ကော့မှူးကဒေါက်တာသို့ ဘလော့ဂ်ဖွင့်ပေးစာ

ချစ်ခင်လေးစားရတဲ့ ဒေါက်တာ

ပထမဆုံး တစ်ခုပြောခွင့်ပြုပါ။
ဒါက ရွေးကောက်ပွဲပါဒေါက်တာ၊ စစ်ပွဲမဟုတ်ပါဘူး၊ Battle လို့မသုံးလိုက်ပါနဲ့။
ဒါက ဘယ်တယ်လ်ကို ရှောင်တဲ့ငြိမ်းချမ်းရေးပါ။
ဘာပဲပြောပြော ကော့မှုးမြို့နယ်မှာ ယှဉ်ပြိုင်အရွေးခံဖို့ ရွေးချယ်ခံရသူဒေါက်တာကတော့ ကံဆိုးတာပါပဲ။

ကျနော်တစ်နေ့ကရေးခဲ့တဲ့ စင်ကာပူကမြို့နယ်တစ်ခုဆိုတာ ဆရာကြီးလီကွမ်းယုရဲ့ မြို့နယ်ပါ။ ကျန်တဲ့မြို့နယ်တွေမှာအတိုက်အခံ ရှိတတ်ပေမယ့် အဲဒီမြို့နယ်ကိုတော့ လက်ရှောင်ကြပါတယ်။
လေးစားတာရော မနိုင်လောက်တာရောပါ ပါလိမ့်မယ်။
ကော့မှုးက ဒေါက်တာ ရှုံးတာတော့ရှုံးမှာပေါ့။ ဘာစီလိုနာနဲ့ ဘဏ္ဍာအခွန် အသင်းလိုပဲဥစ္စာ၊
ဘယ်လောက် ဂိုးပြတ်သွားသွားသလဲပဲ အဖြေကြည့်ရမှာပါ။

ဒေါက်တာ့ကိုရွေးချယ်တာဆိုရင်တော့ ကံဆိုးတာပေါ့။
ဒေါက်တာကိုယ်တိုင် ဗော်လန်တီယာဝင်လုပ်တာဆိုရင်တော့ ချီးကျူးရမလား....
အဲ... ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။

ဒေါက်တာကပြောတယ်"It is natural for us soldiers to review ourselves after a battle...
We mend what we should and decide what we should do."  တဲ့။

စထရက်ဒဂျီ ပြောင်းရင်လည်း တစ်ခြားမြို့နယ်မှာ သွားပြောင်းပေါ့ ဒေါက်တာရယ်၊
ဒီမြို့နယ်ကိုတော့ လက်ရှောင်လိုက်တာက အနာဂတ်လှပါလိမ့်မယ်။

ဖတ်ရတဲ့သတင်းစာတွေအရကတော့  ဒေါက်တာလည်း မိုဗိုင်းဆေးခန်းဖွင့်ပြီး ဆေးတွေလိုက်ကုပေးနေတယ်ကြားရတော့ စိတ်ရင်းကောင်းလေး ရှိတယ်လို့ အကြမ်းဖျင်းကောက်ချက်ဆွဲလို့ရပါတယ်။ ပရဟိတစိတ်လည်းရှိ၊ လူထုကိုလည်းစေတနာရှိ၊ ဆေးလည်းကုတတ်ဆိုတော့ ကိုကျော်သူတို့ နာရေးအသင်းနဲ့ ပူးပေါင်းပြီး ရှင်းရှင်းလေး လုပ်အားပေးကြည့်ပါလား၊ ဒီ စထရက်ဒဂျီက အကောင်ဆုံးဖြစ်လိမ့်မယ်၊ ကြာလာရင် လူထုကလည်း ချစ်လာမှာပါ၊ လုထုရဲ့နာတာရှည်ရောဂါက ဒေါက်တာကုလို့ မပျောက်တော့ဘူး။

ဆရာမိုဗိုင်းဆေးခန်းဆိုမှ ကျနော်တစ်ခါကရေးဖူးတဲ့ မိုဗိုင်းသံရုံးကိုသတိရမိတယ်။
နိုင်ငံပိုင် သံရုံးမြေတွေကိုတောင် ဖဲ့ရောင်းကြသတဲ့ ဒေါက်တာ၊ ဘယ်အစိုးရက သံရုံးမြေရောင်းစားသလဲဆိုတာတော့ အကျိုးမရှိတဲ့ကိစ္စမို့မပြောတော့ပါဘူး။ ကျနော်တို့အစိုးရတော့ မဟုတ်ဘူးထင်တပဲ ဒေါက်တာရယ်။
ရောင်းမယ့်ရောင်း သံရုံးတစ်ရုံးလုံးရောင်း၊ ဘတ်စ်ကားတစ်စီးဝယ်ပြီး မိုဗိုင်းသံရုံးလုပ်ထားလည်း ရတာပဲမဟုတ်လား။ ခေတ်စကားနဲ့ပြောရရင် ပိုပြီးတောင် မိုဘယ်လိုက်ဇ်ဖြစ်သေးတယ် မဟုတ်လား။
တယ်လီဖုန်းဟော့လိုင်းတစ်ခုတော့ထားရမှာပေါ့။ အပွိုင့်မင့်လုပ်ဖို့လေ။

ရွေးကောက်ပွဲမနိုင်ရင်တောင်တပ်မတော်သားတွေကိုဆေးကုရမယ့် ဒေါက်တာက ပြည်သူတွေကို ကုပေးနေတော့ (နည်းနည်ထူးဆန်းနေပေမယ့်) ကုသိုလ်တော့ သေချာပေါက်ရမှာပါ။
ကျနော်စိုးရိမ်တာက စစ်သားတွေခံစားရတတ်တဲ့ရောဂါနဲ့ ပြည်သူတွေခံစားနေရတဲ့ရောဂါ တူမှတူပါ့မလားဆိုတာလေးပါ။
ဘာမှမဟုတ်ပါဘူးဒေါက်တာရယ်၊ စိတ်ရင်းကောင်းတဲ့ဒေါက်တာ ရုပ်ပျက်ဆင်းပျက်ရှုံးတာကို မကြည့်ရက်လို့ပါ။

ကော့မှုးကိုတော့လက်ရှောင်လိုက်ပါလားဒေါက်တာ။ (၂၀၁၅ ခုရောက်ရင်လေ။)
မိုဗိုင်းသံရုံးတောင် ရှိနိုင်တဲ့ခေတ်ဆိုတော့ မိုဗိုင်းဆေးခန်းလောက်နဲ့ အလုပ်မဖြစ်လောက်တော့ဘူး။
အထူးသဖြင့် ကော့မှူးမှာပေါ့။

အဲ.....ပြောဖို့တစ်ခုမေ့တော့မလို့။

လူထုကြီးကဒေါက်တာရဲ့ ပြိုင်ဖက်ကိုဘယ်လိုခေါ်တာသိတယ်နော်။ အမေစု၊ အန်တီစုတဲ့။ ချစ်လို့၊ အားကိုးလို့ခေါ်ကြတာ၊ ဒေါက်တာလည်း လူထုကြီးချစ်လာ၊ အားကိုးလာအောင်ကြိုးစားပေါ့။ လူထုကြီးက ဒေါက်တာကို အဖေစိုး၊ အန်ကယ်စိုးလို့ခေါ်လာတဲ့နေ့ကျရင် ဝင်ပြိုင်လို့ရပြီ။ ဖစ်ဖတီး ဖစ်ဖတီးဖြစ်သွားပြီ။ အမေစု နဲ့၊အဖေစိုး။ အန်တီစုနဲ့ အန်ကယ်စိုး။ အခုတော့....ကော့မှူးလေးကို ရှောင်ထားလိုက်ပါအုံး။ အဖေစိုး၊ အန်ကယ်စိုးလို့ခေါ်လာတဲ့နေ့ကို စောင့်လိုက်ပါ။
အဲဒါ အကောင်းဆုံး(ဒေါက်တာစကားနဲ့ပြောရရင်)စထရက်ဒဂျီ ဖြစ်မှာပါ။


ကျနော် ပြုံးစိစိနဲ့ရေးတာ မဟုတ်ကြောင်းလည်း ပြောချင်ပါတယ်။
အယ်ချုပ်ပေးထားတဲ့ ခေါင်းစဉ်ကသာ  ပြုံးစိစိဖတ်စာပါ။ ဒါပါဘဲ ဒေါက်တာ။

ကရုဏာများစွာဖြင့်
ဦးကိုမောင်



















Copyright © 2011 ကမ်းလက်. All rights reserved.

နိုင်ငံတစ်ခုရဲ့ ကံကြမ္မာ


"မိခင်နိုင်ငံကလွဲရင် ဘယ်နိုင်ငံကို အကြိုက်ဆုံးလဲ ဆိုတဲ့မေးခွန်းမေးလာတိုင်း ထိုင်ဝမ်လို့  အမြဲဖြေခဲ့တယ်။"

ဘာကြောင့်လဲရှင်းရှင်းလေးပါ၊ ထိုင်ဝမ်ဆိုတာတိုက်ဖုန်းနဲ့ အကျွမ်းတဝင်ရှိလှတဲ့ ပင်လယ်ဘေးက ဘာမှသယံဇာတမရှိတဲ့ ကျောက်တောင်ပေါ်ကမြို့ဖြစ်ပြီး ဆောက်လုပ်ရေးအတွက် သဲတောင် တရုတ်ပြည်က တင်သွင်းနေရတယ်။


ဒါပေသည့် ကမ္ဘာ့စတုတ္ထ အကြီးဆုံး စီးပွားရေး စင်တာဖြစ်နေခဲ့တယ်။ မြေကြီးထဲက သယံဇာတကို တူးဖို့ထက် ၂၃ သန်းသော လူတွေဆီကအရည်အချင်း၊ အားထုတ်မှုနဲ့ အသိပညာတွေရအောင်တူးယူနိုင်ကြတယ်။ ထိုင်ဝမ်က မိတ်ဆွေတွေကို ကျနော်အမြဲပြောမိတယ်၊ ခင်းဗျားတို့ဟာ ကမ္ဘာ့မှာ ကံအကောင်းဆုံးလို့။ 


ရေနံမရှိ၊ သံသတ္ထုမရှိ၊ တောတောင်၊စိန်၊ရွှေ ဘာမျှမရှိ။ မဖြစ်စလောက် ကျောက်မီးသွေးနဲ့ ဂက်စ် ပဲရှိတော့
လူတွေကိုလေ့ကျင့်၊ အရည် အသွေးတွေကိုမြှင့်၊ ဒါက ဒီနေ့ကမ္ဘာ့ရဲ့ တန်ဖိုးအမြင့်ဆုံး ရီဆော့စ်တွေပဲ။ အရင်က ဒါကို ကျနော့အမြင်ပဲလို့ထင်ခဲ့တာ အခု သက်သေအထောက်အထားရသွားပြီ။


စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က(The organization for Economic Cooperation and Development) ဒီကိစ္စကိုလေ့လာခဲ့ကြတယ်။ နိုင်ငံပေါင်း ၆၅ နိုင်ငံက ၁၅ နှစ်အရွယ်ကျောင်းသားလေးတွေကို သင်္ချာ၊သိပ္ပံ နဲ့ စာဖတ်ခြင်းစွမ်းရည်ကို နှစ် နှစ် တစ်ခါ စစ်ဆေးတဲ့ ပီစာ စာမေးပွဲစစ်ကြတယ်။


(Pisa=Programme for International Students Assessment)။ ထို့အတူ ရေနံစတဲ့ သဘာဝအရင်းအမြစ် ရှိတဲ့နိုင်ငံက ကျောင်းသားတွေနဲ့ သဘာဝအရင်းအမြစ်မရှိတဲ့နိုင်ငံက ကျောင်းသားတွေရဲ့ စွမ်းရည်ကိုလည်း နှိုင်းယှဉ်ကြည့်ကြတယ်။ တိုတိုပြောရရင် စာသင်ခန်းထဲကကျောင်းသားတွေ သင်္ချာဘယ်လောက်တော်သလဲ ဆိုတာနဲ့ ဒီနိုင်ငံက ရေနံ ဘယ်လောက်ထုတ်လုပ်နိုင်သလဲဆိုတာင်းယှဉ်ကြည့်ကြခြင်းပါ။ ဒီအခါမှာ ထွက်လာတဲ့ရလာဒ်က တော်တော်ကြီး ကွာခြားနေပါတယ်။

ဒီ ပီစာ စာမေးပွဲကိုလေ့လာသူ မစ္စတာ Andreas Schleicher က
 "သမ္မာကျမ်းစာထဲမှာတော့ မိုးဇက်က ဂျူးလူမျိုးတွေကို နှစ်ပေါင်း ၄၀ ကြာအောင် သဲကန္တာရထဲမှာဦးဆောင်မှုပေးခဲ့ပါတယ်၊ အရှေ့အလယ်ပိုင်းမှာ တစ်ခုတည်းသောရေနံမထွက်တဲ့နိုင်ငံက အစ္စရေးပါ။ ဒါပေမယ့် ဒီနေ့မှာတော့ အစ္စရေးဟာ ရေနံချမ်းသာတဲ့နိုင်ငံတွေကတောင် ဖြည့်ဆည်းမပေးနိုင်တဲ့ လူနေမှုအဆင့်ကိုပေးထားနိုင်ပါတယ်။" လို့ ဆိုပါတယ်။ 




ရေနံကို ကိုယ်ယူ စာအုပ်ကို သူများပေးဆိုသလိုပေါ့။ မစ္စတာ Andreas Schleicher အလို ပီစာ စာမေးပွဲရလာဒ်အရ သဘာဝအရင်းအမြစ် အနည်းအငယ်သာရှိတဲ့ စင်ကာပူ၊ ဖင်လန်၊ တောင်ကိုးရီးယား၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံက ကျောင်းသားတွေက ရေနံချမ်းသာတဲ့နိုင်ငံတွေကကျောင်းသားတွေထက် အများကြီးသာနေပါသတဲ့။ ရေနံစတဲ့ သဘာဝအရင်းအမြစ်ချမ်းသာတဲ့ လက်တင်အမေရိက က ဘရာဇီး၊ မက္ကစီကို၊ အာဂျင်တီးနားနဲ့ အာဖရိကနိုင်ငံတွေကို မစစ်ဆေးခဲ့ရပေမယ့် ရေနံချမ်းသာတဲ့ ကာတာနဲ့ ကာဇက်စတန်ကကျာင်းသားတွေကတော့ ပီစာ စာမေးပွဲမှာတော်တော်နောက်ကျကျန်ခဲ့တယ်လို့ဆိုပါတယ်။

သဘာဝအရင်းအမြစ်လည်း ရှိတဲ့ ကနေဒါ၊ သြစတေးလျနဲ့နော်ဝေကကျာင်းသားတွေကတော့ပီစာ စာမေးပွဲမှာ အဆင့်မြင့်မြင့်အောင်ကြပါတယ်။ မစ္စတာ Andreas Schleicher က ဒီ သုံးနိုင်ငံဟာသဘာဝအရင်းအမြစ်ကို သုံးစားနေရုံတင်မဟုတ်ပဲ ရေနံစတဲ့သဘာဝကို ချွေတာပြီး ရေနံကရတဲ့ငွေတွေနဲ့ ပညာရေး စတဲ့ ရေရှည်ပရောဂျက်တွေမှာရင်းနှီးမြှတ်နှံမှုတွေကိုပါ လုပ်နေကြလို့ထောက်ပြပါတယ်။


၂၁ ရာစှုမှာ နိုင်ငံ တစ် နိုင်ငံရဲ့ ကံကြမ္မာကိုသိချင်ရင် ရေနံတွင်း ရွှေတွင်းတွေနဲ့ တွက်ချက်လို့မရတော့ပါဘူး။ ထိရောက်ထက်မြက်တဲ့ ဆရာတွေ ပါဝင်ပူးပေါင်းတဲ့မိဘတွေနဲ့ ကျောင်းသားတွေရဲ့ကြိုးစားမှုတွေအပေါ်မှာပဲ မူတည်တော့တယ်။


"ဒီနေ့ စာသင်ခန်းထဲက ထွက်လာတဲ့ အဖြေဟာ လာမဲ့ရေရှည်အနာဂတ်အတွက် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးအဖြေပါ" လို့မစ္စတာ Andreas Schleicher ကပြောခဲ့ပါတယ်။


စီးပွားရေးလောကမှာ Dutch disease ဆိုတဲ့ရောဂါကိုသိနေကြတာကြာပါပြီ၊ ဆိုလိုတာက  နိုင်ငံတစ် နိုင်ငံဟာ သဘာဝအရင်းအမြစ်တွေအပေါ်မှာပဲ မှီနေတော့ ပြည်တွင်းကုန်ထုတ်လုပ်မှုမရှိတာ့ဘူး၊ ဒီတော့ ဈေးပေါပေါ နိုင်ငံခြားပို့ကုန်တွေ ပြည်တွင်းမှာ အဆမတန်ဈေးကြီးပေးဝယ်သုံးကြရပါတော့တယ်။ အခု ပီစာ  
လေ့ လာတာကအဲဒီ Dutch diseaseနဲ့ ဆက်နွှယ်နေပါတယ်။ သဘာဝအရင်းအမြစ်ချမ်းသာတဲ့  နိုင်ငံကလူတွေဟာ ကိုယ်လုပ်သင့်တဲ့အလုပ်တွေလုပ်ဖို့၊ လူတစ်ဦးချင်စီရဲ့အရည်အချင်းတြွှေမှင့်တင်ဖို့ဆိုတာတွေကို မေ့လျော့နေကြဟန်တူပါတယ်။


မစ္စတာ Andreas က "သယံဇာတအနည်းငယ်သာရှိတဲ့ စင်ကာပူ၊ဖင်လန်နဲ့ ဂျပန်တို့ရဲ့ပညာရေးက အဆင့်အတန်းမြင့်ပြီး အနည်းဆုံး ပြည်သူအများစုက သူတို့ဘဝရပ်တည်ရေးဟာ အတတ်ပညာနဲ့ လုပ်ရည်ကိုင်ရည်ဆိုတာကို ကျကျနနသဘောပေါက်ထားကြတယ်။ ဒီအရည်အသွေးနှစ်ခုကလည်း စနစ်ကျတဲ့ပညာရေးအပေါ်မှာ မှီနေတယ်။ ဒီနိုင်ငံတွေက မိဘတိုင်း ကလေးတိုင်းဟာ ကလေးတစ်ယောက်ရဲ့ အနာဂတ်တစ်ခုလုံးကိုအရည်အချင်းကပဲဆုံးဖြတ်မယ်ဆိုတာ သူတို့နားလည်ကြတယ်၊ ဒါကြောင့် သူတို့က ယဉ်ကျေးမှုနဲ့ ပညာရေးပုံသဏ္ဌာန်ကိုစနစ်တကျ ပုံဖော်ယူကြတယ်" လို့ ရှင်းပြခဲ့တယ်။

ကျနော့မိတ်ဆွေ အိန္ဒိယန်း-အမေရိကန် Sridhar ကတော့ " သယံဇာတမရှိသူက သူကုယ်တိုင် သယံဇာတဖြစ်သွားတယ် " လို့ကို ဆိုလိုချင်ဟန်ရှိပါတယ်။

ဒီလေ့လာချက်က စက်မှုနိုင်ငံတွေအားလုံးကိုလည်း အရေးကြီးတဲ့မက်ဆေ့ ပေးထားခဲ့ပါတယ်။
"အခုလိုစီးပွားရေးအကျပ်အတည်းကာလထဲမှာ အနာဂတ်ငွေကြေးစနစ်တည်ငြိမ်ဖို့က ကိုယ်ပိုင်အရည်အချင်းအပေါ်မှာမူတည်နေပါတော့တယ်။ အချိန်အတော်ကြာအောင်ကြုံတွေ့နေရတဲ့ ဒီစီးပွားရေးအကျပ်အတည်းအတွက် အဖြေက လူထုကို နောလေ့ဂ်ျ နဲ့ စကေးလ် ကို ထိထိမိမိပေးရမယ်၊ ပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း နဲ့ နိုင်ငံကို ရှေ့တွန်းပို့ပေးနိုင်ဖို့ လူထုကိုပညာပေးရမယ်" လို့လည်း မစ္စတာ Andreas ကဆိုပြန်ပါတယ်။

"နောလေ့ဂ်ျ နဲ့ စကစ်လ် က ၂၁ ရာစုစီးပွားရေးလောကရဲ့ ငွေကြေးပဲ၊ ဒီငွကြေးကို ဘယ် စင်ထရယ်ဘဏ်ကမှ ပုံနှိပ်ထုတ်ဝေမှာမဟုတ်ဘူး၊ဒီငွကြေးဘယ်လောက် ထုတ်ထားမလဲဆိုတာ လူတိုင်းကိုယ်စီ ဆုံးဖြတ်ရမဲ့ကိစ္စဖြစ်နေပါတယ်။"လို့ သူကဟောကိန်းထုတ်ထပ်ထုတ်တယ်။

ရေနံထွက်တယ်၊ ဂက်စ်၊ စိန်ထွက်တယ်ဆိုတာ ကောင်းပါတယ်၊ဒါတွေရှိရင် လူထုကို အလုပ်တွေ ပေးထားနိုင်တယ်။ ဒါမေယ့် ဒါတွေရှိနေခြင်းကပင် မိမိလူ့အဖွဲ့အစည်းရဲ့ ရေရှည်စီမံကိန်းဖြစ်တဲ ပညာ သင်ကြားရေး ကိုအားနည်းသွားစေ ပြန်ပါတယ်။

ဒါကြောင့်  မစ္စတာ Andreas က " The thing that will keep you moving forward is always what you bring to the table yourself" လို့  ထပ်လောင်းပြောခဲ့ပါတယ်။  ။


Ref:New York Time. By Thomas Friendman.

ဇင်ဝေသော်

















Copyright © 2011 ကမ်းလက်. All rights reserved.

နိုင်ငံရပ်ခြားတွင် အဘိဓမ္မာစာမေးပွဲ ဖြေဆိုလိုသူများအတွက် အထူးသတင်းကောင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်လျက်ရှိသော အဘိဓမ္မာစာမေးပွဲကြီးကို စင်္ကာပူနိုင်ငံတွင် ဖြေဆိုနိုင်ကြပြီ ဖြစ်ပါသည်။ (သာသနာရေးဝန်ကြီးဌာနမှ ပေးပို့သောစာလွှာ)

✍ စာဖြေဌာန ✍  
မင်္ဂလ၀ိဟာရကျောင်းတိုက် (30 Jalan Eunos  Singapore 419495)


ယခုကဲ့သို့ နိုင်ငံရပ်ခြားတွင် ပထမဦးဆုံးသော အဘိဓမ္မာစာဖြေဌာနကြီး ဖြစ်မြောက်ရေးအတွက်
အဖက်ဖက်မှ ၀ိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသော ဆရာတော်ကြီးများ၊ ၀န်ကြီးဌာနဆိုင်ရာအရာရှိကြီးများနှင့်
အားလုံးသောလူပုဂ္ဂိုလ်များအား နိုင်ငံခြားတွင်နေထိုင်နေကြရသော ဗုဒ္ဓဘာသာဝင်များကိုယ်စား အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)မှ အထူး ကျေးဇူးတင်ရှိကြောင်း...


Ƹ̵̡Ӝ̵̨̄Ʒ   စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများတင်သွင်းရမည့် အချိန်ကို ပြန်လည် ကြေငြာပေးပါမည်ဖြစ်ကြောင်း..   Ƹ̵̡Ӝ̵̨̄Ʒ

အဘိဓမ္မာအသင်းကြီး(စင်္ကာပူ) မှ ဖွင့်လှစ်လျက်ရှိသော အဘိဓမ္မာသင်တန်းများ



စပ်စပ်
(ဘာသာရေးသတင်း တာဝန်ခံ)
















Copyright © 2011 ကမ်းလက်. All rights reserved.

သတင်းမဟုတ်တာ သတင်းလုပ်နေရတဲ့...တို့နိုင်ငံ

 ဒါတွေမပြောခင် မဆိုင်တာလေးတစ်ခုလောက်ပြောချင်ပါသေးရဲ့။

စင်ကာပူမှာလည်း ဒါမျိုးလေးတွေရှိတတ်တယ်ဆိုတာလေး လက်တို့ချင်လို့ပါ။
စင်ကာပူက မြို့နယ်တစ်ခုက လူတွေလည်း ရွေးကောက်ပွဲ မဲထည့်ရတဲ့အရသာကို မသိကြဘူး တဲ့။
နှစ်တိုင်း အတိုက်အခံ မဲပုံးထောင်မဲ့သူ(ထောင်ရဲသူ)မရှိလေတော့ မဲထည့်ရတယ်လို့ကိုမရှိပါဘူး တဲ့။
ပြီးခဲ့တဲ့ရွေးကောက်ပွဲကမှ လူစွမ်းကောင်း(လူမိုက်)ပေါ်လာတယ်ဆိုပဲ။
သူပြောတာက ရှင်းရှင်းလေး၊နိုင်ချင်လို့ မဟုတ်၊လူထုကို မဲပေးခွင့်လေးရစေချင်လို့ တဲ့။
ဒါပေမယ့် သူခမျာ လျောလျောလျူလျူတော့ ရခဲ့ပုံ မရပါဘူး၊ ထားပါတော့၊ ဒါက ကိုယ့်ကိစ္စမဟုတ်ဘူး။

၁။     စင်ကာပူကိုရောက်တော့ ပထမဆုံးလမ်းတွေကောင်းတာကို သတိထားမိတယ်။
ပြီးတော့မှ အိမ်နီးချင်းနိုင်ငံတွေကို ရောက်ဖူးတာ၊ ရောက်လို့ကြည့်မိပြန်တော့ လမ်းတွေက နိုင်ငံတိုင်းမှာကောင်းနေတာတွေ့ရတယ်။ အော် လမ်းကောင်းတာက သတင်းမှ မဟုတ်တော့ဘဲ၊
လမ်းဆိုးတာကမှ သတင်းကိုးလို့ သိခဲ့ရတယ်။ ခက်တာက တို့နိုင်ငံမှာတော့ လမ်းကောင်းတာက သတင်းဖြစ်နေတုန်း။

၂။    နောက် လျပ်စစ်မီးကိစ္စ။ မီး၊ ရေ၊ လေ တွေ လာနေ၊ ရှိနေတာက သတင်းမှ မဟုတ်တာ။
လေရှိတဲ့ပတ်ဝန်းကျင်မှာ(သူများနိုင်ငံတွေမှာပြောပါတယ်)လျပ်စစ်မီးလည်းရှိနေတာပဲ။
တို့နိုင်ငံမှာသာ လျပ်စစ်မီးလာတာကို သတင်းလုပ်နေကြရတာ။

၃။    ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် မဲပေးရတာက သတင်းမှ မဟုတ်တာဘဲ၊
ကိုယ်ကြိုက်တဲ့ ပါတီကို ကိုယ်မဲပေးလို့ရအောင် စီမံထားတဲ့ အစီအစဉ် မဟုတ်လား။
တို့လူမျိုးတွေကတော့ မဲပေးခွင့်လေရတာကိုပဲ သတင်းလုပ်ပြီး ပျော်မဆုံး၊ မော်မဆုံးပဲလေ။

၎။    ရွေးကောက်ပွဲမှာ မဲရေတဲ့စက် ချွတ်ယွင်းချက်မဖြစ်ရင် အမှန်အတိုင်းအဖြေထွက်ရမှာပေါ့။ တို့နိုင်ငံရွေးကောက်ပွဲကတော့ အမှန်အတိုင်း အဖြေထွက်လို့ဆိုပြီး တစ်ကမ္ဘာလုံးက ဝိုင်းပြီးချီးကျူးတာ ခံနေရတယ်။
သတင်း မဟုတ်တာသတင်းလုပ်လို့။

၅။    နိုင်ငံခေါင်းဆောင်ပဲ၊ စကားလေးဘာလေးတော့ ပြောတတ်မှဖြစ်မှာပေါ့၊ ပြောလည်းပြောမှပေါ့။
အခုဖြစ်နေပုံက မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန် သတင်းထောက်တွေစကားပြောတာကို အထူးအဆန်းလုပ်ပြီး
သတင်းစာထဲ ထည့်ရေးနေကြသေးတယ်။ သမ္မတကြီးပြောတာက "The election is held successfully." ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကြီး ပြီးဆုံးသွားပြီ တဲ့။ ဖြစ်ရပုံများ - သမ္မတကြီးစကားပြောတာတာ သတင်းဖြစ်နေရတယ်လို့။

အေးလေ...သူရှေ့ကဆရာကြီးတွေက ရေငုံနှုတ်ပိတ်၊ Noble Silence နည်းနဲ့ ဘုရားအလိုတော်ကျ အုပ်ချုပ်(အုပ်ပြီးချုပ်)သွားလေတော့ သူစကားစပြောတော့ ထူးဆန်းသွားကြလို့နေမှာပေါ့။

ဦးကိုမောင် တို့ကတော့ ပထမဆုံးစကားစပြောတဲ့ သမ္မတကြီးသက်တော်ရာကျော်ရှည်စေဖို့ အမြဲဆုတောင်းနေမယ်။ ဦးစောမောင်ကြီး စစ်တန်းလျားကို ပြန်မယ်ဆိုတဲ့စကားက နောက်ဆုံးကြားလိုက်ရတဲ့ နိုင်ငံခေါင်းဆောင်ရဲ့အသံ။

ကြာလှ၊ လွမ်းလှပေါ့၊ နိုင်ငံခေါင်းဆောင်ရဲ့စကားပြောတဲ့အသံ။
ဆင်းရဲတာက ချမ်းသာအောင်လုပ်လို့ရတယ်။
စကားမပြောတာက ဘာမှန်းလည်းမသိ၊ဘာမှလည်း လုပ်မရ။

ဦးကိုမောင်




















Copyright © 2011 ကမ်းလက်. All rights reserved.

အလှူငွေသုံးသောင်း သာဓုသုံးကြိမ်

အဖြစ်အပျက်တို့အားလုံး ဦးမောင်မောင်သိန်းဆိုသည့် ခရစ်ယန် ဓမ္မတက္ကသိုလ်ဆင်း သိက္ခာရ ဆရာကြီး ဗုဒ္ဓဘာသာကူးပြောင်းရာကနေ စတင်ခဲ့ကြသည်။ ထိုသတင်းက လေရှီး၊ လဟယ် နာဂတောင်တန်းတစ်ခုလုံးကို (အထူးသဖြင့်တော့ လေရှီးပေါ့) ရိုက်ခတ်လွင့်ပျံ့စေခဲ့သည်။ သူတို့ပြောစကားများအရ လေရှီးမြို့နယ်၌ ဘာသာရေးအရ လက်ထပ်ထိမ်းမြားပေးနိုင်စသည့် (ဆော်လမ်နိုက်ဇေးရှင်း) နှစ်ယောက်ထဲက တစ်ယောက်ဖြစ်နေသည်။

ကံကောင်းသည်ဟုဆိုရမလား ၊ ကံဆိုးသည်ဟု ဆိုရမလား မသိပေ။ ထိုဦးမောင်မောင်သိန်း အပါအ၀င် လူသာသနာပြူ ပုဂ္ဂိုလ်လေးဦးတို့နှင့်အတူ အဓိကကျသော ထမံသီနာဂရွာသစ်သို့ သွားရောက်သာသနာပြုရန် ကူကီးရွာမှတစ်ဆင့် ပြောင်းရွှေ့ပေးခဲ့ကြသည်။ လမ်းပမ်းဆက်သွယ်ရေး ပိုအဆင်ပြေသောနေရာ ဖြစ်သဖြင့် ကောင်းသည်ဟုဆိုရသော်လည်း ပို၍ခက်ခဲသော တာဝန်တစ်ခုဟုတော့ ခံယူမိသည်။

ဘာသာရေးအယူအဆခြင်း မတူသော်လည်း ပြဿနာအသွင်တော့ မဆောင်စေချင်၊ ထို့ကြောင့်ဦးမောင်မောင်သိန်း အကူအညီဖြင့် ဒေသခံဘုရားရှိခိုးကျောင်းများသို့လည်ပတ်ခြင်း၊ ရပ်မိ ရပ်ဖများနှင့်တွေ့ဆုံခြင်း၊ တရားဟောသင်းအုပ်ဆရာများနှင့်တွေ့ဆုံခြင်း စသည်တို့ပြုလုပ်ခဲ့သည်။ အဆင်ပြေချောမွေ့ခဲ့သည်။ မည်သို့ဖြစ်စေ မကြိုက်သူ၊ ကြည့်မရသူများလည်း ရှိနေဆဲပင် ဖြစ်ပေလိမ့်မည်။

ခြောက်လခန့်ကြာသော အခါ တစ်ချိန်က တောင်တွင်းကြီး ဘ/က သင်တန်းကျောင်းကို တက်ဖူးသော်လည်း ထိုအခါက သင်းအုပ်ဆရာ ဖြစ်နေသော လူတစ်ယောက်ကို တွေ့ခဲ့ရသည်။ သူနှင့် စကားပြောသည့်အခါ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမရှိခြင်းနှင့် ဘုန်းကြီးမရှိခြင်းကြောင့် သင်းအုပ်ဆရာလုပ်နေရသည်ဟုဆိုသည်။ ထို့ကြောင့် အခုကျောင်းလည်းရှိ၊ ဘုန်းကြီးလည်းရှိပြီပဲ ၊ ဗုဒ္ဓဘာသာပြန်လုပ်ပေါ့ဟုဆိုရာ သူကလည်း လုပ်မည်၊ သို့သော် သင်းအုပ်ဆရာလုပ်လျှင် လစားလည်းရစသည်၊ ဆန်ဝေစုလည်းရသည်။ ဗုဒ္ဓဘာသာလုပ်လိုက်လျှင် သူ့မိသားစု စားဝတ်နေရေးအတွက် ပူပန်ရသည်ဟု သူ့အခက်အခဲကို တင်ပြလာသည်။

မှန်ပေသည်။ သူ့အခက်အခဲများကို မျက်ကွယ်ပြု၍ မရ။ သူ့သင်းအုပ်လစာပေးပြီး ဗုဒ္ဓဘာသာ အလုပ်ခိုင်းရမလို ရှိနေသည်။

ထို့ကြောင့်ဖြေရှင်းချက်ကိုရှာတော့ ကျောင်းအိပ်ကျောင်းစား ကပ္ပိယလုပ်ရန်၊ ကပ္ပိယလုပ်နေစဉ် မိသားစုအတွက် အထိုက်အလျောက် အထောက်အပံ့ရစေရန် လစာသဘောမျိုးပေးမည် ဟုဆိုရာ သူကသဘောတူသည်။ ငွေကြေးမည်မျှမှန်း မမှတ်မိသော်လည်း ရှမ်းဗုဒ္ဓဘာသာတစ်ချို့အကူအညီ၊ လူသာသနာပြုတစ်ချို့ အကူအညီ၊ တစ်ချို့အိပ်ထဲကစိုက်ကာ သင်းအုပ်တစ်ယောက်ကို ကပ္ပိယအလုပ်ခိုင်းလိုက်သည်။ ဤကား အဖြစ်အပျက်များ၏ ဒုတိယ အကြောင်းတရားဖြစ်တော့သည်။

ထို့နောက်နာဂလေးနှစ်ယောက်၊ မြန်မာတစ်ယောက် ၊ရှမ်းလေးနှစ်ယောက်ကို ကိုရင်ဝတ်ပေးလိုက်သည်။ တစ်နှစ်အတွင်း အတန်ငယ် မြိုင်မြိုင်ဆိုင်ဆိုင်တော့ရှိလာသည်။ သို့သော် ကျောင်းက၀ါးကျောင်းမျှသာ ဖြစ်သဖြင့် တိုင်များ  ၀ါးကပ်များကိုလည်း " ခြ " များကစတင်ကိုက်စားနေကြပြီဖြစ်သည်။ စဉ်းစားရပြန်၏။ ကိုယ့်ငွေနှင့်ကိုယ် ရပ်တည်နိုင်သော ကျောင်းတစ်ကျောင်းဖြစ်ရန် ဖြစ်သည်။

ရေတိုစီမံကိန်းအရ ငှက်ပျောပင်များစိုက်မည်။ ရောင်းချ ရန်ပုံငွေရှာမည်။ မြေက သိပ်မကောင်းသည့်အတွက် ငှက်ပျောက သိပ်မဖြစ်။ နောက်ဆုံး သူတို့နှင့်တိုင်ပင်ကာ ရေရှည်ဖြစ်သည့် ဒညင်းပင်စိုက်ရန်သာ ဆုံးဖြတ်ရတော့သည်။ ဒညင်းကား နှစ်ရှည်ပင် ဖြစ်သည့်အတွက် မြေသိပ်မကောင်းလျှင်ပင် အလုပ်ဖြစ်သည်။ အသီးသီးရန်ကား အစောဆုံး (၅) နှစ်မှ (၇)နှစ်အထိစောင့်ရမည်။

ဒညင်းပင် မစိုက်မီ ကျောင်းဝင်းကို မြေညှိရဦးမည်။ မြေထိုးစက်ကြီးများကိုကိုင်သော ရွှေဘိုသား ကိုခင်ဇော်ကို အကူအညီတောင်းတော့ ကူညီမည်ဟုဆိုသည်။ မြေထိုးပြီးလျှင် ကိုယ်စိုက်လိုရာ စိုက်ပျိုးနိုင်ပြီဖြစ်သည်။  မြေထိုးစက်ကို သူက ကူညီသော်လည်း လိုအပ်သော ဓါတ်ဆီ စသည်ကိုတော့ ကိုယ်က စိုက်မှကောင်းမည်။  သို့နှင့် ရင်းနှီးရာလူတစ်ချို့ကို အကူအညီတောင်း ၊ ကိုယ့်ရှိတာလေးနှင့်ပေါင်းတော့ ၀တ္ထုငွေ နှစ်သောင်းခန့်တော့ရသွားသည်။ မဆိုးလှ၊ လောက်သလောက် ရှိသွားပေပြီ ။

ပြဿနာကား ဤငွေနှစ်သောင်းမှစသည်။

လသာသောညတစ်ညဖြစ်သည်။ ကိုရင်လေးများကို ပုံပြော ၊ ကပြင်မှာ အိပ်ကြရန်ပြောပြီး အခန်းထဲ
အိပ်ရန်ပြင်သည်။ ဘာ့ကြောင့်မှန်းမသိ၊ ထိုညက အိပ်မရဖြစ်နေသည်။

အတန်ကြာသောအခါ မီးတင်းကုပ်ထဲမှ အသံတစ်ခုခု ကြားလိုက်ရသည်။ ဘာအသံလည်း ပြောလို့မရ၊ သို့ဖြင့် ကိုရင်လေးများကို ကြည်တော့ အားလုံးအိပ်နေကြပြီဖြစ်သည်။ အသံလိုလို ၊ ဘာလိုက ရှိနေဆဲ၊ အနည်းဆုံး စိတ်ထဲမှာတော့ တစ်ခုခု ခံစားနေရတာတော့ အမှန်ပင်။ ထို့ကြောင့် မီးတင်းကုပ်ထဲသို့ဝင်လိုက်ရာ နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်သည်။

လူနှစ်ယောက်က မိမိလက်နှင့် ပခုံးကို ချူပ်ကိုင်ထားလိုက်ကြသည်။

ဘာအတွက် ဒီလိုလုပ်တာလဲ - ဟုမေးရာ  ရှိနေတဲ့ ငွေနှစ်သောင်း သူတို့ကိုပေးပါ။ ပြီးရင်အောက်မြန်မာပြည်ကို ပြန်သွားပါဟု စကားသံဝဲ၀ဲဖြင့် ပြောသည်။

ကိစ္စမရှိပါ။ ပေးပါမည်ဟုဆိုကာ ထိုငွေနှစ်သောင်းကိုပေးလိုက်သည်။ နာရီလေးတစ်လုံးလည်း ဘေးမှာရှိနေသည်။ နာရီကိုလည်း ယူချင်ယူသွားလေဟု ဆိုသောအခါ နာရီကို မလိုချင် ၊ ရဲတိုင်တာ စစ်တပ်တိုင်တာတွေ မလုပ်ဖို့ သတိပေး (ခြောက်လှန့်) စကားပြောပြီး ထိုလူနှစ်ယောက် ထွက်သွားကြလေတော့သည်။ ငွေနှစ်သောင်းတော့ ပါသွားပေပြီ ၊ လူကိုဘာမှ မလုပ်ခဲ့တာပင် ကံကောင်း ဟု ဆိုရပေတော့မည်။

ဘာ့ကြောင့်ဒီကိစ္စဖြစ်ရသနည်း ဟူသော အတွေးက ရပ်တန့်မရ။ ရွာသစ်ဘုန်းကြီးနှင့် ဦးမောင်မောင်သိန်းကို နာဂသူပုန်တစ်ချို့က ကြည့်မရ၊ ဤကိစ္စကို သိနေတာတော့ကြာပြီဖြစ်သည်။ ထို့ပြင် သင်းအုပ်ဆရာလေးကပ္ပိယဖြစ်သွားပြန်သောအခါ သူတို့မခံမရပ်နိုင် ဖြစ်သွားသည် ထင်၏ - ဟုသာစဉ်းစားစရာ ရှိလေသည်။

ထိုကိစ္စကို အရေးအကြီးဆုံးနှင့် အယုံကြည်ရဆုံး ဒကာကြီး (ရှမ်း) ဦးအဲကျင်နှင့်တိုင်ပင်ရတော့သည်။ ဦးအဲကျင်က စိတ်ပြတ် ၊ မဟုတ်မခံ ရှမ်းလူမျိုးကြီးဖြစ်သည်။ သူ့သဘောက ဒီကိစ္စ ငြိမ်နေ၍မရ ၊ ငြိမ်နေလျင် ပိုစိုးလာမည်ဟု ဖြစ်သည်။ ဆရာတော်က ရဲကိုအကြောင်းမကြားရအောင် ကြောက်နေလို့လားဟုပင်မေးသေးသည်။ ကြောက်မည်ဆိုက ကြောက်စရာတော့ အေ့ကြာင်းအလုံအလောက်ရှိသည်။  ကျောင်းကပင် လေဟာပြင်ကျောင်းဖြစ်သည်။ တံခါးမရှိ၊ တံခါးပိတ်မရ ၊ အန္တရာယ်ပြုလိုက အချိန်မရွေးလာပြုနိုင်သည်။ ကြောက်စိတ်တော့ မရှိပါ။

ထို့ကြောင့် ထမံသီရွာသို့ဆင်းကာ ရဲစခန်းမှူး ၊ ထမံသီအခြေစိုက် စစ်တပ်သို့ သတင်းပို့လိုက်ကြသည်။ ရှိပါစေတော့ဟုထားသောသတင်းက ခုတော့ အားလုံးပြန့်သွားတော့၏။ ခန္တီးအခြေစိုက် ဗျူဟာမှူးဆီသို့ရောက်ကာ တရားခံမတွေ့တွေ့အောင်ရှာဟု အမိန့်ချလေတော့သည်။

စိတ်မကောင်းပါ။ ထိုငွေနှစ်သောင်းလာတောင်းသွားသူကို စိတ်ထဲမှာ သိနေသလိုလိုရှိသည်။ ထိုပုဂ္ဂိုလ်ကလည်း သူ့ကိုသိသည် ဆိုတာကို ရိပ်မိပုံရပါသည်။ နှစ်ဦးနှစ်ဖက် နားလည်ကြသည်။ သူ့ကိုခွင့်လွှတ်သည့် အမူအရာလည်းပြထားတော့ ထိုထိုပုဂ္ဂိုလ်နှင့် ဆက်ဆံရေးက အရင်အတိုင်း ကောင်းကောင်းမွန်မွန်သာ ရှိနေခဲ့ပါသည်။

ထိုသတင်း ခန္တီးမှတစ်ဆင့် ရန်ကုန် ကမ္ဘာအေးသို့ပင် ရောက်ရှိသွားတော့သည်။ မိမိကို သနားသူ တော်တော်များများရှိခဲ့သည်။ (သနားတာမကြိုက် ၊ သနားတာ သိပ်မခံရဖူးသော ဘ၀မို့ အနည်းငယ်တော့ ကိသိကအောက်နိုင်သည်။ )

တောင်တန်းသာသနာပြု နှစ်နှစ်ကာလ ကုန်ဆုံးသွား၏ ။ ကိုယ်လုပ်ချင်သော အလုပ်များက မပြီးသေး ။ ကျောင်းဆောက်ခွင့်ကျအောင် လုပ်ရမည်။ ကျောင်းဆောက်ဖို့ ရန်ပုံငွေရအောင် ရှာရမည်။ ရေရှည်အတွက် ဒညင်းပင် (၅၀) မှ တစ်ရာအထိ စိုက်ထားခဲ့ချင်သည်။ ဒညင်းတစ်ပင်၏ ၀င်ငွေသည် ထိုအချိန်ကပင် သုံးသောင်းနှင့် ငါးသောင်းကြားမှာရှိသည်။  ရန်ပုံငွေ သိပ်မပူရတော့ပေ။ တွက်ရေးကတော့ စက်သူဌေးဖြစ်သည်။

နှစ်နှစ်ပြည့်၍ ရန်ကုန်ပြန်လာခဲ့၏။

သာသနာရေးဌာန အရာရှိကို သွားတွေ့၏။ ဘွဲ့ကိုပြောသောအခါ အရှင်ဘုရားသတင်းတွေ ကြားရပါတယ်ဘုရား ။ တပည့်တော်တို့ သာဓုခေါ်နေကြပါတယ်ဘုရား ၊ နာဂ ရဟန်းတစ်ပါးလည်း ရထားပြီးပြီလို့ကြားရပါတယ်ဘုရား ဟု သူက လျှောက်သည်။

ထိုအခါ ဒီပလိုမက်တစ်ကို စနစ်တကျ မသုံးတတ်သောဤရဟန်းက "ဒကာကြီး - သာဓုလည်းခေါ်ပါ၊ ဦးဇင်းလိုနေတာက အလှူငွေ သုံးသောင်းပါ ၊ အလှူငွေ သုံးသောင်းက သာဓုသုံးကြိမ်ထက် ပိုအရေးကြီးနေလို့ပါ"  ဟုပြောသောအခါ -

အရှင်ဘုရားရေ ၊စာနဲ့ဘာနဲ့မှ အထက်က ခွင့်ပြုမှ ပေးလို့ရတာပါဘုရား ၊ အရှင်ဘုရားကိုလည်း စာရေးဖို့ဘာဖို့တွေ လျှောက်မနေတော့ပါဘူး ၊ စာရေးဖို့မလိုတဲ့ တပည့်တော်အိပ်ထဲကပဲ ထုတ်လှူလိုက်ပါတော့မယ် -" ဟုဆိုကာ ၀တ္ထုငွေ သုံးသောင်း လှူလိုက်ရှာလေတော့သည်။

မှန်၏ ။ ထိုအချိန်က သာဓုသုံးကြိမ်ထက် ၀တ္ထုငွေသုံးသောင်းက ပိုအရေးကြီးနေခဲ့သည်။ စကားတစ်ခွန်းတည်းနှင့် အလှူငွေ သုံးသောင်းရလိုက်သဖြင့် မဆိုးလှဟု ဆိုရမည်ဖြစ်သည်။

အမှန်ပင် သူ့စေတနာကို သာဓုခေါ်မိ၏ ။ သုံးကြိမ်တိတိ ၊ မပို ၊ မလို။
(သီဟနာဒ)


(အမှာ - သာသနာရေးဌာန အရာရှိအမည်ကို မဖော်ပြတာကလွဲ၍ နာမည်များအားလုံးသည် အမည်မှန်များ ဖြစ်ကြပါသည်။ နာမည်လွှဲထားခြင်းမရှိပါကြောင်း ပြောခဲ့ချင်ပါသည်.။
"အနိစ္စ အိုးကွဲ " ဆောင်းပါး ဆက်ကို ဆက်ရေးပါမည်။

သီဟနာဒ











Copyright © 2011 ကမ်းလက်. All rights reserved.