ကြောင်ဖြတ်လျှင် ကားမဖြတ်ရ

အိန္ဒိယခရီးစဉ်လမ်းခုလပ်မှာ ကြုံခဲ့ရသော အတွေ့အကြုံတစ်ခုဖြစ်သည်။
စီးလာသော ဘတ်စ်ကားရှေ့မလှမ်းမကမ်းမှ ကြောင်တစ်ကောင်လမ်းကိုဖြတ်ကူးသွားသည်ကိုတွေ့လိုက်ရသည်၊ ထိုအခါ ကားသမားက ကားကို ချက်ချင်းကြီး အရှိန်အုပ်လိုက်သည်။ ခဏကြာမှ တိုးရစ်ဂိုက်က ကားကိုချက်ချင်း ရပ်လိုက်ရခြင်းအကြောင်းကိုရှင်းပြသည်။

မိမိတို့မြင်နိုင်သောအနေအထားမှ ကြောင်တစ်ကောင် လမ်းဖြတ်ကူးလျှင် ထိုလမ်းကိုဆက်မသွား လမ်းမကူးသေးဘဲ တစ်ယောက်ယောက် လမ်းကူးဖြတ်ပြီးမှသာ ထိုလမ်းကို ကူးဖြတ်ကြသောယုံကြည်မှု အကြောင်းဖြစ်သည်။ ထိုစဉ် ကြောင်ဖြတ်ကူးသွားသည်ကို မတွေ့လုက်ရသော ခရီးသွာတို့က လမ်းကိုဖြတ်ကူးကြသည်။ ထို့နောက် ဘတ်စ်ကားလည်းထွက်လေတော့သည်။



ရှေးဟောင်းယုံကြည်မှုတစ်ခုသာ ဖြစ်ဟန်တူပြီး အကြောင်းကိုမေးသောအခါ တိုးရစ်ဂိုက်က မဖြေခဲ့၊ မပြောချင်လို့လား မသိလို့လားတော့မသေချာပေ။ အရေးကြီးလှသောကိစ္စက မဟုတ်၊ သို့သော်သိချင်စိတ်ကရှိနေသဖြင့် ရှေးဟောင်း အိန္ဒိယ ယုံကြည်မှုတစ်ချို့ဆီခြေဆန့်မိသည်။
ရှေးဟောင်း အိန္ဒိယ ယုံကြည်မှုများသည် တစ်နည်းမဟုတ်တစ်နည်းရှေးဟောင်း ဂရိယုံကြည်မှုများနှင့် ဆက်စပ်၍နေလေသည်။

အိန္ဒိယရော ဂရိပါ တစ်ချိန်က စိုက်ပျိုးရေးကိုသာ အခြေခံသော နိုင်ငံများဖြစ်ကြပြီး ကောက်ပဲသီနှံများ
ရိတ်သိမ်း ပြီးသောအခါ ကျီ စသည်တို့ထဲ၌ သိုလှောင်ထားကြရ၏၊ထို အခါကြွက်ပြဿနာပေါ်လာတော့သည်။ ကြွက်ကိုလူက မနှိမ်နင်းနိုင်၊ ကြွက်သတ်ဆးလည်းရှိသေးပုံမရပေ။ လူတွေ စုစောင်းထားသမျှ ကြွက်က ဖျက်ဆီးလေတော့သည်။

ထိုစဉ် ကယ်တင်ရှင်ကြောင်ပေါ်ပေါက်လာလေတော့သည်။ လူဆယ်ယောက် မနှိမ်နင်းနိုင်သောကိစ္စကို ကြောင်တစ်ကောင်က ဖြေရှင်းလိုက်သောအခါ နတ်ကိုကွယ်မှု၌အလေ့ထုံသော ဂရိတို့ကြား၌ ကြောင်သည်ကယ်တင်ရှင် နတ်တစ်ပါး ဖြစ်သွားရလေတော့သည်။ ကြောင်ကို အလေးတမြတ် ဆက်ဆံလာကြတော့သည်။ အန္ဒိယတို့၏ ဤယုံကြည်မှုသည် ဂရိတို့ထံမှ ရယူခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း ပညာရှင်တို့ယူဆကြလေသည်။

ဤသို့ဆိုသော် မြန်မာပြည်၌ ပေါ်ပျူလာဖြစ်လှသော ၃၇ ယောက်သော ဒိုမက်စတစ် နတ်များပင် ဂရိ တို့ အင်ဖလူးဝင့်စ် မကင်းနိုင်ဟု ယူဆလိုက ယူဆနိုင်ပြန်သည်။ အရှင် အရဟံက ဗုဒ္ဓဇင်ကို မိတ်ဆက်ပေးစဉ် အခြားသော ကုန်သည်များက ဂရိ အိန္ဒိယ ရေနှောနေသော ယဉ်ကျေးမှုနှင့် ယုံကြည်မှုတို့ကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်နိုင်ပါသည်။ ကျေးဇူးတင်စရာရှိသည်မှာ ကြောင်နတ်ရှိမနေခြင်းဖြစ်သည်။ ရှိခဲ့သော် ဒိုမက်စတစ်နတ် ၃၈ ယောက် ဖြစ်ပေလိမ့်မည်။







သီဟနာဒ













Copyright © 2011 ကမ်းလက်. All rights reserved.

1 comments:

ခရစ္စတလ် mod

ကြောင်တစ်ကောင်လုံး အနက်ဆိုရင် နတ်သမီး ခုနှစ်ယောက်စောင့်တယ်လို့ သူတို့ အယူရှိကြပါတယ်ဘုရား။
ကြောင်ကို ရိုက်ရင်လည်း ကြောင်က ပြန်ကျိန်ဆဲတယ်လို့ သူတို့ ယူဆကြသေးတယ်ဘုရား။ သိတာလေး မျှဝေတာပါဘုရား :)

Reply

Post a Comment