ဆင်သေတစ်ကောင်နှင့် ကျောင်းသား လေးယောက်


ရှေးသရော အခါက ( ရှေးသရော အခါက ဟူသည် ယခု မဟုတ် ဟူလို ) တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခ ဆရာကြီး တစ်ဦးရှိလေသည် ( ဒိသာပါမောက္ခ ဆရာကြီးများ၌ ကိုယ်ပိုင်နာမည် မရှိတတ်၊ ဒိသာပါမောက္ခ ဆရာကြီး ဟုသာ သိရ၏ ) ထို ဒိသာပါမောက္ခ ဆရာကြီး၏ နာမည်ကား အရပ် လေး၊ ရှစ်မျက်နှာတို့၌ အွန်လိုင်း၊ အော့ဖ်လိုင်း ပြန့်နှံ့၏။ ထို့ကြောင့် ထိုဆရာကြီး၏ အထံ၌ ပညာ သင်ကြားနေကြသော ကျောင်းသား လေးယောက် ရှိလေသည်။

( ပုံပြင်ဟောင်းထဲမှ ဒိသာပါမောက္ခ ဆရာကြီးအထံ၌ သုံး ယောက် သာ တွေ့ ရသည် )

ထို ကျောင်းသား လေးယောက်ကား လယ်သမားသား၊ ဗိုလ်ချုပ်သား၊ ဗိုလ် ချုပ်ကြီးသားနှင့် ဗိုလ်ချုပ်မှူးကြီးသားတို့ ဖြစ်ကြလေသည်။ ဆရာကြီးအထံ ပညာသင်ကြားရန် ရောက်လာသောနေ့က

" သင်တို့ ဘယ်လို ပညာများ သင်ကြားလိုပါသလဲ " ဆရာကြီးက မေးရာ

" ပုံပြင်ဟောင်းထဲကအတိုင်း ကျားသေကို အသက်သွင်းသော ပညာကို သင် လိုပါသည် " ဟု ဖြေကြ၏။

" ငါလို ဒိသာပါမောက္ခ ဆရာကြီးထံလာပြီး ကျားသေကို အသက်သွင်းခြင်းကဲ့သို့ သေးနုပ်သော ပညာကို မသင်ကြပါနှင့်၊ ထို့ထက် ကြီးမားသော ပညာကိုသင်ကြပါလေ၊ သင်တို့ သွား၍ တိုင်ပင်ကြပါလေဦး " ဟု ဆရာကြီးက သာသာနှင့် ဝါဝါထု၏။

ထို ကျောင်းသား လေးယောက်တို့ တဖန် အချင်းချင်း တိုင်ပင်နှီးနှြော ပီး နောက်ဆုံး ကျားသေကို အသက်သွင်းခြင်းထက် ပို၍ ကြီးကျယ်သော ဆင်သေကို အသက်သွင်းခြင်း အတတ်ပညာ သင်ယူကြရန် ဆုံးဖြတ် လိုက် ကြ၏။ ဆရားကြီးလည်း နှစ်မြို့သည်ဟု ဆို၏။ သို့သော် ဆင်သေကို အ သက်သွင်းခြင်း အတတ်ပညာအတွက် ကျောင်းသား သုံးယောက်သာလို၏။



ထို့ကြောင့် ဆရာကြီးက လယ်သမားသားကို ထိုပညာနှင့် ပတ်သက်သော အက်ဒီရှင်နယ် အက်ဂျူကေးရှင်း အပိုပညာ သင်ပေးလေ၏။ ထိုလယ်သမားသားက အလွန် လိမ်မာလှသဖြင့် ဆရာကြီးကိုယ် တိုင် နှစ်ထောင်းအားရ ရှိလှ၏။

အတိုချုပ်ဆိုရသော် ပုံပြင်ဟောင်းထဲကအတိုင်း ပညာစုံတတ်မြောက်ပြီး နေရပ်သို့ ပြန်ရန် ဆရာကြီးကို ကန်တော့ကြ၏၊ ဆရာကြီးကဆုပေး၏။ စေတနာကောင်းဖြင့် အသုံးမချလျင် သူသင်ပေး လိုက်သော ပညာများလည်း အစွမ်းထက်မည်မဟုတ်၊ ယနေ့မှစ၍ စိတ်ကောင်းမွေးကြရန် ဆုံးမ အမှာစကားလည်း ပါးလိုက်လေ၏။ထို့အပြင် လယ်သမားသားကို ဆုအဖြစ် သားရေနယ်တစ်ခုလည်း ပေးလိုက်၏။

ကျောင်းသား လေးယောက်တို့ နေပြည်တော်ကို ပြန်ရာ (ယခု နေပြည်တော်နှင့် မလွဲမှားစေလို ) လမ်းခုလပ်၌ အကြံတစ်ခု ရကြ၏။ အကယ်၍ ဆင်သေတစ်ကောင်ကို အသက်သွင်းနိုင်လျင် လမ်းလျောက်စရာ မလို ဆင်စီး၍ လေးယောက်သား ခရီးဆက်နိုင်သည်ဟု ဆိုပြီး ပုံပြင်ဟောင်း ထဲက ပရိုစီဂျာအတိုင်း ( လုပ်ငန်းဆောင်တာ ) အားလုံး ဆောင်ရွက်ကြ၏။

ပြဿနာက ထိုမှတွေ့ရလေတော့သည်။ ဆင် အရိုးများ တကယ် မစစ်၍ လား၊ အရိုးဆက်ပုံ မှား၍လား၊ အသက်သွင်းမန္တာန်ကပဲ ရွတ်ဖတ်ပုံ လွဲ၍ လား၊ ဆရာကြီးစကား အတိုင်း စေတနာကောင်း မရှိ၍လား မသိ ဆင်သေက တုတ်တုတ်မလှုပ် ရှိလေတော့၏။ ကြိုးစားကြ၏။ အဖန်ဖန် အထပ်ထပ် ကြိုးစားကြ၏။ ချွေးဒီးဒီးကျအောင် ကြိုးစားကြ၏။ မရပါလေ။ နောက်ဆုံး လက်လျှော့ကာ ခြေလျင်ခရီးဆက်ရန်သာ ပြင်ဆင်ကြရတော့၏။

ထိုအခါရောက်မှ လယ်သမားသားက ဆရာကြီး ပေးလိုက်သော ပညာနှင့် သားရေနယ်ကို အသုံးချလေတော့သည်။ ( နောက်မှ သိရသည်က ထို သားရေနယ်သည် ရိုးရိုး သားရေနယ် မဟုတ်၊ ဆိတ်သားရေနယ် ဖြစ်၏ )  ရှေ့လူ သုံးယောက် အသက်သွင်း၍မရ မစ်စထရီးယပ်ဖြစ်၍ ထူးဆန်းနား လည်ရခက်လှသော၊( ဤမစ်စထရီးယပ်ကား နာမဝိသေသနုဒ်တည်း၊ အက်ဂျက်တစ်ဟုလည်း ဆိုကြ၏ ) ထိုဆင်သေကို လယ်သမားသားက ဆိတ်သားရေနယ်ဖြင့် မရ အရ ဖုံးအုပ်ရရှာလေတော့သည်။

လုံတော့ မလုံ၊ ဆရာကြီးစကား အတိုင်း တတ်နိုင်သရွေ့ လုံအောင်သာ ရှေ့ မျက်နှာ နောက်ထား ဖုံးအုပ်ပြီး ခရီးဆက်ကြလေတော့သည်။

ထိုအခါမှ စ၍ " ဆင်သေကို ဆိတ်သားရေနဲ့ ဖုံး " ဟူသော မြန်မာစကားပုံ ပေါ်ပေါက်လာခဲ့သည် ဟူသတတ်။


 သီဟနာဒ ( ဦးကိုမောင်ကိုယ်စား၊ ပြုံးစိစိ )

ရိုမက်တစ် သိပ်မဆန်လိုက်ပါနဲ့ ( စိန် ) အောင်မင်း ရယ်


မထူးတော့ပါဘူး စိန်အောင်မင်း ရယ်။
( မတင်ဘူးလို့ ထားတဲ့ ဆောင်းပါးပါ။ အက်ဒမင်က တင်လိုက်တော့ အဆုံးသတ် ပေးလိုက်ရပါတယ် )

အပြည်ပြည်က ဖတ်လို့ရတဲ့ ဘာသာစကား နဲ့ ဇာတ်မင်းသားကြီးရဲ့ စကားကို ဘာသာပြန်တော့...
" We have to be respectful of of China. When our country was in shambles after 1988 and we had nothing to eat, ( food ) was imported from China through
the Muse ( border route ), allowing us to survive. And we have to show gratitude for that."
" We can't afford to have a fight with China. " တဲ့။ သေရော။

တရုတ်ကျွေးထာတာနဲ့ အသက်ရှင်နေခဲ့ရတာ တဲ့။ ဒါတော့ မဟုတ်ပါဘူး။
ဟုတ်မယ်ဆို...
တရုတ်ကျေးဇူးကြောင့် စစ်အစိုးရ အသက်ရှည်ပြီး
တရုတ်ကျေးဇူးကြောင့် ပြည်သူတွေ အသက်တိုခဲ့ရတာပါ ဇာတ်မင်းသားကြီးရာ။

တကယ် ပြည်သူကြား ဖြစ်နေရတာက..
တရုတ်ပြည်ပို့ဖို့ အညာသားတွေ သူတို့ စိုက်တဲ့ပဲ ဆီရွှဲရွှဲ နဲ့ မစားနိုင်တာ။
တရုတ်ပြည်ပို့ဖို့ သရက်ခြံပိုင်ရှင်တွေ သရက်ခြံစောင့်တွေဖြစ်နေရတာပါ။
အလုံးလှလှတွေ တရုတ်တွေဖို့ ခူး၊ ငှက်တွေ ဦးသွားတဲ့ အပဲ့အရွဲ့ ပဲ သူတို့ စား။ အဲဒါ အညာတလွှားက တကယ့် အဖြစ်အပျက်။
ဗြိတိသျှခေတ် ဖောင်စီးရင်း ရေငတ်တဲ့အကြောင်းတွေ သမိုင်းမှာ သင်ခဲ့ရ တယ်။ အခု ပဲစိုက်ရင်း ပဲငတ်၊ သရက်စိုက်ရင်း သရက် ငတ်။
ခက်ရချည့် ဇာတ်မင်းသားကြီးရယ်။ သိပ်လည်း ရိုမက်တစ် ဆန်မပြပါနဲ့။

စင်္ကာပူမှာ ၁၂ လ ပတ်လုံး အသီးမျိုးစုံ ရတယ်။ စင်္ကာပူမှာက ဘာသီးပင်မှ ဟုတ်တိပတ်တိ ရှိတာမဟုတ်ဘူး။
အာရှက၊ အော်ဇီ၊ နယူးဇီလန်က၊ အမေရိက က ပို့ကြတာ။
ခင်ဗျားလို ဆိုရင်တော့ စင်္ကာပူက ကမ္ဘာကို တစ်နေ့ ဦးသုံးကြိမ်ချ မှ ကျေးဇူး ကျေတော့မယ့်သဘော။
မလိုလှပါဘူးဗျာ။ ငွေပေးလို့ အသီးရ။ ဘယ်သူကမှ အလကားမပေးပါဘူး။

ဒီကျေးဇူးတွေကြောင့် သုံးသန်းပဲ ရှိခဲ့တဲ့တဲ့ စင်္ကာပူက တရုတ်ကို ဦးချခဲ့ လို့လား။
မင်းမူနဲ့မင်း၊ ငါ့ မူနဲ့ ငါ။ တရုတ်ကြီး တရုတ်လေး လာမလုပ်နဲ့၊ အဲဒါက ချိုင်း နား၊ ဒါက စင်္ကပူ။
ခေါင်းဆောင်လုပ်မယ့်လူက အဲသလောက်တော့ အရေ ထူရဲမှ ရမယ်လေ။

အစိုးရပဲ ဆုံးဖြတ်စရာရှိရင်တော့ တစ်ခုခု ဆုံးဖြတ်ရမှာပေါ့။ အစိုးရ နဲ့ ပြည်သူ ထပ်တူကျတာကတော့ နည်းပါတယ်။
ဒါပေမယ့် အထက်က အကြောင်းပြချက်မျိုးနဲ့ကတော့ ညံ့လွန်းတယ်။
ဂျပန်၊ ကိုရီယား၊ စင်္ကာပူ။ တရုတ်နဲ့ ပေါင်းပြီး ချမ်းသာလာတာလား။

ဒီမှာ.......
ဂလိုဘယ်စားနပ်ရိက္ခာ ပြဿနာတက်ရင် တရုတ်နဲ့ အိန္ဒိယ က စမယ် လို့ ပညာရှင်တွေ ပြောနေကြတယ်။
တခြားနေရာတွေမှာ ဖြစ်ရင် ရှင်းလို့ရတယ်၊ အဲဒီ တရုတ်နဲ့ အိန္ဒိယ မှာဖြစ်ရင် ကမ္ဘာလည်း ကယ်နိုင်မှာ မဟုတ်။
ဖြစ်ဖို့ အလားအလာကလည်း တရုတ်နဲ့ အိန္ဒိယ မှာ ပိုများသတဲ့  ဇာတ်မင်းသားကြီးရေ။
ကြည့်ပေါင်း၊ မင်သားကြီးလို ရိုမက်တစ် သိပ်မဆန်လိုက်ပါနဲ့။ ။


 ဇင်ဝေသော်

တင်မရတော့တဲ့ စာ


ခေါင်းပေါင်းစ တလူလူနဲ့ အိမ်သာဆေးနေရသူ
ဦးသိန်းစိန် အကြောင်း တစ်ခါ စဉ်းစားရင် ခေါင်းမွှေးတစ်ချောင်း ဖြူတယ်။ ကမ္ဘာ့ ပလိပ် အိုဗားမားက သူ့ စီးပွားရေးနဲ့ သူရွေးတဲ့ အစိုးရနဲ့။ ဂရိက လူပျင်းတွေများလို့ ဆိုကရေးတီး မျက်နှာ ပျက်တာ။ စပိန်တွေက ဘောလုံးပွဲ အကြောင်း၊ NGO အကြာင်းနဲ့ အချိန်ကုန်ပြီး သူတို့ တင်တဲ့ အကြွေး ဂျာမန်တွေ ပေးလိမ့်မယ့်ဆိုပြီး မိုက်နေလို့ မွဲနေတာ။ ဦးသိန်းစိန် က တပ်ပျက် သမ္မတလုပ်။ ကံကောင်းတာလား၊ ကံဆိုးတားလား၊ ကြိုက်သလို ပြောကြ။ အဘ အဆက်ဆက်က အိမ်သာတွေကို သူ ဆေးခွင့်ရနေတယ်။

ကန်ထရိုက် ဖျက်တာဟာ ကတိပျက်တာ။ ကတိမတည်သူနဲ့ ဘယ်သူမှ စီးပွားရေး မလုပ်ချင်ဘူး။ ဒါဆို ဒီကတိတွေကို ဆက်တည်ရမှာလား။ ခက်တာက ဒီကတိတွေက သူပေးခဲ့တာတွေ မဟုတ်ဘူး။

" ရှေ့ကကောင်တွေ ပေးထားတဲ့ ကတိက ငါနဲ့မဆိုင်၊ တူနယ် တုနယ် ဗြောင် " ဆိုပြီး ခေါင်းပေါင်းစထဲ ယပ်တောင်စိုက်ပြီး ကရအောင်လည်း ဒီ သမ္မတက အရူးမဟုတ်။
" ရှေ့က ထောင်ထောင် ထောင်ထောင် လုပ်နေတဲ့ ကောင်တွေကိုပစ်၊ ငါက ငါ့မြေးနဲ့ ကွန်ပျူတာဂိမ်းဆော့နေတာ မပြီးသေးလို့ " အထိလည်း ဒီ သမ္မတက အနှမ်းမဟုတ်။

ဒါဆို ဒီကတိတွေကို ဆက်တည်ရမှာလား။ ဖြစ်ပုံက မြန်မာတို့ နှလုံးသည်းပွတ်က ဗုဒ္ဓဘာသာ။ ဗုဒ္ဓဘာသာရဲ့ လုံးသည်းပွတ်က ရတနာ သုံးပါး။ ရတနာ သုံးပါးမှာ သက်ရှိကျန်နေတာက သမ္မတိ ( အရိယာ ) သံဃာ။ သံဃာရဲ့ လုံးသည်းပွတ်က သိမ်။
သတ္တုက သိမ်ထဲအထိဝင်တူးတော့ လွန်တော့ လွန်ပြီပေါ့။

ကန်ထရိုက်၊ ဟုတ်တယ်။ ဒါက အလုပ်သဘော။ ဒါပေမယ့် အလုပ်ထဲမှာလည်း အက်သစ်တော့ ရှိတာပဲ။ လူကြီးလူကောင်းတွေက လူထု ဆင်စေးတစ် ဖြစ်တဲ့ ဘာသာရေးလိုကိစ္စတွေ ရအောင်ရှောင်တယ်။ အဲဒီလူက ဘာသာတရား ရှိမယ်ဆိုရင်ပေါ့။
အရူးနဲ့ ကွန်မြူနစ်တွေဆီမှာတော့ မရှိဘူး။ ဘစ်စနစ် ထဲက အက်သစ်။

မြစ်ဆုံကို သမ္မတ ဗွီတို နဲ့ ရပ်ခဲ့ပြီးပြီ။ အပြည်ပြည်ဆိုင်ရာက ရင်းနှီးမြှုပ်နှံမယ့် လူတွေ ဒီ ( သတ္ထုတွင်း ) ပွဲအဖြေကို လိုက်ဖ် ရှိုးတစ်ပွဲလို စောင့်ကြည့်နေကြမှာ အသေအချာပဲ။ တစ်ခုသက်သာမှာက ဖြစ်ခဲ့ရင်တောင် တရုတ် မုန်းတီးရေးကြောင့် ဆိုတ့အဖြေ ကြံဖန် ထုတ်လို့ရလိမ့်မယ်။ ကတိပျက်တာက ကောင်းတော့ မကောင်းဘူး။
စဉ်စားလို့ ဉာဏ်မမီတာက သမ္မတရုံး ဝနကြီး ( စိန် ) အောင်မင်းရဲ့ စကား။ ၁၉၈၈ ခု နောက်ပိုင်း -


 ဇင်ဝေသော်

ထောက်ခံပါတယ် ပရော်ဖက်ဆာ


လူသားရဲ့အသိဉာဏ် စွမ်းရည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ခန့်က အထွတ်အထိပ် ကို ရောက်ခဲ့ပြီးပြီမို့ အဲဒီနောက်ပိုင်း လူတွေဟာ ပိုပြီး အူကြောင်ကြောင်နိုင်လာတယ် လို့ ပရော်ဖက်ဆာ Gerald Crabtree က Independent သတင်းစာမှာ ပြောကြားသွားတယ်လို့ သိရပါတယ်။

ဒီ အယူအဆကို အားလုံးက တညီတညွတ်တည်း လက်ခံကြတာတော့ မဟုတ်ကြပါဘူး။ အမေရိကန် သိပ္ပံပညာရှင်တွေကလည်း အထောက် အထားတွေနဲ့ ငြင်းဆိုကြပါတယ်။ ငြင်းမှာပေါ့ ၊ အမေရိကဆိုတာ အဲဒီတုန်းက ရှိမှ မရှိသေးတာ။


ဒါကို သဘောတူသူက မစ္စတာ ဂျင်းမ်ပါ။ သူကလည်း အထောက်အထားေ တွနဲ့ လက်ခံထားပါတယ်။ Connecticut မှာရှိတဲ့ တရုတ် စားသောက်ဆိုင်ကနေ လူမည်းတစ်ယောက် က ကုန်ပစ္စည်းပို့တဲ့ လော်ရီကားကြီး ခိုးယူသွားတယ်။ ကားကို ခိုးပြီးကုန် ပစ္စည်း ပို့ရမယ့် လိပ်စာတွေအတိုင်း အားလုံး လိုက်ပို့ ပြီး ငွေတောင်းနေလို့ ရဲက နောက်တစ်နေရာကနေ သူ့ကို စောင့်ဖမ်း လိုက် ရုံပဲ။ Connecticut ရဲတွေအတွက် အလွယ်ဆုံး ဖမ်းမိလိုက်တဲ့ ကားခိုးမှု ဖြစ် သွားတယ်။ ဟုတ်မှာ ဓာတ်ပုံထဲမှာရဲတွေရဲ့ မျက်နှာတွေကကို ပြုံးစိစိနဲ့ ပဲ။

နောက်ပြီး လေယာဉ်ပေါ်မှာ ဝေတဲ့ မြေပဲလှော် ထုပ် အပေါ်မှာ ရေးထားတဲ့ စာက
" အခွံခွာပြီးမှ စားပါ " တဲ့။ မခွာဘဲ စားသူ ရှိဖူးလို့ဖြစ်မှာ။
ဒါတွေကို ကြည့်ရင် ဖြစ်နိုင်တယ်ပေါ့။

သူက ရယ်စရာပြောပေမယ့် ဗုဒ္ဓဘာသာတွေ အတွက်ကတော့ တကယ် အမှန်တရားပဲ။
ဘီစီ ၆ ရာစုက ဘုရားရှင်ထက် ကောင်းတဲ့ ဦးနှောက် မပေါ်နိုင်တော့ဘူး။
တရုတ်တွေ၊ ဂရိတွေလည်း သဘောတူမှာပဲ။ ကွန်ဖြူးရှပ်တို့၊ လာအိုဇုတို့၊ ဆိုကရေးတီး၊ ပလေတို တို့ သူတို့မှာလည်း ရှိတာပဲ။

မြန်မာတွေလည်း ငြင်းလို့မရပါဘူး။
အေဒီ ၁၁ ရာစုက အနော်ရထာကို ကျော်တဲ့မင်း ရှိကို မရှိတော့ဘူး။ အထူး သဖြင့်တော့ မဆလ၊ နဝတ တို့ပေါ့။
သူ့လက်ထက်က ဘုရားတွေ ပျက်လို့ ပြင်ကြတာပဲ။ မပြင်တဲ့ ဘုရားတွေက အရင်မပျက်ရဘူး၊ ပြင်တဲ့ ဘုရားတွေက အရင် ပျက်နေလို့။

အနော်ရထာမင်းကြီး ဆည်မြောင်းတွေ ဖောက်ခဲ့တာလည်း လူတိုင်းအသိ။
အခု နည်းပညာက သူ့မမီဘူးဖြစ်နေတယ်။ မယုံရင် စစ်ကိုင်းတိုင်း၊ မြင်း မူမြို့နယ်မှာ ရှိတဲ့ လက်ပန်ဆည်ကို သွားကြည့်။
အောက်က ရွာတွေကို ရေပေးဖို့ ဆောက်ထားတဲ့ ဆည်ထဲက ရေတွေက အစိုးရကို ဆန္ဒပြပြီး အထက်ပြန် စီးနေလို့ အောက်က ရွာတွေ ငုတ်တုတ် ထိုင်ပြီး ( မေ့ဖို့ မေ့နေကြလို့ ) ရယ်နေကြရတယ်။
ဖြစ်မှ ဖြစ်ရပလေ။ တော်လိုက်တဲ့ နည်းပညာ။ ခင်ဗျားတို့ ယုံပြီလား။

ကလေးတုန်းက စာကျက်ရင်း မှတ်မိနေတဲ့ ဝါကျလေး နှစ်ကြောင်း ရှိတယ်။
" မီးခိုးများ မိုးပေါ်ထောင်တက်နေလျင် လေငြိမ်သည် ဟု မှတ်ပါ "
" ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည် " တဲ့။

မြန်မာပြည်ရဲ့ အသိဉာဏ် စွမ်းရည်က လွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော်က အထွတ်အထိပ် ကို ရောက်ခဲ့ပြီးပြီ ဆိုတာနဲ့ ပတ်သက်လို့ ..
" လက်ရှိအနော်ရထူတွေ ပို အူ တယ် " ဆိုတဲ့ သာဓက လေးများ ရှိရင် ရှယ်ကြပါဦး။
ပြည်တွင်းက လူတွေမှာ ဒီလို သာဓကတွေ တထောကြီး ရှိမှာပါ။ အနည်းဆုံးတော့ ရယ်ရတာပေါ့။


 ဇင်ဝေသော်

မြန်မာတွေ မခေကြဘူး

စင်္ကာပူ သတင်းစာတွေက သူတို့နိုင်ငံတွင်းမှာ ၂၆ နှစ် ကြာ ဆန္ဒပြ တောင်းဆိုမှုမရှိခဲ့တာ အဆုံးသတ် သွားတဲ့ အကြောင်းတွေ ရေးနေကြလို့ ၂၀၀၇ ခု ရွှေဝါရောင် အရေးအခင်း ကို သွားသတိရမိတယ်။
ဆန္ဒပြ တယ်လို့ တရားဝင် မပြောပေမယ့် ခေါင်းဆောင်သူတွေက ဘယ် သူတွေလည်း ဆိုတာတော့ စင်္ကာပူ ရဲက အသည်းအသန် ထောက်လှမ်းတယ်။

ဒီလိုပါ။ အရေးအခင်းကအရှိန်ကောင်းနေတုန်း စင်္ကာပူက အာစီယံ ထိပ်သီး အစည်းအဝေး လက်ခံကျင်းပတယ်။

မြန်မာကျောင်းသားလေးတွေက ဒီပွဲမှာ ဆန္ဒပြခွင့် မရ အရ ကြိုးစားကြတယ်။
သုံးယောက်တွဲပြီး လမ်းမလျှောက်ရ ဆိုတဲ့ အောချတ် လမ်းမပေါ်မှာ နှစ်ယောက်စီတွဲ လမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြတယ်။

ဥပဒေထဲက ဆိုတော့ ဖမ်းလည်း မရ၊ ဆန္ဒပြနေတာကလည်း အသေအချာ။
စင်္ကာပူရဲတွေတော်တော်ခေါင်းမီးတောက်ခဲ့ရတယ်။ ဥပဒေကို လက် တစ်လုံးခြား လုပ်သွားလို့။

ဒါမျိုး စင်္ကာပူမှာ မဖြစ်ခဲ့ဖူးတော့ ရှက်လည်း တော်တော် ရှက်သွားကြတယ်။
စင်္ကာပူတွင်း အပ်ကျတာက အစ သိတဲ့ ဆရာကြီး လီကွမ်းယု ကတော့ ကလေးတွေကို ချီးကြူးတယ်လို့ ကြားရတယ်။ ဒီကလေးတွေ မဆိုးဘူး ( မလွယ်ဘူး ) တဲ့။

အဲဒီနောက် ထိတဲ့လူ တချို့လည်း ထိသွားတယ်။ တော်တော်များများလည်း သတိပေး ခံလိုက်ရတယ်။

ဘာရယ် မဟုတ်ပါဘူး။ ကွန်မွန်းဆင့်စ် မှာတော့ မြန်မာတွေ မညံ့လှဘူး တွေးမိလို့ပါ။ စင်္ကာပူ မှာ ဒါမျိုးလုပ်ရဲသူတွေ မရှိခဲ့ဘူးလေ။

" မြန်မာတွေ ဖြစ်အောင်သာ မလုပ်နိုင်တာ ဖြစ်သလိုတော့ လုပ်တတ်တယ် " ဆိုတဲ့ စကားလည်းဟုတ်တုတ်တုတ်ပဲ။ ဘဝကကို အဲသလို လေ့ကျင့်ပေးထားတာ ဆိုတော့ လေ။ ။