်္ကာပူပိုင် F-16 တိုက်လေယာဉ်လို့ ဖော်ပြထားပါတယ်။ ဒါကို စင်္ကာပူက မဟုတ်ကြောင်း တုန့်ပြန်တော့ လူက မတောင်းပန်ဘဲ သတင်းစာကနေပဲ တောင်းပန်လိုက်ပါတယ်။

            သတင်းစာက တောင်းပန်နေတုန်းမှာပဲ ကိုလံဘီယာက (၁၀) နှစ် သမီးလေးက သမီးမိန်းကလေး မွေးဖွားကြောင်း အံ့ဩတုန်လှုပ်ဖွယ် ဖတ်လိုက်ရပြန်ပါတယ်။ ဆရာဝန်တွေ ပြောစကားအရက (၁၀) နှစ်သမီးအရွယ်ရောက်ရင် ကိုယ်ဝန်တည်နိုင်တဲ့ အနေအထား ရှိပြီလို့ ဆိုထားပါတယ်။ အရုပ်နဲ့ ကစားရမယ့် အရွယ်မှာ သမီးလေးနဲ့ ကစားလို့ ရတာပေါ့လို့ စဉ်းစားစရာပဲ ရှိပါတော့တယ်။ ဒါပေမယ့် သူတို့ Wayuu လူမျိုးစုအနေနဲ့တော့ (၁၀) နှစ်သမီးလေးမွေးတာ မထူးဆန်းပါဘူးတဲ့။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ဒီလိုပဲ ဖြစ်ခဲ့ဖူးတယ်တဲ့။

            ဒါ့ကြောင့် (၁၀)နှစ်တော့ ငယ်လွန်းပါရဲ့လို့ ထင်မိတာ သူတို့ယဉ်ကျေးမှုကို စော်ကားသလို ဖြစ်နေတာကို စိတ်မကောင်းပါဘူး။ သတင်းစာကနေ တောင်းပန်ရပါလိမ့်ဦးမယ်။

            (၁၀) နှစ်သမီးလေး အမေဖြစ်လို့ အံ့ဩနေရတုန်း အရပ်ရှည်သူတွေ ကင်ဆာ အဖြစ်များတယ်ဆိုတဲ့ သတင်းက ထွက်လာပြန်လေရော။ အရပ်ရှည်တာနဲ့ ကင်ဆာ ဘာဆိုင်လို့တုန်း။ ဒီကိစ္စကို ဦးဆောင်ပြီး သုတေသနပြုခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ်က ဒေါက်တာ Gome Greer က “အရပ်ရှည်တာနဲ့ ကင်ဆာနဲ့တော့ မဆိုင်ဘူးပေါ့။ ဒါပေမယ့် ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းတွေနဲ့တော့ ဆက်စပ်ကောင်း ဆက်စပ်နေနိုင်တယ်” လို့ ဆိုပါတယ်။ အရပ်ပုသူများ ဝမ်းသာစေဖို့ သူတို့ပေးထားတဲ့ အချက်အလက်ဇယားလေးကို ဖော်ပြပေးပါမယ်။

1)    Shortest (Under 152. cm) - 7.5 cancers par 1,000 women.
2)    Average (160. cm) – 8.3 cancers par 1,000 women
3)    Tallest (Over 175. Cm) – 10 cancers par 1,000 women.
ဒီသတင်းကို ဖတ်မိတော့ အရပ်ရှည်ရမှာကိုပဲ ကြောက်ရတော့မလိုပါဘဲ။ ဆေးသိပ္ပံသတင်းတွေကလည်း တစ်ခါတစ်လေ အူကြောင်ကြောင် အနည်းငယ် နိုင်ပါတယ်။
            ဆီစားတာများရင် ရောဂါများတတ်တယ်။ ဒါပေမယ့် အိုလီ (သံလွင်ဆီ) ကတော့ စားသုံးဖို့ အသင့်တော်ဆုံးပါလို့ ဆိုတော့ လူတွေက သံလွင်ဆီစားရင် ဘာမှမဖြစ်ဘူးဆိုပြီး စားကြတော့ ရောဂါဖြစ်ပွားနှုန်းက အတူတူပဲ ဖြစ်သွားပြန်ပါလေရော။
            အရပ်နဲ့ကင်ဆာ တွဲစပ်ပြပြီးနောက် ဆက်ဖတ်လိုက်တော့ ပိုထူးဆန်းတဲ့သတင်း ဖတ်လိုက်ရပြန်ရော။
            အမေရိကန်အစိုးရက မစ္စတာ Derek Mitchell ကို သံအမတ်အဖြစ် ခန့်အပ်ကြောင်းသတင်း ဖတ်လိုက်ရပါတယ်။ ၁၉၉၀-ခု ကထဲက သံအမတ် ရုပ်သိမ်းခဲ့တာပါတဲ့။
            အင်း… စိုးရိမ်စရာက အမေရိကန်တွေကလည်း လူကအမှားလုပ်ပြီး သတင်းစာက တောင်းပန်တာဆိုတော့ ဒီကိစ္စကိုများ သတင်းမှားရေးမိလို့ပါဆိုပြီး သတင်းအမှားပြင်ဆင်ချက်များ ထွက်လာလေအုံးမလားလို့ စိုးရိမ်တကြီး စောင့်နေရပါတော့တယ်။



ဇင်ဝေသော်















Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment