ဟဲမင်ဝေးပေးတဲ့ တစ်သက်စာ သင်္ခန်းစာ


(စင်္ကာပူထုတ်၊ ရွှေမြန်မာမဂ္ဂဇင်းမှာ အခန်းဆက်ရေးပြီး စင်္ကာပူမှာပဲ စာအုပ်ဖြစ် သွားတဲ့(အဲဒီအချိန်တုံးက ဆင်ဆာကြောင့်) "လူလားမမြောက်သေးတဲ့ အတွေး များ" ထဲက တစ်ပုဒ်ပါ။ ကိုယ်တိုင် အကြိုက်ဆုံးထဲမှာ ပါဝင်ပါတယ်။ အခု တိုက်ဆိုင်လို့ ဖေ့စ်ဘုတ်ဟန်နဲ့ အကျဉ်းလေးပေါ့)

ဆောင်းပါးရဲ့ အသက်က "My son, I want to give you some personal advice. Never delay kissing a pretty girl or opening a bottle of whiskey. Both should be investigated as quickly as possible." ပါ။ မိန်းမချောတစ်ယောက်ကိုတွေ့ရင် အနမ်းပေးဖို့နဲ့ ဝီစကီတစ်လုံးတွေ့ ရင် ဖောက်မြည်းဖို့ ဘယ်တော့မှ လက်မနှေးနဲ့ ဆိုတာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ခံဇာတ်လမ်းမပါရင် ဒီစကားကလည်း ပေါ့ရွှတ်ရွှတ်ဖြစ်နေတယ်။ ဒီလိုပါ။
***************************************************************************

စစ်ကြီးအပြီး ဝီစကီတွေရှားပါးချိန် တရုတ်တစ်ယောက်မှာဝီစကီတွေ ဖာတွေ လိုက်ရှိနေတယ်၊ သူက သူ့ဝီစကီတွေ ရောင်းဖို့တင်ဒါခေါ်တယ်၊ နောက်ဆုံး ဆရာကြီး ဟဲမင်ဝေးနဲ့ ဈေးတည့်သွားတယ်၊ သူတို့ဈေးက ဝီစကီတွေအတွက် ဆရာကြီး ဟဲမင်ဝေးက တရုတ်ကို သင်္ခန်းစာသုံးခုပေးဖို့ဖြစ်ပါတယ်။

ဝီစကီတွေ့ရင်လက်မနှေးတဲ့ ဟဲမင်ဝေးက အိမ်ရောက်ရောက်ချင်းဖောက် ကြည့်တော့ ဝီစကီမဟုတ်ဘဲ ရေနွေးကြမ်းတွေသာဖြစ်နေတယ် ဆိုတာ တွေ့ ရပါသတဲ့။ တရုတ်ရဲ့ မရိုးသားမှုမဟုတ်ဘဲ တရုတ်ကိုယ်တိုင် အညာခံထားရ တယ်လို့ ဆရာကြီးက ယုံကြည်တယ်။ ဒါ့ကြောင့် သူ့ကတိအတိုင်း သူ့ သင်္ခန်းစာတွေ ဆက်ပေးနေတယ်၊ "တရုတ်၊ မင်းတော့ အညာခံလိုက်ရပြီ" လို့လည်း မပြောဘူး။
ဒါနဲ့ နောက်ဆုံးသင်္ခန်းစာအဖြစ် "My son, I want to give you some personal advice. Never delay kissing a pretty girl or opening a bottle of whiskey. Both should be investigated as quickly as possible." ကိုပေးခဲ့တာပါ။

သူပြောလို့ ကျန်နေတဲ့ဝီစကီပုလင်းတွေကိုဖောက်မြည်းတော့မှ အားလုံး ရေနွေး ကြမ်းတွေဖြစ်နေတယ်ဆိုတာ သူတွေ့လိုက်ရတယ်။ ဒီတော့မှ ဆရာကြီး ဟဲမင်ဝေးဟာ တန်ဖိုးဖြတ်မရတဲ့ သူ့ဘဝအတွေ့အကြုံတွေကို (သိသိကြီး) ကတိ အတိုင်း ရေနွေးကြမ်းနဲ့လဲသွားရတယ်ဆိုတာ သူသိလိုက်ရတယ်။ ဒါပါပဲ။ ဆရာကြီးရဲ့ လူကြီးလူကောင်းဆန်ပုံကို တရုတ်တစ်ယောက် ပြန်ရေးထားတဲ့ ဝတ္ထုတိုပါ။

မှတ်ချက်။ တစ်ချိန်တုံးက ဒီအကြောင်းသူငယ်ချင်းတွေကို ပြောပြမိတော့ သူတို့က လူကြီးလူကောင်းဆန်မှုသင်္ခန်းစာထက် လက်မနှေးဖို့သင်္ခန်းစာပဲ ယူသွားကြ တယ်။ ဟဲမင်ဝေး အကိုးအကားနဲ့ဆိုတော့ အထောက်အထားလည်း ပိုခိုင်သွား တာပေါ့။

အမေရိကန်ရဲ့ ပုခုံးပေါ်မှာ


"အနောက်တိုင်းခေါင်းဆောင်တွေရဲ့ အဓိကတာဝန်ဟာ အခြားစီဗီလိုက်ဇေး ရှင်းတွေ အနောက်ပုံစံဖြစ်လာအောင် ပုံသွင်းပေးဖို့ကြိုးစားခြင်းမဟုတ်ဘူး၊ ကျဆင်းလာနေတဲ့ ပါဝါကြောင့် ဒါကဖြစ်လည်း မဖြစ်နိုင်ဘူး။
သူတို့တာဝန်က အနောက်တိုင်း စီဗီလိုက်ဇေးရှင်းရဲ့ သူမတူတဲ့ ဂုဏ်ရည်တွေကို ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့နဲ့ပြန်လည်းဆန်းသစ်ဖို့ပဲဖြစ်ပါတယ်။ အမေရိကန်ဟာ အင်အားအကောင်းဆုံး အနောက် နိုင်ငံဖြစ်နေတော့ ဒီတာဝန်ဟာ အမေရိကန်ရဲ့ ပုခုံးပေါ်မှာ လုံးလုံးလျားလျား ကျရောက်နေပါတယ်။"
(ဟန်တင်တန်)

ဒရက်စ်ကုတ်ဒ်


ဒရက်စ်ကုတ်ဒ်ဆိုတာ ဒါမျိုးကိုခေါ်တာ။
ကိုရီးယားဝတ်စုံလောက်တော့ ဘုန်းဘုန်းတို့ဝတ်စုံက ညီမလေး ခေါ်လိုက်မယ်။
သီဟနာဒတို့ ဒရက်စ်ကုတ်ဒ်က နှစ်ပေါင်း ၂၅၀၀ ကျော်လာခဲ့ပေါ့။

လားရှိုးသိန်းအောင်တို့ သွက်ချက်တော့


ဒီနေ့ ကမ်းလက်ရဲ့ ကလောင်သုံးချောင်းလုံးစုံသွားအောင် ပို့စ်အဟောင်းလေး အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။

လားရှိုးသိန်းအောင်တို့ သွက်ချက်တော့ အမေရိကန် လူမည်းတွေရော မြန် မာပြည်တွင်းက အနုပညာရှင်တွေပါ နောက်ကောက်ကျ ကုန်ရော။
ဗိုလ်ချုပ်ထဲက ဗိုလ်ချုပ် တဲ့။ သီချင်းလုပ် ဆိုပစ်လိုက်တယ်။
အမေရိကန် လူမည်းတွေလည်း အိုဘားမားကို ဂုဏ်ပြုသီချင်း စပ်ဆိုသင့်တာ
"လူမည်းထဲက တို့ လူမည်း ..ည်း .....ည်း"

"ပျော်စရာကြီးကွယ့် ဒို့ ကိုကွယ်
သမ္မတကြီးက ဖိတ်ခေါ်တယ်"
သူမှပျော်တာ မဟုတ်ပါဘူး။ သူ့ သီချင်းနားထောင်ရတာကလည်း ပျော်စရာ ကြီးပါ။
"ပျော်စရာကြီးကွယ့် ဒို့ ကိုကွယ်
သမ္မတကြီးက ဖိတ်ခေါ်တယ်" တဲ့။ ဟဲ ဟဲ။

ဘာသာရေး အငွေ့အသက်လည်း မကင်းဘူး။

"ရှေးဘဝ ဘဝရဲ့ ရေစက်၊ အခုတစ်ခေါက် ထပ်တွေ့ရမှာပဲ
ဗိုလ်ချုပ်ထဲက တို့ ဗိုလ်ချုပ်...ပ်...ပ်" တဲ့။
(ဟိုက်၊ ဒီကိစ္စ ဟိုကောင်လေး ဇင်ဝေသော် ဆက်ရေးပါစေ။)

အမှာစကားလည်းပါးသေးတယ် (လူငယ်တွေအတွက်ပဲ နော်၊ ဆောရီးပဲ။ လူကြီးတွေအတွက် မပါဘူး)

"တိုင်းပြည်ကိုချစ်ရင် ခေတ်လူငယ်များ
မူးယစ်ဆေးဝါး မသုံးကြပါ နဲ့ (ဟဲ့)"။
ချစ်လို့ပြောတယ်မှတ်ကြပါ။ မူးယစ်ဆေးဝါး မသုံးကြပါ နဲ့ (ဟဲ့)။

လူကြီးတွေအတွက် သူ မပြောတော့ ကိုယ်ပြောရတာပေါ့
"ကိုယ့်ကိုယ်ကိုချစ်ရင် ခစ် လူကြီးများ
ဘိန်းဘုရင်နဲ့ ပေါင်းစားကြကွဲ့"

ဦးကိုမောင် (ပြုံးစိစိ)
**********************************************

အင်း ဦးသိန်းစိန်ကို လူထု တကယ်လက်ခံထားတာက သမ္မတတစ်ယောက် အနေနဲ့ပါ။ ဗိုလ်ချုပ်အနေနဲ့ မဟုတ်ပါဘူး။
ဒါတွေက ပြင်လို့မရတဲ့ လူထုရဲ့ လက်ခံထားမှုပဲ။
ဗိုလ်ချုပ်လို့ ဆိုလိုက်ရင် (နံမည် မပါရင်တောင်) နိုင်ငံသား လူအများစုက တခြားဗိုလ်ချုပ်တွေကို ကျော်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ပြေးမြင်ကြတယ်။

ဘာသာရေးမှာလည်း တိပိဋကဓရ ဆရာတော်ကြီးလို့ ဆိုလိုက်ရင် (ဘွဲ့တော်မပါရင်တောင်) တခြား ဆရာတော်ကြီးတွေကို ကျော်ပြီး လူအများ စုကတော့ မင်းကွန်းဆရာတော်ကြီးကို ပြေးမြင်ကြတယ်။

စာပေအသိုင်းအဝိုင်းမှာလည်း အဲသလိုပဲ။ အမေလို့ ပြောရင်လူထု ဒေါ်အမာ ပဲလေ။
ဒေါ်စုကတောင်မှ အခု ရောနေပြီ၊ ဒေါ်စု၊ အန်တီစု၊ အမေစု၊ ဟို အဖွားကြီး၊ စုံလို့ပဲ။

ဦးသိန်းစိန် ဖြစ်နိုင်တာက (သူ စွမ်းရင်) "သမ္မတထဲက တို့သမ္မတ" ပဲ ဖြစ် ဖို့များတယ်။
"ဗိုလ်ချုပ်ထဲက တို့ ဗိုလ်ချုပ်" ကတော့
အင်း...
အများစုအတွက်
ဗိုလ်ချုပ်အောင်ဆန်းပဲ
ဖြစ်နေမယ်ထင်တယ် လာရှိုးက
(အမေရိက က) ဦးသိန်းအောင် ရယ်။

ဇင်ဝေသော်
(8/12/2013)

ဂွတ်လပ်၊ တိတ်ကဲယား ဒကာကြီးဦးသိန်းစိန်


ယနေ့သတင်းစာကောက်လှန်တော့ အောက်ပါပုံကို ထင်းထင်းကြီးတွေ့ရသည်။ ယင်းပုံထဲမှာပင် ဒကာကြီး ဦးသိန်းစိန်ပုံက ပို၍ထင်းနေလေသည်။ ယဉ်ကျေးမှု မျက်စေ့ဖြင့် အေး၏။ ဂလိုဘယ်မျက်စေ့ဖြင့် တစ်မျိုးလေးဖြစ်နေ၏။ ကိစ္စမရှိပါ။ သီဟနာဒမှာ မျက်စေ့နှစ်လုံးရှိသဖြင့် တစ်လုံးစီ ခွဲကြည့်လိုက်ပါသည်။

ယနေ့မနက်ရေးချင်သည်က ဝတ်စားဆင်ယင်မှုအကြောင်း အတိုအထွာသာဖြစ် ၏။
ကမ္ဘာမှာ ဝတ်စားဆင်ယင်မှုလုံးဝကွဲနေသည့် လူ့အဖွဲ့အစည်း သုံးခုရှိသည်။ (ဘာသာရေး ခေါင်းဆောင်များကို မထည့်သွင်းပါ)
၁။ အာဖရိကန် လူရိုင်းများ
၂။ မွတ်စလင်အမျိုးသမီးများ
၃။ ကမ္ဘာအရပ်ရပ်ရှိ အိန္ဒိယန်း ဆစ်ခ်ဘာသာဝင်များ ဖြစ်ကြသည်။

ယနေ့အထိ သူတို့ ဝတ်စားဆင်ယင်မှုကနေ လက်တစ်လုံးမှ မခွာလိုကြသည့် လူ့အဖွဲ့အစည်း များဟု ဆိုနိုင်သည်။ ဘယ်လောက်ခံမလဲ၊ ထာဝရပဲ ဒီအတိုင်း ရှိနေမလားက သီဟနာဒတို့ ဉာဏ်မီသောကိစ္စမဟုတ်။
သို့သော် မြန်မာပြည် လူ့အဖွဲ့အစည်းက သူတို့နဲ့မတူပါ။ မွေးစားတတ်သော အကျင့် ရှိသည်။ အထူးသဖြင့် လူငယ်ထုက မွေးစားရမှာကို မကြောက်ကြ။ လူကြီးတာဝန်က သူတို့ကို တားမြစ်ခြင်းမဟုတ်၊ ဘယ်ဟာကိုတော မွေးစား သင့်သည်၊ ဘာကိုတော့ မမွေးစားသင့်ဟု လမ်းပြခြင်းဟုထင်သည်။

ယင်းတို့အထဲတွင် ဂျင်းဘောင်းဘီယဉ်ကျေးမှုက အတော်ကောင်းသည်ဟု ထင် သည်။ ခိုင်ခြင်း၊ လုံခြုံခြင်း၊ အကြိမ်ကြိမ်ပြန်ဝတ်စရာ မလိုခြင်းစသည်တို့ဖြစ်သည်။ မိန်းကလေးများအတွက် ပိုလုံခြုံပြီးတောင်သူများအတွက် ဆူးဒဏ်ကို အကာ အ ကွယ်ပေးနိုင်သည်။ ကာလကြာမြင့်စွာကတည်းက လူငယ်နှင့် ဂျင်းဘောင်းဘီ ယဉ်ကျေးမှု အပေါ် မျက်စိစပါးမွေးမစူးခဲ့ဖူးပါ။ အခြားသူများစူးနေချိန် ကိုယ့်မှာ မစူးသည့်အတွက် ကံကောင်းသည်ထင်ပါသည်။
ဟာ့ ဒီကိုယ်တော် မဟုတ်က ဟုတ်ကတွေ မြှောက်ေးနေပြီထင်လျှင် စိတ်မကောင်းပါ။ ဤကိစ္စက "မဟုတ်က ဟုတ်က" မဟုတ်၊ "ဟုတ်က ဟုတ်က" သာဖြစ်ပါသည်။

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းထဲမှာ သခင်ကိုယ်တော်မှိုင်းတောင်ရှည်မရှိတော့ပါ။ သခင်ကိုယ်တော်မှိုင်းမျိုးချစ်စိတ်တော့ရှိကြပါသည်။ အထင်ရှားဆုံးကတော့ တပ်မတော်သည် မဟာဗန္ဓုလယူနီဖောင်းနဲ့ ရှေ့တန်းမထွက်တော့ခြင်းဖြစ်သည်။
လူမျိုးတိုင်းမှာ ယဉ်ကျေးမှုဝတ်စုံရှိသည်၊ ယဉ်ကျေးမှုပွဲလမ်းတိုင်း ထိုဝတ်စုံများကို အမျိုးသားရေးလက္ခဏာအနေနဲ့ဝတ်ဆင်ကြသည်။ အချို့က အနည်းငယ်ပိုသည်၊ ကဲသည်။

ဝဋ်ကြွေးကြောင့် နိုင်ငံရေးစာအုပ်များဖတ်မိသောအခါ နိုင်ငံခေါင်းဆောင်များကိုယ်တိုင် ယဉ်ကျေးမှုအဝတ်အစားများကို အထူးအလေးထား ဝတ်ဆင်လာတတ် သည်ဆိုတာကို တွေ့ရသည်။ ယင်းသို့ဝတ်ရခြင်း၏ အဓိက အကြောင်းနှစ်ရပ်က
၁။ ယဉ်ကျေးမှုကို ကာကွယ်ပြရမည်ဟု သူတို့ကိုယ်တိုင် ရှေ့မှနေဦးဆောင်ပြခြင်း။
၂။ နိုင်ငံထဲရှိ အစွန်းရောက်၊ မရောက်အမျိုးသားရေးဝါဒီတို့၏ထောက်ခံမှုကို ဤနည်းဖြင့် အမိအရဖမ်းယူရမည်၊ လစ်ဘရယ်ဝါဒီအပေါ် အသာစီးယူရမည်ဟု သဘောပိုက်ကာ လူထုနှင့်အတိုက်အခံ၏ အားနည်းချက်ကို အခွင့်ကောင်း ယူခြင်းတို့ ဖြစ်ကြလေသည်။

ရဟန်းတစ်ပါးအနေနဲ့ ယုံကြည်နေချင်မိသည်မှာ မိမိတို့ သမ္မတကြီးသည် နံပါတ် တစ် အကြောင်းကြောင့် ဤသို့ဝတ်စားသည် ဟူသောအချက်ဖြစ်ပါ သည်။ ဖြစ် ပါစေဟုလည်း ဆုတောင်းမိပါ၏။

ဂွတ်လပ် တိတ်ကဲယား ဒကာကြီးဦးသိန်းစိန်။




အမှာ။ ။ (ဒကာကြီး ဦးသိန်းစိန်ဟုဆိုသဖြင့် ဦးတင်မောင်ဝင်းတို့အဖွဲ့က နောက် ကြပေတော့မည်၊ မတတ်နိုင်၊ ဤစကားက သူကိုင်တိုင် "ကိုယ်တော့် ဒကာကြီး ဦးသိန်းစိန်၊ ကိုယ်တော့် ဒကာကြီးဦးသိန်းစိန်" ဟု သုံးခဲ့သည့် ဝေါဟာရသာဖြစ် သည်မဟုတ်ပါလား)