ဖျားနာခြင်းဖြင့် ဆရာဝန်များကို ကူညီပါ

ဆရာဝန်တွေကို စော်ကားသလို ဖြစ်နေတဲ့ aphorism ဖြစ်နေတဲ့အတွက်တော့ စိတ်မကောင်းစရာပါ။ ဒါပေမယ့် ဒါတွေက တကယ် ဖြစ်နေသလား မသိဘူး။ ကိုယ့်မိသားစုထဲမှာ ဆရာဝန်ရှိနေရင်တော့ တစ်မျိုးပေါ့။ နို့မို့တော့ ဆရာဝန်တို့၊ ရှေ့နေတို့၊ ရဲတို့ဆိုတာတွေကလည်း လူထုထဲမှာ မဖြစ်လို့သာ တွေ့နေကြရတာ မဟုတ်လား။


အခုတလော တွေ့ကြုံနေရတဲ့ သတင်းတွေအရတော့ ဆရာဝန်တွေကို အားနာစရာပါ။


စီးပွားရေးသမားတွေ ဈေးကွက်ချဲ့တာကတော့ သိပ်မဆန်းတော့ပါဘူး။ အိုင်တီရှိုးတို့၊ စင်္ကာပူအိတ်(စ်)ပိုတို့၊ ဈေးပွဲတော်တို့ဆိုရင် ကိုယ့်ပစ္စည်းကို လူသိဖို့ ကြေငြာရတဲ့ ပွဲတွေ မဟုတ်လား။ ဒီအတွက် ကုန်ပစ္စည်းပိုင်ရှင်မှာရော၊ စားသုံးသူမှာပါ အကျိုးတစ်စုံတစ်ရာ ရှိတယ်ဆိုတာ ငြင်းလို့ မရပါဘူး။


စီးပွားရေးဈေးကွက်ဆင်းသလို ပညာရေးဈေးကွက်ဆင်းတာလည်း မကြာမကြာ တွေ့ရတယ်။ အမေရိကန်၊ ဥရောပနဲ့ ဩစလေးလျ တက္ကသိုလ်ပါမောက္ခကြီးတွေ ကမ္ဘာကို ဆင်းပြီး ကျောင်းသား ရှာကြတယ်။ ဖွဲ့ဖြိုးတဲ့နိုင်ငံတွေမှာ တက္ကသိုလ်ကွန်ပတ်(စ်)တွေ ဖွင့်ကြ၊ ကောလိပ်တွေ ဖွင့်ကြ၊ အင်စတီကျူ(တ်)တွေ ဖွင့်ကြ လုပ်ကြတယ်။ ဈေးကွက်ကတော့ ဈေးကွက်ပါပဲ။ ဒါပေမယ့် ပညာရေးဈေးကွက် ဆိုတော့ ကျယ်ပြန့်လေ ကောင်းလေမို့ ကျောင်းသား (ပြည်သူ) တွေရော တက္ကသိုလ်တွေပါ ကျေးဇူးတွေ ရကြပါတယ်။


ကာစတန်မာ၊ အလုပ်သမား ရီခရု (Recruit) လုပ်တာ၊ ကျောင်းသားရီခရုလုပ်တာတွေက မဆန်းလှပေမယ့် လူနာရီခရု လုပ်တာကတော့ ခပ်ဆန်းဆန်းပါပဲ။ ဆန်းလို့လည်း မီဒီယာသမားတွေက ရေးကြတာ နေမှာပေါ့လေ။


ဘကြီးက ဆေးသက် ပိုရင့်တယ်

ဒါနဲ့ အခုတလော ကြားသိနေရတဲ့ သတင်းစကားလေးတွေကို စဉ်းစားရင်း “ဘကြီးက ဆေးသက်ရင့်တယ်” ဆိုတဲ့ စကားလေးကို သတိရမိတယ်။ ဘကြီးဆိုသူက ဆရာဝန်မဟုတ်ပေမယ့် ဗိန္ဓောဆေးအကြောင်း၊ ဓာတ်ကြီးလေးပါးအကြောင်း တော်တော် သိပုံရပါတယ်။ ဒါနဲ့ ဆေးခန်းကို သွားပြီး ဆရာဝန်မလေးနဲ့ တွေ့တယ်။ တွေ့တယ်ဆိုရင် ဘကြီးဖြစ်နေတာက ဘယ်လို၊ ဒါ့ကြောင့် ဘာဆေးထိုးရမယ်ဆိုတာ ဆရာဝန်မလေးက မပြောခင် သူကပဲ စွတ်ပြောနေတယ်။


ဒါနဲ့ ဆရာဝန်မလေးက _


“ဘကြီး… ဘကြီးက ဆရာဝန်လား၊ ကျမက ဆရာဝန်လား” ဆိုတော့ “ဘကြီးက ဆေးသက် ပိုရင့်တယ်” လို့ ဖြေခဲ့တယ်တဲ့။


နောက်ပြောင် ရှေ့ပြောင် မလိုအပ်တော့

ဒီကြားထဲ ဝမ်းသာစရာ (အထူးသဖြင့် နောက်ပြောင် ရှေ့ပြောင်သမားတွေ အတွက်ပေါ့) သတင်းတစ်ပုဒ်က ဂျပန်က ဆရာဝန်တွေ ဒီကိစ္စကို ဖြေရှင်းနိုင်တော့မယ်တဲ့။


သူတို့က အမွှေးအမြှင်မရှိတဲ့ ကြွတ်ကိုယ်ပေါ်မှာ လူဆံပင် ပေါက်စေနိုင်တဲ့ ဟိုမုန်းဓာတ်နဲ့ စမ်းသပ်ခဲ့တာပါ။ ဟုတ်တယ်၊ ကြွက်လေးပေါ်မှာ လူဆံပင်တွေ ပေါက်နေတဲ့ ပုံကလေး တွေ့ရတယ်။ ဒီနည်းပညာကို အခြေခံပြီး ခေါင်းပြောင်နေတဲ့ လူတွေကို ကူညီဖို့ သူတို့ ဆက်လက် ကြိုးစားကြလိမ့်မယ်။ ငွေကြေးကုန်ကျမှုလည်း သိပ်များမယ့် သဘောမရှိပါဘူး။


ဒါပေမယ့် ခက်တာက ဒီကိစ္စ လူထုဆီကို ရောက်လာမှာက နောက်ငါးနှစ် ခွန်နှစ်နှစ်ကာလလောက် ကြာမှာလို့ သိရပါတယ်။ ခေါင်းပြောင်တာက သေနိုင်တဲ့ရောဂါဆိုး မဟုတ်ပေမယ့် ဖြစ်နိုင်ရင်တော့ လူတိုင်း ဆံပင်ထူထူထဲထဲလေး ဖြစ်နေချင်တာပေါ့။ ဒါ့ကြောင့် ပြောင်ပြီးသားလူတွေအတွက် ငါးနှစ် အနည်းဆုံးတော့ စောင့်ကြရဦးမယ့် သဘောပါပဲ။ ဒီနောက်တော့ နောက်ပြောင်၊ ရှေ့ပြောင်စရာ မလိုတော့ပါဘူး။ တကယ် ဖြစ်၊ မဖြစ်တော့ စောင့်ကြည့်ရမှာပေါ့။


ဒီသတင်းက ဆရာတော်၊ သံဃာတော်တွေနဲ့တော့ သိပ်မဆိုင်လှဘူး။ သူတို့ကတော့ ခေါင်းပြောင်လေလေ ခေါင်းရိတ်ရ သက်သာလေလေ၊ ဘရိတ်ဓားအကုန် သက်သာလေလေ မဟုတ်လား။ ဒါ့ကြောင့် ဆံပင်ညှပ်ဆိုင်တွေက ဖောက်သည် နည်းလေလေ ဘုန်းကြီးများများ ဝတ်မှာ ကြောက်လေလေလို့ ရီစရာပြောတာ ကြားဖူးပါတယ်။


ထားပါတော့၊ အခုဖြစ်နေတာက လူနာရီခရုလုပ်တဲ့ ကိစ္စပါ။


မြန်မာပြည်က လူလတ်တန်းစား သူဋ္ဌေးတွေကတော့ ဘန်ကောက်ကို သွားပြီး ဆေးကုရတာကိုပဲ ဖက်ရှင်တစ်ခုလို ဖြစ်နေတယ်လို့ ကြားရဖူးတယ်။ ဘန်ကောက်သွား ဆေးကုလာတာဆိုတဲ့ သတင်းကိုလည်း မမေးဘဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်ကြသတဲ့။ ဒါကို သိထားတဲ့ လူတွေကလည်း ဘန်ကောက်က ပြန်လာတဲ့ လူတွေ ဒီစကား စလို့ မရအောင် တစ်ခြားစကားတွေ စွတ်ပြောတတ်ကြသတဲ့။ ဒါပေမယ့် မလွတ်ဘူးလို့ ဆိုပါတယ်။ ဘဏ်တွေအကြောင်း ပြောရင်းနဲ့ “ဘဏ်ဆိုလို့ ပြောရဦးမယ်။ တို့တောင် ဘန်ကောက်က ဆေးကု ပြန်လာတာ မကြာသေးဘူး” စသဖြင့် မရ၊ ရအောင် စကားစပ် ပြောတတ်ကြသတဲ့။ ထားပါတော့။


စင်္ကာပူက နာမည်ကြီး ပုဂ္ဂလိကဆေးရုံတွေက နာမည်ကြီးကင်ဆာ အထူးကုဆရာဝန်တွေ အင်ဒိုနီးရှား သွားပြီး လူနာရှာကြသတဲ့။ ဒါနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားဆရာဝန်များအဖွဲ့ချုပ်က တော်တော် မကြေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ ကျန်းမာရေး ဟောပြောပွဲဆိုရင် ကြားလို့ ကောင်းပေမယ့် “To recruit wealthy patiences” ဆိုတဲ့စကားကြောင့် ကြားရတာတော့ တစ်မျိုးလေး ဖြစ်သွားတာပေါ့။


စဉ်းစားစရာတွေ အမျိုးမျိုးပဲ။


စင်္ကာပူက နိုင်ငံသေးတော့ ကင်ဆာဝေဒနာရှင် မလုံလောက်လို့လား။


မသေထိုက်ဘဲ ကင်ဆာကြောင့် ဆုံးပါးသွားရတဲ့ ရောဂါသည်တွေကို သနားလို့လား။


ဒါပေမယ့် ရှိုင်ရယ်အီးဂဲ(လ်)လို၊ ပါ့ကွေ့လို၊ မောင့်အဲလစ်ဇဘက်လို ဆေးရုံတွေမှာ အခန်းငှါးခကတင် တစ်ရက်ကို ဒေါ်လာငါးရာကျော်လောက် ရှိနေတာ၊ ပိုက်ဆံမရှိရင်တော့ …။


ဒါနဲ့ ခပ်နောက်နောက် ရှေးစကားပုံလေးကို သတိရပြီး “ဖျားနာခြင်းဖြင့် ဆရာဝန်များကို ကူညီပါ _”။ ။


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

ပြောရေးဆိုခွင့်


တစ်ညနေမှာ မတ်ရဲ့အဖေက မတ်ကိုကျောင်းလာကြိုတယ်။ကျောင်း
ကပွဲအတွက် မတ် အရွေးချယ်ခံရတယ်ဆိုတာသိတဲ့ သူ့ဖေဖေက
"သား ဘယ်အခန်းကနေ ပါဝင်ကပြခဲ့ရသလဲ"
"အိမ်ထောင်သက် အနှစ် နှစ်ဆယ်ရှိတဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့ရပါတယ်"
"ကောင်းပါလေကွယ်၊နောက်တစ်ခါဆိုရင် သားကို စကားပြောရတဲ့အခန်းမှာ ထည့်ပေးကြမှာပါ။"



ကမ်းလက်
 







Copyright © 2012 ကမ်းလက်. All rights reserved.

သွေး ၊ သစ္စာ

ကျုပ်အကြောင်းကိုပြောပြရမယ် ဟုတ်လား၊ သိပ်ပြီးစိတ်ဝင်စားစရာကောင်းလှမယ်တော့မဟုတ်ပါဘူး။

ဘယ်ကနေ စ ပြောရမလဲ။

မွတ်သိပ်လွန်းလှတဲ့ ညနေတစ်ခုက စ ရလိမ့်မယ်ထင်တယ်။ မဟုတ်ပါဘူး၊ဘယ်သူကမှ ကျုပ်ကိုထောင်ထဲ ထည့်လိုက်တာမဟုတ်ပါဘူး၊ ပြောရရင် ခင်ဗျားတို့ရယ်ကြလိမ့်မယ်။ အဲဒီ ထောင်ထဲကို ကျုပ်ကိုယ်တိုင်စိတ်လိုလက်ရဝင်ခဲ့တာပါ။ ကျုပ်ပြောခဲ့ပြီးပါပကော။ မွတ်သိပ်လွန်းလှတဲ့ညနေတစ်ခုပါဆို။

ဘာမှထွေထွေ ထူးထူးစဉ်းစားနေစရာမလိုပါဘူး၊ တစ်ခုခုတော့စားရမှာပဲ၊ အငတ်တော့ထားမှာမဟုတ်ဘူးဆိုပြီး ထောင်ထဲကိုကျုပ်ကိုယ်တိုင်စိတ်လိုလက်ရဝင်ခဲ့တာ။ မလုပ်ခဲ့ပါဘူး၊ လူအထင်ကြီးအာင် နိုင်ငံရေးလုပ်လို့ဘာလို့တွေမပြောပါရစေနဲ့။

အဲဒီ ထောင်ထဲမှာ ကျုပ်အရင်ရောက်နှင့်သူတစ်ရောက်ရှိနေတယ်၊ သူရှိနေတော့ စိတ်ပူစရာမရှိတော့ဘူး၊ သူကိုမှီခိုစားနေလိုက်ရင် ရတာပဲ။ ပြဿနာက ဒီမှာစ တာ၊ ကျုပ်လည်းမစားရတာကြာပြီဆိုတော့ ဆာဆာနဲ့စားလိုက်တာ တော်တော်လွန်သွားတယ်။ ကျုပ်ခန္ဓာကိုယ်က နှစ်ဆလောက်ဖြစ်သွားပြီး ပေါင်ချိန်တွေတက်လာလိုက်ချက်က...။ ဒါနဲ့ပဲ ဝင်တုန်းက လျောလျောလျူလျူ၊ပြန်ထွက်မယ်ဆိုတော့ ထွက်လို့မရတော့ဘူး။

ပျင်းပျင်းနဲ့ ခဏတဖြုတ်မှေးလိုက်တယ်။ ထောင်ထဲမှာဆိုပေမယ့် ရာသီဥတုအားလုံးက စိုစိုပြေပြေပါ။ အိပ်ရာထတော့ ဘာလုပ်ရမှန်းမသိတော့ဘူး။ အိပ်တာကြာတော့ ကျောကအပူသားလားဗျ။ အပြင်ထွက်လမ်းသလားလို့ကလည်းမရဘူးလေ။ ဒါနဲ့ ထောင်ထဲမှာပဲ တောင်ရောက်မြောက်ရောက် လမ်းသလားနေလိုက်မိတယ်။

ကိုယ့်ခြေသံကို ကိုယ်မကြားရပေမယ့် နည်းနည်းတော့ ဆူညံသွားပုံရတယ်၊ ကျုပ်မိတ်ဆွေက ကျုပ်ကို ခပ်တင်းတင်းကြည့်တယ်။ ကံကောင်းတယ်လို့ပြောရမယ်။ ဒီလူက သူတော်ကောင်းကြီးပဲဗျ။ သူမကျေနပ်လို့ တစ်ခုခု လုပ်မယ်ဆို ကျုပ်ကတော့အသေပဲ။ ပြောပြီးပါပကော ၊ဝ လာတော့လှုပ်ရှားရတာလေးလံလာတယ်လို့လေ။ အရင်လို မသွက်လက်တော့ဘူးဗျာ။

အဲဒီရက်တွေတုန်းက ကျုပ်တို့ တစ်မျိုးလုံးကို တွေ့ရာသင်္ချိုင်း ကြေညာထားကြတာ။ ပုန်းစရာမြေမရှိ၊ တကယ့်ကိုအကျပ်အတည်းကာလပါ။ ဒါကြောင့်ပြောတာ ဒီလူက သူတော်ကောင်းကြီးလို့။

ကျုပ်လည်း ဆပ်ပါနည်းနည်းထပ်စား၊ နည်းနည်းထပ်အိပ်ပေါ့။ ခက်တာက ညပိုင်းရောက်တော့ မိန်းမနဲ့ကလေးတွေကိုသတိရလာတယ်။ ခပ်ချွဲချွဲပြောရရင် လွမ်းတယ်ပေါ့ဗျာ။ ပြည်ထဲရေးနဲ့ဝမ်ရေးတို့ထက် လွမ်ရေးခက် ဆိုတာ အလကားဆိုထားတာမဟုတ်ဘူး နော်၊ တကယ်မှန်တယ်။ ဒါနဲ့ ထွက်ပေါက်လေးများတွေ့မလားဆိုပြီး မနားတမ်ရှာနေမိတော့တာပါပဲဗျာ။

ကျုပ်အတွက်တော့သင်္ခန်းစာအကြီးစားကြီးရခဲ့တာပါ။ ကျုပ်ထင်တာက စားစရာ အိပ်စရာ နေစရာရှိရင် ဘဝဟာပြည့်စုံပြီ၊ဒီလိုမဟုတ်ဘူးဗျ။ ဝေးမှ၊ မရှိမှ တန်ဖိုးကိုသိရတာက လွတ်လပ်မှုနဲ့ ချစ်ခြင်းမေတ္တာ ပါပဲ။ ကျုပ်လည်းထောင်ကထွက်နိုင်ဖို့အရေး အသည်းအသန် ကြိုးစားတော့တာပဲ။

ဒီတော့မှ အဲဒီလူက "ဟေ့ကောင်၊ဗိုက်ဝရင်လည်းအေးအေးဆေးဆေးနေကွာ၊ ကျန်တာတွေအကုန် ငါ သည်းခံနိုင်တယ်၊ မင်းအသံကိုတော့သည်းမခံနိုင်ဘူး" "စိတ်မရှိပါနဲ့ဗျာ၊ မိန်းမနဲ့ကလေးတွေကိုသတိရလို့ပါ၊ သူတို့ အေးအေးချမ်းချမ်း၊ ဘေးကင်းရန်ကင်းမှရှိကြရဲ့လား လို့ စိုးရိမ်လို့ပါ" "ဒါဆို မင်းအိမ်ပြန်ပေါ့" "ပြန်ဖို့ပဲဗျ၊ ပြန်မရလို့ အခက်တွေ့နေတာ" "ဝင်လာတဲ့အပေါက်ကပြန်ထွက်ပေါ့ကွ"

"ခင်ဗျားပြောတော့လွယ်လိုက်တာ၊ ကျုပ်ကိုလည်းကြည့်ပါအုံး" ဆိုတော့မှ သူက "အေး၊ ငါသဘောပေါက်ပြီ" ဆိုပြီး ထောင်တံခါးလေး ဟ ပေး တယ်။ ကျုပ်လည်း နောက်တောင်လှည့်မကြည့်တော့ဘဲ တချိုးတည်း လစ်ခဲ့တော့တာပဲ။

ဟုတ်တယ်လေဗျာ။ ဒါမျိုးကြုံရတဲ့သူတိုင်း အသက်နဲ့ပြန်ထွက်လာနိုင်တာတော်တော်ရှားပါတယ်။ ကျုပ်တွေ့ခဲ့ရတဲ့လူက တကယ့်သူတော်ကောင်းကြီးဖြစ်နေလို့သာပါ။

ပြောပြီးပါပကော၊ ခင်ဗျားတို့စိတ်ဝင်စားမှာ မဟုတ်ဘူးလို့လေ။အခု အိပ်ချင်နေကြပြီမဟုတ်လား။ တရားရှုမှတ်နေတဲ့ယောဂီတစ်ယောက်ရဲ့ ခြင်ထောင်ထဲ ဝင်မိတဲ့ ခြင်တစ်ကောင်ရဲ့ဘဝက ဘယ်လောက် ဆွဲဆောင်မှုရှိနိုင်မှာတဲ့ လဲ ဗျာ။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

မြန်မာယဉ်ကျေးမှုထဲမှ ပဋိစ္စသမုပ္ပါဒ်

သင်္ချာသဘောတရားအရ ဘုရားရှင်သည် ဓမ္မနှင့်ညီ၏။
       “ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဟု မိန့်၏။ ဓမ္မကိုမြင်သူသည် ငါဘုရားကို မြင်၏။
       “ ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ” ငါ့ကို မြင်သူလည်း ဓမ္မကိုမြင်၏။

       ထို့အတူ မဇ္ဈိမနိကာယ်၌ ဆက်လက်မိန့်သည်ကိုကြည့်လျှင် ဓမ္မသည် ပဋိစ္စသမုပ္ပါဒ်နှင့် အချိုးညီနေပြန်၏။
       “ ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ၊ သော ဓမ္မံ ပဿတိ၊
       ယော ဓမ္မံ ပဿတိ၊ သော ပဋိစ္စသမုပ္ပါဒံ ပဿတိ။”

       ပဋိစ္စသမုပ္ပါဒ်ကို သိမြင်သူသည် ဓမ္မကိုသိမြင်၏။
       ဓမ္မကိုသိမြင်သူလည်း ပဋိစ္စသမုပ္ပါဒ်ကို နားလည်တော့၏။
       ဤဒေသနာနှစ်ခုကိုဆက်စပ်သော် ဘုရားရှင်နှင့် ပဋိစ္စသမုပ္ပါဒ်သည်ပင် ထပ်တူကျနေပြန်တော့၏။

       ဗုဒ္ဓ= ဓမ္မ
       ဓမ္မ= ပဋိစ္စသမုပ္ပါဒ
       ပဋိစ္စသမုပ္ပါဒ= ဗုဒ္ဓ ဟု ဖော်မြူလာချလို့ရ၏။

       ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်သည် ဗုဒ္ဓအဆုံးအမ၏ အခြေခံအကျဆုံး တရားတော်ဟု ပညာရှင်တို့ဆိုကြ၏။ Paticcasamuppada is the fundamental teaching of the Buddhism ဟုလည်းကောင်း ဗုဒ္ဓဘာသာအဆုံးအမများအားလုံးထဲ၌ ပဋိစ္စသမုပ္ပါဒ်သဘောတရားများ စီးဝင်နေသည်။ “Relativity theory occupies the Buddhist teachings” ဟုလည်းကောင်း ဆိုစမှတ်ပြုကြလေကုန်၏။

       ဒေသနာအတွင်း စီးမျောနေသော ပဋိစ္စသမုပ္ပါဒ်သဘောကိုမပြောမီ ပဋိစ္စသမုပ္ပါဒ်သဘောများ စီးဝင်နေသော မြန်မာ့ယဉ်ကျေးမှုစာပေမှ သာဓကတစ်ချို့ကို ပြန်ကြည့်မိသည်။ ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် “က” ကြောင့် “ခ” ဖြစ်သည်။ “ခ” ကြောင့် “ဂ” ဖြစ်သည်။

       “က” မဖြစ်သော် “ခ” မဖြစ်၊ “ခ” မရှိသော် “ဂ” မဖြစ် စသောဆက်နွယ်မှု Relativity သဘောတရားပင်ဖြစ်၏။

       ဤသဘောတရားသည် မြန်မာ့စာပေထဲ၌ နက်နက်နဲနဲဝင်နေသည်ကား ထင်ရှား၏။ ကြည့်ပါလေ။

       “ ပေါက်ပင် ပေါက်ပင် ရွှေပေါက်ပင်၊
       ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊
       ဗျိုင်းနားလို့ ကိုင်းရတယ်။
       ဗျိုင်းဘာကြောင့် နားရတယ်၊
       ငါးပေါ်လို့ နားရတယ်။

       ငါးဘာကြောင့် ပေါ်ရတယ်၊
       ကျွဲလူးလို့ ပေါ်ရတယ်။
       ကျွဲဘာကြောင့် လူးရတယ်၊
       ဖြုတ်ကိုက်လို့ လူးရတယ်။

       ဖြုတ်ဘာကြောင့် ကိုက်ရတယ်၊
       မိုးရွာလို့ ကိုက်ရတယ်။
       မိုးဘာကြောင့် ရွာရတယ်၊
       ဖားအော်လို့ ရွာရတယ်။

       ဖားဘာကြောင့် အော်ရတယ်၊
       မြွေကိုက်လို့ အော်ရတယ်။
       မြွေဘာကြောင့် ကိုက်ရတယ်၊
       ငါ့ဝမ်းပူစာ မနေသာလို့ ကိုက်ရတယ်။” ဟု ဖြစ်သည်။

       ကလေးများကို လောကကြီးထဲ၌ဖြစ်ပျက်နေသော သဘာဝတရားများ၏ ကျိုးကြောင်းဆင့်ကဲ ဖြစ်နေဟန်ကို လှလှပပပြသထားသော စာဖြစ်သည်ဟုထင်ပါသည်။ သေချာပါသည်။ ဤစာထဲ၌ ပဋိစ္စသမုပ္ပါဒ်သီအိုရီများ စီးဝင်နေလျှက်ရှိသည်။

       မြွေကိုက်ခြင်းကြောင့် ဖားအော်-
       ဖားအော်ခြင်းကြောင့် မိုးရွာ၊
       မိုးရွာခြင်းကြောင့် ဖြုတ်ကိုက်၊
       ဖြုတ်ကိုက်ခြင်းကြောင့် ကျွဲလူး၊
       ကျွဲလူးခြင်းကြောင့် ငါးပေါ်၊
       ငါးပေါ်ခြင်းကြောင့် ဗျိုင်းနား၊
       ဗျိုင်းနားခြင်းကြောင့် ကောက်ပင်ကိုင်းညွှတ်- ဟု ဖြစ်သည်။

       ထို့အပြင်…..
       “ အဖေက အမေ့ကို ဆူတယ်၊
       အမေက အမခေါင်းကို ခေါက်တယ်၊
       အမက ကျွန်တော့်ပေါင်ကို ဆွဲဆိတ်တယ်၊
       ကျွန်တော်က အောင်နက်(ခွေးကြီး) ကို ခြေထောက်နဲ့ ကန်တယ်၊
       အောင်နက်က အဖေ့ဖိနပ်ကို သေးနဲ့ပန်းတယ်”

       ကလေးတစ်ယောက်ရဲ့ ပြုံးချင်စဖွယ် ညည်းချင်းကိုလည်း ဖတ်ရဖူးပါသည်။ ဤစာလေးထဲမှာလည်း မိသားစုပြဿနာရဲ့ ကျိုးကြောင်းဆက်ကို ပဋိစ္စသမုပ္ပါဒ်ဆန်ဆန် တွေးပြသွားတာကို တွေ့ရပြန်သည်။

       လောကနီတိဆုံးမစာကလည်း ဤသဘောကို ဆိုရှယ်နှင့် ဘဝပန်းတိုင်ကိုပြဆိုရာ၌ ဆိုထားပြန်သည်။

       အလဿဿ ကုတော သပ္ပံ- ပျင်းရိသူ ဘယ်မှာ အတတ်ပညာရှိအံ့နည်း၊
       အသိပ္ပဿ ကုတော ဓနံ- အတတ်ပညာမရှိသူ ဘယ်မှာ စည်းစိမ်ဥစ္စာရှိအံ့နည်း၊
       အဓနဿ ကုတော မိတ္တံ- စည်းစိမ်ဥစ္စာမရှိသူ အဘယ်မှာ မိတ်ဆွေကောင်းရှိအံ့နည်း၊ 
       အမိတ္တဿ ကုတော သုခံ- မိတ်ဆွေကောင်းမရှိသူ၌ အဘယ်မှာ ပျော်ရွှင်ဝမ်းမြောက်မှုရှိအံ့နည်း။
       အသုခဿ ကုတော ပုညံ- ပျော်ရွှင်ဝမ်းမြောက်မှုကင်းသူ အဘယ်မှာ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်အံ့နည်း၊
       အပုညဿ ကုတော ဝရံ- ကောင်းမှုမရှိသူသည် အဘယ်မှာ နိဗ္ဗာန်သုခရနိုင်အံ့နည်း-

       ဟု ဆုံးမစကားဆိုပြန်သည်။ (တစ်ခုရှိသည်မှာ လောကနီတိ၌ ဘုရားဟောများပါဝင်သလို လူပညာရှင်၊ ရဟန်းပညာရှင်တို့ အဆိုအမိန့်များလည်း ပါနေရကား မှန်ခြင်း၊ မှားခြင်းသဘောရှိနိုင်ပေသည်)။ မည်သို့ဆိုစေ ဤဆုံးမစကား၌လည်း ပဋိစ္စသမုပ္ပါဒ်လောင်းရိပ် အများကြီး ပါဝင်နေပေသည်။

       ပညာရှင်တို့နယ်ပယ်သာမက လူရွှင်တော်များ၏ပါးစပ်၌ပင် ဤကျိုးကြောင်းဆက်စပ်မှု သီအိုရီက ရောက်ရှိနေပြန်သည်။

       သရက်သီးတစ်လုံးကို မြင်တယ်၊
       မြင်တဲ့မျက်စေ့က မခူးပဲ မမြင်တဲ့လက်က ခူးတယ်၊
       ခူးတဲ့လက်က မစားပဲ မခူးတဲ့ ပါးစပ်ကစားတယ်၊
       စားတဲ့ပါးစပ်က မဝပဲ မစားတဲ့ ဗိုက်က ဝတယ်၊

       ဝတဲ့ ပါးစပ်က…..
       မ…….တဲ့ မျက်စိက မြင်တယ်၊
       မြင်တဲ့မျက်စိက မနံပဲ မမြင်တဲ့ နားခေါင်းက နံတယ်၊
       နံတဲ့နာခေါင်းက မပိတ်ပဲ မနံတဲ့ လက်က ပိတ်တယ်။

       စသဖြင့် အဆုံးမရှိလည်ပတ်နေသည့် သဘောတရားများကို ထပ်တလဲလဲဆင်ကာ လူရွှင်တော်များ ပြက်လုံးထုတ်ကြသည်ကိုလည်း ကြားခဲ့ရဖူးသည်။

       ပဋိစ္စသမုပ္ပါဒ်စကားလုံးကိုသုံးကာ ဆရာသမားများ မိန့်ဆိုထားသည်ကိုလည်း ကြားခဲ့ရဖူးသည်။ ဆရာတော်ဘုရားက လူဒကာ၊ ဒကာမတို့ကို ( ဘ၊ က များ ခေတ်စားစဉ်အခါက) ဤသို့ မိန့်တတ်ကြသည်။

       “ မင်းတို့ ကလေးထိန်းရတယ်ဆိုတာက ကလေးတွေကြီးသွားရင် လွတ်သွားပါပြီ။ ငါတို့ဘုန်းကြီးတွေ ကလေးထိန်းနေရတာကမှ ပဋိစ္စသမုပ္ပါဒ်လို အဆုံးကိုမရှိတော့ဘူး” ဟု ဖြစ်သည်။

       ဆိုလိုသည်မှာ မိဘများက ကလေးများကြီးသွားလျှင် လွတ်သွားပြီဖြစ်သည်။ ဘုန်းတော်ကြီးများမှာမူ ငနီကြီးတော့ ငညိုလာ၊ ငညိုကြီးတော့ အောင်ဘုတက်၊ ဘုန်းတော်ကြီးများ စောင့်ရှောက်နေရသော ကလေးများက လူလားဘယ်တော့မှ မမြောက်တော့ဟုပင်ဖြစ်လေသည်။

       မြန်မာစာ၊ မြန်မာ့ယဉ်ကျေးမှုသည် ပါဠိစာပေ၊ ဗုဒ္ဓဘာသာ အဆုံးအမနှင့် တရင်းတနှီးရှိနေရကား ပါဠိနှင့် ဗုဒ္ဓဘာသာသဘောတရားများလည်း စကားနှင့် ယဉ်ကျေးမှုထဲ၌ များစွာစိမ့်ဝင်လျှက်ရှိနေသည်။ ဤသည်တို့ကား လက်လှမ်းမှီသ၍ စီးဝင်နေသော ပဋိစ္စသမုပ္ပါဒ်သဘောတရားအချို့ပင်ဖြစ်လေသည်။

       ( ဗုဒ္ဓဘာသာထဲမှ ပဋိစ္စသမုပ္ပါဒ်သဘောကို ဆက်ရေးပါမည်။)

သီဟနာဒ
( ၁၉-၃-၂၀၁၂)







Copyright © 2012 ကမ်းလက်. All rights reserved.

တိုင်တန်းနစ် နှစ်တစ်ရာ (Apr 15, 2012)

ကျနော်တို့ဘလော့ဂ်အပေါ်မှာ အခုတလော တိုင်တန်းနစ်စာမျက်နှာတွေ ဘူလီကျတာခံနေရပါတယ်။ ဒါပေမယ့် မတတ်နိုင်တောဘူး။ ဆက်လွှတ်လိုက်ရပါတော့တယ်။ ပြောရင်ယုံဖို့ခက်တယ်၊ ဒီဇာတ်ကားကို ဆုံးအောင်မကြည့်ဖူးဘူး။ လီယိုနာဒိုနဲ့(အထူးသဖြင့်) ကိတ်ဝင်းစလက်တို့က ကျနော့်အပေါ် ဒီလောက် မစည်းရုံးနိုင်ခဲ့ပါဘူး။ နှလုံးသားတစ်ခြမ်းကို အလံဖြူတစ်လက်နဲ့ သိမ်းပိုက်သွားတာက ဆူဇီ နဲ့ ဂျိမ်းစ် ကင်မရွန်းတို့ပါ။ သူတို့ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ၂၀၀၇ ကတည်းက ကျယ်ကျယ်လောင်လောင်အာပေးခဲ့ကြသူတွေပါ၊ ဒေါ်စု နဲ့ပတ်သက်ရင်တော့ အထူးသဖြင့် ဆူဇီကင်မရွန်းပေါ့။အဲဒီကနောက် ကင်မရွန်းတို့နောက်ခြေရာခံရင်း ရွာအနောက်ခြမ်းက သူဋ္ဌေးတွေနဲ့ အဒိဋ္ဌသဟာယက(unseen friends)ြ ဖစ်ခဲ့ရတာပါ။ ဂျိမ်းစ် နဲ့ဆက်နွှယ်ပြီး ယူတူးက ဆရာကြီး ဘိုနို ကိုတောင် ဒေါ်စု ရဲ့ပရိသတ်တစ်ယောက်အနေနဲ့ တွေ့ခဲ့ရပါသေးတယ်။ ကြုံမှ ဘိုနိုအကြောင်းလည်းရေးရပါဦးမယ်။ အခုတော့ (သင်္ကြရက်တွင်းပေမယ့် ) တိုင်တန်းနစ်ရာပြည့်ဖြစ်နေလို့ မျက်စေ့စုံမှိတ်၊ တစ်၊နှစ်၊သုံး အော်ရွတ်ပြီး လွှတ်လိုက်မိပါတယ်။
(ဇင်ဝေသော်)


တိုင်တန်းနစ်ကို “Unsinkable” လို့ ကြေငြာခဲ့ပေမယ့် တကယ်ကြုံတွေ့ခဲ့ရတာကတော့ ဒီလို မဟုတ်ခဲ့ဘူး။

By the numbers

  • 10 စက္ကန့်   -      ရေခဲတောင်နဲ့ သင်္ဘောရဲ့ကြား အကွာအဝေးဟာ (၁၀) စက္ကန့်မျှသာဖြစ်။
  • 2208        -     သင်္ဘောသား၊ ခရီးသွား စုစုပေါင်း တိုင်တန်းနစ်ပေါ်မှာ (၂၂၀၈) ယောက်ရှိ။
  • 1496        -     စုစုပေါင်း (၁၄၉၆) ယောက် သေဆုံး။
  • 20           -     အသက်ကယ်လှေပေါင်း (၂၀) ပါရှိ။
  • 1178       -     တကယ်တမ်းဆိုရင် လူပေါင်း (၁၁၇၈) ယောက် တင်ဆောင်နိုင်။
  • 676         -     အများဆုံး တစ်စုတစ်ဝေးတည်း သေဆုံးမှုသည် သင်္ဘောဝန်ထမ်းများ ဖြစ်ကြသည်။ စုစုပေါင်း (၆၇၆) ယောက်ရှိ။
  •  

What went wrong (ဘာတွေ မှားခဲ့သလဲ)

         သမိုင်းသုတေသီများ အဆိုအရ အားလုံးအတွက် တာဝန်ရှိသူမှာ “The Millionaires’ captain” လို့ခေါ်တဲ့ ကပ္ပတိန် Edward Gohn Smith ပါပဲ။ သူဟာ အတွေ့အကြုံများစွာရှိတဲ့ ကပ္ပတိန်ပါ။ ရေခဲတောင်နဲ့ ပတ်သက်တဲ့ သတင်းကြောင့် တောင်ဖက်ယွန်းယွန်း ရေကြောင်းကို ယူခဲ့ပေမယ့် သင်္ဘောရဲ့ အမြန်နှုန်းကို မလျော့ချခဲ့သလို အထူးစောင့်ကြပ် ကြည့်ရှု့မှုတွေ မပြုလုပ်ခဲ့ပါဘူး။

         ဝိုင်ယာလက် အော်ပရေတာက ရေခဲ့တောင်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထပ်ရခဲ့ပေမယ့် ပဲ့ထိမ်းတို့ထံ ပို့မပေးခဲ့ပါဘူး။ ပင်လယ်ရေ စောင့်ကြည့်သူ နှစ်ယောက်မှာလည်း အဝေးကြည့်မှန်ပြောင်း မရှိခဲ့ပါဘူး။ ပြီးတော့ အနီးမှာရှိတဲ့ Califonion ဆိုတဲ့ သင်္ဘောကို အကူအညီတောင်းဖို့ ဆစ်ဂနယ် မပေးဖြစ်ခဲ့ကြပါဘူး။

Doing something pointless?

         ဒီအဖြစ်အပျက်ကို အခြေခံပြီး “Rearranging the deck chairs on the Titanic” ဆိုတဲ့ အင်္ဂလိပ်စကားကို ၁၉၇၀ - ခုနှစ်တွေက စတင် သုံးစွဲခဲ့ကြပါတယ်။ အမေရိကန် ဗြူရိုကရက်ရဲ့ အချိန်ဖြုန်းခြင်းကို ညွှန်းဆိုခဲ့ကြတာပါ။ (အဓိပ္ပါယ်မရှိတဲ့ အလုပ်လုပ်နေရင် ဒီစကားကို ဒီနေ့ သုံးလို့ ရနေပါပြီ။)

The Timeline

  • Mar 31, 1909     ။    Beffast နဲ့ Ireland မှာရှိတဲ့ Mauretania နဲ့ Lusitania ကို ယှည်ပြိုင်ဖို့ White Star Line ကို တည်ဆောက်ခဲ့။

  • Apr 10, 1912     ။   အဲ့ဒီခေတ်က အများဆုံး ခရီးသွားတွေကို သယ်ဆောင်လာတဲ့ တိုင်တန်းနစ်ဟာ အင်္ဂလန်နိုင်ငံ၊ ဆော်သင်(ပ်)တန် မြို့ကနေ နယူးယောက်ကို စတင်ထွက်ခွါခဲ့ပါတယ်။ ပြင်သစ်နဲ့ အိုင်ယာလန်ဆိပ်ကမ်းတွေမှာ ရပ်နားခဲ့။

  • Apr 14, 1912     ။   ည (၁၁)နာရီ မိနစ် (၄၀) အချိန်မှာ ရေကြောင်းကြည့် သင်္ဘောသားက ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ထဲမှာ တစ်ခုခု ထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ အဲ့ဒီနေရာက ကနေဒါပိုင် Newfoundland နဲ့ ကီလိုမီတာ (၆၄၀) ခန့် ဝေးပါတယ်။ ဒါနဲ့ သူက အချက်ပေး ခေါင်းလောင်းကို တီးခဲ့တယ်။ တစ်မိနစ်တောင် မကြာဘဲ တိုင်တန်းနစ်ဟာ ရေခဲတောင်ကို ဝင်တိုက်ပါတော့တယ်။

  • Apr 15, 1912     ။   မနက် (သန်းခေါင်ကျော်) (၁၂) နာရီ (၄၅) မိနစ်မှာ ပထမဆုံး အသက်ကယ်လှေကို ချကြပါတယ်။ (၂) နာရီ မိနစ် (၂၀) မှာ သင်္ဘောကြီး နှစ်ပိုင်းကွဲထွက်သွားပြီး နစ်မြုတ်ပါတော့တယ်။ အချက်ပေးမီးတွေကြောင့် မနက် (၄) နာရီမှာ RMS Carpaththia ရောက်လာပြီး အသက်ရှင် ကျန်ရစ်သူတွေကို ဆက်လက် ကယ်တင်ခဲ့တယ်။

  • Apr 17, 1912     ။   The White Star Line က ဘာသာရေးဆိုင်ဝန်ကြီး၊ အသုဘကိစ္စ ဆောင်ရွက်သူတွေ (သုဘရာဇာတွေ) ရေခဲ၊ အခေါင်း၊ ကင်းဘတ်အိပ်တွေကို သယ်ပြီး စတင်ခရီးထွက်ခဲ့ကြတယ်။ အေးခဲနေတဲ့ မြောက်အတ္တလန်တိက် သမုဒ္ဒရာထဲက လူသေအလောင်း (၃၃၇) လောင်း တွေ့ရှိခဲ့ကြတယ်။

  • 1985     ။   အမေရိကန်၊ ပြင်သစ် စူးစမ်းလေ့လာရေးသမားတွေက လေးကီလိုမီတာလောက်မှာ နစ်မြုတ်နေတဲ့ သင်္ဘောရဲ့ အကြွင်းအကျန်တစ်ချို့ကို တွေ့ရှိခဲ့ကြတယ်။

  • 2009     ။   သင်္ဘောပေါ်မှာ အသက်ရှင် ကျန်ရစ်သူတွေထဲက Millvina Dean ဟာ နောက်ဆုံးအနေနဲ့ အသက် (၉၇) နှစ်မှာ သေဆုံးခဲ့ပါတယ်။ ဒီနောက် တိုင်တန်းနစ်ပေါ်က ကိုယ်တွေ့ကြုံဖူးသူရယ်လို့ ကမ္ဘာမှာ မရှိတော့ပါဘူး။

Question of chivalry (ဦးစားပေးခြင်းရဲ့ အငြင်းပွားစရာ)

         တိုင်တန်းနစ် အသက်ကယ်လှေအဖွဲ့က “Women and children first” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ထားကြတယ်။ သင်္ဘောကုန်းပက်ပေါ်က အဖွဲ့က အသက်ကယ်လှေပေါ် အမျိုးသမီးတွေနဲ့ ကလေးတွေကိုပဲ တက်စေခဲ့ပေမယ့် သင်္ဘောဘေးက အသက်ကယ်လှေအဖွဲ့ကတော့ အမျိုးသားတွေကိုပါ အသက်ကယ်လှေပေါ် တက်ခွင့်ပြုခဲ့တယ်။ ဒါ့ကြောင့် တိုင်တန်းနစ်ပေါ်က အသက်ရှင် ကျန်ရစ်တဲ့ အမျိုးသားတွေကို “လူကြောက်” တွေလို့ စွပ်စွဲခဲ့ကြပါတယ်။

The Blockbuster

         စာရေးဆရာ၊ ဒါရိုက်တာ James Cameron က ၁၉၉၇ - ခုမှာ တိုင်တန်းနစ် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့တယ်။ ဒေါ်လာ မီလျံ (၂၀၀) ခန့် ကုန်ကျခဲ့ပါတယ်။ ဘီရိုတွေ၊ အသက်ကယ်လှေတွေကစလို့ အနီးစပ်ဆုံး မူရင်းနဲ့တူနေဖို့ အတက်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ခရီးသွားအနေနဲ့ ပါဝင်ရမယ့် သူတွေကိုတောင် ၁၉၁၂ - ကလူတွေရဲ့ စရိုက်နဲ့တူအောင် သင်တန်းတွေ ပေးခဲ့တယ်။ ဒီဇာတ်ကားဟာ အော်စကာဆု (၁၅)ဆုလုံး သိမ်းကြုံးယူသွားလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် (၁၁)ဆုပဲ ရခဲ့ပါတယ်။


         ၁၉၉၈ - ခုနှစ်မှာ The Passenger Vessel Association က တိုင်တန်းနစ် သတိပေးသံ (Titanic Alert) ကို ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းကတော့ ရေကြောင်းခရီးသည်တွေက ရုပ်ရှင်ထဲက သရုပ်ဆောင်တွေကို အတုခိုးရင်း အန္တရာယ်ရှိတဲ့ သင်္ဘောရဲ့ အပိုင်းတွေပေါ်မှာ လိုက်ပြီး လုပ်တတ်ကြလို့ပါ။ အထူးသဖြင့် လီယိုနာဒိုရဲ့ “I’m the king of the world” ဆိုတဲ့ ပြကွက်မျိုးပါ။

         ဒီလမှာပဲ တိုင်တန်းနစ်ဇာတ်ကားဟာ 3D အနေနဲ့ ထွက်လာခဲ့ပါတယ်။

When the ship went down (Business as usual)

         သင်္ဘောကြီး နစ်မြုပ်နေစဉ်အထိပဲ သင်္ဘောပေါ်က တီးဝိုင်းဟာ အတီးမပျက် ဆက်လက် ဧည့်ခံနေခဲ့ကြတယ်။ ဒီ တိုင်တန်းနစ်တီးဝိုင်းအဖွဲ့ကို ဂုဏ်ပြုတဲ့ “business as usual” ဆိုတဲ့စကားဟာ ပေါ်ပြူလာ ဖြစ်လာခဲ့တယ်။

         တီးဝိုင်းထဲက တစ်ယောက်မှ အသက်ရှင် မကျန်ရစ်ခဲ့ပါဘူး။

When life is on the line (လူပါး အသက်ရှင်)

         ဒီလို အန္တရာယ်နဲ့ ကြုံရတဲ့အခါ သင်္ဘောပေါ်မှာ ကသောင်းကနင်း ဖြစ်နေမှာပဲလို့ ထင်စရာ ရှိပေမယ့် အသက်ရှင် ကျန်ရစ်သူတွေ ပြောစကားအရကတော့ အားလုံး သေသေဝပ်ဝပ်ပါပဲတဲ့။ ခရီးသွား တော်တော်များများဟာ သင်္ဘောကို ယုံကြည်ပြီး သင်္ဘောပေါ်ကနေ မစွန့်ခွါလိုကြပါဘူးတဲ့။ အမျိုးသား အနည်းငယ်ကသာ အကောင်းဆုံး ဝတ်စုံတွေကို ဝတ်ဆင်ပြီး gentle man ပုံစံနဲ့ အသက်ကယ်လှေပေါ် ခပ်တည်တည် တက်ကြပါသတဲ့။

         လက်တလော သုတေသနက ပြောပြတာကတော့ အမေရိကန်တွေထက် ဗြိတိသျှလူမျိုးတွေက ပိုပြီး အသေအပြောက် များခဲ့ပါသတဲ့။ အကြောင်းကတော့ ဗြိတိသျှတွေက လူကြီးလူကောင်းဆန်ဆန် တန်းစီနေကြတာဖြစ်ပြီး အမေရိကန်တွေကတော့ လူကြီးလူကောင်းဆန်တာ၊ မဆန်တာ အပထား၊ အသက်ကယ်လှေပေါ် ရောက်ဖို့ အဓိကထားပြီး တိုးတိုးဝှေ့ဝှေ့ သွားကြလို့ပါတဲ့။

ဆက်ရပ်သတင်း

         တိုတန်းနစ်ပေါ်မှာ မြန်မာလူမျိုး အသေအပြောက်တော့ မရှိခဲ့ပါဘူး။ အကြောင်းကတော့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲနဲ့ တိုက်ဆိုင်နေလို့ ဘယ်မြန်မာလူမျိုးကမှ ဒေါ်လာ (၄၃၅၀) ပေးရတဲ့ ပထမတန်းလက်မှတ်ကို ဝယ်ဖို့ စိတ်မဝင်စားကြလို့ပါ။

         ဒါ့ကြောင့်ပါ။ နောက်ဆုံး ဆက်ရပ်သတင်းကလွဲရင် ရီးဒါးဒိုင်ဂျက်ထဲက Leesa Hamilton ရဲ့ ဆောင်းပါးကို သင့်သလို ဘာသာပြန်ထားတာပါ။

ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.