တစ်ခါက ဒကာတစ်ယောက်၏အီးမေးလ်၌ စတေးတပ်တင်ထားတာကို ဖတ်လိုက်ရ၏။ ဆရာတော်တစ်ပါး၏ စကားဖြစ်သည်။
“ ဘာပဲလုပ်လုပ် ကိုယ့်အတွက်ကျန်အောင်လုပ်” ဖြစ်သည်။
စဉ်းစားမိ၏။ လူသည် ကိုယ့်အတွက်မကျန်ဘဲ လုပ်တတ်သောအမျိုးဟုတ်သလားဟု ဖြစ်သည်။
ဆိုလိုသည်က သံသရာပါမည့် ဒါန၊ သီလ၊ အထူးသဖြင့် ဘာဝနာကိစ္စကိုလုပ်ရန်၊ အခြားသော ဗာဟီရကိစ္စများဖြင့် အချိန်မကုန်စေရန် သတိပေးစကားဖြစ်ကြောင်း လူတိုင်းသဘောပေါက်နိုင်သည်။ သို့သော် ယနေ့ခေတ် မစ်ရှင်နရီများကတော့ ဒီလိုစကားမျိုး လူထုထဲပြောဖို့ ရှောင်ကြဉ်ကြရပြီဖြစ်သည်။ ဘာသာရေး အဆုံးအမအရ မှန်သော်လည်း လူကြားထဲပြောသင့်၊ မပြောသင့်ကိုကား စဉ်းစားစရာ ရှိလာပြီဖြစ်ပေသည်။ မြန်မာလူထုကို မြန်မာလိုပြောလျှင်တော့ ပြဿနာကြီးကြီးကျယ်ကျယ် မရှိနိုင်။ သို့သော် အခြားယဉ်ကျေးမှု ရှိသော သူများကိုပြောလျှင်တော့ “အတ္တကြီးလှပါလား” ဟူသော မှတ်ချက်ရနိုင်ပေသည်။
ဘာသာရေးအရ မှန်သော်လည်း အင်္ဂလိပ်နှင့် အခြားဘာသာစကားများဖြင့် မပြောသင့်သော အချက် များစွာရှိသည်။
ဥပမာ။ ။ ကာမေသု မိစ္ဆာစာရကြောင့် မိန်းမဖြစ်ရသည်။
နိုင်ငံခြားသားများထဲ၌လုံးဝမပြောသင့်သောစကားဖြစ်သည်။အမျိုးသမီးများကို စော်ကားသလို ဖြစ်နေသည်။အမျိုးသမီးများအားလုံးအိမ်ထောင်ရေးဖောက်ပြန်ခဲ့ကြသူများဟုအဓိပ္ပါယ် ရောက်သွား တော့သည်။ မြန်မာဆရာတော်နှင့် မြန်မာအမျိုးသမီးထုကတော့ ဘာမှမထူးဆန်းသလို နားထောင် လိုက်ကြပေလိမ့်မည်။ သို့သော် အင်တာနေရှင်နယ်ထဲဝင်လျှင်တော့ ဒုက္ခကောင်းကောင်း ရောက်နိုင်သော အယူအဆဖြစ်သည်။
နောက် ဥပမာတစ်ခုကို ထပ်ကြည့်ပါ။
နှမြောခြင်း၊ မပေးလှူခြင်း၊ သူတပါးပစ္စည်းကို ခိုးယူခြင်းကြောင့် ယခုဘဝမှာ ဆင်းရဲမွဲတေရသည်။
ဤစကားကျတော့ အဆင်ပြေသည်။ နှမြောခြင်း၊ ခိုးယူခြင်းစသည်တို့ကြောင့် မွဲတေရခြင်း၌ လူတန်းစားခွဲမထားပေ။ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ဆင်းရဲသူက ဆင်းရဲ၍ ချမ်းသာသူက ချမ်းသာကြသည်။
မုသာဝါဒ၏ အကျိုးဆက်ကိုပြရာ၌လည်း သမီးမိန်းကလေးများကြီး မွေးဖွားခြင်းပါလာပြန်သည်။ အလွန်အဆင်မပြေသော ကိစ္စများဖြစ်သည်။
နေ့စဉ်သုံးစကားများ၌ပင် မှန်သော်လည်း လူကြားထဲပြော၍မသင့်သော စကားများရှိသည်။ ထိုစကားမျိုးကို နှစ်ဦးချင်း (သို့ ) လူနည်းစုမျက်နှာခြင်း ဆိုင်၍သာ ပြောကြ ရသည်။ နှစ်ဦးသားပြောရမည့် စကား အပြင်ရောက်သောအခါ မလိုအပ်သော အဓိပ္ပါယ်ထွက်သွားတော့သည်။
မူရင်းကို ပြန်သွားပါမည်။ “ဘာပဲလုပ်လုပ်၊ ကိုယ့်အတွက်ကျန်အောင်လုပ်” ဟူသော စကားမျိုးက နှစ်ဦးချင်း လက်သိပ်ထိုး ပြောရမည့်စကားမျိုးသာဖြစ်သည်။ ဘုရားစကားပြန်ပြောတာပဲ၊ ဘာဂရုစိုက် နေရဦးမှာလည်း ဟု ဆိုရန်တော့ရှိသည်။ သို့သော် ဘုရားရှင်၏ ဒေသနာများ ကပင် နှစ်ဦးချင်းပြောသော ၊ ဟောသောဒေ သနာနှင့် လူထုကို ပြောသော၊ ဟောသောဒေသနာဟု နှစ်မျိုးကွဲနေသည်။
လူထုကိုဟောရာ၌ “သတ္တာနံ ဟိတာယ၊ သုခါယ” စသော ယေဘုယျဆန်ဆန် စကားမျိုးကို ရှေ့တန်းတင် ၍ ဟောတော်မူသည်။ သတ္တဝါတို့အကျိုးစီးပွါးအတွက်ဟု အဓိပ္ပါယ်ရသည်။ လူထုကို ဟောသော ၊ ပြောသော ပတ်ဗလစ်ဒေသနာ( Public Talk) ၌ “လုပ်ကြ၊ ကိုယ့်အတွက်ကျန်အောင် လုပ်ကြ” ဟု ဆိုလျှင် အဓိပ္ပါယ်မရှိတော့။ မစ်ရှင်နရီစကား မဟုတ်တော့ပေ။ စဉ်းစားကြည့်ကြစေချင်ပါသည်။ စကားမမှား၊ နေရာမှားခြင်းပင် ဖြစ်သည်။
သုတ္တာန်ဒေသနာတော်တော်များများသည် ပရိုက်ဗိတ်ဒေသနာများ ဖြစ်ကြသည်။ တနည်းဆိုရသော် တစ်ဦးတစ်ယောက်၏ အမေးကို မျက်နှာခြင်းဆိုင်ဖြေသော ဒိုင်ယာလော့များဖြစ်သည်။ သေသေချာချာ ကြည့်လျှင် အဖြေများ အနည်းငယ်ကွဲလွဲနေသည်။ အကြောင်းက နာခံယူသူ၏ အနေအထားနှင့် စိတ်နေစရိုက်၊ ပါရမီအနုအရင့်တို့ကြောင့် ဖြစ်သည်။
အထင်ရှားဆုံးသော ပရိုက်ဗိတ်ဒေသနာကား အရှင်အာနန္ဒာနှင့် ဘုရားရှင်တို့ကြားက အမျိုးသမီးနှင့် ပတ်သက်သော စကားများဖြစ်သည်။ အမျိုးသမီးများနှင့် ဆက်ဆံရေးနှင့်ပတ်သက်၍ မည်သို့သဘောထား ရမည်နည်းဟု အရှင်အာနန္ဒာကမေးရာ- “ အ ဒဿနေ ” ဟု ဖြေသည်။ မကြည့်နဲ့ဟု ဖြစ်သည်။ နှစ်ပါး တည်း မေး၊ ဖြေ နေ၍သာ အဆင်ပြေသည်။ လူကြားထဲမှာ “ရဟန်းတို့၊ အမျိုးသမီးတွေကို မကြည့်ကြနဲ့” ဟုဆိုလျှင် အလွန်အဆင်မပြေသော ဒေသနာဖြစ်သွားပေလိမ့်မည်။
ဒုတိယအမှာက “ အ နာလာပေါ” စကားမပြောနဲ့ဟု ဖြစ်သည်။
ဤပထမ၊ ဒုတိယအမှာတို့က အမှန်ပင် ပရိုက်ဘိတ်ဒေသနာများဖြစ်သည်။ လူကြားထဲပြော၍ပင် မသင့်ပါ။ မမှန်၍ကား မဟုတ်၊ မပြောသင့်ခြင်းသာ ဖြစ်သည်။
တတိယအမှာကတော့ ပတ်ဘလစ်ဖြစ်သွားသည်။
“သတိတရားနဲ့ ဆက်ဆံ” ဟု ဖြစ်လေသည်။ ဤစကားကတော့ ဘယ်မှာပဲပြောပြော အဆင်ပြေသည်။ ဘုရားရှင်၏ ဒေသနာအားလုံးကို စုပေါင်း၍ ပိဋကတ်တွင်သွင်း၊ သင်္ဂါယနာတင်ခဲ့ရာ လူထုကိုဟောသော တရား၊ တစ်ဦးတစ်ယောက်စီကို ဖြေတော်မူသောစကားများလည်း ရောနှောသွားလေတော့သည်။ ယခုဆွေးနွေးခဲ့သော စကားများသည် အင်္ဂလိပ်စသော ဘာသာစကားနှင့်ပြောတော့မည်ဆိုလျှင် လုံးဝလူထုကို မပြောသင့်သော စကားများ ဖြစ်သည်။
သုံးသပ်ကြည့်ကြပါ။
“Just mind only your business and your profits”
( ကိုယ့်အတွက် ကျန်အောင်လုပ်၊ ကိုယ့်ကိစ္စကိုယ် ရှေ့ထား)
“You committed sexual misconducts in your previous lives. So you are woman now.”
( ကာမေသု မိစ္ဆာစာရကံကြောင့် သင်အမျိုးသမီးဖြစ်နေရသည်)
“You have daughters but no son. The cause was you were telling lies in your previous lives.”
(သင်တို့ သားယောင်္ကျားလေးမရခြင်းက အတိတ်က လိမ်ညာခဲ့ခြင်းကြောင့် ဖြစ်သည်။)
“Don’t look at women, Arnanda. Don’t talk or communicate with them.”
( အာနန္ဒာ၊ အမျိုးသမီးတွေကို ကြည့်လည်းမကြည့်နဲ့၊ စကားလည်း မပြောနဲ့)
တရားဟောဆရာတစ်ပါးက မှတ်ချက်ပြုဖူးသည်။ ဤအတိုင်းသာဆိုလျှင် ဘုရားမှာပင် ဖိုးဘီယား ဖြစ်နေသည်ဟု စွပ်စွဲခံရကိန်းရှိ၏ဟု ဖြစ်သည်။
ဒေသနာတော်များကို ပတ်ဘလစ်ဒေသနာလား၊ ပရိုက်ဘိတ်ဒေသနာလားဟုတော့ ခွဲခြားထားရန် လိုပါလိမ့်မည်။
“ဘာလုပ်လုပ်၊ ကိုယ့်အတွက် ကျန်အောင်လုပ်” ဟူသည် တစ်ဦးချင်းစီပြောရာတွင် ဘာသာရေး အဆုံးအမဖြစ်ပြီး ပတ်ဘလစ်တွင် ပြောလျှင် စီးပွါးရေးစကား၊ မားကက်တင်းစကား ဖြစ်သွား တော့သည်။ စီးပွါးရေးသမားများကပင် “စားသုံးသူအတွက်” စသည် သုံးစွဲနေကြသည်ကို ဆင်ခြင်တော် မူကြပါကုန်။