(စာပေမှာတော့ သဒ္ဒကဏ္ဍကောဟိ သမာဓိ - အသံဟာ သမာဓိရဲ့ ရန်သူ၊ ဆူးငြောင့်လို့ ရှိပါတယ်။ ကာလီဖိုးနီးယားအမျိုးသားတက္ကသိုလ်က ပါမောက္ခ Dominguez Hills ရဲ့ “The secret of focus amid distractions” ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်မိပြီး အိုင်တီ ကဏ္ဍကောဟိ သမာဓိ - အိုင်တီဟာ (၂၁) ရာစု သမာဓိရဲ့ ရန်သူလို့ စကားတော်ကို ပြင်ပြီး ခေါင်းစည်းတပ်လိုက်တာပါ။)
ကျနော်နဲ့ သုတေသနအဖွဲ့ဟာ အလယ်တန်း၊ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်ပေါင်း သုံးရာကျော်က ကျောင်းသားတွေကို သူတို့နေထိုင်တဲ့ ဝန်းကျင်အပေါ်မှာ (၁၅) မိနစ်ကြာအောင် အာရုံစိုက်နိုင်ကြသလား၊ အာရုံမစိုက်နိုင်ဘူးဆိုရင် အနှောက်အယှက်က ဘာလဲဆိုတာ သိဖို့ပါ။ သူတို့ ဘာလုပ်နေတယ်ဆိုတာ မိနစ်တိုင်း မှတ်တမ်းယူထားပါတယ်။ စာသင်နေတာလား၊ မက်ဆေ့(ဂ်ျ) ပို့နေတာလား၊ သီချင်းနားထောင်၊ တီဗွီကြည့်နေတာလား၊ သူတို့ရှေ့မှာ ကွန်ပျူတာရှိရင် ဘယ်လို ဝက်(ဘ်)ဆိုက်တွေကို ကြည့်နေကြသလဲ - စတာမျိုးတွေပါ။
ထွက်လာတဲ့အဖြေက တော်တော် အဓိပ္ပါယ်ရှိပါတယ်။ ယေဘုယျအားဖြင့် လက်ရှိ သူတို့လုပ်နေတဲ့ အလုပ်အပေါ်မှာ တသမက်တည်း အာရုံစိုက်ထားနိုင်တဲ့ကာလက သုံးမိနစ်လောက်ပဲ ဖြစ်ပါတယ်။ ပြီးရင် အနှောက်အယှက် တစ်ခုခု ဝင်လာတော့ တာပါပဲ။ အဲ့ဒီ အနှောက်အယှက်တွေကလည်း တက်ခနော်လော်ဂျီကနေပဲ လာတာ များပါတယ်။ (စကားမစပ် အခြားအဖွဲ့ တစ်ဖွဲ့ကလည်း ဆေးကျောင်းသားတွေနဲ့ ကွန်ပျူတာအနှောက်အယှက်ကို သုတေသနပြုထားကြတာ ရှိပါတယ်။) အာရုံစူးစိုက်မှုရဲ့ အဓိကတရားခံကတော့ စမတ်ဖုန်းနဲ့ လက်(ဗ်)တော့(ပ်)တွေပါ။ သူတို့က အချိန်ပြည့် သမာဓိကို နှောက်ယှက်နေတာပါ။
ဒါတွေအပေါ် အခြေခံပြီး ဘယ်ကျောင်းသားဟာ အာရုံစိုက်နိုင်တဲ့ ကျောင်းသားလည်းဆိုတဲ့ အဖြေကိုလည်း ရလာနိုင်တယ်လို့ ထင်မြင်မိကြပါတယ်။ ဒီအဖြေကလည်း မထူးဆန်းလှပြန်ပါဘူး။ လက်ရှိ လုပ်နေတဲ့ အလုပ်အပေါ်မှာ အချိန်ကြာအောင် အာရုံစိုက်နိုင်တဲ့ကျောင်းသားဟာ တစ်တန်းထဲမှာ ပိုတော်တဲ့ ကျောင်းသား ဖြစ်နေပါတယ်။ အညံ့ ဆုံးကျောင်း သားတွေ ကတော့ နေ့တိုင်း မီဒီယာထဲမှာ နစ်မြုပ်နေပြီး တစ်ချိန်ထဲမှာကိုပဲ ဟိုဟာလုပ်လိုက်၊ ဒီဟာ လုပ်လိုက် ဖြစ်နေ တဲ့ကျောင်း သားတွေပါ။
နောက်ထပ် ရလာတဲ့အဖြေကတော့ ဖေ့(စ်)ဘွတ်ဆီကပါ။
ကျနော်တို့ လေ့လာနေတဲ့ (၁၅) မိနစ်အချိန်လေးမှာတင်ပဲ သူတို့ဖေ့(စ်)ဘွတ်ကို ဝင်ကြည့်ဦးဆိုရင်တော့ အဲ့ဒီကျောင်းသားက အဆိုးတကာ့ အဆိုးဆုံး ဖြစ်နေပါတော့တယ်။ ဖေ့(စ်)ဘွတ်ကို သူတို့ ဘယ်နှစ်ကြိမ် ဝင်ကြည့်တယ်ဆိုတာနဲ့ကို မဆိုင်တော့ပါဘူး။ တစ်ကြိမ်ဝင်ကြည့်ရင်ပဲ ပြီးသွားပါပြီ။
“ဘာ့ကြောင့် ကျောင်းသားတွေ ဒီလို ဖြစ်နေတာလဲ” ဆိုတဲ့ မေးခွန်းကို ကျောင်းသားထောင်ပေါင်း များစွာကို တစ်ပုံစံ တည်း မေးကြည့်ကြတယ်။ သူတို့ဖြေကြတဲ့ အဖြေတွေက ဖုန်းမြည်တာ၊ မမြည်ရင်တောင် ဗိုက်ဘရေးရှင်းဖြစ်နေတာ၊ ရုပ်ပုံတွေ ဖုန်းအပေါ် ပေါ်လာတာ - ဒါတွေဆီကို သူတို့ အာရုံတွေ ရောက်နေကြလို့ပါပဲတဲ့။
ဒါတင်မကပါဘူး။ ဒီလို တစ်ခုမှ မဖြစ်ဘူးဆိုရင်တောင်
“ငါ့ဖေ့(စ်)ဘွတ်ပို့စ်ပေါ်မှာ တစ်ယောက်ယောက်များ ကွန်မန့်ရေးထားပြီလား”
“လွန်ခဲ့တဲ့ ငါးမိနစ်လောက်က တင်ထားတဲ့ တက်(စ်)မက်ဆေ့(ဂ်ျ)နဲ့ ပတ်သက်လို့ တစ်ယောက်ယောက်များ တစ်ခုခု ပြန်ပြောထားပြီလား”
“သူငယ်ချင်း လင့်လုပ်ထားတဲ့ စိတ်ဝင်စားစရာ ယူကျုဗွီဒီယိုလေးများ ရောက်နေပြီလား” စတဲ့ အတွေးတွေကြောင့် တစ်ခုထဲကို (၁၅) မိနစ်ကြာအောင် အာရုံမစိုက်နိုင်တာပါတဲ့။
အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေက အိုင်တီကြောင့် ဦးနှောက်အပေါ် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေကို အကြီးအကျယ် သုတေသနပြုနေကြပါတယ်။ လတ်တလော တွေ့ရှိထားတဲ့ အချက်တွေကတော့ …
- ဗွီဒီယိုဂိမ်းကစားသူတွေရဲ့ ဦးနှောက်ထဲမှာ အရဲစွန့် စွန့်စားလိုခြင်းနဲ့ ပတ်သက်တဲ့ ဆဲ(လ်)တွေ ထူထူထဲထဲ ရှိနေတတ်ပါတယ်။ ဒီလို ဖြစ်နေမှုဟာ အများအားဖြင့် ဦးနှောက်လုပ်ဆောင်မှုအဆင့် ပိုမြင့်မားလာတယ်လို့ ဆိုလိုနိုင် ပါတယ်။ ဒါပေမယ့် ခံစားမှု (အီမိုးရှင်း) ကို ပုံမှန်လည်ပတ်စေတဲ့ ဦးနှောက်ဆဲလ် အလုပ်လုပ်မှုတွေမှာတော့ ပိုပြီး အားနည်းသွားတာ တွေ့ရပါတယ်။ ပြီးတော့ ကိုယ့်အကြိုက်ကိုပဲ ခံစားတတ်တဲ့ ဦးနှောက်တွေကို တွေ့ရပြန်ပါတယ်။ ဒါမျိုးတွေဟာ တစ်ခုခုကို စွဲနေတဲ့ ဦးနှောက်တွေမှာ တွေ့ရတတ်တဲ့ သဘာဝတွေပါ။
- အနှောက်အယှက်ခံရတဲ့ ဦးနှောက်တွေဟာ ဦးနှောက်ထဲမှာ လှုံ့ဆော်နေတဲ့ အစိတ်အပိုင်းတွေကိုလည်း တိတိကျကျ ဖော်ပြနေတတ်ပါတယ်။ အနှောက်အယှက် ပိုများလေလေ လှုံ့ဆော်မှုလည်း အားကောင်းလေလေပါ။
- တရုတ်ပြည်မှာ အင်တာနက်စွဲနေသူ လူငယ်တွေနဲ့ မစွဲတဲ့လူငယ်တွေကြားက ခြားနားမှုကို သုတေသန ပြုလုပ်ခဲ့ကြတယ်။ ရရှိလာတဲ့ အဖြေကတော့ အင်တာနက်စွဲနေတဲ့ လူငယ်တွေရဲ့ ခံစားမှုနဲ့ အာရုံစူးစိုက်မှုကို ထိမ်းချုပ်နိုင်တဲ့ ဦးနှောက်ထဲမှာ ပိုပြီး အဖြူရောင်တွေ လွှမ်းနေတတ်ပါတယ်။ ဒါတွေကပဲ အခြားဦးနှောက် အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ရာမှာ အဟန့်အတား ဖြစ်နေတတ်ပါတယ်။
ဒီလို အတွင်းအပြင် အနှောက်အယှက်တွေ မရှိဘဲ ဦးနှောက်အေးအေးနဲ့ နေထိုင်နိုင်ဖို့ တစ်ခုခုကို စူးစိုက် အာရုံနှစ်ထားနိုင်အောင် သင်ကြားပေးရမယ်လို့ ကျနော် ယုံကြည်မိပါတယ်။ စိတ်ပညာအလိုအရ အာရုံစူးစိုက်ဖို့ လိုအပ်တဲ့အချိန်၊ အာရုံမစိုက်ဘဲ နေလို့ရတဲ့အချိန်ကို ကွဲပြားနားလည်မှုစွမ်းရည်ကို “Metacognition” လို့ ခေါ်ပါတယ်။ ဒါကိုပဲ ဦးနှောက်ရဲ့ လုပ်ဆောင်မှုဖန်ရှင်ကို သဘောပေါက်ခြင်းလို့ ဆိုနိုင်ပါတယ်။
ဒီ Metacognition နဲ့ ပတ်သက်လို့ လက်တလော တွေ့ရှိချက်က အပြည့်ဝဆုံး အဖြေတစ်ချို့ကို ပြသပေးနေပါတယ်။ ကျနော်တို့ သုတေသနပြုပုံက - စိတ်ပညာနဲ့ ပတ်သက်တဲ့ စာသင်ချိန်တွေမှာ ကျောင်းသားတွေကို ဗွီဒီယိုခွေတွေ ပြသပါတယ်။ ပြထားတဲ့ ဗွီဒီယိုကို အခြေခံပြီး စာမေးပွဲစစ်မယ်။ သူတို့ကိုလည်း ဗွီဒီယိုပြနေစဉ်မှာ တက်(စ်) မက်ဆေ့(ဂ်ျ)တွေ ပို့မယ်၊ ဒီမက်ဆေ့(ဂ်ျ)တွေကို ပြန်ဖြေပေးဖို့ လည်း မှာကြားထားပါတယ်။
တကယ်တော့ သုံးပုံတစ်ပုံရှိတဲ့ ကျောင်းသားတွေက ကျနော်တို့ မက်ဆေ့(ဂ်ျ)တွေကို မရကြဘူး။ နောက် သုံးပုံတစ်ပုံကတော့ ဗွီဒီယိုပြနေတဲ့ နာရီဝက်အတွင်း မက်ဆေ့(ဂ်ျ)လေးခု ရရှိပြီး နောက်ဆုံး သုံးပုံတစ်ပုံအုပ်စုကတော့ မက်ဆေ့(ဂ်ျ) ရှစ်ခုတောင် လက်ခံရရှိခဲ့ကြတယ်။
လုံလောက်ပါပြီ။ ဒါလောက်ဆိုရင် သူတို့ကို ပြထားတဲ့ ဗွီဒီယိုအပေါ် အာရုံပျက်ပြားအောင် လုပ်လိုက်နိုင်ပြီလို့ ကျနော်တို့ သုံးသပ်မိပါတယ်။
ကျနော်တို့ရဲ့ တခြားမြုပ်ကွက်ကတော့ ဗွီဒီယိုထဲမှာ ပြပြီးရင် စစ်ဆေးမယ့် အရေးအကြီးဆုံး အချက်အလက်တွေ ပြသနေစဉ်မှာ မက်ဆေ့(ဂ်ျ)တွေ ပို့ကြတာပါ။ ကျနော်တို့ မှန်ပါတယ်။ မက်ဆေ့(ဂ်ျ) ရှစ်ခုလုံးရတဲ့ အုပ်စုဟာ အတန်းထဲမှာ အညံ့ဆုံးပါပဲ။
ဒါပေမယ့် ကျနော်တို့လည်း မှားသွားခဲ့ပြန်ပါတယ်။ ကျနော်တို့ တွေ့ရှိလိုက်ရတဲ့ နောက်ထပ် အရေးအကြီးဆုံး အဖြေက ကျနော်တို့ ညွှန်ကြားထားတဲ့အထဲမှာ ပါမသွားဘူး။
မက်ဆေ့(ဂ်ျ)ကို ရရခြင်း ပြန်တဲ့ကျောင်းသားတွေက မက်ဆေ့(ဂ်ျ)ကို ရပြီး ချက်ချင်းမပြန်ဘဲ တစ်မိနစ်ကနေ ငါးမိနစ်လောက် ကြာမှ ပြန်တဲ့ကျောင်းသားတွေထက် အများကြီး ပိုဆိုးနေတာ တွေ့ရပြန်ပါတယ်။
အနှောက်အယှက်တွေ ဒီလောက်များတဲ့ ဒီကမ္ဘာကြီးထဲမှာ အာရုံတစ်ခုခုကို စူးစိုက်တတ်လာအောင် ဘယ်လို ပညာပေးနိုင်ပါမလဲ။
အသုံးပြုသင့်တဲ့ အကြံဉာဏ်တစ်ခုကတော့ “Technology breaks” ပေးထားဖို့ပါ။ တစ်မိနစ်နှစ်မိနစ်လောက် ဟန်းဖုန်းကိုစစ်၊ ဝက်(ဘ်)ဆိုက်ကိုစစ်၊ အခြားမီဒီယာ အဆက်အသွယ်တွေကိုစစ်၊ ပြီးရင် ဖုန်းကို အသံတိတ်၊ ကွန်ပျူတာကို ပိတ်ထားဖို့ပါပဲ။
အဲ့ဒီနောက် အိုင်တီနဲ့ ဆက်စပ်မှုမရှိတဲ့ အခြားအက်တီဗီတီထဲမှာ (၁၅)မိနစ်လောက် အာရုံစိုက်ထား၊ ပြီးရင် တစ်မိနစ်၊ နှစ်မိနစ်လောက် အိုင်တီဘရိတ်ယူ၊ ပြီးတော့ မူလအာရုံပြန်သွား။ ဒါမျိုးပါ။
ဒီနည်းနဲ့ အာရုံတစ်ခုအပေါ်မှာ အချိန်ပိုကြာအောင် စိုက်ထားနိုင်ဖို့ လေ့ကျင့်ပေးသွားနိုင်ပါတယ်။ ကျနော်တို့ ဆရာတွေ ဒီနည်းကို စာသင်ခန်းထဲမှာ စတင်ကျင့်သုံးနေကြပါပြီ။ မိဘတွေက ဒင်းနာစားတုန်း၊ ဘော့(စ်)တွေက အစည်းအဝေးထိုင်နေတုန်း တက်ခနော်လော်ဂျီ ဘရိတ်(ခ်)ကို ကျင့်သုံးနေကြတယ်။ အောင်မြင်မှု အများကြီး ရရှိပါတယ်။ အကောင်းဆုံး ရရှိထားတဲ့ ရလဒ်ကတော့ နာရီဝက်ကြာအောင် အာရုံတစ်ခုအပေါ်မှာ စူးစိုက်နိုင်မှုပါ။ ဒီထက် မပိုသေးပါဘူး။
စတိ(ဗ်)ဂျော့နဲ့ (အခြားသော ပုဂ္ဂိုလ်များ) ကို အာရုံပျက်ပြားအောင် ဒီလောက် စွဲဆောင်နိုင်တဲ့ နည်းပညာတွေ တည်ထွင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
The writer is a professor of psychology at California State University, Dominguez Hills and the author of iDisorder: Understanding Our Obsession With Technology And Overcoming Its Hold On Us. This article was first published on the Psychology Today website.
Original article >>
The secret of focus amid distractions