:) ဂျူး ဟောလီးဒေး (:

တစ်ခါက အဒေါဖ် ဟစ်တလာ ဟာ ဗေဒင်ဆရာဆီကို ဗေဒင် သွားမေးတယ်။
"ဘယ်နေ့ ကျနော် သေရမှာလဲ ဆရာ"
"ဂျူး တွေရဲ့ ဟောလီးဒေး နေ့ မှာ သေရမှာပါ"

"ခင်ဗျားဟာက သေချာလှပါလား၊ ဂျူး ဟောလီးဒေးမှာ သေရမယ်လို့"
"ဒီလိုပါ၊ ခင်ဗျား ဘယ်နေ့ပဲ သေသေ အဲဒီနေ့ဟာ ဂျူး တွေရဲ့ ဟောလီးဒေး ပါ"


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

ကွမ်တန်၊ ဖီးစစ် ဒိုက်ယက်

ခေတ်မီတဲ့မြို့တိုင်းက အရွယ်ရောက်တဲ့ အမျိုးသမီးတစ်ဝက်ဟာ (အမြဲတမ်း) ဝိတ်ချနေကြတယ်လို့ သူငယ်ချင်းတစ်ယောက်ကပြောတော့ တစ်ဝက်လောက်ပဲလား၊ ငါအံ့သြလို့မဆုံးဘူးလို့ ပြန်ပြောမိတယ်။

ကျွန်တော်နဲ့ ညနေစာစားနေကြ ရှီလာက ဒီစကားကို လက်မခံဘူး။ “တော်တော်လှတဲ့ ကွန်မန့်ပဲ၊ နင်သိအောင် ငါပြောထားမယ်၊ အခု ငါဝိတ်ချနေတာ မဟုတ်ဘူးလို့” သူမက ပြောတယ်။ တစ်နှစ်ပတ်လုံး ဝိတ်ချနေပြီး အခုမှ ဝိတ်ချနေတာမဟုတ်ဘူးလို့ သူမကပြောတယ်။ ပြောမှတော့ရမယ်၊ စားပွဲထိုးနှစ်ယောက်ဝိုင်းပြီး သယ်လာရတဲ့ ချိ(စ်)ကိတ်ကို သူမစားနေတာ ထက်ဝက်ပဲ ကုန်သေးတယ်။ သူမဘာလုပ်ရမလဲဆိုတာ ကြိတ်ပြီးအကြံထုတ်နေတာကို ကျွန်တော် ခံစားလို့ရတယ်။

အချိုပွဲမစားဘဲရပ်ပြီး ကျွန်တော်နဲ့ ပြိုင်ငြင်းမလား။
ဝိတ်ကျစေတဲ့ လမ်းညွှန်ချက်တွေကို မေ့ထားပြီး ချိ(စ်) ကိတ် ဆက်စားမလားဆိုတာလေ။
သူဘာမှ မပြောတော့ဘူး။ ချိ(စ်)ကိတ် ဆက်စားနေတယ်။

တကယ်ဆို သူမပြောတာ မှန်ပါတယ်။ ဒီခေတ်ကြီးထဲမှာ အမျိုးသမီးတွေတင် မဟုတ်ဘူး၊ အမျိုးသားတွေပါ ဝိတ်ချနေကြတယ်။ စက်ချုပ်သမားဆိုင်ကိုမသွားခင် လွန်ခဲ့တဲ့ (၁၈) လလောက်က ကျွန်တော်လည်း ဝိတ်ချကြည့်ခဲ့ဖူးပါတယ်။ ကျွန်တော့် ဝိတ်ချပုံက ဒီလိုပါ။

ပထမနေ့။ ။ ကိုယ်အလေးချိန် ချိန်ကြည့်။ ဘုရား….ဘုရား၊ ပေါင်ချိန်တွေ တသက်မှာ အမြင့်ဆုံးကို ရောက်နေပါလား။ ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်လိုက်တယ်။
ဘရိတ်ဖတ်။ ။ ကော်ဖီတစ်ခွက်၊ နို့ သကြား လုံးဝမပါ။
မနက်ပိုင်း ဘရိတ်။ ။ ယောဂတ် တစ်ခွက်။
လန့်(ခ်ျ)။ ။ အသီးအရွက်နဲ့ အရည်မပါတဲ့ ငါးတစ်ပွဲ။
နေ့လည်စာ။ ။ စနက်(ခ်) ၊ ပန်းသီးတစ်လုံး။
ဒင်းနား။ ။ ကြက်သားကြော်၊ ဖရန့် (စ်) ဖရိုင်းကိုတော့ ထည့်မတွက်တော့ဘူး။ ကလေးတွေ ပန်းကန်ပြားထဲက ယူစားလို့။
အချိုပွဲ။ ။ ငှက်ပျောသီးတစ်လုံး၊ ချောကလက်တစ်ခုကိုလည်း ရေတွက်လို့မရဘူး။ အမှောင်ထဲမှာ စားတာဆိုတော့ ကယ်လိုရီဓာတ်မပါလို့။

ဒုတိယနေ့။ ။ မနက်ပိုင်း ကိုယ်အလေးချိန် ချိန်။ လုံးဝ ဝိတ်မကျ၊ စိတ်ပျက်။
ဘရိတ်ဖတ်(စ်)။ ။ ကော်ဖီတစ်ခွက်။ သကြားမပါ၊ နို့ အနည်းငယ်။
မနက်ခင်း ဘရိတ်(ခ်)။ ။ ယောဂတ် နှစ်ခွက်။
လန့်(ခ်ျ)။ ။ ဆလပ်အချို့နဲ့ ငါးကြော်။
နေ့လည်စာ။ ။ စနက်(ခ်)၊ လိမ္မော်သီးတစ်လုံး၊ ကွတ်ကီတစ်ထုတ်။ စားတာ ဘယ်သူမှ မမြင်လို့ ရေတွက်တဲ့အထဲတော့ မပါဘူး။
ဒင်းနား။ ။ ဆလပ်နဲ့ ဆော်လမွန်ငါး။ ဆော့(စ်) နဲ့ စားခဲ့တဲ့ အာလူးကင်ကိုတော့ ပန်းကန်တွေဆေးရင်း မတ်တပ်ပဲစားခဲ့ရလို့ မရေတွက်တော့ဘူး။
အချိုပွဲ။ ။ ဒုတိယနေ့ကို အောင်မြင်စွာဖြတ်သန်းနိုင်လို့ ကိုယ့်ကိုကိုယ် ဂုဏ်ပြုတဲ့အနေနဲ့ ချောကလက်တစ်တောင့်။
ဆပ်ပါး။ ။ ရေခဲမုန့်ခပ်ကြီးကြီး တစ်ပွဲ ရေခဲသေတ္တာထဲကယူပြီး အမြန်စား။

တတိယနေ့။ ။ ပေါင်ချိန်ကြည့်။ တစ်ကီလို တက်လာတာတွေ့ရ။ ဘယ်လိုဖြစ်တာလဲ။
ဘရိတ်ဖတ်(စ်)။ ။ ယောဂတ်အသေး ရှစ်ခွက်။ နွားနို့ သကြားသုံးဇွန်းနဲ့ ကော်ဖီသုံးခွက်။
မနက်ပိုင်း ဘရိတ်(ခ်)။ ။ ချောကလက်နှစ်တောင့်၊ ကပူချီနိုတစ်ခွက်။ ခံတွင်းမရှင်းလို့ နောက်ထပ် ကပူချီနိုတစ်ခွက် ထပ်သောက်။
လန့်(ခ်ျ) ။ ။ အသီးအရွက်နည်းနည်းနဲ့ ဝက်သားဘာဘီကျူး။
နေ့လည်စာ။ ။ စနက်(ခ်)၊ ပန်းသီး၊ ချောကလက်နှစ်တောင့်။
ဒင်းနား။ ။ စူပါဆိုက် ပစ်ဇာတစ်ခု။
အချိုပွဲ။ ။ ၁.၅ ကီလိုရှိတဲ့ ချိ(စ်)ကိတ်တစ်လုံး။

စတုတ္ထနေ့။ ။ ပေါင်ချိန်။ ဘုရား….ဘုရား။ နှစ်ကီလို ထပ်တိုး၊ ဒါနဲ့ ဒေါသတကြီး မိတ်ဆွေဆီ အီးမေးပို့။ “မင်းနည်းက မစွံပါဘူး။ ဘာသာရေးဆန်ဆန် သုံးရက်တိတိ ငါကြိုးစားပြီးပြီ၊ ဘာမှဖြစ်မလာဘူး” လို့ အပြစ်တင်။

ဘာပဲပြောပြော ဝိတ်ချနည်းတွေဟာ သဘာဝဖြစ်စဉ်အရကို အောင်မြင်ဖို့ လမ်းမမြင်ပါဘူး။ အထူးသဖြင့်တော့ တစ်လမ်းသွား ဝိတ်ချနည်း (One-way-Dieting) ဥပဒေသပေါ့။

အချိုပွဲဆယ်ခါ မစားပဲနေခြင်းအားဖြင့် တစ်ကီလိုဝိတ်ကျနိုင်တယ်။
အချိုပွဲတစ်ပွဲစားရင် နှစ်ကီလိုဝိတ်တက်တယ်။
ဒီပြဿနာက ကွမ်တန်ဖီးစစ်နဲ့မှ ရှင်းပြလို့ရတယ်။

ဒါပေမယ့် ယောက်ျားတွေနဲ့ မိန်းမတွေကြားမှာ အငြင်းပွါးစရာမလိုတဲ့ ခြားနားချက်တစ်ခုရှိတယ်လို့ ရှီလာကပြောပြပါတယ်။

“အမျိုးသမီးတွေက သူတို့တကယ်ရှိတဲ့ ကိုယ်အလေးချိန်ထက် ပိုလေးတယ်လို့ ထင်တတ်ကြပြီး ယောက်ျားတွေကတော့ သူတို့အမှန်ရှိတဲ့ ကိုယ်အလေးချိန်ထက် ပိုလျော့တယ်လို့ ထင်တတ်ကြတယ်” တဲ့။ ဒါကို ကျွန်တော် ထောက်ခံပါတယ်။

“ငါသိတဲ့ အမျိုးသမီးတိုင်း ဝိတ်ချကြတယ်။ ပိန်ကပ်ကပ်မိန်းမလေးတွေ အပါအဝင်ပဲ။ ယောက်ျားတွေကတော့ သူတို့ဘီယာဗိုက်ကြီးကိုပဲ မာဆယ်တွေ တက်လာတာလို့ ပြောတတ်ကြတယ်” လို့။ ပြောရင်း ကျွန်တော့်ဗိုက်ကို ပုတ်လိုက်တော့ လှုပ်နေတဲ့ဗိုက်ကြီးရပ်အောင် စက္ကန့်အတော်ကြာ အချိန်ယူရတယ်။ သတင်းကောင်းကတော့ “Hunger-free” အာမခံချက်တစ်ခုနဲ့ လန့်(ခ်ျ) အဆုံးသတ်လိုက်ကြတယ်။ ဘာမှလုပ်စရာမလိုဘဲ ပုံမှန်ဖြစ်သွားစေနိုင်တဲ့ နည်းကိုပေးလိုက်တယ်။

“နော်ရု(Nauru) လို့ခေါ်တဲ့ တောင်ပစိဖိတ်ကျွန်းကိုသွားနေ။ အဲဒီကျွန်းက အရွယ်ရောက်သူ ၉၄.၅ ရာခိုင်နှုံးက အိုဗာဝိတ်တွေ၊ အဲဒီကိုရောက်ရင် နင်ပိစိကွေးလေးဖြစ်သွားမယ်”

ပြောလည်းပြောလိုက်ရော နောက်ဆုံးလက်ကျန် ချိ(စ်) အပိုင်းအစတစ်ခု ခေါင်းပေါ်ကို ပျံတက်လာလို့ မနည်းခေါင်းငုံ့လိုက်ရတယ်။

By- Nury Vittachi


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

တာလီဘန်ကို အန်တု တဲ့ အမျိုးသမီး

လွန်ခဲ့တဲ့ ငါးနှစ်က အာဖဂန်နစ်စတန် ထိပ်တန်းစီးပွားရေး အမျိုးသမီး (Ms Syed)ရဲ့ ခင်ပွန်းဖြစ်သူ (Peter Juvenar) အင်္ဂလိပ်လူမျိုးထံ တာလီဘန်က စာတစ်စောင် ပို့ခဲ့တယ်။ စာက အိမ်ထောင် ဦးစီးယောက်ျား တစ်ယောက်က အမျိုးသမီးကို စီးပွားရေး အလုပ်ခိုင်းတာ ရှက်စရာ သိပ်ကောင်းတယ် တဲ့။ တာလီဘန်တွေက သူမကို အလုပ် ဆက်မလုပ်စေဘူး ဆိုရင် ငွေကြေးကို ထောက်ပံ့မယ် လို့တောင် ဆိုထားပါတယ်။

"သူတို့က ကျမအမျိုးသားက ဇနီးကို စီးပွားရေး အလုပ်ခိုင်းပြီး ရလာတဲ့ငွေကို သိမ်းယူတယ်လို့ ပြောကြတယ်၊ ကျမအမျိုးသားမှာလည်း ရှေးဟောင်းပစ္စည်း ရောင်းဝယ်တဲ့ သူ့ကိုယ်ပိုင် စီးပွားရေးရှိပါတယ်" လို့ သူမက ပြောတယ်။

နောက်တစ်နှစ်ကြာတော့ သူမ စီးတဲ့ကားကို အခြားကားပေါ်က လူတစ်စုက သေနတ်တွေနဲ့ပစ်ပြီး ထွက်ပြေးသွားကြတယ်။ ဘယ်သူ့ကိုမှတော့ မထိလိုက်ဘူး။ ဒါပေမယ့် မစ်စ် Syed ကတော့ မဖြုံခဲ့ပါဘူး၊ ၆ နှစ် နဲ့ ၇ နှစ် အရွယ် ကလေးနှစ်ယောက် နဲ့အတူ ဒူဘိုင်းကို ရွှေ့ပြေင်းနေထိုင်လိုက်တယ်။ အဲဒီနောက်အာဖဂန်နစ်စတန် ကိုပြန်ပြီး စီးပွားရေး ဆက်လုပ်နေလိုက်တယ်။

အာဖဂန်နစ်စတန်က အမျိုးသမီးတွေ သူတို့ အခွင့်အရေးတွေ အတွက် တိုက်ပွဲဝင်သင့်ပြီ လို့ ဒေလီမှာ ပြုလုပ်တဲ့ ထိပ်တန်း စီးပွားရေး ပညာရှင်များ ဆွေးနွေးပွဲမှာ ပြောသွားခဲ့တယ်။ နေတိုးစစ်တပ်တွေက ၂၀၁၄ ခုမှာ ရုတ်သိမ်းတော့မှဆိုတော့ အာဖဂန်နစ်စတန် ရဲ့ အနာဂတ်ဟာ မငြိမ် မသက် ပြန်ဖြစ်သွားနိုင်တယ်။ မိန်းကလေးတွေကို ကျောင်းတက်ခွင့်တောင် မပြုတဲ့ တာလီဘန်တို့ ကြီးစိုးတဲ့ခေတ် ပြန်ရောက်မှာကို စိုးရိမ်နေကြရတယ်။

သူမရဲ့ ဟိုတယ်လုပ်ငန်း၊ ကျည်ကာ ကားတွေ ထရပ်ကားတွေနဲ့ အစားအစာ အိတ်စပို့ လုပ်ငန်းတွေဟာ အာဖဂန်နစ်စတန် အနာဂတ်အတွက် အားရစရာ အချက် တစ်ချက်ပါဘဲ။ သုမ ကြွယ်ဝလာမှုနဲ့ ကျော်ကြားလာမှုဟာ အမျိုးသမီး အခွင့်အရေး လုံးဝ ဖိနှိပ်ခံထားရတဲ့ အာဖဂန်နစ်စတန် လူထုထဲမှာတော့ ပြောစမှတ် တစ်ခုဖြစ်နေပါပြီ။ သူမ မိသားစုဟာ သူမ ၇ နှစ် သမီးဘဝက ပါကစ္စတန်ကို ရွှေ့ပြောင်းပြီး သူမ ၁၄ နှစ် အရွယ်မှာ အာဖဂန်နစ်စတန်ကို ပြန်လည် ခြေခြခဲ့ကြတယ်။ သူမက ဒေါက်တာ ဖြစ်ပြီး စီးပွားရေး လုပ်ချင်ခဲ့ပါသတဲ့။

အာဖဂန်နစ်စတန်ကို သတင်းထောက်တွေ ပြုံလာတော့ ဒေါ်လာငါးရာ တစ်ချိန်က မူဂျာဟေဒင်ဖြစ်ဖူးတဲ့ ဖခင်ရဲ့ အကူအညီနဲ့ ကိုယ်ပိုင် စီးပွားရေး စတင်ခဲ့တယ်။ ၁၉၉၀ ခုနှစ်တွေမှာ အိမ်ခန်းကို ပရိဘောဂအသစ်တွေနဲ့ ပြင်ဆင်ပြီး အနောက် ဂျာနယ်လစ်တွေကို ငှားထားခဲ့တယ်၊ အဲဒီမှာ သူမ ခင်ပွန်းဖြစ်လာမယ့် Peter Juvenar နဲ့ တွေ့ခဲ့တာပါပဲ။ ဒီနောက် ၁၆ နှစ်အတွင်း ကဘူးမြို့မှာ ဟော်တယ်ထောင်တယ်၊ ခရီးသွား အေဂျင်စီ ဖွင့်တယ်၊ အိပ်ယာနဲ့ ပရိဘောဂဆိုင် ဖွင့်တယ်။ စီးပွားရေး ကောင်းလာတော့ ကျည်လုံ ကားတွေ၊ ထရပ်တွေနဲ့ အင်ပို့ လုပ်ငန်းတွေ လုပ်နိုင်လာတယ်။ ဒါတင်မက စိုက်ပျိုးရေး အတွက် ရေရှားတဲ့ အရပ်တွေမှာ ဆည်းမြောင်း ဆက်သွယ်ရေး စစ်စတန်တွေတောင် ရနေပြီလို့ ဆိုပါတယ်။

အာဖဂန်နစ်စတန်မှာ အမျိုးသမီး တစ်ယောက် အနေနဲ့ စီးပွားရေးလုပ်ဖို့ အခက်အခဲတွေရှိတော့ သူမ စီးပွားရေးတွေကို အမျိုးသား ရဲ့ နာမည်နဲ့ ထားရတာတွေ ရှိပါတယ်၊ အာဖဂန်နစ်စတန်က ယောက်ျား တော်တော်များများဟာ အမျိုးသမီး တစ်ယောက် နဲ့ စီးပွားရေးကိစ္စတွေ မဆွေးနွေလိုကြဘူး။

ယခုတော့ သူမဟာ ဝန်ကြီးတွေနဲ့ လက်ဆုံစားပြီး သမ္မတ ဟာမစ် ကာဇာယီ ရဲ့ အင်တာနေရှင်နယ် ကုန်သည်ကြီးများ အဖွဲ့ထဲမှာ ပါဝင်ပြီး သူမစီးပွားရေးဟာ ပိုလို့ အားကောင်းလာနေပါတော့တယ်။ အာဖဂန် နစ်စတန်မှာတော့ သူမကို အိန်ဂျယ် လို့တောင် ခေါ်ကြပါသတဲ့။ အဖွဲ့ဝင် ၁၂၀၀ ရှိတဲ့ သူမရဲ့ Non-profit National Organization for Afghan Women ကနေ ချေးငွေတွေ ထုတ်ချေးပြီး ကိုယ်ပိုင် စီးပွားရေး လုပ်နိုင်ဖို့ အမျိုးသမီးတွေကို ကူညီနေပါတယ်။ ဒီလိုအောင်မြင်မှုတွေ ရနေစဉ်မှာ စွန့်လွှတ် အနစ်နာခံရမှုတွေကလည်း အများကြီးပါ။ ဒူဘိုင်းမှာရှိတဲ့ သူမရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ဆာနာ နဲ့ ဟီရ တို့ဆီ နှစ်လမှ တစ်ခါသာ တွေ့နိုင်ပါတော့တယ်။

ဆယ်မိနစ်လောက်သာ လမ်းလျှောက်ရတဲ့ အိမ်နဲ့ ဟော်တယ်ကြားမှာ လုံခြုံရေး ၂၁ ယောက်တောင် ထားရှိရပါတယ်၊ ပြီးတော့ သွားလာတိုင်း တစ်လမ်းနဲ့ တစ်လမ်း မတူအောင် သွားလာနေရပါတယ်။ အချိန်မရွေး တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်က ရှိနေတယ် မဟုတ်လား။

ဘဝမှာ လိုတာတွေချည်း ဘယ်တော့မှ မရနိုင်ဘူး၊ ကျမ သမီးလေးတွေဟာ သူတို့ အမေရဲ့ အပွေ့အဖက် နဲ့ နွေးထွေးတဲ့ အနမ်းတွေ လိုအပ်ပါတယ်။ စိတ်မကောင်းပါဘူး၊ တစ်နေ့နေ့မှတော့ ကျမ ဘာကြောင့် ဒါတွေလုပ်နေရတယ်ဆိုတာ သူတိုကို ရှင်းပြရပါလိမ့်မယ် လို့ သူမက ပြောပြသွားခဲ့ ပါတယ်။ ကျည်ဆန်ကြားက ရဲတင်းလှတဲ့ သူမရဲ့ သတ္တိကို မျက်ကွယ်ပြုထားဖို့တော့ မလွယ်လှပါဘူး။


Ref: Taliban didn't scare off this business woman.
By Nirmala Ganapathy.
S.T, Monday, August, 6 2012.


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

အိုလံပစ် ခဲခြစ်

အိုလံပစ် လည်း အရှိန်ကောင်းနေပြီ။ မြန်မာတွေလည်း ဘယ်ရောက်နေတယ် မသိ။ ရှက်စရာတော့ မရှိ။ ဆု မရတဲ့ နိုင်ငံတွေက ဆုရတဲ့ နိုင်ငံတွေထက် ပိုများတယ်။ ရယ်စရာလိုပဲ၊ ရယ်တတ်တဲ့ လူတွေများပြီး ရယ်အောင် ပြောတတ်တဲ့လူက နည်းနည်းလေး။

ဆင်းရဲလို့ မစွံတာလား ဆိုတော့ အီသီယိုပီးယား မာရသွန်သမားတွေက အဓိပ္ပါယ်မရှိ (Non-sense) တဲ့။
စစ်အုပ်ချုပ်မှု အောက် နေခဲ့ရလို့လား ဆိုတော့ မြောက် ကိုရီးယားသားတွေက မဖြစ်...နိုင် (impossible! ) ဘူး တဲ့။
ဗိုက်ကြီးတွေ ရွှဲနေလို့လား ဆိုတော့ တောင်ကိုရီးယား မြား ပစ်သမားက နိုးဝေး ဆိုပြီး သူ့ ဗိုက်ကြီး ပုတ်ပုတ် ပြတယ်။
(Look at my athletic chest)
(ဟုတ်တယ်၊ နည်းတဲ့ ဗိုက်ကြီးမဟုတ်ဘူး၊ အရပ်ကပုပု၊ အသားက မည်းမည်း (ကိုရီးယား အနေနဲ့ပေါ့ )
မြားပစ်ကတော့ စပယ်ရှယ်လစ်)

ကိုရီးယား အမျိုးသမီး မြားပစ်ချန်ပီယံ နာမည်က ပါ့က် တွေ၊ လီတွေ၊ ဟျွန်တွေ မပါဘူး။ ကိုဘေ တဲ့။ ဂျပန်နာမည် လေး။
စင်ကာပူက ချိုင်းနီးစ် မလေး ကြေးတံဆိပ်ရတော့ တချို့က ပျော်ကြတယ်၊ တချို့က ဖောရိန်း တဲလင့် မို့ မပျော်ကြဘူး။
ပျော်တဲ့လူတွေက မပျော်တဲ့ လူတွေကို "ပျော်ကြ၊ အင်္ဂလန်က လှေလှော် ချန်ပီယံ ကောင်လေးက ဂျာမနီမှာ မွေးတာ" တဲ့။ သိပ် မဆိုင်သလိုဘဲ။

အင်္ဂလိပ် ဘောလုံး အသင်းက တောင်ကိုရီးယားကို (သိကြတဲ့ အတိုင်း) ပင်နယ်တီနဲ့ ရှုံးသွားပြီ။ တစ်ချိန်က မြန်မာဘောလုံး အသင်းက တောင်ကိုရီးယားနဲ့ သူတင်ကိုယ်တင်။ ဒီတော့ တောင်ကိုရီးယား အသင်း အင်္ဂလိပ် ဘောလုံး အသင်းကို နိုင်တယ်ဆိုရင် သင်္ချာသဘောအရ မြန်မာလည်း အင်္ဂလိပ်ကို နိုင် လိုက်တာပဲ မဟုတ်လား။

ဂုဏ်ယူတတ်ရင် ယူစရာတွေ အများကြီး။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

စုကြည်အတွက် နှင်းဆီတစ်ပွင့် (By Karel Schwarzenberg)

A rose for Suu Kyi
By Karel Schwarzenberg.
ခံစားပြန်ဆိုသူ - ဇင်ဝေသော်

ကွယ်လွန်လေသူ မစ္စတာ ဗားကလပ်ဗ် ဟာဘယ် (Vaclav Havel) ရဲ့ချက်နိုင်ငံ ဒီမိုကရေစီ အကူး အပြောင်း အခက်အခဲ သင်္ခန်းစာတွေကိုဟာ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အကူး အပြောင်းမှာ အစစ်အမှန် တန်ဖိုးတွေ ပေးထားနိုင်ပါလိမ့်မယ်။ ချက် သမ္မတဟောင်းဟာ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အကူး အပြောင်းကာလ အမြန်ဆုံး ရောက်ရှိလာဖို့ စိတ်အားသန်သန် စောင့်စားနေမိကြောင်း နဲ့ ဖြစ်နိုင်မယ်ဆိုရင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နှင်းဆီတစ်ပွင့် လူချင်းတွေ့ပြီး ပေးလိုက်လိုကြောင်း ဝါရှင်တန် ပို့စ်မှာဒီလို ရေးခဲ့ဖူးတယ်။

"I wish for her that those changes will happen as soon as possible, and that my silly idea -to hand her a rose -becomes a simple and easy thing to do."

"အပြောင်းအလဲတွေ အမြန်ဆုံးဖြစ်လာဖို့ ဆုတောင်းပေးပါတယ်၊ ဒါ အပြင် ကျနော့်ရဲ့ ခပ်ကြောင်ကြောင် အိပ်မက်ကတော့ သူမကို နှင်းဆီတစ်ပွင့် လက်ဆောင် ပေးချင်တာပါ" လို့ သူရေးခဲ့တယ်။

မြန်မာပြည်အထိ ခရီးသွားဖို့ သူ့ ကျန်းမာရေးက ခွင့်မပြုခဲ့ဘူး။ ဒါပေမယ့် သူမ လွတ်မြောက်လာတဲ့ ၂၀၁၀ ခု မှာတော့ သူတို့ချင်း ဖုန်း အဆက်အသွယ်တွေ ရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ လူ့ အခွင့်အရေး အတွက် တစိုက်မတ်မတ် အားပေးခဲ့တဲ့ မစ္စတာ ဗားကလပ်ဗ်ကို ကျေးဇူး အများကြီးတင်ကြောင်း ဒ်ါအောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

သူ သေဆုံးတော့ သူ့ဈာပန က နှင်းဆီတွေကို သူ့မိတ်ဆွေတွေက စုစည်းပြီး ပညာရှင်တွေရဲ့ အကူအညီနဲ့ နှင်းဆီတွေ ကြာရှည်ခံအောင် စီမံခဲ့ကြတယ်၊ အဲဒါ သွားလေသူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပါ။

မြန်မာနိုင်ငံရဲ့ လတ်တလော ပြောင်းလဲမှုတွေကြောင့် နေပြည်တော်ကို ကျနော်ရောက်ခဲ့တယ်။ သမ္မတ ဦးသိန်းစိန် နဲ့ သူ့ ထိပ်တန်း အရာရှိတွေကို တွေ့ခဲ့တယ်။ သူတို့ အစီအစဉ်တွေကို ပြောပြကြတယ်။ သူတို့ ပွင့်လင်း ရိုးသားမှုကို တကယ် အံ့ဩမိပါတယ်။

ဒီ အပြောင်းအလဲတွေအတွက်ချက်နိုင်ငံရဲ့ ပြောင်းလဲလာပုံကိုလည်း သူတို့ စိတ်ဝင်စားကြတယ်။ မြန်မာအစိုးရဟာ လူးမျိုးစု လက်နက်ကိုင် တော်တော် များများနဲ့ ငြိမ်းခြမ်းရေး ယူခဲ့တယ်။ နှစ် ၆၀ ကြာ ကရင် လက်နက်ကိုင်အဖွဲ့နဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ ခြေလှမ်းပြင်နေတယ်။ ကချင်တွေနဲ့ မပြေလည်သေးဘူး။ ရခိုင်ပြည်နယ်ကလည်း မငြိမ်းသေးဘူး။ ထောင်ထဲမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေဆဲပဲ။

သမ္မတ ဦးသိန်းစိန် နဲ့ သူ့ အစိုးရ က ပြောင်းလဲရေးကို စိတ်အားထက်သန်သလို ဒီလို ပြောင်းလဲမှုတွေလုပ်ဆောင်ရာမှာ အခက်အခဲတွေ အများကြီးဆိုတာ သဘောပေါက်ထားဖို့ လိုပါတယ်။ နှစ်ပေါင်း ၄၀ ပြည်နှင်ဒဏ်ခံခဲ့ရပြီး ကိုယ့်နိုင်ငံကို ပြန်ရောက်တော့ မြင်မိတဲ့ မွေးရပ်မြေရဲ့ ပုံသဏ္ဍာန်ကို ပြန်ပြောင်း သတိရမိတယ်။ အဆောက်အဦ တွေက အိုမြင်း၊ မြို့က ဖရိုဖရဲ၊ အက်စစ်မိုးတွေကြောင့် သစ်တောတွေတောင် စိမ်းစိမ်းစိုစို မရှိနိုင်ဘူး။

တစ်နိုင်ငံလုံး ကျနော် ပတ်ကြည့် ပြီးတဲ့နောက် ကျနော့် အစီရင်ခံစာကို သမ္မတဟောင်း ဗားကလပ်ဗ် ဟာဘယ်က တောင်းပါတယ်။ ပြီးတော့ "မင်းက နိုင်ငံနဲ့ အကြာကြီး ဝေးနေတာကိုး။ အဆောက်အဦတွေ ပိုင်ရှင်မှန်တွေပြန်ရအောင်လုပ်ပြီး ဒါတွေ ပုံမှန် ပြန်ဖြစ်အောင် လုပ်ရမယ်၊ ပါဝါ ပလန့် တွေ တည်ဆောက်၊ သစ်တောတွေကို ရှင်းလင်းပြီး အရင်လို စိမ်းစိုအောင် ပြန်လုပ်ရမယ်၊ မြို့တော်ကိုလည်း ပြန်လည် တည်ဆောက်ရမယ်။ ဒါပေမယ် ပျက်စီးသွားတဲ့ တို့ လူမျိုးတွေရဲ့ စိတ်ဓာတ်ကို ပြန်လည် တည်ဆောက်ရမယ့် တာဝန်က ဒါတွေထက် အချိန် အကြာကြီး ပိုလိုလိမ့်မယ်"

ဒီလိုပါပဲ။ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ တရားဥပဒေ စိုးမိုးမှု စတဲ့ အယူအဆတွေကို အဝေးကွာဆုံး တောထဲက နောက်ဆုံးလက်နက်ကိုင် စစ်ဗိုလ်တစ်ယောက် လက်ခံလာဖို့ ဆိုတာအချိန်တွေ အများကြီး လိုပါတယ်။ ဒီ အကူးအပြောင်း ကာလမှာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ကျနော်တို့က အကူအညီ ပေးနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ အတွေ့အကြုံတွေဟာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ ကူးပြောင်းရေး အတွက် အကောင်းဆုံး အကူအညီတွေ ဖြစ်မှာပါ။

မြန်မာပြည် ရောက်ခိုက် လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ၊ လူမှုဝန်ထမ်းတွေ၊ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်စုကြည် နဲ့ တွေ့ခဲ့ပါတယ်။ ဖန်ပုလင်းထဲမှာ ထည့်ထားတဲ့ နှင်းဆီလက်ဆောင် ဒေါ်စုကို ပေးခဲ့နိုင်လို့ သွားလေသူ သမ္မတကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ ရဲ့ ချန်ပီယံကြီး နှစ်ယောက်ကြားမှာ ဆက်ဆံရေး တံတားလေး ဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပြီးတော့ ဒါဟာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ ကူးပြောင်းနေတဲ့ မြန်မာပြည်အတွက် ချက် သမ္မတနိုင်ငံ တစ် နိုင်ငံလုံးရဲ့ လက်ဆောင်ပါပဲ။

ကျနော်တို့ တွေ့ဆုံစဉ်မှာ မစ္စတာ ဟာဘယ်လ် ချမှတ်ထားခဲ့တဲ့ လမ်းစဉ်တွေကို လိုက်ကြဖို့၊ မစ္စတာ ဟာဘယ်လ် ရေးသားခဲ့တဲ့ စာအုပ်တွေ၊ နိုင်ငံရေး အကူးအေပြောင်း လက်စွဲ တွေ ရွးချယ်ပြီး ဘာသာပြန်ကြဖို့ နဲ့ မီဒီယာနဲ့ လူမှုရေး ခေါင်းဆောင်ပိုင်တွေကို စနစ်တကျ လေ့ကျင့်ပေးကြဖို့ ဒေါ်စုကြည်က အားပေးစကား ပြောခဲ့ပါတယ်။

"အာဏာရှင်တွေနဲ့ အမှန်တကယ် ရင်ဆိုင်ခဲ့ရတဲ့ အခြား နိုင်ငံတွေ အကြောင်း ဖတ်ရ လေ့လာရတာဟာ သိပ် သဘောကျစရာ ကောင်းပါတယ်။ သူတို့ တော်တော် များများဟာ အစိုးရနဲ့ တစ်သက်လုံး သဘောထား ကွဲလွဲခဲ့သူတွေပါ၊ သူတို့ အသိအားပြိုင်မှုက ဘယ်လို အစိုးရကိုမဆို ကွက်ရှင်ထုတ်ဖို့ အဆင်သင့်ဖြစ်နေကြတယ်လို့ ကျမ ထင်ပါတယ်"
လို့ ၁၉၉၈ ခုက သူမ ရေးခဲ့တဲ့ ချက်နိုင်ငံ နဲ့ ကျမတို့ ဆောင်းပါးထဲမှာ ရေးထားခဲ့ပါတယ်။ (Czechs and Us)

ကျနော်တို့ အတွေ့အကြုံ အရ မြန်မာရဲ့ ဒီမိုကရေစီ အကူးအပြောင်းဟာ ညှိနှိုင်းဆွေးနွေးမှုတွေ အများကြီး လိုတယ်ဆိုတာ သိရပါတယ်။ ဒီအတွက် စွန့်စားမှု နဲ့ အခွင့်အရေး၊ သည်းခံမှု နဲ့ အလျော့အတင်းရှိမှု၊ ဒါတွေ ညီမျှနေဖို့လိုပါတယ်။

ဒါကို ပြတ်ပြတ်သားသာ ဆုံးဖြတ်ရမှာကတော့ သူတို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အပြင် ကမ္ဘာကတော့ မြန်မာ့ ခေါင်းဆောင်ပိုင်းတွေကိုသာ လေ့လာ အကဲခတ်လို့ ရမှာပါ။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ အမှန်တကယ် ပြုပြင် ပြောင်လဲမှု ဖြစ်အောင် တစိုက် မတ်မတ် တွန်းအားပေးနေကြရမယ်၊ ဒီလိုမဟုတ်ရင် နှစ်ပေါင်းများစွာ သို့ ဆယ်စု နှစ်များစွာ သမိုင်း တစ်ပတ် ပြန်လည်သွားနိုင်ပါတယ်။

မြန်မာ နိုင်ငံဟာ စစ်မှန်တဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေး တကယ် လိုအပ်နေပါတယ်။ ရင်းနှီးမြှပ်နှံမှုတွေလည်း အရေးတကြီး လိုအပ်နေပါတယ်။ ဒီ ရင်းနှီးမြှပ်နှံမှုတွေကလည်း သယံဇာတကို အမြတ်ထုတ်လိုမှု သက်သက်သာ မဟုတ်ဘဲ အနာဂတ် လူငယ်တွေ အတွက် အကျိုးရှိတာတွေ တောင်သူလယ်သမားတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လေးလေးစားစားနဲ့ လုပ်ဆောင်ကြတာတွေ ဖြစ်နေဖို့ လိုအပ်ပါတယ်။

လူထုကြီးရဲ့ အသက်မွေးဝမ်းကြောင်းမှု အဆင့်အတန်းကို မြှင့်တင်ပေးမယ့် အလုပ် အကိုင် အခွင့်အရေး ကို မပေးနိုင်တဲ့ ဘယ်လို ဒီမိုကရေစီ မှ ဆက်လက် ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာလူထုကြီးနဲ့ အတူ ကျနော်တို့ အားလုံးလည်း ကျနော်တို့ ယုံကြည်မှုတွေကို ဖွင့်ပြောပြနိုင်ကြပါတယ်။ ဒါကို ဒေါ်စု စကားကို ပြန်ကိုးကားရမယ်ဆိုရင်

"ပြောင်းလဲဖို့ အကြောင်း ပြောနေရုံနဲ့ အလုပ် မဖြစ်ဘူး၊ ပြောင်းလဲမှု တကယ် ဖြစ်နေစေရမယ်"
(To talk about change is not enough. Change must happen.")

The Washington Post.
The writer is Deputy Prime Minister of the Czech Republic.
He was president of the International Helsinki Federation for Human Rights from 1984 to 1991 and was chief of staff to Mr Vaclav Havel from 1990 to 1992.


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.