ပစ္စည်းတူ၊ ဈေးတူ၊ရင် ပြန်လာအားပေးပါ


ဟိုတနေ့က ညီအကို နှစ်ယောက် ဆွမ်းစားလာပင့်တယ်။
"....ရက်၊ တနင်္ဂနွေနေ့၊ နေ့ဆွမ်းပင့်ချင်လို့ပါဘုရား"
"ဒီမှာ သင်တန်းတွေနဲ့ မအားလို့ တနင်္ဂနွေ နေ့ဆွမ်းတော့ ငါတို့ လိုက်လို့ မရဘူး၊ စနေနဲ့ တနင်္ဂနွေ အာရုံဆိုရင်တော့ ကြွတယ်"
ခဏ တိတ်ဆိတ်သွားတယ်။



"တပည့်တော်တို့ အဒေါ်က အဝေးကြီးက လာရမှာဆိုတော့ အာရုံဆွမ်းက သိပ်အဆင်မပြေဘူးဘုရား"
"အေးပေါ့၊ ဟုတ်နိုင်တာပေါ့"
"တပည့်တော်တို့ တိုပါးရိုးကျောင်းကြီးကို ဆက်သွယ်ကြည့်ပါအုံးမယ်ဘုရား"
"ဆက်သွယ်ကြည့်ပေါ့ကွ၊ သူတို့က သံဃာများတော့ ရနိုင်ပါတယ်"
"တင်ပါ့ဘရား၊ ဒါနဲ့ တခြားကျောင်းတွေက မရရင်တော့ ပြန်လာခွင့် ပြုပါ ဘုရား၊ ရက်ကလေး မှတ်ပေးထားပါအုံး"

နောက်ချင်တဲ့စိတ်က အလိုလိုပေါ်လာတာနဲ့
"ရပါတယ်၊ ဈေးတူ၊ ပစ္စည်းတူရင် ဒီကို ပြန်လာအားပေးနော့်"
ဝါး ဟား ဟားဟား ဟား။ (အတော်ကြာတယ်၊ အရှိန်သတ်လို့ မရကြဘူး။)

"ဒါနဲ့ အာရုံဆွမ်းက ဘယ်အချိန်လဲဘုရား"
"ငါတို့ အာရုံဆွမ်းက ၇ နာရီခွဲ အစောဆုံးပါ"
"ဟာ ဒါဆို အဆင်ပြေပါတယ် ဘုရာ့၊ တပည့်တော်တို့က ၅ နာရီ ၆ နာရီ ထင်နေလို့ပါ ဘုရာ့"
အတိုချုပ်တော့ ကုသိုလ် အရောင်းအဝယ် တည့်သွားကြတယ်ပေါ့လေ။

အမှာ တစ်။ ဓါတ်ပုံနဲ့ စတေးတပ် လုံးဝမဆိုင်ပါ။ ဖဘမှာ မဆိုင်လည်း တင်လို့ရပါတယ်။
အမှာ နှစ်။ စီးပွားရေးနဲ့ အားကစားသတင်းတွေပါတဲ့ စထရိတ်တိုင်းမ်၊ အပိုင်း စီ ကို လုံးဝကောက်မကိုင်ပါ။

သီဟနာဒ

ဦးတည်ရာ ညီညွတ်ရင် သာဓုလက်ခုပ်တီးရအောင်


လောကုတ္တရာ တရားပွဲမှာ
သာဓုခေါ်သံတွေ ရပ်ဝန်းတစ်ခုဆီ ညီတူ
ဦးတည် ပျံ့လွင့်သွားရဲ့။

လောကီ တရားပွဲမှာ
လက်ခုပ်သံတွေ ရပ်ဝန်းတစ်ကွဲစီဆီ ကွဲပြားစွာ
ဦးတည် ပျံ့လွင့်သွားရဲ့။

မှားသူမရှိ မှန်သူမရှိ
ဘယ်ဆီကိုပဲ ပြန့်ပြန့်
ဦးတည်ရာ ညီညွတ်ရင် သာဓုလက်ခုပ်တီးရအောင်
နေရာသာ မမှားကြေး။ ။

သီတဂူဆရာတော်


သီတဂူဆရာတော် သုတ္တန်၊ အဘိဓမ္မာတရားဟောရင် (ဘုရားဟောကို ရှင်းလင်းအောင် ဟောပြတတ်လို့) နာတတ်ပါတယ်၊ ဒါပေမဲ့ လူမှုရေး၊ နိုင်ငံရေးတရားတွေကိုတော့ ပုထုဇဉ်ဟာ (ဆရာတော်ဖြစ်ဖြစ်၊ ဟားဘတ် ပါမောက္ခဖြစ်ဖြစ်) နယ်ပယ်နှစ်ခုကို ပညာရှင်ဆန်စွာ မနိုင်နင်းဘူး ယုံကြည်လို့ တခုတ်တရ မနာဖြစ်ပါ။ တရားနာမယ့်အစား ဟန်တင်တန်၊ ကစ်ဆင်းဂျား၊ ဖူကူယားမားတို့ စာအုပ် တွေကိုပဲ ဖတ်ပါတယ်။ ကြည်ညိုပါတယ်။ မဆဲကြေး။

ခက်တော့လည်း အခက်သား


ခက်တော့လည်း အခက်သား။ ကိုယ်ကလည်း မန်ယူကို ချစ်၊ ဦးသိန်းစိန်ကို ချစ်၊ ဒေါ်စုကို ချစ် (ဒေါ်စုကိုတော့ လေးစား၊ မြတ်နိုး၊ နားလည်၊ အထင်ကြီး၊ အားကိုး စသည် စသည် ပေါ့လေ၊ စုံလို့) တာကလွဲရင် ဦးဘူးလက်ကြီးကို လည်း မမုန်း၊ ဦးရဲထွဋ်ကိုလည်း မမုန်း၊ (တကယ်လို့ စစ်တပ်ထဲ စောစော စီး စီးရောက်မသွားရင် ဦးလှဆွေနဲ့ ဦးရဲထွဋ်က သူတော်ကောင်းကြီးတွေေ တာင် ဖြစ်ခွင့်ရမှာလို့ စတေးတပ် ရေးဖူးတယ်။)
ဦးဌေးဦးကိုတော့ မမုန်းပေမဲ့ လက်ရှိနေရာနဲ့ မတန်လှဘူး၊ ဦးသိန်းစိန် လူရွေးမှားတာလို့ ထင်တယ်။ (သူ့ကိုဆော်ထားတဲ့ ဆောင်းပါးလည်း နှစ်ခါ ဆို ထောင်ဂဏန်း ရှယ်ထားကြ) ဖြစ်နေတာ။
ဦးအောင်မင်းဆို သူ စင်္ကာပူကို မလာခင်လေးတင် ကပ်ပြီး "နေကြော်တဲ့ ပဲကြီးလှော်" ဆောင်းပါး ချစ်စနိုးရေးတင်လိုက်လို့ (အဲ့ ဆောင်းပါး ကလည်း ပေါက်တယ်) "ဇင်ဝေသော် ရေးထားသလို ကျနော်က တရုတ်ကြောက်တဲ့လူ မဟုတ်ပါဘူးလို့တောင် (မလုံမလဲ တရုတ်ပြည်ဖက် မျက်နှာလှည့်ကြည့်ရင်း) ပြောခဲ့သေးတယ်။

ကဲ ဘယ်သူ့ကို ဘာအတွက် မုန်းနေရမှာတုန်း။
ဓမ္မဂင်္ဂါစကားနဲ့ပြောတော့ ဘဝက တိုတိုလေး၊ အလွမ်းက အရှည်ကြီး။

ဒါက တို့ အနာဂတ်လေ


မဘသကို ထောက်ခံပေမဲ့ စာလည်းဖတ်၊ အစွန်းလည်းမရောက်၊ သိမ်မွေ့စွာ ကွဲလွဲတတ်တဲ့ ညီငယ်ရဟန်းတွေနဲ့ ဖရင့်ဖြစ်ခွင့်ရတာ.....
ရိုးသား၊ ကြိုးစား၊ မသိတာရှိရင် ရဲရဲဝန့်ဝန့်မေး၊ အကြံတောင်း၊ သူတို့ သဘော မတူတဲ့ စတေးတပ်တင်ရင် ငြိမ်ငြိမ်လေး ရှောင်သွားတတ်တဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေရဲ့ သားသမီးတွေနဲ့ ဖရင့်ဖြစ်ခွင့်ရတာ.....ကို ဝမ်းသာမိတယ်။
အထူးသဖြင့် နိုင်ငံတော်အတွက် ပိုဝမ်းသာတယ်။ ဒါက တို့ အနာဂတ်လေ။