မေး ။ ။ အခု မစ္စတာလီ ပြောနေတာတွေက မစ္စတာလီကြုံတွေ့ခဲ့ရသလို ကြုံတွေ့ခွင့်မရတဲ့ နောက်မျိုးဆက်သစ် လူငယ်တွေက အဓိပ္ပါယ်အကောက်လွဲသွားမှာကို မစိုးရိမ်ဘူးလား။ မစ္စတာလီက မွတ်ဆလင်တွေ၊ မလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဒါကြောင့် ဘယ်လိုဆက်ဆံ ကိုယ်တွယ်ရမယ်ဆိုတာကို သိတယ်။ ဒီလို ပြောတာတွေကိုကြားပြီး မွတ်ဆလင်တွေအပေါ် အလွန်အမင်း လက်တုံ့ပြန်မှုတွေရော ဖြစ်မလာနိုင်ဘူးလား။
ဖြေ ။ ။ ငါတော့ မထင်ပါဘူး။ ဆိုလိုတာက သူတို့ငါနဲ့တွဲပြီး အလုပ်လုပ်ခဲ့ကြဘူးတယ်။ ဂိုချောက်ထောင် ၁၅- နှစ်လောက် ငါနဲ့တွဲပြီး အလုပ်လုပ်ခဲ့တယ်။ သူအနားမယူခင်အထိပေါ့။ မလေးခေါင်းဆောင်တွေနဲ့ စည်းဝေးတိုင်း သူတက်တယ်။ လီရှန်လွန်းမှာလည်း မလေးမိတ်ဆွေ သူငယ်ချင်းတွေရှိတယ်။ ကလေးဘဝကတည်းက မဲဆန္ဒနယ်တွေကို ငါနဲ့အတူ လိုက်ခဲ့တာ။ သူတို့ မခံနိုင်တဲ့ကိစ္စမျိုးတွေကို သူသဘောပေါက်တယ်။ သူ့နေရာကို ဘယ်သူပဲဆက်ခံ ဆက်ခံ၊ အဲဒီလူက ပါလီမန်ထဲမှာကတည်းက မလေးတွေနဲ့ ဆက်ဆံရ၊ မဲဆန္ဒနယ်တွေသွားရင်း လေ့လာခွင့်ရဖြစ်မှာပဲ။ ဘယ်သူမဆို ဒီပေါ်လစီကို လက်ခံသွားမှာပဲ။
မခံမရပ်နိုင်စရာဖြစ်လာမယ်လို့ ငါတော့မထင်မိဘူး။ ငါတို့ရဲ့ ပထမဆုံး အရေးကြီးတဲ့ ပေါ်လစီက လူမျိုးပေါင်းစုံ ညီညီညွတ်ညွတ်နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် တည်ထောင်ယူရမယ်။ သည်းခံမှုတွေ အများကြီးလိုတယ်ဆိုတာ စင်ကာပူးရီးယန်းတိုင်း သဘောပေါက်တယ်။ အဲဒါ ငါတို့ဘဝပဲ။ ဂျူးဘာသာဝင်တွေ၊ ခရစ်ယန်တွေ၊ မွတ်ဆလင်တွေ၊ ဇိုဂို စထရီးယန်းတွေ၊ ဗုဒ္ဓဘာသာတွေ၊ တာအိုဘာသာဝင်တွေ၊ အားလုံးပေါင်းစည်းနေကြရတဲ့ ဘဝတွေပဲ။ SAF အတွက် ဆုတောင်းတာတွေကို ကြည့်။ ဘာသာတရားတိုင်း ပါဝင်တယ်။ ကိုယ့်ယုံကြည်မှု ကိုယ်နဲ့အတူရှိမှ တိုက်ပွဲမှာ ရဲရင့်တော့မပေါ့။ သေသွားတယ်ဆိုရင်တောင် ဘာသာရေးယုံကြည်မှုနဲ့ဆိုတော့ ကောင်းတာပေါ့။
မေး ။ ။ စင်ကာပူးရီးယန်း မွတ်ဆလင်တွေအပေါ် မစ္စတာလီ ဘယ်လောက်ယုံကြည်ထားပါသလဲ။
ဖြေ ။ ။ ငါပြောနိုင်တာက အင်္ဂလိပ်စကားပြောတဲ့ မလေးဖြစ်လေလေ၊ အကြမ်းဖက်မှု ရာခိုင်နှုံး စင်ကာပူမှာ နည်းလေလေလို့ ထင်တယ်။ အခု မလေးကျောင်းသားတွေရဲ့ ပထမဘာသာစကားက အင်္ဂလိပ်ဖြစ်လာတယ်။ သူတို့ အင်တာနက်ပေါ်တက်တော့လည်း အင်္ဂလိပ်လို ရေးထားတာတွေကို သူတို့ဖတ်ကြတယ်။ ဒီသုတေသနကို မူလတန်းဝင်ခွင်မှာကတည်းက ပြုလုပ်ခဲ့ကြတာ။ မလေးကလေးတွေဟာ ပိုပြီး အင်္ဂလိပ်စကား ပြောလာကြတယ်။ အဲဒီအရွယ်မှာ ကလေးတစ်ယောက်က အင်္ဂလိပ်လို ပြောနိုင်တယ်ဆိုရင် သူတို့မိဘတွေဟာ ပညာတတ်တွေလို့ သဘောပေါက်ထားလို့ရတယ်။ သူတို့ ကလေးတွေကိုလည်း လူတောထဲမှာ ထဲထဲဝင်ဝင် ရှိစေချင်ကြတယ်။ ဒီအစီအစဉ်က စနစ်တကျလေး ပြောင်းလဲလာနေတယ်။ သူတို့ကို မလေးဘာသာစကားကနေ အင်္ဂလိပ်ဘာသာစကားကို ပြောင်းပေးပြီး ပိုကျယ်တဲ့လောကကြီးထဲကို တိုးဝင်ခိုင်းထားတယ်။
မေး ။ ။ စင်ကာပူမှာရှိတဲ့ မလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာမှု၊ လူထုထဲမှာ အင်္ဂလိပ်စကား ပိုမိုကျယ်ပြန့်စွာ ပြောဆိုလာမှု၊ ဒါတွေကိုကြည့်ရင် မစ္စတာလီအမြင်မှာ ကျေနပ်စရာတွေ ဖြစ်နေတယ်လို့ ပြောရင်ရမလား။
ဖြေ ။ ။ ဒီလူငယ်ထုက ကြီးလာမှာပဲ။ ဒါပေမယ့် လူနည်းစု ဂျီးဟတ်တွေလည်း ရှိနေနိုင်တာပဲ။ သူတို့ကို ပျောက်သွားအောင် ငါတို့မလုပ်နိုင်ဘူး။ လူနည်းစုလေးပေမယ့် လူ့အဖွဲ့အစည်းတစ်ခုလုံးမှာရှိနေတဲ့ ဟာမိုနီတွေ ပျက်စီးသွားအောင် လုပ်နိုင်တယ်။
မေး ။ ။ ဒီပြင် ဘာသာတရားတွေဖက်ကို လှည့်ကြဦးစို့လား။ တစ်ချို့ပြောနေကြတာတွေ ရှိတယ်။ ခရစ်ယာန်ဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ဘာသာရေးစည်းရုံးမှုတွေ တော်တော်လုပ်နေကြတယ်တဲ့။ ခရစ်ယာန်ဘာသာက ပိုပြီးအသံကျယ်ကျယ်ထွက်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ မစ္စတာလီ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ခရစ်ယာန်မစ်ရှင်နရီတွေရဲ့ လှုပ်ရှားမှုက ကျောင်းတွေမှာ ၁၉၇၀- ခုတွေကတည်းက စ နေတာပါ။ ငါ့မြေးမလေးဆိုရင် ဘာသာအပြောင်းခံလိုက်ရတယ်။ ငါ့မြေးကတော့ မပြောင်းဘူး။ သူမကို ဘယ်လိုပြောင်းအောင် လုပ်လိုက်ကြသလဲ ငါမသိဘူး။ Hwa Chong ကို မရောက်ခင် သူက ရပ်ဖဲ(လ်) မိန်းကလေးကျောင်းကို တက်ခဲ့တာ။ အခု သူက ဘာသာရေး တော်တော်ကြီး လိုက်စားနေတာ။ Cross လည်း ဝတ်တယ်။ တနင်္ဂနွေနေ့တိုင်း ချာ့(ခ်ျ) ကျောင်း သွားတယ်။ ဘိုက်ဘယ်(လ်) ဖတ်တယ်။
မေး ။ ။ ခရစ်ယာန်တွေက လူတွေစုပြီး စင်ကာပူမှာ ကာစီနိုခွင့်ပြုတာဟာ ဘာသာရေးနဲ့ မညီညွတ်ဘူး ဘာညာပြောနေကြတယ်။
ဖြေ ။ ။ သူတို့ ဗုံးကိုခါးမှာပတ်ပြီး လူကြားထဲတော့ မဖောက်ခွဲကြပါဘူး။ ဒါမျိုး သူတို့စလုပ်ရင်တော့ တားမြစ်ရမှာပေါ့။ မစ်ရှင်နရီတွေကိုပါ တားမြစ်ရမယ်။ ဒါ ဥပဒေပဲ။
မေး ။ ။ ခရစ်ယာန်ဘာသာ မဟုတ်ကြတဲ့ လူတွေထဲမှာ စိုးရိမ်နေကြတာ တစ်ခုရှိတယ်။ ပါလီမန်အမတ်တွေထဲမှာ ခရစ်ယာန်အမတ်တွေက တော်တော်များတယ်။ ပြီးတော့ သူတို့နဲ့ ပညာရေးလိုင်းနဲ့ကလည်း ဆက်စပ်နေတဲ့ပုံရတယ်တဲ့။ ပညာတတ် စင်ကာပူးရီးယန်းတွေ ခရစ်ယာန်ဖြစ်တာ ပိုများလာကြတယ်။
ဖြေ ။ ။ ခရစ်ယာန်ဘာသာ ပြောင်းလဲခံယူမှု ကျယ်ပြန့်လာတာက ဗုဒ္ဓဘာသာ၊ တာအိုဘာသာနဲ့ ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်တဲ့စနစ်တွေကြောင့် ဖြစ်လာရတာ။ အနောက်တိုင်း ပညာတတ်တွေက ဒါကို ဘာသာရေးလို့ မထင်ကြဘူး။ ကိုရီးယားမှာလည်း ဒီအတိုင်းဖြစ်နေတာပဲ။ ပညာတတ် ကိုရီးယန်းတွေက ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာနဲ့ ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်တဲ့စနစ်ကို စွန့်ပစ်ကြတယ်။ အဲဒါ အယူသည်းမှုတွေလို့ သူတို့က ပြောကြတယ်။ သူတို့ ယုံကြည်တာက ဒီစင်္ကြာဝဠာထဲမှာ ဖန်ဆင်းရှင်၊ တန်ခိုးရှင် ရှိတယ်ဆိုတာပဲ။
ထိုင်ဝမ်မှာလည်း တိုးတက်လာတာနဲ့အမျှ ဘာသာတရားအသစ်လည်း သူတို့ရလိုက်ကြတယ်။ ဒါတွေက စီးပွါးရေးနဲ့ လူမှုရေး အပြောင်းအလဲတွေရှိရင် ဖြစ်တတ်တာပဲ။ တိုးတက်မှုနှုန်းမြန်တဲ့ နိုင်ငံတွေမှာ ဘာသာရေးရွေ့လျားမှု ဘယ်လိုဖြစ်သလဲဆိုတာသိရအောင် တို့ဆီကလူတွေကို ကိုရီးယား၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့ကို လွှတ်ပေးကြတယ်။ ထိုင်ဝမ်မှာတော့ Temple အသစ်တွေ အများကြီး တိုးလာတယ်။
ခရစ်ယာန်ချာ့(ခ်ျ) ကျောင်းတွေက မင်္ဂလာဆောင်တဲ့အခါ၊ ကလေးမွေးတဲ့အခါ၊ ဈာပနတွေမှာ ဘာသာရေးဝတ်ပြုပွဲတွေ လုပ်ပေးကြတယ်။ ဒါတွေက လူ့ဘဝရဲ့ အရေးအကြီးဆုံး အချိန်သုံးချိန်ပဲလေ။ ဗုဒ္ဓဘာသာမှာက ဒါမျိုး Baptism မရှိဘူး။ တရုတ်လူမျိုးက မင်္ဂလာဆောင်တယ်ဆိုရင် လက်ဖက်ရည်အခမ်းအနားရှိမှာပေါ့။ အနောက်ယဉ်ကျေးမှုမှာ ဒါလောက်နဲ့ တရားမဝင်သေးဘူး။ တရားဝင် မှတ်ပုံတင်လုပ်ယူရတယ်။ ဒီအမျိုးသမီး၊ အမျိုးသားကို လက်ခံပါသလား။ တစ်ယောက်ယောက်က ကန့်ကွက်လိုပါလျှင် ထ၍ကန့်ကွက်နိုင်ပါသည်- စတာတွေ ချာ့(ခ်ျ) ကျောင်းက မေးတယ်။ အဲဒီနောက်မှ ကတိကဝတ်ပြုကြရတယ်။ မကျန်းမာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သက်ဆုံးတိုင် ပေါင်းသင်းသွားပါမည်- စတာတွေ ရွတ်ဆိုရတယ်။ ဒါတွေက စိတ်ဓာတ်ခွန်အားတွေ အများကြီးရတယ်။
သေဆုံးသွားပြန်တော့လည်း တရားဟောဆရာက နောက်ဆုံးဘာသာရေးဝတ်ပြုပွဲ လာလုပ်ပေးတယ်။ Hon Swi Sen (ဘဏ္ဍာရေးဝန်ကြီးဟောင်း) က ကက်သလစ်စစ်စစ်ကြီး။ သူ့ဇနီးလည်း အတူတူပဲ။ သူ့ဇနီးက သူသေရင် သူ့အမျိုးသားနဲ့ ပေါင်းဆုံရမယ်ဆိုတာ ခိုင်ခိုင်မာမာကြီး ယုံကြည်တာ။ ယုံကြည်တော့ စိတ်ဓာတ်ခွန်အားရတာပေါ့။
ငါကတော့ ဒါတွေကို မယုံဘူး။ လက်တွေ့ကျတာတွေကိုပဲ ယုံယုံကြည်ကြည်လုပ်တယ်။ ငါကတော့ ပြင်သစ်စကားပုံလို ဘဝဆိုတာ ဒါပါပဲ။ “ C’ est la vie ” (Life is like that)။
ငါ့အမေဆုံးတယ်။ သူက ခရစ်ယာန်မဟုတ်တော့ ခရစ်ယာန်လိုလည်း မလိုက်ခဲ့။ ဗုဒ္ဓသာသာလိုလည်း မလိုက်ခဲ့ဘူး။ ရိုးရိုးဈာပနလေးပဲ ဖြစ်သွားတယ်။ ငါရော၊ ငါ့ညီအစ်ကိုတွေရော ယူလော်ဂျီ(သေသူ၏ ဂုဏ်ပုဒ်များ ထုတ်ဖော်၊ ချီးကျူးပြောကြားမှု) တော့ ပြောကြတာပေါ့။ ဒါပေမယ့် ခရစ်ယာန်တွေရဲ့ ဂီတဆန်တဲ့ တေးသွားတွေလို အပူတွေ ငြိမ်းမသွားဘူး။ ခရစ်ယာန်တွေက တေးဂီတသံတွေကိုပဲ ရာစုနှစ်တွေနဲ့အညီ လူတွေခံစားလို့ရအောင် ပြောင်းလဲလာကြတာ။ Hon Swi Sen ရဲ့ဈာပနမှာ ခရစ်ယာန်ဘုန်းတော်ကြီးက ဈာပနအခမ်းအနားလေး လုပ်ပေးတယ်။ လူတိုင်း သူ့ဆီက ဝေဖာလေးတွေ ယူကြတယ်။ ငါကတော့ ကိုယ့်ကိုကိုယ် ကက်သလစ်လို့မထင်တော့ မယူပဲနောက်ဆုတ်နေလိုက်တယ်။ ငါကလွဲရင် အားလုံးယူတယ်။ ဘာပဲပြောပြော ကျန်ရစ်သူမိသားစုကိုတော့ တော်တော်စိတ်သက်သာစေတာပဲ။
ငါ့ဇနီးဆုံးပြန်တယ်။ သူက ခရစ်ယာန်မဟုတ်တော့ ဒီပြဿနာက တက်လာပြန်ရော။ ငါကိုယ်တိုင်ရယ်၊ ငါ့သား၊ ငါ့မြေးတွေရယ် ရိုးရိုး ယူလော်ဂျီပဲ ပေးလိုက်ကြတယ်။
ငါ့ဇနီးနဲ့ငါက ကောင်းကင်ဘုံမှာရော၊ အခြားတစ်နေရာမှာပါ ပြန်လည်တွေ့ဆုံစရာ အကြောင်းမမြင်မိပါဘူး။ ခံစားချက်အနေနဲ့ကတော့ ငါတို့အရိုးပြာလေးတွေ တစ်ခုနဲ့တစ်ခု နီးနီးနားနားရှိနေစေချင်တယ်။ ဒါပါပဲ။
မေး ။ ။ ဒါဆို စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ဘယ်ကရသလဲ။
ဖြေ ။ ။ ဒါတော့ မသိဘူး။ လဲကျတိုင်းတော့ ကုန်းထလာနိုင်ခဲ့တာချည်းပဲ။ ဒီလို ပြန်ထနိုင်အောင် တစ်ခုခုက အကူအညီပေးနေတယ်လို့တော့ ထင်တယ်။ ဒါပေမယ့် တန်ခိုးရှင် တစ်ယောက်ယောက်က ကူညီနေတယ်ဆိုတာတော့ ငါ့မယုံဘူး။
ဇင်ဝေသော်