“လူတော်လူကောင်းများရောက်သွားလျှင် ငရဲပြည်လည်း တိုးတက်လာနိုင်သည်”

အိမ်ခြံမြေရောင်းဝယ်ရေးလုပ်လိုသူများ ငရဲဘုံ၌ ဝင်းခြံများဝယ်ယူထားရန် အကောင်းဆုံးဟု ဆိုရပေမည်။

ဖြစ်ပုံက ဤသို့တည်း။
ဂျပန်နိုင်ငံ ဘဏ်သူဋ္ဌေးတစ်ယောက်ဖြစ်သော Ryuho Okawa ဆိုသူက သူသည် ဗုဒ္ဓကို ဝင်စားသူဖြစ်ကြောင်း ကြေငြာခဲ့သည်။ သူသာမက သူ့ဇနီးကလည်း အက်ဖရိုဒီတေး (Aphrodite) ကို ဝင်စားသူဟု ဆိုခဲ့ပြန်သည်။

အာရှတိုက်ကား အယုံလွယ်၏။ အထူးသဖြင့် ဂျပန်နှင့် မြန်မာ (သို့) ဘားမားတို့က လူများ ပို၍အယုံလွယ်၏။ ရှိစေ။ ဤကိစ္စက ရေးလိုသောကိစ္စမဟုတ်။

ဗုဒ္ဓကို လူဝင်စားခဲ့သည်ဟု ကြော်ငြာခဲ့သော ထိုဘဏ်သူဋ္ဌေး အိုကာဝါနှင့် သူ့ဇနီးတို့ အရင်လက ကွာရှင်းခဲ့ကြသည်ဟု သိရပြန်သည်။ သို့ဆိုသော် ထိုအိုကာဝါသည် လူပျိုလူလွတ်ဖြစ်နေပြန်သည်။ ဤကိစ္စကလည်း ရေးလိုသောအကြောင်းမဟုတ်။

အဓိကရေးလိုသောအကြောင်းကား အိုကာဝါ၏ ပြန်လည်ပြောပြခြင်း ဇာတ်လမ်းများသာဖြစ်၏။ သူ့အဆိုအရ-

၁။ ဆရာကြီး ဗီသိုဗင် (Beethoven) သည် ဘုရားအလောင်းတို့ စံပျော်ရာ ကောင်းကင်ဘုံ၏ ခုနှစ်ခုမြောက်သော ဘုံ၌စံမြန်းနေ၏။
၂။ ကံမကောင်း အကြောင်းမလှဟု ဆိုရပေမည်။ ရီဗော်လူးရှင်း သီအိုရီ၏ဖခင်ကြီး ချား(စ်) ဒါဝင်ခမျာမှာတော့ အလွန်နက်သော ငရဲ (Abysmal Hell) မှာ ကျရောက်ခံစားနေရသည်။
၃။ ဒါဝင်ကမှ တော်သေးသည်ဟု ဆိုရပေမည်။ သူ့ထက် အခြေအနေပို၍ဆိုးဝါးသော ပုဂ္ဂိုလ်ကား ဂရိတ်ဖလော်ဆော်ဖာ ဖရက်ဒရစ်(ခ်) နစ်ရှေး (Frederic Neitzche) ဖြစ်ပေ၏။ သူ့ခမျာကား အောက်ဆုံးငရဲ၌ (Deepest Hell) ချိုးကပ်နေရသည်ဟု ဆိုလေ၏။

မစ္စတာ ဒါဝင်နှင့် မစ္စတာ နစ်ရှေးတို့ ဘာ့ကြောင့်ငရဲဘုံ၌ ခံစားနေကြရသည်ဟူ၍ကား ရှင်းပြထားမှုမရှိပေ။ နောက်တောက်တောက် မစ္စတာ ဂျင်း(မ်) ကတော့ နစ်ရှေးက “ဂေါ့ဒ် အစ်ဇ် ဒက်(ဒ်)” ဟုဆိုခဲ့သောကြောင့် ဖြစ်ဟန်တူကြောင်း မှတ်ချက်ပေးထားသည်။

ဂျပန်၌ပင်ဖြစ်၏။ လွန်ခဲ့သော အနှစ် (၂၀) ခန့်က ပန်းကန်ပြားပျံဘာသာ တော်တော်ရေပန်းစားခဲ့သေး၏။ UFO- ဟုခေါ်သည်။ ထိုဘာသာခေါင်းဆောင်က ဆွစ်ဇာလန်နိုင်ငံသား(ထင်သည်) ဖြစ်ပြီး သူ့နာမည်ကို မမှတ်မိတော့။ သူ၏အဆိုအရ သူသည် ပန်းကန်ပြားပျံမှ ဆင်းလာသော ဂြိုလ်သားနှစ်ယောက်နှင့် တွေ့ခဲ့ရကြောင်း၊ သူ့ကို ဤကမ္ဘာ၏ တမန်တော်အဖြစ် အခြားဂြိုလ်ကမ္ဘာခေါင်းဆောင်များက ရွေးချယ်ထားကြကြောင်းဆို၏။ ဤကမ္ဘာမှ လူသားများ၏ အသိဥာဏ်သည် အခြားဂြိုလ်များက ပုဂ္ဂိုလ်များနှင့်နှိုင်းယှဉ်က များစွာနိမ့်ပါးနေကြကြောင်း၊ ထို့ကြောင့် လူသားများ၏ အသိဥာဏ်မျှလောက်ဖြင့် အခြားဂြိုလ်ကမ္ဘာမှာ ရပ်တည်နိုင်မည်မဟုတ်ကြောင်း ဆိုပြန်၏။

သူ့အဆိုအရ ဗုဒ္ဓ၊ ဂျီးဇက်ခရိုက်စ်၊ မိုဟာမက်တို့သည်လည်း ထိုဂြိုလ်က စေလွှတ်ခြင်းခံရသော တမန်တော်များသာဖြစ်ပြီး တာဝန်ပြီးဆုံးသောအခါ ထိုဂြိုလ်က ပြန်လည်ခေါ်ယူထားသည်။ ယခုအခါ သူတို့သုံးဦးသည် ထိုဂြိုလ်ကမ္ဘာ၌ ပျော်ပျော်ပါးပါး ရှိနေကြသည်ဟု ဆိုလေ၏။

ယနေ့တော့ ယင်းပန်းကန်ပြားပျံဘာသာအကြောင်း မကြားရတော့။
ဆိုးတော့ မဆိုးပေ။ သူ့အဆိုအရ ငရဲကျနေသော ဘာသာရေးခေါင်းဆောင်မရှိ။

နောက်ဘာသာရေး အစွန်းရောက် အယူအဆပေါ်လာပြန်သည်။ ထိုယုံကြည်မှုအရ ထာဝရဘုရားကို မယုံကြည်သူတိုင်း ငရဲကိုကျရောက်ကြရ၏။ ထို့ကြောင့် ရှေးဦးစွာ ဂေါတမဗုဒ္ဓကိုယ်တိုင် ငရဲရောက်နေသည်ဟု ဆိုကြပြန်၏။ ဗုဒ္ဓသာမကပါ၊ ထိုဝါဒကို လုံးဝအယုံအကြည်မရှိသော သိပ္ပံဖခင်ကြီး အိုင်းစတိုင်းခမျာမှာလည်း ငရဲရောက်ခဲ့ရပြန်၏။

အတွေးအခေါ်ပညာရှင် နစ်ရှေး၊ ဗာထရန် ရပ်ဆဲလ်။
စာရေးဆရာ ဂျော့(ခ်ျ) ဘားနတ်ရှော။
အီဗော်လူရှင်းဆရာကြီး ဒါဝင်နှင့်တကွ သိပ္ပံပညာရှင်တော်တော်များများ ငရဲရောက်နေကြသည်ဟု ပြောဆိုလာကြကုန်၏။

ထိုအခါ စကားခပ်ဆတ်ဆတ်ပြောတတ်သော စာရေးဆရာတစ်ယောက်က ဤသို့ မှတ်ချက်ချ ရေးသားဖူး၏။

“ကောင်းကင်ဘုံပင် ဖြစ်လင့်ကစား ဂေါတမဗုဒ္ဓလို၊ အိုင်းစတိုင်းလို၊ ဘာထရန်ရပ်ဆဲလ်လို၊ ဂျော့ခ်ျ ဘားနတ်ရှောလို၊ ချား(စ်) ဒါဝင်လို လူတော်လူကောင်းများ မရှိဘူးဆိုလျှင် အသိပညာများ နိမ့်ပါးကာ အလွန်မနှစ်မြို့ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်သွားနိုင်သည်။ ထို့အတူ ငရဲပင်ဖြစ်သော်လည်း အထက်ပါပုဂ္ဂိုလ်များ ရှိနေမည်ဆိုလျှင် အသိဉာဏ်များ လင်းလက်ကာ နေချင့်စဖွယ် ဘုံဌာနတစ်ခု ဖြစ်သွားနိုင်သည်။ ကျွန်ုပ် ဘယ်ဘုံကို သွားချင်ပါသလဲဟုမေးပါက ဂေါတမဗုဒ္ဓတို့၊ အိုင်းစတိုင်းတို့ရှိနေသော ငရဲကို သွားလိုပါသည်” ဟု သရော်သံစွက်စွက်ဖြင့် ခပ်နာနာနှက်ခဲ့လေသည်။

ထို့ကြောင့် ယနေ့ခေတ်၏ လူသားအရင်းအမြစ် မူဝါဒကိုကြည့်ကာ အထက်ပါအဆိုတို့ကို ထောက်ဆရင်း ကွန်ကလူးရှင်း ဆွဲလိုက်မိခြင်းဖြစ်ပါ၏။ ဘာသာရေးပုတ်ခတ်လိုသော စကားတို့ဖြင့် မည်သူငရဲရောက်နေသည်ဟုဆိုစေ၊ ဤမျှတော်သော ပုဂ္ဂိုလ်များ ရောက်ရှိသွားမည်ဆိုလျှင် ငရဲပြည်လည်း တိုးတက်လာမှာမလွဲပေ။ လူတော်လူကောင်းများ နေထိုင်သောနေရာသည် တိုးတက်လာမည်မုချ မဟုတ်ပါလော။

ထိုထိုပုဂ္ဂိုလ်တို့၏ စကားများမှန်လျှင် စကြာဝဠာတစ်ခုလုံး ပါဝါရှစ်ဖ် (Shift) ဖြစ်တော့မည့်သဘော ရှိနေသည်။ ငရဲပြည်သည် အမှန်တကယ် တိုးတက်လာမည့်နေရာဖြစ်ပြီး အိမ်ယာမြေဈေးများ တဟုန်ထိုး ထိုးတက်လာစရာသာရှိတော့သည်။ ကောင်းကင်ဘုံက မြေကိုရောင်း၍ ငရဲဘုံ၌ ဝယ်ထားသင့်၏။

စိတ်ကူးမလွဲကြပါလေနှင့်။

ဘာသာရေးစွပ်စွဲမှုများ ကင်းရှင်းကြပါစေ။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment