အရှင်အာနန္ဒာဆိုသည့်
ပုဂ္ဂိုလ်မြတ်ကြီးကို ကောင်ကလေးဟု မည်သူခေါ်ရဲအံ့နည်း။ ရှိ၏။ ခေါ်ရဲသူရှိ၏။
သီဟနာဒမဟုတ်သည်ကတော့
သေချာသည်။
ဧတဒဂ်ငါးတန်ရရှိသည့်
အရှင်မြတ်ဟု အင်္ဂုတ္ထိုရ်ကဆို၏။ သီဟနာဒကမူ အရှင်အာနန္ဒာသည် ဘုရားရှင်ထက်
ဒီမိုကရက်ဖြစ်၏ဟု ဆိုချင်၏။(ဆောင်းပါးရေးပါဦးမည်) ဤအရှင်မပါလျှင် ဘုရားရှင်၏သာသနာ
ပြန့်ပွါးနှုန်း တစ်ဝက်လျှော့နိုင်သည်ဟု ဆိုချင်၏။
အချို့ကား
လက်ခံ၏။ အချို့ကား အရူးဟုပြောကြ၏။
ထားတော့၊
အရှင်အာနန္ဒာကို ကောင်ကလေးဟု ခေါ်ရဲသူကား မြတ်စွာဘုရားကိုယ်တော်တိုင်
ခရီးဦးကြိုခြင်းငှာ အက်(ခ်စ်)ကလူးစစ်(ခ်) ခံယူတော်မူထိုက်ခဲ့သော၊
ဇနီးမောင်နှံကြား ပန်းကုံးလေးထား၍ အိပ်သည်ဟူသော အဖြူရောင်
ရိုမစ်တစ်ဇာတ်လမ်းတစ်ပုဒ်ကို ရေးနိုင်ခဲ့သော အရှင်မဟာကဿပကိုယ်တော်မြတ်ကြီးပင်တည်း။
ထိုမထေရ်ကြီးက
အရှင်အာနန္ဒာကို “ အယံ ကုမာရကော” ဟု ခေါ်၏။ ကုမာရကို boy ဟုဆိုလျှင်၊ ကုမာရကကို
small boy ဟု ဆိုနိုင်သည်။ “ ဒီအာနန္ဒာဆိုသည့် ကောင်ကလေး အကြောင်းအကျိုး၊
အကောင်းအဆိုးကို မသိ” ဟု အရှင်မဟာကဿပ မထေရ်ကြီးက ရေရွတ်တော်မူသည်ဟု ဆို၏။
ထိုစကားကို
ကြားတော်မူရသည့် အရှင်အာနန္ဒာသည် အလွန်ကျေနပ်ပျော်ရွင်သွားသည်ဟု ဆို၏။
ဘုရားရှင်ဆိုသည့်
လောကမီးတိုင်ကြီးငြိမ်း။ မတော်တရော် အယူအဆတစ်ချို့ဖြင့် သာသနာကို အသွင်ပြောင်းရန်
ကြံစည်လာသော ရဟန်းတစ်ပါး(တစ်ချို့လည်း ဖြစ်နိုင်၏)၊ ဤအခက်အခဲကြားမှ ပထမသဂါင်္ယနာကို
ဦးဆောင်တင်ခဲ့ရသော အရှင်အာနန္ဒာကို ရိုသေကြောက်ရွံ့သူများသာ များပေလိမ့်မည်။
အရှင်၏နာမည်ကိုပင် ခေါ်ရဲသူ အတော်ရှားပေလိမ့်မည်။
ထိုအခိုက်
“ ကောင်ကလေး” ဟု အခေါ်ခံရသောအခါ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရ၏။ ငယ်မူငယ်သွေးလက်ရာလေး
ဖြစ်သောကြောင့်တည်း။ ခံစား၍ ရ၏။
မဟာဂန္ဓာရုံဆရာတော်ကြီး
အရှင်ဇနကာဘိဝံသလည်း ဤသို့ ကြုံဖူး၏။
လူတစ်ရပ်မကသော
စာအုပ်များရေးနိုင်ခဲ့သော၊ ရိုးသားသော လိုက်(ဖ်) စတိုင်(လ်)ကြားမှ ဆန်းသစ်သော
အတွေးအခေါ်ဖြင့် ခေါင်းမာမာနှင့် သာသနာကို ချစ်တော်မူခဲ့သော ဆရာတော်ကြီးကို
သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လန့်ကား လန့်ကြသည်။
ထိုအခိုက်
မဟာဂန္ဓာရုံဆရာတော်ကြီးကို “မောင်ဇနက” ဟု ခေါ်သည့် အရှင်ပေါ်လာ၏။ ထိုအရှင်မြတ်ကြီးကား
မဟာဂန္ဓာရုံဆရာတော်၏ ငယ်ဆရာ ပထမ မြောင်းမြဆရာတော်ကြီးပေတည်း။
ဆရာတော်
ဦးဇနကာဘိဝံသလည်း “ မောင်ဇနက” ဆိုသည့် ဝေါဟာရလေးအပေါ် အလွန်ပင်
နှစ်ထောင်းအားရရှိတော်မူလှသည်ဟု ဆို၏။ ဖြစ်လောက်သည်ဟု ခံစား၍ရ၏။
သီဟနာဒ
စင်္ကာပူရောက်လာ၏။ ကံထောက်မမှု ရှိ၏။ အတန်ငယ် နေရာရ၏။ ထိုအခါ သီဟနာဒကို ဆရာတော်ဟု
ခေါ်သူရှိ၏။ အရှင်ဘုရား ခေါ်သူရှိ၏။ ဘုန်းဘုန်း ခေါ်သူရှိ၏။ ဘန္တေခေါ်သူရှိ၏။ ဂုရု
ခေါ်သူရှိ၏။ မာစတာ ခေါ်သူရှိ၏။
လူဟူသည်
သူတို့ခေါ်ချင်သလို ခေါ်ကြ၏။ ခေါ်သင့်သလို ခေါ်ကြ၏။
အချို့ခပ်ငေါ့ငေါ့ပင်
“ဆရာကြီး” “ဂုရုကြီး” ဟုပင် ခေါ်ကြသေး၏။ ဆရာတော်ဟူသော ဝေါဟာရကိုမူ သိပ်မကြိုက်။
အခြား “တော်” ပါသော နာမည်တစ်ခုနှင့် ဆင်နေ၍လော၊ “တော်” ဟူသော ဝေါဟာရနှင့် မိမိ
မထိုက်တန်သောကြောင့်လော-။ မသိ။ ခက်သည်က တရုတ်တစ်ချို့ကပင် “ ဆရာတော်” ဟု ခေါ်စပြုနေပြီ။
မတားအပ်။ မတားချင်။
ထိုအခိုက်
ဒကာမတစ်ယောက်က-
“
ဦးဇင်း” ဟု ခေါ်၏။ တော်တော် ပျော်သွား၏။ ဤနာမည်ကို လွမ်းသည်။
သီဟနာဒကို
ဦးဇင်းခေါ်သူများသည်။ အများအားဖြင့် မိသားစုနှင့် ရွာမှ တပည့်ရဟန်းများသာ
ဖြစ်ကြသည်။ အမေ၊ အစ်မတို့က “ ဦးဇင်း” ဟုပင် ခေါ်၏။ သီဟနာဒဟူသည်
ဘာကောင်ဖြစ်သည်။ ညာကောင်ဖြစ်သည်။ ဘာကောင်၊ ညာကောင်မှ မဟုတ်ဖြစ်သည်။ မည်သို့ဖြစ်စေ
သူတို့ကတော့
“ဦးဇင်း” ပင်ဖြစ်၏။
မတူရာကို နှိုင်းအံ့။
“
ကောင်ကလေး” ဟု အခေါ်ခံရသော အရှင်အာနန္ဒာ၊
“
မောင်ဇနက” ဟု အခေါ်ခံရသော မဟာဂန္ဓာရုံဆရာတော်တို့ကဲ့သို့
“
ဦးဇင်း” ဟု အခေါ်ခံလိုက်ရသော သီဟနာဒလည်း ပျော်သွားသည်။ ရွာကို သတိရသည်။ မန္တလေးကို
သတိရသည်။ ယင်း ဒကာမသည် မန္တလေးသူဖြစ်သည်။ သူမအနေဖြင့် ဤဆောင်းပါးကိုဖတ်ပြီး
ပြောင်းလဲမခေါ်စေချင်။ ဦးဇင်းဟုသာ ခေါ်စေချင်၏။
“
ဦးဇင်း” ဟူသည် ခြောက်နှစ်ကျော်ကျော် ပျောက်ရှနေသော ဝေါဟာရလေးတည်း။
“
ဦးဇင်း”
“
ဦးဇင်း”…။ နွေး၏။ ထွေး၏။ ရွာဆန်၏။ မိသားစုဆန်၏။
သီဟနာဒ
(2/13/2012)
Copyright © 2011
ကမ်းလက်. All rights reserved.