ပန်းသီးစီအီးအိုနဲ့ အင်ဒီဗီကျူယယ်လစ်ဇင် နှစ်


"စင်္ကာပူလိုနေရာမှာ လူပျိုကြီး၊ အပျိုကြီး၊ အိမ်ထောင်ရေးသမိုင်း မကောင်းသူတွေ ဆိုရင် ဝန်ကြီးမဖြစ်နိုင်ဘူး (လီကွမ်းယုခေတ်)၊ ဖြစ်ဖို့ခက် တယ်။ ဒါပေမဲ့ ပလေး ဘွိုင်းတွေဖြစ်ကြတဲ့ ပြင်သစ်က ဆာကိုဇီ၊ အမေရိကန်က ကလင်တန်တို့ ဘာမှ မဖြစ်ပါဘူး၊ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် သမ္မတရာထူး မပြုတ်ဘူး။ သမ္မတအလုပ် မလုပ်မှ ပြုတ်မှာဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာနဲ့တာဝန် သီးသန့်ကွဲနေတယ်"

"ပန်းသီးစီအီးအိုနဲ့ အင်ဒီဗီကျူယယ်လစ်ဇင်" နဲ့ပတ်သက်လို့ ရေးရမယ့် အကြောင်း ရာက ကျယ်ပြန့်လွန်းတာရယ်၊ အတန်ငယ်လေးလံတဲ့ အကြောင်းအရာဖြစ်လို့ လူငယ်တွေဆီရောက်အောင် (တချို့က သိပ်မနားမလည်ဘူးလို့ တရားဝင် ဝန်ခံ တယ်) ဘယ်လိုဆွေးနွေးရရင်ကောင်းမလဲဆိုတာ စဉ်းစားနေမိတာရယ်ကြောင့် ချက်ချင်းမဆက်နိုင်ခဲ့ပါဘူး။ အခုတော့ ကြိုးစားကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ဒီ စတေးတပ်တိုဟာ ဒီအကြောင်းအရာကို ဘယ်နည်းနဲ့မှ မခြုံငုံမိနိုင်ပါဘူး။ မိတ် ဆက်မျှသာပါပဲ။

အင်ဒီဗီကျူယယ်လစ်ဇင်ဟာ တစ်ဦးချင်းလွတ်လပ်ခွင့်ကို ပိုအားပေးပါတယ်။ ပိုနားလည်ပေးပါတယ်။ ဆိုလိုတာကတော့ လူတစ်ယောက်ကို ငယ်စဉ်ကစလို့ "Time and space" ပိုပေးကြပါတယ်။ ဒါ့ကြောင့် သူတို့ကလေးတွေဟာ ပိုပြီး လွတ်လပ်တယ်၊ Why, how? မေးခွန်းတွေ ပိုထုတ်ရဲတယ်၊ ကိုယ်ဒူးကိုယ်ချွန် စိတ် ပိုရှိတယ်။ လွတ်လပ်မှုကိုလည်း ပိုမြတ်နိုးတယ်။

ဒီယဉ်ကျေးမှုမှာလည်း အဆိုးအကောင်း ဒွန်တွဲလိုတော့ ရှိနေပါတယ်။ ဒါကတော့ အကောင်းဖက်မှာ တည်ထွင်ဆန်းသစ်ရဲသူတွေများလာခြင်းနဲ့အဆိုးဖက်မှာ တစ်ဇောက်ကမ်း၊ အစွန်းရောက်တွေ များလာနိုင်ခြင်းဖြစ်ပါတယ်။ အစွန်းရောက် မရောက်ကို တိုင်းတာရာမှာလည်း အရှေ့အနောက်ရဲ့ ပေတန်အတိုအရှည်က တူမနေပါဘူး။ အနောက်က လွတ်လပ်ခွင့်လို့ယူဆတာတွေကို အရှေ့က စည်းမဲ့ ကမ်းမဲ့လို့ သတ်မှတ်ကြတတ်ပါတယ်။
(အနောက်တိုင်းသားမဟုတ်ပေမဲ့ ကျနော်ကိုယ်ကတော့ မဖြစ်မနေတက်ရတဲ့ သင်တန်းတွေမှာ သင်ခန်းစာနဲ့မဆိုင်တဲ့စာအုပ် လက်ထဲရှိနေတတ်လို့ တပည့်ဆိုး စာရင်းမှာပါဝင်သူ၊ ဦးစားပေး (သို့) မဟာတက်ဖို့ စသည် အရွေးမခံရသူဖြစ် ပါတယ်)။
ဒီကွာဟချက်ကို ဖွင့်ပြချလိုက်တာက အမေရိကန် တရုတ်မိခင်တစ်ယောက် အာရှမိခင်တွေကို ညွှန်းဆိုလိုက်တဲ့ "Tiger Moms" ဆိုတဲ့ဝေါဟာရပဲဖြစ်ပါတယ်။ (အာရှတန်ဖိုးကို ကာကွယ်တဲ့ ဆောင်းပါးထက်ရှည်တဲ့ ကွန်မင့်များ ရောက် လာနိုင်)

အင်ဒီဗီကျူယယ်လစ်ဇင်ကိုပဲ တစ်ဦးကောင်းတစ်ယောက်ကောင်းဝါဒလို့ ဘာသာပြန်မယ် ဆိုရင်တော့ တော်တော်ချိနဲ့တဲ့ဘာသာပြန်မှုလို့ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ အင်ဒီဗီကျူယယ်လစ်တွေရဲ့ (အဖွဲ့အစည်း) သမဂ္ဂတွေကြောင့်ပါ။ သူတို့သမဂ္ဂတွေဟာ(ဥပမာ နေတိုး၊ အီးယူ) အခြားသမဂ္ဂ ဝါဒကြွေးကြော်နေတဲ့ လူ့အဖွဲ့အစည်းသမဂ္ဂတွေထက် အများကြီးပိုခိုင်မာနေပါ တယ်။ ဒီတော့ အင်ဒီဗီကျူယယ်လစ်ဇင်ဟာ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် မဟုတ်ပါဘူး။

ဒါကိုအခြေခံပြီးအဓိက ကွဲလွဲသွားတာက တန်ဖိုးသတ်မှတ်ချက်တွေပဲဖြစ်ပါတယ်။ ဥပမာ လူသိများတဲ့ ငါးပါးသီလကို ထုတ်ကြည့်ချင်ပါတယ်။
ငါးပါးသီလ နံပါတ် ၂၊ ခိုးမှု။ ခိုးမှုဟာ ဘယ်နည်းနဲ့မှခွင့်လွှတ်ချင်စရာမကောင်းတဲ့ ယူနီဗာဆယ်အက်သစ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘယ်အဆင့်မှာမဆို သူတစ်ပါးဆိုတဲ့ (ဆိုဆိုက်တယ် အစိတ်အပိုင်းပါနေလို့ပါ။ သူတစ်ပါး ပစ္စည်း)။
နံပါတ် ၅ ဖြစ်တဲ့ သောက်မှုကတော့ အဆင့်နှစ်ဆင့်ဖြစ်သွားပါတယ်။ သောက်ပြီး မမှာသေးရင် အင်ဒီဗီကျူယယ်ဖြစ်ပြီး သောက်ပြီးမှားသွားမယ်ဆိုရင် ဆိုဆိုက် တယ် ဖြစ်သွားပါတယ်။ ဒါ့ကြောင့် အင်ဒီဗီကျူယယ်ကို တန်ဖိုးထားတဲ့ လူ့အဖွဲ့ အစည်းတွေမှာ သောက်မှုကိစ္စဟာ သူများကိုမထိပါးသေးသရွေ့ ဘယ်သူမှ ရေး ကြီးခွင်ကျယ်လုပ်မနေကြပါဘူး။
ဒီတော့ သူတို့တန်ဖိုးသတ်မှတ်ချက်အရ ဒုတိယက အဆများစွာ အရေးပိုကြီး သွားပါတယ်။ အာရှက အထူးသဖြင့်ဗုဒ္ဓဘာသာက နံပါတ် ၅ ကို ရှေ့တန်း ပိုတင် ထားပါတယ်။

နောက်ပြီး ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ အင်ဒီဗီကျူယယ်လစ်ဇင်နဲ့ ကော် လက်တစ်ဗစ်ဇင်ကို ဒီလိုလည်း ကြည့်နိုင်ပါတယ်။
ဥပမာ သမဂ္ဂဝါဒကိုအားပြုတဲ့ စင်္ကာပူလိုနေရာမှာ လူပျိုကြီး၊ အပျိုကြီး၊ အိမ်ထောင်ရေးသမိုင်းမကောင်းသူတွေဆိုရင် ဝန်ကြီးမဖြစ်နိုင် ဘူး(လီကွမ်း ယုခေတ်)၊ ဖြစ်ဖို့ခက်တယ်။ ဒါပေမဲ့ ပုဂ္ဂလိကဝါဒကိုအားပြုတဲ့ ပြင်သစ်က ဆာကိုဇီ၊ အမေရိကန်က ကလင်တန်တို့ ဘာမှ မဖြစ်ပါဘူး၊ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် သမ္မတရာထူး မပြုတ်ဘူး။ သမ္မတအလုပ် မလုပ်မှ ပြုတ်မှာဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာနဲ့တာဝန် သီးသန့်ကွဲနေတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို နားလည်ပေးကြတယ်။



ဒီတော့ ဘယ်စနစ်က သာသလဲ?
အရှေ့က သမဂ္ဂဝါဒကသာတယ်ပြောပြီး အနောက်က ပုဂ္ဂလိကဝါဒက သာ တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လူအဖွဲ့အစည်းအနေနဲ့ကြည့်ရင် အရှေ့က ဆုံးရှူံးမှု ပိုများသွားနိုင်ပါတယ်။
ဥပမာ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ကလင်တန်နှုတ်ထွက်ရမယ်ဆိုရင် အမေရိကဟာ သမ္မတတစ်ယောက်ဆုံးရှူံးသွားပါလိမ့်မယ်။ ဒါမျိုး သူတို့က အဖြစ် မခံပါဘူး။ ဒီကိစ္စကို ကလင်တန်၊ ဟယ်လာရီနဲ မိုနီကာတို့ရှင်းကြပါစေဆိုပြီး လွှဲထားကြပါတယ်။ ဒါဟာ အင်ဒီဗီကျူယယ်လစ်ဇင်ပါပဲ။

သူတို့ဟာ တစ်ခုစီသီးသန့်ရှိနေတာလား? မဟုတ်ပါဘူး၊ ရောထွေးယှက်တင်ရှိနေတာလို့ ဖြေရပါလိမ့်မယ့်။ တစ်ဦးချင်းလွတ်လပ်ခွင့်ကို ပိုအားပေးတာ။ ပိုနားလည်ပေးတာကလွဲရင် သူတို့ အင်ဒီဗီကျူယယ်လစ်တွေလည်း သမဂ္ဂဝါဒရှိတာပါပဲ။ သမဂ္ဂဝါဒီတွေလည်း အင်ဒီဗီကျူယယ်လစ်ဇင်ရှိတာပါပဲ။
ဘယ်နေရာက အောင်မြင်တဲ့ပုဂ္ဂိုလ်မဆို တစ်ဦးချင်း ရည်ရွယ်ချက်ဆီကို အရင်သွားတတ်ကြပါတယ်။ ပြီးမှ သမဂ္ဂဖက်ဆီကို ခြေဦးလှည့်တတ်ပါတယ်။

မြန်မာလူမျိုးတွေအတွက် အထင်ရှားဆုံး ဥပမာကတော့ ဘုရားပါပဲ။ ဘုရားလောင်းဟာ တောထွက်၊ တရားကျင့်နေချိန်မှာ အင်ဒီဗီကျူယယ်လစ်ဇင် ထဲမှာရှိနေပြီး ဘုရားဖြစ်ပြီးတဲ့နောက်မှာ ကော်လက်တစ်ဗစ်ဇင်ဆီကို ဦးပြန် လှည့်သွားခဲ့ပါတယ်။

မပြည့်မစုံပေမဲ့ ကျနော့်ဆောင်းပါးကိုတော့ ဆက်ရန် ပေးမထားတော့ပါဘူး။ စိတ်ကူးရရင် ဆက် ရေးတာပေါ့။

(ဒီဆောင်းပါးဟာ အင်ဒီဗီကျူယယ်လစ်ဇင်ကို ရှေ့နေလိုက်နေတာမဟုတ်လို့ အာရုံနောက်စရာ ကွန်မင့်တွေ လာမရေးဖို့တော့ မေတ္တာရပ်ချင်ပါတယ်။)

ဆေးပေါင်းခ နေ့


အဇာတသတ် လူဖြစ်ခွင့် လွဲမှန်းသိတဲ့နေ့
အဇာတသတ် ရေ
ပွင့်မယ့်ပန်း တကယ်မှန်ရင်တော့
ခပ်လှမ်းလှမ်းက လှမ်း ပွင့်ပစ်လိုက်ပေါ့
သံသရာက ပစ်မလွဲလောက်အောင် ရှည်တာပဲ
နည်းနည်းနောက်ကျတာက လွဲရင်။ ။


ဇင်ဝေသော်

(မနေ့က မေ့သွားလို့ တရုတ်ပြက္ခဒိန်နဲ့ လိုက်ယူတယ်)

(on 11/17/2013 )

ကိုရင်လေး သုံးပါး သူ့အလုပ်နဲ့သူ ရှုပ်နေဟန်




*****

ဗုဒ္ဓေါ၊ လောက (ခွေးအိုလူနာနှင့်ရဟန်းသိက္ခာ)

မာစီကေလင်း (Mercy killing) ဟုလည်းကောင်း၊ ယူသနေရှား (Euthanasia) ဟုလည်းကောင်း၊ ထိုမှတဆင့် လစ်ဗင်း ဝေ(လ်) (Living will) ဟုလည်းကောင်း လူတစ်ယောက်၊ သတ္တဝါတစ်ကောင်၏ နောက်ဆုံးအချိန်နှင့်ပတ်သက်၍ ပြောကြဆိုကြသော စကားလုံးများ တော်တော်တွေ့ရ၏။ တစ်ချို့က တစ်ခမ်းတနား စာပေတစ်ဖွဲ့ရေးကြ၏။

လက်တွေ့သဘောအရမူ အလွန်ဆုံးဖြတ်ရခက်သော ကိစ္စများဖြစ်ကြ၏။ အထူးသဖြင့် ပြန်လည်ကောင်းမွန်လာရန် လုံးဝအခွင့်အလမ်းမရှိသော လူမမာသည် ကျေးဇူရှင်တစ်ယောက်ဖြစ်ခဲ့သော် ပို၍ခက်ခဲ၏။ ပြန်လည်ကျန်းမာရန် အခွင့်မရှိတော့သော မိခင်(သို့) ဖခင်ကို ဆေးရုံတင်ကြ၏။ ဆေးကုကြ၏။ အသက်ကယ်ဆေး၊ အသက်ကယ်ကိရိယာတို့ဖြင့် အသက်ကိုဆွဲဆန့်၊ ဒုက္ခကို ဆွဲဆန့်ကြ၏။ လိုက်(ဖ်) ပရိုလောင်း လုပ်ကြရ၏။ ငွေကုန်ကြေးကျကား များလွန်း၏။ စုဆောင်းထားသောငွေများ( လူလတ်တန်းစားများကို ဆိုလို) ကုန်သောအခါ ထိုလူမမာလည်း ဘဝဆုံးလေတော့၏။

ထိုကိစ္စများ ကြိမ်ဖန်များစွာ ကြုံလာရသောအခါ အထက်ပါ မာစီကစ်လင်း(န်)နှင့် ယူသနေရှား တို့လည်း ပေါ်ပြူလာဖြစ်လာရတော့သည်။

ဆေးရုံတက်မှု၊ ဆေးကုသမှုစရိတ်ကြီးလွန်းသော စင်္ကာပူ၌ ဤကိစ္စမျိုး မကြာမကြာ တွေ့ရ၏။ သားသမီးများအတွက် အလွန်ကုသိုလ်ရသောကိစ္စဟု ထင်သည်။ ငွေလည်း အလွန်ကုန်၏။ ထိုလူနာသည် တစ်လကိုးသတင်း အသက်ရှင်နေသော် ရှိစုမဲ့စု ကုန်လေတော့၏။ သို့သော် တသက်မှာတစ်ခါ အစွမ်းကုန်ပြုစုခွင့်တော့ ရ၏။ ထိုလူနာ ဆုံးပါးသွားသည့်တိုင် နောင်တရစရာမရှိတော့။ ဘဝလုံ၏။

လူမျိုးခြားကြား၌ နေရသော ရဟန်းတစ်ပါးအနေနှင့် အတန်ကြာမှ သဘောပေါက်သောကိစ္စတစ်ခုရှိသည်။

လူနာအတွက် ရဟန်းတစ်ပါးကိုပင့်၍ ဗောဇ္ဈင်္ဂသုတ်ချီးမြှင့်ရန် ပင့်ဆောင်ရာ၌ လူနာပြန်လည်ကျန်းမာရေးအတွက်သာဟု အစက ထင်မိ၏။ မဟုတ်၊ မှားလေ၏။ လမ်းကြုံရင်း မေးကြည့်တော့မှ “ ပြန်လည်ကျန်းမာလာရေးအတွက် မဟုတ်၊ လျောလျောလျူလျူ အသက်ထွက်ရန်” ဟု ဖြေလေ၏။

မသိတော့၊ ဘာပရိတ်ရွတ်ရမှန်း တကယ်ကို မသိတော့။ ကျန်းမာရေးအတွက် ဗောဇ္ဈင်္ဂသုတ် ရွတ်ကြရ၏။ လျောလျောလျူလျူ အသက်ထွက်ဖို့ ရွတ်ရမည့်ပရိတ် မရှိ။ ထို့ကြောင့် ဖြစ်ချင်ရာဖြစ် ဗောဇ္ဈင်သုတ်ပဲ ရွတ်လိုက်ရ၏။

ဤ၌ ကိုယ်တိုင်ဘုရားတခဲ့ရသော အတွေ့အကြုံတစ်ခုကို ပြောချင်သည်။

ထိုသူက သီရိလင်္ကာလူမျိုး စင်္ကာပူစီတီဇင် ဖြစ်၏။ စင်္ကာပူမှာမွေးသဖြင့် သီဟိုဠ်စကားလည်း မတတ်။ အင်္ဂလိပ်နှင့် မလေးစကားသာ တတ်၏။

သူ့မှာ ခွေးကြီးတစ်ကောင်ရှိသည်။ အလွန်လိမ်မာသော ခွေးကြီးဖြစ်သည်။ အရင်နှစ်တွေက ကျန်းကျန်းမာမာနှင့်တွေ့နေရသော ထိုခွေးကြီး၏ကျန်းမာရေးတစ်စတစ်စ ယိုယွင်းလာသည်ကို တွေ့ရ၏။ နောက်ဆုံးတွေ့စဉ် သူ့ခွေးကြီး မျက်စိနှစ်ဘက်ပင် ကွယ်သွားပြီဖြစ်သဖြင့် လမ်းလျှောက်ခေါ်၍မရတော့ဟု ဆိုလေသည်။

သိပ်မကြာပါ၊ ထိုပုဂ္ဂိုလ် အကြံဥာဏ်တောင်းချင်လို့ဟုဆိုကာ ကျောင်းရောက်လာ၏။

       “ အရှင်ဘုရား၊ တပည့်တော့် ခွေးကြီးကို မှတ်မိသလား”

       “ မှတ်မိတယ် ဒကာ၊ ဘာဖြစ်လို့လဲ”

“အဲဒီခွေးကြီးက အခု နောက်ဆုံးအချိန်ရောက်နေပြီ။ အလေး၊ အပေါ့လည်း အခန်းထဲမှာပဲ ကိစ္စပြီးရတယ်။ ညညဆိုလဲ မအိပ်ဘူး၊ တစ်အော်ထဲပဲ အော်နေတယ်။ တပည့်တော်လည်း အိပ်ရေးတွေပျက်လှပြီ၊ မခံနိုင်တော့ဘူး။ အဲဒါ ဘာလုပ်ရမလဲလို့ အရှင်ဘုရားဆီ အကြံဥာဏ်လာတောင်းတာပါ။ ”

       “ရဟန်းတစ်ပါးအနေနဲ့ကတော့ ဒီကိစ္စမျိုးကို ဘာမှ ဝင်မပြောသင့်ဘူးထင်တယ် ဒကာတော်။”

       “ဗုဒ္ဓဘာသာက ဒီကိစ္စကို ဘယ်လိုသဘောထားပါသလဲ”

    “ဗုဒ္ဓဘာသာရဟန်းတစ်ပါးအနေနဲ့ ပြောရရင် သူ့သက်တမ်းကုန်လို့ သေသွားတာပဲ လက်ခံပါတယ် (Natural Death)၊ နို့မို့ ပါဏာတိပါတက မလွတ်ပါဘူး”

       “ဒါဆိုရင် ဗုဒ္ဓဘာသာက မာစီကေလင်းကို လက်မခံဘူးပေါ့”

       “လက်မခံပါဘူး။ မာစီက မာစီ၊ ကေလင်းက ကေလင်းပါ။ မလုပ်အပ်ပါဘူး”

“သူသာ နောက်ထပ် တစ်လလောက် ဒီအတိုင်းဆိုရင် တပည့်တော် သေမှာပဲ၊ ဗုဒ္ဓဘာသာက ခွေးကိုတော့သနားတယ်၊ လူကိုတော့ မသနားဘူးပေါ့။”

“မဟုတ်ပါဘူး ဒကာ၊ လူကိုလည်း သနားပါတယ်။ ဦးဇင်း စောစောက ပြောခဲ့ပါပြီ၊ ကိုယ်ဆုံးဖြတ်သင့်တယ်ထင်လို့ ဆုံးဖြတ်ရမယ့်ကိစ္စတွေမှာ ဘာသာရေး ဝင်မပါစေချင်ပါဘူး။ ဘယ်ဘုန်းကြီးကမှ ခင်ဗျားခွေးကို တိရိစ္ဆာန်စောင့်ရှောက်ရေးဌာနကို ပို့လိုက်ပါ၊ သူတို့ ကြည့်ရှင်းလိမ့်မယ်လို့ ပြောမှာမဟုတ်ပါဘူး”

       “ဒါဆို တပည့်တော်ကိုယ်တိုင် ဆုံးဖြတ်ရမှာပေါ့”

       “ဟုတ်ပါတယ် ဒကာ”

       “ဟုတ်ပြီ၊ ဆုံးဖြတ်ပြီးရင် ဘယ်လိုသဘောထားရမှာလဲ”

“ကောင်းမှုတစ်ခုဖြစ်ရင် စိတ်ထဲမှာထားပြီး အထပ်ထပ်သတိတရ ဖြစ်ရပါတယ်။ ကုသိုလ်ပွါးအောင်လို့ပါ။ အကုသိုလ်တစ်ခုခုကို မလွဲသာမရှောင်သာ လုပ်ရရင်လည်း မေ့ဖျောက်လိုက်ဖို့ ပြောပါတယ်။ အကုသိုလ်အသစ် မဖြစ်အောင်လို့ပါ”

       “ကျေးဇူးပါ အရှင်ဘုရား၊ ရပြီ။ တပည့်တော်လိုနေတာ အဲဒါပါပဲ”

ဘယ်လိုသဘောပေါက်သွားသည် မသိ၊ ဝမ်းပန်းတသာဖြင့် ယင်းဒကာ ပြန်သွားလေတော့သည်။ အရင်ကနှင့်စာလျှင် ထိုပုဂ္ဂိုလ်လည်း အတန်ငယ် ပိန်ကျသွားသည်ကို သတိထားမိသည်။ ရဟန်းအနေနဲ့လည်း ဤကိစ္စမျိုး စကားရှည်ရှည် မပြောအပ်။ လူကို သနား၊ ခွေးကိုတော့ မသနား။ ခွေးကို သနား၊ လူကိုတော့ မသနား ကိစ္စက အလွန်ရှင်းရခက်၏။

       သို့ဖြင့်ပင်...

       ကာလအတန်ကြာသောအခါ အသုဘတစ်ခုသွားခိုက် ထိုဒကာမောင်းသောကားကို စီးခွင့်ရတော့၏။

       စကားစပ်မိရင်း...

       “ဒါနဲ့ ဒကာတော်ရဲ့ ခွေးကြီးရော ကျန်းမာရေးအခြေအနေ ဘယ်လိုနေသေးလဲ”

       “အရှင်ဘုရားက မေ့နေပြီ၊ အရှင်ဘုရားရဲ့ သြဝါဒအတိုင်း ခွေးကြီးကို သတ်ပစ်လိုက်ပြီလေ”

       ဗုဒ္ဓေါ!

ဗုဒ္ဓေါကိစ္စက ဤမျှဆိုလျှင် ရှင်းပြီဟုထင်သည်။ သူ့ခွေကိုသတ်ဖို့ ဤရဟန်းက သြဝါဒပေးလိုက်သည် ဟူသတတ်။
ပြုံးမိ၏။

စကား၊ ကိုယ်ချင်းစာမှု၊ တဖက်သား၏စကားကို ဘာသာပြန်ဆိုမှု။ ထိုလူ၏ ဘာသာပြန်ဆိုမှုအရ သီဟနာဒသည် ခွေးအိုတစ်ကောင်ကို သတ်ပစ်ရန် သြဝါဒပေးခဲ့ဖူး၏။

        လောက…….။


သီဟနာဒ





(on 5/04/2012)


Copyright © 2012 ကမ်းလက်. All rights reserved.

အမြဲနောက်ကျသူ


တန်းစီတဲ့စနစ်နဲ့ အသားမကျလို့
မိသားစုထဲမှာတောင် ၇ ယောက်မြောက်။
စင်္ကာပူရောက်လာတော့
သူများလပြည့်လို့ ကိုယ့်မှာ မပြည့်နိုင်
မနက်ဖြန်မှပြည့်သတဲ့လေ
တရုတ် လူနာ ကလင်ဒါက။