အပြေးမြန်တဲ့ သောတာပန်

မိတ်ဆွေရဟန်းတစ်ပါးနှင့်အတူ သူ၏ရဟန်းဒကာ၊ဒကာမများနေထိုင်ရာ တာမွေကို အလည်လိုက်ခဲ့ဖူးသည်။ အတန်ကြာ စကားပြောပြီးတဲ့နောက် ယင်း ရဟန်းဒကာသည် သောတာပန်ဖြစ်နေပြီဖြစ်ကြောင်း(သူ့ပြောစကားများအရ)သိလိုက်ရသည်။


ဘုရားရှင်လက်ထက်တော်က ပရစိတ္တဝိဇာနန ဉာဏ် ရနေပြီးသော ဒကာမကြီးကျောင်း၌ သီတင်းသုံးနေရရှာသော ရဟန်းများကဲ့သို့ဖြစ်ချိမ့်မည် ဟုတွေးမိကာ မိတ်ဆွေ ပုထုဇဉ်ရဟန်းအတွက် ( မလွယ်ကြောပဲ ) ဟုတွေးမိသည်။


ဆွမ်းစားပြီး မြို့ပတ်ရထားစီးပြန်ရန် ထွက်ခဲ့ကြသည်။ ထိုဒကာကြီးက ဘူတာကို လိုက်ပို့သည်။ ထိုစဉ် မြို့ပတ်ရထားကလည်း အလျင်အမြန်ရောက်လာသည်။


ဒကာကြီးက ရထားလွတ်မှာ စိုးရိမ်သည့်အတွက် ရဟန်းနှစ်ပါးကိုဖြည်းဖြည်းသာကြွလာခဲ့ကြရန် မှာထားခဲ့ပြီး လက်မှတ်ဖြတ်ရန် အမြန်ပြေးလေတော့သည်။ သူ့ရဟန်းက ခပ်နောက်နောက် တိုးတိုးလေးပြောသည်။


"သောတာပန် ဒကာက အပြေးတော့သန်သားဘဲ"
သူပြောသည့်စကားကိုပြုံးမိပြီး
"အင်းလေ ရထားလွတ်မှာ စိုးရိမ်ရရင်တော့ သောတာပန်လည်း ခြေသွက်ရတော့တာပေါ့။
သူက အာပတ်သင့်စရာမှ မရှိတာပေပဲ"။




(ကမ်းလက်၊ သီဟနာဒ)







Copyright © 2012 ကမ်းလက်. All rights reserved.

“ စားသုံးသူအကြိုက်…ဘာသာရေး(သို့) ရှော့ပင်းစင်တာဆန်လာသော ဘာသာရေးစင်တာများ” (၂)

လူထုအကြိုက်နှင့် ဝတ်စားဆင်ယင်မှု

ဤကိစ္စလည်း မဟာယာနက အလွန်ရှေးကျသည်။ အဓိကအားဖြင့် ပခုံးတစ်ဖက်ပေါ်နေခြင်း၊ သင်္ကန်းချုပ်လုပ်မှု စည်းစနစ်၊ သင်္ကန်းအရောင်တို့ပင် ဖြစ်သည်။

ဘာသာရေး၌ မဟာယာနက ရီဗော်လူးရှင်းနစ်များ ဖြစ်ကြသည်။
ဤသင်္ကန်းအသွင်အပြင်နှင့် အရောင်ပြောင်းလဲမှုကတော့ အရင်အချက်တွေလောက် ထိရောက်မှုမရှိလှဟု ထင်သည်။ သူတို့အဆိုအရ အဝါရောင်သင်္ကန်းက ရဟန်းတစ်ပါးအတွက် တောက်ပလွန်းသည်။ ဘုရားရှင်ကလည်း လက်ကောက်ဝတ်တို့ကို ဖုံးလွှမ်းထားရမည်ဟု မိန့်သည်။ ထို့ကြောင့် တစ်ခါအပြင်ထွက်တိုင်းတစ်ခါ ပြင်ဆင်ဝတ်ရုံနေရခြင်းထက် အဆင်သင့်ချုပ်လုပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ခြင်းက ပို၍ ချပ်ချပ်ရပ်ရပ်ရှိပြီး အချိန်ကုန်သက်သာသည်ဟု ယူဆကာ “တန်” မင်းဆက်ကတည်းက တရုတ်တို့ ပြောင်းလဲဝတ်ရုံခဲ့ကြသည်ဟု အဆိုရှိလေသည်။

သင်္ကန်းအသွင်နှင့် ပတ်သက်ပြီး ထေရဝါဒအတွင်း၌လည်း ယခုကွဲပြားစပြုလာပြီ ဖြစ်သည်။ သီရိလင်္ကာမှ ရဟန်းတော်တစ်ချို့ ညာဖက်ပခုံးကို ဖုံးမိစေရန် အင်္ကျီလက်ရှည်များ စတင်ဝတ်ဆင်လာကြပြီ ဖြစ်သည်။ မြန်မာဆရာတော်အချို့လည်း ချမ်းအေးသော အနောက်နိုင်ငံများသို့ ရောက်သောအခါ ပို၍နွေးထွေးသော အနွေးထည်ထူထူများ စတင်ဝတ်ဆင်လာခဲ့ကြပြီ ဖြစ်သည်။ သို့သော် သီရိလင်္ကာရဟန်းတော်တစ်ချို့ကား ချမ်းအေးသောကြောင့် မဟုတ်၊ အနောက်ယဉ်ကျေးမှု၌ ပခုံးတစ်ဖက်ပေါ်နေက မယဉ်ကျေးသောသဘော ရှိတတ်သောကြောင့် ဖြစ်သည်။

သင်္ကန်းအရောင်နှင့် ပတ်သက်၍ကား ပြောရပိုခက်သည်။ လွန်ခဲ့သော နှစ် (၃၀) ကျော် (၄၀) ခန့်က အုတ်ခဲရောင်နှင့် ကြက်သွေးရောင်များသာ ခေတ်စားခဲ့သည်။ ဆရာတော်ကြီးများက အုတ်ခဲရောင်ကို အများအားဖြင့် ဝတ်ရုံတော်မူကြပြီး ရဟန်းငယ်တို့က ကြက်သွေးရောင်လွင်လွင်ကို ဝတ်ရုံကြသည်။ ယနေ့ ထိုအရောင်များပင် သိပ်မတွေ့ရတော့။ အညိုရောင်များ လွှမ်းလျှက်ရှိတော့သည်။ ယနေ့ ကမ္ဘာက မြန်မာရဟန်းတော်များ၏ သင်္ကန်းအရောင်ကို အညိုရောင်ဟု သိထားကြပြီဖြစ်သည်။ ဆိုလိုသည်မှာ ရာစုနှစ်တစ်ခုအတွင်း အရောင်၏ ပြောင်းလဲသွားမှုပင်ဖြစ်သည်။

ဤသို့ဆိုလျှင် နှစ်ပေါင်း ၂၆၀၀- က သင်္ကန်းအရောင်သည် မည်သည့်အရောင် ဖြစ်လေမည်နည်း။ ပညာရှင်များ ဆုံးဖြတ်ရန်သာ ချန်ထားခဲ့ရပေဦးတော့မည်။

ထိုင်းကလည်း သူတို့သင်္ကန်းအရောင်သာ မှန်၏၊ ဝိနည်းတော်နှင့် ညီ၏ဟုကြ၏။ သီရိလင်္ကာကလည်း သူတို့အရောင်သာ မှန်၏ဟု ဆိုကြ၏။ မြန်မာတို့ကလည်း လက်လျှော့လိမ့်မည်မဟုတ်။ သို့သော် ထေရဝါဒထဲမှာပင် အရောင်ကိစ္စက ညှိုနှိုင်းမရတော့။

သင်္ကန်းအရောင်ကိစ္စက လူထုနှင့်တိုက်ရိုက်မပတ်သက်သော်လည်း ဝတ်ရုံပုံ၊ အင်္ကျီ လက်ရှည်ခံပြီး ဝတ်ရုံခြင်းတို့က လူထု၏ ယဉ်ကျေးမှုဓလေ့များနှင့် ပတ်သက်လျှက်ရှိသည်။ လာမည့်နှစ်ငါးဆယ်အတွင်း ရဟန်းတော်တိုင်း ပခုံးမပေါ်အောင် အင်္ကျီများခံမဝတ်ဟု မည်သူအာမခံနိုင်ပါမည်နည်း။ အရေးတော့ မကြီးလှဟုထင်သည်။ သို့သော် ပြောင်းလဲမှုကတော့ ဖြစ်နိုင်ပေလိမ့်မည်ထင်သည်။

ဘာသာရေးစင်တာများနှင့် မားကက်တင်းစနစ်

ယနေ့ခေတ် ရှော့ပင်းစင်တာများ၌ ကားတစ်စီးဝယ်လို့ရသလို ကန်စွန်းရွက်တစ်စီးလည်း ဝယ်လို့ရနိုင်သည်။ ရေမွှေးဘူးဝယ်လို့ရသလို အိမ်သာသုံးစက္ကူလည်း ဝယ်ယူနိုင်သည်။ တစ်နေရာထဲ၌ လိုသောပစ္စည်းများ အားလုံးရအောင် စီစဉ်ထားမှုကြောင့် ဝယ်ယူသုံးစွဲသူတို့အတွက် လွယ်ကူသက်သာစေ၊ အချိန်ကုန်မှု နည်းပါးစေသည်။ တိုးတက်လာသော စီးပွါးရေးအမြင်ဖြစ်သည်။

ယနေ့ မဟာယာနစင်တာများလည်း ဤစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်သည်။
ဆရာတော်တစ်ပါးဖွင့်ထားသောကျောင်း၌ လိုအပ်သော ကိစ္စများ အကုန်ပြီးစီးအောင် စီမံထားသည်ကို တွေ့ရသည်။ ဘုရားရှိခိုး၍ ရသည်။ တရားထိုင်၍ ရသည်။ ဗိုက်ဆာလျှင် ကော်ဖီဆိုင်၊ ထမင်းဆိုင်ရှိသည်။ ကျန်းမာရေးမကောင်းလျှင် ဆေးခန်းရှိသည်။ အလကားတော့မရပေ၊ တန်ရာတန်ကြေးကို အလှူငွေသဘောဖြင့် ပြန်ပေးရသည်။

ဤမြင်ကွင်းများနှင့် အသားမကျသေးသော မြန်မာတို့က ဘာသာရေးက စီးပွါးရေးဆန်သွားသည်ဟု မြင်ကြပေလိမ့်မည်။ ဤသို့ဆိုလျှင် သူတို့မျက်စိထဲမှာလည်း ထေရဝါဒကျောင်းများ၌ ငွေကြေးကိစ္စသွယ်ဝိုက်၍ ပတ်သက်နေသည်တို့ကို (ကိုယ့်ယဉ်ကျေးမှုဖြစ်နေ၍သာ သွယ်ဝိုက်၍ဟု သုံးလိုက်ရသည်) တွေ့ကြရသည်။

အထင်ရှားဆုံးသာဓကမှာ မင်္ဂလာဆောင်များ၊ မွေးနေ့ပွဲများ ဘုန်းကြီးကျောင်းထဲ၌ ကျင်းပခြင်းဖြစ်သည်။
အစပထမကတော့ သံဃာတော်တို့ကို ဆွမ်းကပ်ခြင်းမျှသာ ဖြစ်ခဲ့ပုံရပါသည်။ ထို့နောက် ဖိတ်ကြားသောဧည့်သည်အနည်းငယ်ကို ဧည့်ခံကျွေးမွေးလာကြသည်။ နောက်ပိုင်း၌မူ ကျယ်ကျယ်ပြန့်ပြန့်ဖိတ်၍ ကျယ်ကျယ်ပြန့်ပြန့်ပင် ဧည့်ခံကြတော့သည်။ စကားမှားသွားလျှင် ခွင့်လွှတ်ကြစေချင်ပါသည်။ ထိုဘုန်းကြီးကျောင်းများသည် ဟိုတယ်၊ ရက်စတောရင့်ရှိ ခန်းမများထဲသို့ တစစနေရာဝင်ယူလာပြီ ဖြစ်သည်။

ဟိုတယ်၊ ရက်စတောရင့်ငှားလျှင် ဈေးပိုကြီးသည်။ ဘုန်းကြီးကျောင်းခန်းမ (ဓမ္မာရုံထဲမှာပင် တစ်ချို့က ဧည့်ခံကြသည်) က ဈေးချိုသည်။ ဟိုတယ်ကိုပေးရခြင်းက ကုသိုလ်ရသည်ဟုပြောရန် ခက်သော်လည်း ဘုန်းကြီးကျောင်းခန်းမကိုသုံးပြီး သုံးခပေးလျှင် (လှူဒါန်းလျှင်ဟု ယဉ်ယဉ်ကျေးကျေးသုံးလိုက သုံးနိုင်ပါသည်) ကုသိုလ်ပါရနိုင်သည်။ ဤသို့ဆိုလျှင် ငွေကြေးကိစ္စ တနည်းမဟုတ် တနည်းပတ်သက်နေပြီ ဖြစ်ပါသည်။ ဇွတ်ငြင်း၍ မရတော့ပါ။

ဤဆောင်းပါးသည် ဝေဖန်ရေးဆောင်းပါး မဟုတ်သည့်အတွက် ဝေဖန်နေခြင်း မဟုတ်ပါ။ လူထုအကြိုက်ကိုလိုက်ပြီး ဘာသာရေးပုံသဏ္ဍာန် မသိမသာမှ သိသိသာသာ ပြောင်းလဲလာပုံကို ခြေရာခံခြင်းသာ ဖြစ်ပါသည်။ အပြစ်ဆိုစရာ ဘာမှမရှိပါ။ တင်းခံ၍လည်း မရပါ။

ဤကိစ္စ၌ ထေရဝါဒထဲမှာပင် ယဉ်ကျေးမှုမတူကြပေ။ သီရိလင်္ကာအများစုက ဓမ္မာရုံကို တော်တော်လေးစားကြသည်။ ဓမ္မာရုံထဲ၌ စားသောက်ခြင်း လုံးဝခွင့်မပြု၊ မြန်မာတို့က ဓမ္မာရုံထဲ ဆွမ်းကပ်ခြင်း၊ ဧည့်သည်များ ဧည့်ခံခြင်းကို တစ်စုံတစ်ရာ မခံစားကြရပေ။ ဤသည်မှာ ယဉ်ကျေးမှုသာဖြစ်ပြီး ဘာသာရေးဟုပြောရန်ခက်ပါသည်။

ဘာသာရေးစင်တာထဲ၌ ဤသို့သော လူမှုရေးကိစ္စများ ပြုလုပ်ခြင်းကို မဟာယာနတို့က စတင်ခဲ့ကြသည်။ ယနေ့ ထေရဝါဒထဲသို့ သိုသိုသိပ်သိပ်စိမ့်ဝင်နေပြီ ဖြစ်သည်။ ငြင်းဆန်သော ဆရာတော်များရှိမည်။ လက်ခံကျင့်သုံးသော ဆရာတော်များလည်း ရှိမည်။ သို့သော် နောင်တွင်လက်ခံသောရဟန်းတော်များ ပိုများလာမည်က သေချာပါသည်။

အချို့ ဘာသာရေးစင်တာများက ဤမျှဖြင့်ပင် မကတော့ပါ။ ယဉ်ကျေးမှုမတူသူအားလုံး တစ်နေရာထဲ၌ ကိုယ်ကိုးကွယ်သောဘုရားကို အလွယ်တကူကြည်ညို၍ရစေရန်ပင် စီမံပေးလာကြသည်။ ချဲ့ပါဦးအံ့။ ထိုစင်တာထဲ ဝင်သွားပြီဆိုလျှင် သင်ကိုးကွယ်ပူဇော်လိုသော ဘုရားဆင်းတု အစုံရှိလေသည်။

ထေရဝါဒတစ်ယောက်ဖြစ်လျှင် ထေရဝါဒဆင်းတုကို ပူဇော်ကန်တော့နိုင်သည်။ မြန်မာဗုဒ္ဓဘာသာတို့အတွက် မြန်မာဆင်းတုရှိသည်။ သီရိလင်္ကာဗုဒ္ဓဘာသာတို့အတွက် သီရိလင်္ကာဘုရားဆင်းတုရှိသည်။ မဟာယာနဗုဒ္ဓဘာသာများအတွက် မဟာယာနဆင်းတုတော် အစုံရှိလေသည်။ မလွယ်ကူပေဘူးလား။ ထိုစင်တာများက သင့်အလိုကျအောင် အားလုံးစီစဉ်ပေးထားလေသည်။

အမှန်ပင် စူပါမားကက်နှင့် တူပြီဖြစ်သည်။ One Stop. Get All You Need ဖြစ်ပေတော့သည်။

ထိုသို့သော စင်တာများ ပေါ်ပြူလာဖြစ်နေသည်။
သို့ဖြစ်လျှင် မြန်မာဘုန်းတော်ကြီးကျောင်းများမှာရော ဤသို့ဖြစ်လာနိုင်ပါသလား။ ပညာရှင်များ ဆွေးနွေးဖို့ ချန်ထားခဲ့ရပေဦးတော့မည်။ တရုတ်အများစုက ထောက်ပံ့နေလျှင် ကွမ်ရင်မယ်တော် ရုပ်တုကိုတော့ ထားရတော့မည့်သဘော ရှိနေပေလိမ့်မည်။ ကွမ်ရင် မရှိလျှင်သာ ရှိမည်၊ ဂြိုဟ်တိုင်၊ ဂြိုလ်ဘုရားများကတော့ ရှိနေတတ်သည်။ (၇) ရက်သားသမီးများ ကုသိုလ်ပြုနိုင်ရန်ဖြစ်သည်။ ထိုဂြိုဟ်တိုင်ဘုရားများသည် လူထုလိုအပ်ချက်ကို ဖြည့်ဆည်းပေးထားသည့် မားကက်တင်းသဘောသာဖြစ်ပါသည်။ တစ်နေရာထဲ ကိစ္စပြီးသွားအောင် စီမံပေးထားခြင်းဖြစ်သည်။ ဘုန်းကြီးဆွမ်းကပ်တော့ ဒီကျောင်း၊ မွေးနံ့ဘုရားကို ဆွမ်းကပ်ဖို့ ဟိုကျောင်းဖြစ်စရာမလိုတော့ပေ။

ထိုထက် ခေတ်မှီသော မဟာယာနတစ်ချို့က အသုဘရှိလျှင်ပင် တစ်ချက်တည်းပြီးအောင် စီမံပေးကြသည်။

အသုဘကိစ္စကို ဆောင်ရွက်ပေးမည့် ကုမ္ပဏီနှင့် ဆက်သွယ်ရန်
ဘုန်းကြီးပင့်ပေးရန်
သုသာန်သို့ကား ဘတ်(စ်) စသည် စီမံပေးရန်

ကာယကံရှင်က ဖြစ်လိုသောဆန္ဒကိုသာ ပြောဖို့လိုသည်။ ဘုန်းကြီးပင့်ရာတွင်ပင် ထေရဝါဒကို ပင့်လိုသလား၊ မဟာယာနကို ပင့်လိုသလား။ လိုတာရအောင် စီမံပေးကြသည်။ ထိုအဖွဲ့အစည်းများ တဖြည်းဖြည်း ခေတ်စားလာသည်။ လွယ်ကူသက်သာသောကြောင့် ဖြစ်သည်။

သင်နှစ်သက်ပါသလား။
မည်သို့ပင်ဖြစ်စေ လူသည် လွယ်ကူသက်သာသော စနစ်ကိုကြိုက်သည်။
ထို့ကြောင့် သင်မနှစ်သက်လျှင်ပင် ဤယဉ်ကျေးမှုက ကွယ်ပျောက်တော့မည် မဟုတ်ပေ။




သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

ဆရာပူဇော်ပွဲနှင့် စက်မှုတက္ကသိုလ်ကျောင်းသူ/ကျောင်းသားဟောင်းများ တွေ့ဆုံပွဲအခမ်းအနား (ရန်ကုန် -၂၀၁၂)





ကမ္ဘာ့တတိယလှိုင်းကဘယ်မှာလဲ! ကျွန်တော်တို့တိတိကျကျ မသိဘူး ။
R.I.T ရဲ့တတိယ ၊ စတုတ္ထလှိုင်းတွေကတော့ အကြောင်းအမျိုးမျိုးကြောင့်
ကမ္ဘာ့တတိယလှိုင်းထဲမှာ ကူးခတ်နေကြတယ်။

တက္ကသိုလ်ကြီးရဲ့ ပထမ ၊ ဒုတိယမျိုးဆက် ဆရာ့ ဆရာတွေကို
တတိယ၊ စတုတ္ထမျိုးဆက်တွေက “ပူဇာစ ပူဇနေယျာနံ” ဖို့အတွက်…..

နေ့ရက်း ၂၀၁၂ ဒီဇင်ဘာ ၃၀ရက်
အချိန်း ထပ်မံကြေငြာပေးပါမည်။
နေရာရန်ကုန်နည်းပညာတက္ကသိုလ်(ယခင် ရန်ကုန်စက်မှုတက္ကသိုလ်)၊ အင်းစိန်၊ ကြို့ကုန်း။

Website ~ www.sayapzpygn.com
Facebook ~ Saya Puzawpwe and Gathering of Engineering Alumni, Yangon 2012




(တတိယလှိုင်းထဲမှာ ကူးခတ်နေသူတစ်ဦး)







Copyright © 2012 ကမ်းလက်. All rights reserved.

ပြည်ပ သာသနာပြု အစစ်

မဟာဝီရ.......
မဟာဝီရ ဆိုတာ ဂျိန်း ဘာသာရေး ခေါင်းဆောင်ကို ပြောတာမဟုတ်ပါဘူး။
မင်္ဂလ ဝိဟာရ ကို တည်ထောင်ခဲ့သူ၊ စင်ကာပူရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ပညာရေး
( Sunday Dhamma Classes) ကို စင်ကာပူ တရုတ်တွေကြား စတင်ခဲ့သူ၊
Buddhist and Pali Collage ကို တည်ထောင်ခဲ့သူ သီဟိုဠ် ဆရာတော်ကြီးပါ။

မနက်ဖြန်ဆိုရင်ပျံတော်မူသွားတာ ၁၀ နှစ် ပြည့်ပြီ။

သောဏထေရ် ဥတ္တရ ထေရ် တို့ သုဝဏ္ဏဘုမ္မိ ကို ရောက်တော့ သူတို့ အိန္ဒိယ နိုင်ငံသားတွေ သုဝဏ္ဏဘုမ္မိ မှာ
အုံနဲ့ ကျင်းနဲ့ ရှိပုံမရပါဘူး။ ရှင်အရဟံ ပုဂံကို ကြွတော့လည်း သူ့နိုင်ငံသားတွေ တမ္ဗဒီပ မှာ ကျောထောက်နောက်ခံ
ကြီးကြီးမားမား ရှိပုံ မရခဲ့ပါဘူး။

လူမျိုးကွဲတွေကြားမှာ သူ့ယဉ်ကျေးမှုကို ကိုယ်လေးစား၊ ကိုယ့်ဘာသာတရားကို သူတို့လက်ခံအောင်
ပြောဟော။ မလွယ်ကြောပါ။


မဟာဝီရ ဆရာတော်ကြီးဟာ အထက်ပါ မထေရ်တွေရဲ့ ကောက်ကြောင်းအတိုင်း လူမျိုးခြားတွေထဲ
တည့်တည့်တိုးပြီး သာသနာပြုသွားတယ်။ ဒိတ်ဒိတ်ကြဲ ပညာတတ်ကြီးလည်း မဟုတ်ဘူး။
ရှေးရိုးစွဲ ဗုဒ္ဓဘာသာ ပညာရေးဘဲ ပါလာတယ်။ အင်္ဂလိပ် စကားလည်း ရောက်စ က မပြောတတ်ဘူး။

သူ ချမ်းသာတာက သာသနာချစ်စိတ်နဲ့ ဝိရိယ ။ ၁၆ နှစ်သား ကတည်းက မက်ခဲ့တဲ့ သူ့ အိပ်မက်ကို ယုံကြည်၊
အကောင်အထည် ဖော်ရဲမှု။ ကမ္ဘာမကျော်ပေမယ့် ဒီ ဆရာတော်မျိုး လက်ချိုးရေရတာ ခေါင်းရှုပ်လောက်အောင် မများဘူး။
သူ့ တစ်ဘဝလုံးလည်း သူ တည်ထောင်တဲ့ နေရာလေးမှာဘဲ အဆုံးသတ်သွားတယ် ။
သူ့ နိုင်ငံကို မပြန်ဖြစ်တဲ့သက်တမ်းက ၃၆ နှစ် တဲ့။

သာသနာပြုဖို့ တကယ်လိုတာက ဘာလဲ....
မဟာဝီရ ဆရာတော် ကတော့ ရိုးရိုးလေး အသံထွက်ပြသွားတယ်။
(ခွင့်လွှတ်တော်မူပါ၊ ခပ်တိုးတိုး မသဲမကွဲပဲ ကြားလိုက်မိပါတယ်......အရှင်)




ကမ်းလက်၊ မဟာဝီရ နှစ်ပတ်လည် အမှတ်တရ







Copyright © 2012 ကမ်းလက်. All rights reserved.

ရေကြောင်း၊ လေကြောင်းဥပဒေသများ (သို့) ၀ိရောဓိ ကြက်ခြေ

Iceberg, Iceberg!
Oh…no! The ship is sinking!
Life boat, Life boat!
Women and Children first!

ကမ္ဘာကျော် တိုက်တန်းနစ်ရဲ့ သွေးပျက်ဖွယ်မြင်ကွင်းထဲက ဒိုင်ယာလော့တစ်ချို့ပါ။ သင်္ဘောကပ္ပတိန်က အော်တယ်။

“Women and Children first!”
ဒါဟာ ၁၉- ရာစု ရေကြောင်းဥပဒေသတစ်ခုပါ။

ကလေးတွေကို ဘာလို့ အသက်ကယ်လှေပေါ် အရင်အတက်ခိုင်းရတာလဲ။ နုနယ်ခြင်း၊ ရိုးသားအပြစ်ကင်းစင်ခြင်းစတဲ့ အကြောင်းပြချက်တွေရှိပါလိမ့်မယ်။ ဘာပဲပြောပြော အသက်ရှင်သန်ဖို့ ကလေးတစ်ယောက်နဲ့ သူနိုင်ငါနိုင်ကြဲနေရတာတော့ အက်သစ်ကယ်မဖြစ်တော့ပါဘူး။

ဟုတ်ပြီ။ ကလေးတွေကို အသက်ကယ်လှေပေါ် အရင်တက်ပါစေ။
ဒါဖြင့် အမျိုးသမီးတွေက ဘာကိစ္စ အသက်ကယ်လှေပေါ် အရင်တက်ရမှာလဲ။

၁။ လှေပေါ်က ကလေးတွေကို စောင့်ရှောက်ဖို့၊ သူတို့မှာ မိခင်စိတ်ရှိတယ်၊ နို့ချိုတိုက်ကျွေးလို့ရတယ်။ အင်း မဆိုးပါဘူး။
၂။ လူသားမျိုးဆက်အတွက် သူတို့ဟာ ကလေးမွေးဖွားဖို့ အရေးပါတဲ့ လူသားတွေဖြစ်တယ်။ မဆိုးပါဘူး။
၃။ သူတို့ဟာ အားနွဲ့သူတွေလည်းဖြစ်တယ်။ ၂၁- ရာစုမှာ စဉ်းစားစရာတော့ ဖြစ်နေပါပြီ။

တိုင်းမဂ္ဂဇင်းထဲက “Titanic Riddle” ကိုဖတ်ရင်း ပြန်ပြီးပြောပြမိတာပါ။ စာရေးသူက Children ကို လက်ရှောင်ခဲ့ပေမယ့် အမျိုးသမီးကိစ္စကိုတော့ ရယ်သံစွက်တဲ့ ပဟေဠိလေးပေးထားခဲ့ပါတယ်။ (၂၁) ရာစု အမျိုးသမီးတွေဟာ သူတို့ကို အားနွဲ့သူဆိုပြီး သိသိသာသာကြီး အခွင့်အရေးပေးတာကို မယူချင်တော့ဘူး။ ယောက်ျားတစ်ချို့ကလည်း အမျိုးသမီးတွေကို ဒီအခွင့်အရေးမျိုး သေရေးရှင်ရေးမှာပေးဖို့ စိတ်မဝင်စားကြတော့ပါဘူး။ ဟုတ်ပြီ။ ကလေးအမေတွေနဲ့ ကလေးတွေ အရင်အသက်ကယ်လှေပေါ်တက်ပါစေ။ သူတို့ဟာ အရေးကြီးပါတယ်။

ကဲ ဒါဆို လူပျိုလူလွတ်အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူအသက်ကယ်လှေပေါ် အရင်တက်မလဲ။

ကလေးအမေတွေနဲ့ ကလေးတွေသာပါတဲ့ အသက်ကယ်လှေပေါ်မှာ တစ်ခုခုဆိုခွန်အားသုံး ကူညီနိုင်တဲ့ အမျိုးသားလူလွတ်တစ်ယောက်ကော ပါမသွားသင့်ဘူးလား။ အင်း ပါသင့်ပါတယ်။ ဒါပေမယ့် “Women and Children first!” တဲ့။

ဒါပါပဲ၊ အက်သစ်ဖြစ်ခြင်း၊ မဖြစ်ခြင်း။ လက်တွေ့ကျခြင်း၊ မကျခြင်းဆိုတာတွေဟာ ဝါကျတစ်ကြောင်းနဲ့တော့ မလုံလောက်တော့ပါဘူး။ ဒါတွေဟာ ငြင်းခုံစရာလည်း မဟုတ်ပြန်ပါဘူး။ ဒီမှာ စာရေးသူက ထပ်တို့တယ်။

Hurry up! The ship is sinking! တဲ့။

ကဲ ခင်ဗျားတို့သာ လူပျို၊ အပျို အမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်ဆိုရင် ကလေးအမေတွေနဲ့ ကလေးတွေသာပါတဲ့ အသက်ကယ်လှေပေါ် ဘယ်သူအရင်တက်မလဲ။ နှစ်ယောက်စလုံးတော့ မရဘူး။ တစ်ယောက်ပဲ။ အချိန်မရှိဘူး၊ သင်္ဘောက မြုပ်နေပြီ။

၂၀-နှင့် ၂၁- ရာစု လေကြောင်းဥပဒေသမှာတော့ ဒါတွေမရှိတော့ပါဘူး။ လေယာဉ်တစ်ခုခုဖြစ်ရင် Women and Children first! ဆိုတာတွေ မရှိတော့ပါဘူး။

ရေထဲကျရင် ရေဖော့ဖို့လေအိတ်တွေ၊ အောက်ဆီဂျင်တွေ ကိုယ်တိုင်အရင် အဆင်သင့်ဖြစ်ဖို့ လမ်းညွှန်နေတာတွေ တွေ့လာရတယ်။ ကလေးကို အောက်ဆီဂျင်ဘူးအရင်တပ်မပေးတဲ့ လူကြီးတစ်ယောက်ကို အက်သစ်မဖြစ်ဘူးလို့ (၂၁) ရာစု လေကြောင်းဥပဒေသက မပြောတော့ပါဘူး။

ကုန်ကုန်ပြောရရင် လေကြောင်းဥပဒေက Women and Children first! ကို ကန့်ကွက်ပါတယ်။ Me, first ဖြစ်သွားပါတယ်။ လက်တွေ့ကျလာတယ်၊ လူသားဆန်လာတယ်။ မိုးထဲ၊ ရေထဲမှာ ပိုပြီးအလုပ်လုပ်ပေးနိုင်မဲ့သူရဲ့ အသက်ကို အရင်ကယ်ဖို့ ၂၁- ရာစု လေကြောင်းဥပဒေသက ပြောလာတယ်။

ငြင်းခုံလို့ မပြီးတဲ့ကိစ္စဟာ အဲဒီအက်သစ်ကိစ္စပါ။ တစ်ဖက်မြင်၊ နှစ်ဘက်မြင်၊ သုံးဖက်မြင် ဒိုင်မင်းရှင်းတွေနဲ့ ကောက်ချက်တွေ ပေပွနေအောင် ဆွဲလို့ရပါတယ်။

စာထဲမှာပါတဲ့ အလောင်းတော် ဇနကမင်းသားက “Women and Children first! ဆိုတဲ့ ရေကြောင်းဥပဒေသကို သိခဲ့ပုံမရပါဘူး။ သင်္ဘောကို အပြစ်မမြင်၊ မုန်တိုင်းကိုလဲ အပြစ်မတင် ကိုယ်တိုင်ငါးစာမဖြစ်ဖို့ပဲ အလုပ်လုပ်သွားတာ တွေ့ရပါတယ်။ အဲ သင်္ဘောပေါ်မှာ ယသော်ဓရာပါမလာတာကလည်း ပိုပြီးဆုံးဖြတ်ချက်ကို ရှင်းလင်းစေခဲ့ဟန်တူပါတယ်။

ယသော်ဓရာများ သင်္ဘောပေါ်လာလျှင် လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်တို့ဇာတ်လမ်းမျိုး ဖြစ်မသွားဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။

ကြီးကြီးကျယ်ကျယ်နှင့် အက်သစ်ကိစ္စတွေမပြောကြေး။

လေယာဉ်ပေါ်မှာ အသက်အရှင်သင့်ဆုံးပုဂ္ဂိုလ်က လေယာဉ်ရဲ့ကပ္ပတိန်။ သူ့မှာ တာဝန်တွေ ရှိတယ်။ သူသေလို့ မရဘူး။

လေယာဉ်အဖွဲ့နဲ့ ခရီးသွားတွေ၊ လေယာဉ်ဝန်ထမ်းတွေ အသက်ရှင်သင့်တယ်။ သူတို့မှာလည်း တာဝန်တွေရှိတယ်။

လူကြီးနဲ့ ကလေး။ လူကြီးအသက်ရှင်သင့်တယ်။
၂၁- ရာစု ဥပဒေဟာ အက်သစ်တွေနဲ့ မဝေဝါးဘူး။ လက်တွေ့ကျမှုနဲ့ ပြတ်သားတယ်။

ယုံချင်ယုံ၊ မယုံချင်နေ။ ၂၁- ရာစု တိုက်တန်းနစ်မှာ သေသွားတာက ကိတ်ဝင်းစလက်ဖြစ်ပြီး လီယိုနာဒိုက အသက်ရှင်ကျန်ခဲ့ပါသတဲ့။

ဇင်ဝေသော်














Copyright © 2011 ကမ်းလက်. All rights reserved.