ဆရာဝန်တွေကို စော်ကားသလို ဖြစ်နေတဲ့ aphorism ဖြစ်နေတဲ့အတွက်တော့ စိတ်မကောင်းစရာပါ။ ဒါပေမယ့် ဒါတွေက တကယ် ဖြစ်နေသလား မသိဘူး။ ကိုယ့်မိသားစုထဲမှာ ဆရာဝန်ရှိနေရင်တော့ တစ်မျိုးပေါ့။ နို့မို့တော့ ဆရာဝန်တို့၊ ရှေ့နေတို့၊ ရဲတို့ဆိုတာတွေကလည်း လူထုထဲမှာ မဖြစ်လို့သာ တွေ့နေကြရတာ မဟုတ်လား။
အခုတလော တွေ့ကြုံနေရတဲ့ သတင်းတွေအရတော့ ဆရာဝန်တွေကို အားနာစရာပါ။
စီးပွားရေးသမားတွေ ဈေးကွက်ချဲ့တာကတော့ သိပ်မဆန်းတော့ပါဘူး။ အိုင်တီရှိုးတို့၊ စင်္ကာပူအိတ်(စ်)ပိုတို့၊ ဈေးပွဲတော်တို့ဆိုရင် ကိုယ့်ပစ္စည်းကို လူသိဖို့ ကြေငြာရတဲ့ ပွဲတွေ မဟုတ်လား။ ဒီအတွက် ကုန်ပစ္စည်းပိုင်ရှင်မှာရော၊ စားသုံးသူမှာပါ အကျိုးတစ်စုံတစ်ရာ ရှိတယ်ဆိုတာ ငြင်းလို့ မရပါဘူး။
စီးပွားရေးဈေးကွက်ဆင်းသလို ပညာရေးဈေးကွက်ဆင်းတာလည်း မကြာမကြာ တွေ့ရတယ်။ အမေရိကန်၊ ဥရောပနဲ့ ဩစလေးလျ တက္ကသိုလ်ပါမောက္ခကြီးတွေ ကမ္ဘာကို ဆင်းပြီး ကျောင်းသား ရှာကြတယ်။ ဖွဲ့ဖြိုးတဲ့နိုင်ငံတွေမှာ တက္ကသိုလ်ကွန်ပတ်(စ်)တွေ ဖွင့်ကြ၊ ကောလိပ်တွေ ဖွင့်ကြ၊ အင်စတီကျူ(တ်)တွေ ဖွင့်ကြ လုပ်ကြတယ်။ ဈေးကွက်ကတော့ ဈေးကွက်ပါပဲ။ ဒါပေမယ့် ပညာရေးဈေးကွက် ဆိုတော့ ကျယ်ပြန့်လေ ကောင်းလေမို့ ကျောင်းသား (ပြည်သူ) တွေရော တက္ကသိုလ်တွေပါ ကျေးဇူးတွေ ရကြပါတယ်။
ကာစတန်မာ၊ အလုပ်သမား ရီခရု (Recruit) လုပ်တာ၊ ကျောင်းသားရီခရုလုပ်တာတွေက မဆန်းလှပေမယ့် လူနာရီခရု လုပ်တာကတော့ ခပ်ဆန်းဆန်းပါပဲ။ ဆန်းလို့လည်း မီဒီယာသမားတွေက ရေးကြတာ နေမှာပေါ့လေ။
ဒါနဲ့ အခုတလော ကြားသိနေရတဲ့ သတင်းစကားလေးတွေကို စဉ်းစားရင်း “ဘကြီးက ဆေးသက်ရင့်တယ်” ဆိုတဲ့ စကားလေးကို သတိရမိတယ်။ ဘကြီးဆိုသူက ဆရာဝန်မဟုတ်ပေမယ့် ဗိန္ဓောဆေးအကြောင်း၊ ဓာတ်ကြီးလေးပါးအကြောင်း တော်တော် သိပုံရပါတယ်။ ဒါနဲ့ ဆေးခန်းကို သွားပြီး ဆရာဝန်မလေးနဲ့ တွေ့တယ်။ တွေ့တယ်ဆိုရင် ဘကြီးဖြစ်နေတာက ဘယ်လို၊ ဒါ့ကြောင့် ဘာဆေးထိုးရမယ်ဆိုတာ ဆရာဝန်မလေးက မပြောခင် သူကပဲ စွတ်ပြောနေတယ်။
ဒါနဲ့ ဆရာဝန်မလေးက _
“ဘကြီး… ဘကြီးက ဆရာဝန်လား၊ ကျမက ဆရာဝန်လား” ဆိုတော့ “ဘကြီးက ဆေးသက် ပိုရင့်တယ်” လို့ ဖြေခဲ့တယ်တဲ့။
ဒီကြားထဲ ဝမ်းသာစရာ (အထူးသဖြင့် နောက်ပြောင် ရှေ့ပြောင်သမားတွေ အတွက်ပေါ့) သတင်းတစ်ပုဒ်က ဂျပန်က ဆရာဝန်တွေ ဒီကိစ္စကို ဖြေရှင်းနိုင်တော့မယ်တဲ့။
သူတို့က အမွှေးအမြှင်မရှိတဲ့ ကြွတ်ကိုယ်ပေါ်မှာ လူဆံပင် ပေါက်စေနိုင်တဲ့ ဟိုမုန်းဓာတ်နဲ့ စမ်းသပ်ခဲ့တာပါ။ ဟုတ်တယ်၊ ကြွက်လေးပေါ်မှာ လူဆံပင်တွေ ပေါက်နေတဲ့ ပုံကလေး တွေ့ရတယ်။ ဒီနည်းပညာကို အခြေခံပြီး ခေါင်းပြောင်နေတဲ့ လူတွေကို ကူညီဖို့ သူတို့ ဆက်လက် ကြိုးစားကြလိမ့်မယ်။ ငွေကြေးကုန်ကျမှုလည်း သိပ်များမယ့် သဘောမရှိပါဘူး။
ဒါပေမယ့် ခက်တာက ဒီကိစ္စ လူထုဆီကို ရောက်လာမှာက နောက်ငါးနှစ် ခွန်နှစ်နှစ်ကာလလောက် ကြာမှာလို့ သိရပါတယ်။ ခေါင်းပြောင်တာက သေနိုင်တဲ့ရောဂါဆိုး မဟုတ်ပေမယ့် ဖြစ်နိုင်ရင်တော့ လူတိုင်း ဆံပင်ထူထူထဲထဲလေး ဖြစ်နေချင်တာပေါ့။ ဒါ့ကြောင့် ပြောင်ပြီးသားလူတွေအတွက် ငါးနှစ် အနည်းဆုံးတော့ စောင့်ကြရဦးမယ့် သဘောပါပဲ။ ဒီနောက်တော့ နောက်ပြောင်၊ ရှေ့ပြောင်စရာ မလိုတော့ပါဘူး။ တကယ် ဖြစ်၊ မဖြစ်တော့ စောင့်ကြည့်ရမှာပေါ့။
ဒီသတင်းက ဆရာတော်၊ သံဃာတော်တွေနဲ့တော့ သိပ်မဆိုင်လှဘူး။ သူတို့ကတော့ ခေါင်းပြောင်လေလေ ခေါင်းရိတ်ရ သက်သာလေလေ၊ ဘရိတ်ဓားအကုန် သက်သာလေလေ မဟုတ်လား။ ဒါ့ကြောင့် ဆံပင်ညှပ်ဆိုင်တွေက ဖောက်သည် နည်းလေလေ ဘုန်းကြီးများများ ဝတ်မှာ ကြောက်လေလေလို့ ရီစရာပြောတာ ကြားဖူးပါတယ်။
ထားပါတော့၊ အခုဖြစ်နေတာက လူနာရီခရုလုပ်တဲ့ ကိစ္စပါ။
မြန်မာပြည်က လူလတ်တန်းစား သူဋ္ဌေးတွေကတော့ ဘန်ကောက်ကို သွားပြီး ဆေးကုရတာကိုပဲ ဖက်ရှင်တစ်ခုလို ဖြစ်နေတယ်လို့ ကြားရဖူးတယ်။ ဘန်ကောက်သွား ဆေးကုလာတာဆိုတဲ့ သတင်းကိုလည်း မမေးဘဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်ကြသတဲ့။ ဒါကို သိထားတဲ့ လူတွေကလည်း ဘန်ကောက်က ပြန်လာတဲ့ လူတွေ ဒီစကား စလို့ မရအောင် တစ်ခြားစကားတွေ စွတ်ပြောတတ်ကြသတဲ့။ ဒါပေမယ့် မလွတ်ဘူးလို့ ဆိုပါတယ်။ ဘဏ်တွေအကြောင်း ပြောရင်းနဲ့ “ဘဏ်ဆိုလို့ ပြောရဦးမယ်။ တို့တောင် ဘန်ကောက်က ဆေးကု ပြန်လာတာ မကြာသေးဘူး” စသဖြင့် မရ၊ ရအောင် စကားစပ် ပြောတတ်ကြသတဲ့။ ထားပါတော့။
စင်္ကာပူက နာမည်ကြီး ပုဂ္ဂလိကဆေးရုံတွေက နာမည်ကြီးကင်ဆာ အထူးကုဆရာဝန်တွေ အင်ဒိုနီးရှား သွားပြီး လူနာရှာကြသတဲ့။ ဒါနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားဆရာဝန်များအဖွဲ့ချုပ်က တော်တော် မကြေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ ကျန်းမာရေး ဟောပြောပွဲဆိုရင် ကြားလို့ ကောင်းပေမယ့် “To recruit wealthy patiences” ဆိုတဲ့စကားကြောင့် ကြားရတာတော့ တစ်မျိုးလေး ဖြစ်သွားတာပေါ့။
စဉ်းစားစရာတွေ အမျိုးမျိုးပဲ။
စင်္ကာပူက နိုင်ငံသေးတော့ ကင်ဆာဝေဒနာရှင် မလုံလောက်လို့လား။
မသေထိုက်ဘဲ ကင်ဆာကြောင့် ဆုံးပါးသွားရတဲ့ ရောဂါသည်တွေကို သနားလို့လား။
ဒါပေမယ့် ရှိုင်ရယ်အီးဂဲ(လ်)လို၊ ပါ့ကွေ့လို၊ မောင့်အဲလစ်ဇဘက်လို ဆေးရုံတွေမှာ အခန်းငှါးခကတင် တစ်ရက်ကို ဒေါ်လာငါးရာကျော်လောက် ရှိနေတာ၊ ပိုက်ဆံမရှိရင်တော့ …။
ဒါနဲ့ ခပ်နောက်နောက် ရှေးစကားပုံလေးကို သတိရပြီး “ဖျားနာခြင်းဖြင့် ဆရာဝန်များကို ကူညီပါ _”။ ။
ဇင်ဝေသော်