ယနေ့ခေတ်သည် မားကက်တင်းခေတ်ဖြစ်သည်။ မားကက်တင်းခေတ် ဖြစ်သည်နှင့်အညီ ဘာသာရေးနှင့် ( အထူးသဖြင့်) ဘာသာရေးလုပ်ငန်းဆောင်တာများလည်း မားကက်တင်းဆန်လာရလေတော့သည်။ အထူးသတိထားရန်မှာ မားကက်တင်းဆန်ခြင်းဟူသည် ကော်မာရှယ်ဆန်လာခြင်းကို မဆိုလိုပါ။
ယနေ့မှ မားကက်တင်းဆန်လာသည်ဟုဆိုလျှင် ယနေ့ခေတ်ဘာသာရေး လုပ်ငန်းဆောင်တာများနှင့် ဘာသာရေးခေါင်းဆောင်များကို မတရားရာ ရောက်ကောင်းရောက်သွားနိုင်ပေသည်။ ပို၍တိကျအောင် ဆိုရမည်ဆိုလျှင် ဘုရားရှင်လက်ထက်ကတည်းကပင် ဗုဒ္ဓဘာသာ၏ ပုံသဏ္ဍာန်ပြောင်းလဲလာပါသည်။ သာဝက(၆၀) မျှရှိစဉ်နှင့် တိုးပွါးလာသော သံဃာအရေအတွက်အပေါ် မူတည်ပြီး ပြောင်းလဲလာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဝိနည်းပညတ်တော် လိုအပ်လာခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာကပင် ပုံသဏ္ဍာန်နှစ်မျိုးရှိသည်။
၁။ ပုဂ္ဂလိကဆိုင်ရာ ဗုဒ္ဓဘာသာနှင့်
၂။ လူ့အဖွဲ့အစည်းဆိုင်ရာ ဗုဒ္ဓဘာသာဟုဖြစ်သည်။
တစ်ဦးတစ်ယောက်၏ ပုဂ္ဂလိကပန်းတိုင် ရောက်ရှိရေးကြိုးပမ်းမှုသည် ပုဂ္ဂလိကဗုဒ္ဓဘာသာဖြစ်ပြီး၊ ဒေသနာနှင့်အညီ ပရဟိတဆောင်ရွက်ခြင်း၊ လူထုအကျိုးပြုလုပ်ငန်းများလုပ်ခြင်း၊ သင်ကြားပို့ချခြင်း စသည်တို့သည် လူ့အဖွဲ့အစည်းဆိုင်ရာ ဗုဒ္ဓဘာသာဖြစ်သည်။ နှစ်မျိုးလုံးကို ဘုရားရှင်ချီးမွှမ်းတော်မူသည်ဟုဆိုနိုင်သည်။
သမ္မာသမ္ဗောဓိနှင့် ပစ္စေကဗောဓိဟူသည် ဗုဒ္ဓဘာသာ၏ အခြေခံအချက်ဖြစ်သည်။ ဤအချက်က ပုဂ္ဂလိကလွတ်မြောက်ရေးနှင့် လူထုအကျိုးဆောင်ရွက်ခြင်း နှစ်မျိုးလုံးကို ဗုဒ္ဓဘာသာက လက်ခံသည်ဟူသော သဘောပင်ဖြစ်သည်။
ပုဂ္ဂလိကဆိုင်ရာ ဗုဒ္ဓဘာသာက မပြောင်းလဲသော်လည်း၊ လူ့အဖွဲ့အစည်းဆိုင်ရာ ဗုဒ္ဓဘာသာကား ပြောင်းလဲလိုက်လာရသည်။ ဘုရားရှင်လက်ထက်တော်ကတည်းက ဖြစ်သည်။ ဗမ္ဗိသာရ၊ ဝိသာခါ၊ ဇီဝကတို့ လျှောက်ထားချက်ကြောင့် ပညတ်ခဲ့ရသော သိက္ခာပုဒ်တော်တော်များများရှိသည်။ ဤသည်မှာ လူ့အဖွဲ့အစည်း၏ ပုံသဏ္ဍာန်ကိုအခြေခံပြီး ဗုဒ္ဓဘာသာပုံသဏ္ဍာန်လည်း စည်းဘောင်အထဲမှ ပြောင်းလဲလိုက်ရခြင်းဖြစ်သည်။
ဘုရားရှင်မရှိတော့သည့်နောက်တွင်ကား ဗုဒ္ဓဘာသာ၏ပုံသဏ္ဍာန်သည် များစွာပင်ကွဲပြားသွားလေတော့သည်။ အထူးအားဖြင့် ထေရဝါရနှင့် မဟာယာနဟူသော အသွင်နှစ်မျိုး ကွဲပြားသွားခြင်းပင်ဖြစ်သည်။ ဤသို့ ကွဲပြားသွားသော ဗုဒ္ဓဘာသာသည် လူထုကြားက ဗုဒ္ဓဘာသာဖြစ်ပြီး ပုဂ္ဂလိကကျင့်ကြံရေး ဗုဒ္ဓဘာသာကား အတူတူဟု ယေဘုယျဆိုနိုင်ပါသည်။ (ကွဲပြားမှုတစ်ချို့ကို ဆက်လက်ဆွေးနွေးပါမည်။)
ယနေ့ မဟာယာနထွန်းကားသော နိုင်ငံများကိုကြည့်လျှင် စီးပွါးရေးအမြင်ရှိသော နိုင်ငံများဖြစ်နေသည်ကို အကြမ်းဖျင်းတွေ့နိုင်သည်။ တရုတ်၊ ဂျပန်၊ ကိုရီယားတို့ကို ဆိုလိုသည်။ ထေရဝါဒ ထွန်းကားသော နိုင်ငံများက သူတို့လောက် စီးပွါးရေးလာဘ်မမြင်ကြ။ ရှေးရိုးစွဲဆန်၏။ အသစ်ကို စွဲယူရန် လက်တွန့်၏။ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာတို့ကို ကြည့်နိုင်၏။
မတူညီသော လူ့အဖွဲ့အစည်းကို အခြေခံသဖြင့် ဗုဒ္ဓဘာသာကို ဘာသာပြန်ဆိုရာ၌လည်း ကွဲပြားသွားလေတော့သည်။ ရိုးသားစွာ ဝန်ခံရလျှင် ထိုနိုင်ငံမှ ရဟန်းတော်များက လူ့အကြိုက်ကို ပိုသိကြ၏။ လူထုအလိုကို ပိုလိုက်ကြ၏။ ပျော့ပျောင်းသော ဆက်ဆံရေးရှိကြ၏။ ပရဟိတအလုပ်ကို ပို၍ ရှေးရှုကြ၏။ ဆိုလိုသည်မှာ မြန်မာပြည်တွင်းမှလွဲ၍ ထေရဝါဒ ရဟန်းတော်တည်ထောင်သော အင်တာနေရှင်နယ်ကျောင်း၊ တက္ကသိုလ်၊ ဆေးရုံမရှိသေးဟုပင် ဖြစ်သည်။
ဤသည်ကိုထောက်လျှင် ဗုဒ္ဓဘာသာမှာပင် ထေရဝါဒထက် မဟာယာနက လူကြိုက်ပိုများသည်ဟု ဆိုနိုင်သည်။ တရုတ်ပြည်က ကြီးလို့၊ ဂျပန်၊ ကိုရီးယားတို့က ပိုက်ဆံရှိလို့ဟု ရသေ့စိတ်ဖြေတွေးရန်တော့ရှိသည်။ သို့သော် တိဗက်တန်ဗုဒ္ဓဘာသာ ကမ္ဘာပြန့်နေသည့် အချက်အတွက်မူ ဤအဖြေများဖြင့် မလုံလောက်ကြောင်း သိသာထင်ရှားစေလိမ့်မည်။ တိဗက်သည် နိုင်ငံမြေပိုင်မရှိသလို၊ ပိုက်ဆံလည်း မချမ်းသာကြပေ။
မဟာယာန၏ အဓိကလူကြိုက်များသော အယူအဆသည် ဗောဓိသတ္တအယူအဆပင်ဖြစ်သည်။ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို အပထား။ ဤအယူအဆသည် ယနေ့ခေတ်ပြောနေကြသော ဒီမိုကရက်တစ်အယူအဆဖြစ်သည်။ အနည်းငယ် ရှုပ်သွားမည်ထင်သည်။ ဥပမာကို ကြည့်ပါ။
အမေရိက၏ တည်ဆဲဥပဒေအရ လူတိုင်းသမ္မတဖြစ်ခွင့် ရှိသည်။
မဟာယာန၏ ယုံကြည်မှုအရ လူတိုင်းဘုရားဖြစ်နိုင်သော ပါရမီဓာတ်ခံရှိသည်။
သန်း (၂၆၀) ကျော်ရှိသော အမေရိက၌ လူတစ်ယောက်၏ သမ္မတဖြစ်နိုင်ခွင့် ရာခိုင်နှုံးသည် သန်း ၂၆၀ ပုံ တစ်ပုံသာ ဖြစ်သည်။ လူတိုင်းသမ္မတဖြစ်နိုင်သည်ဟုဆိုသော်လည်း အမှန်တကယ်သမ္မတကတော့ တစ်ယောက်သာ (တစ်ကြိမ်မှာ) ဖြစ်ခွင့်ရှိသည်။ သို့သော် ဒီမိုကရက်တစ်ဖြစ်သော ဤဥပဒေကို လူထုကကြိုက်သည်။ သမ္မတသားသာ သမ္မတဖြစ်ရမည်ကို လူထုကမကြိုက်။
သဘောတူသည်၊ မတူသည်ကို အပထား။ လူတိုင်းဘုရားဖြစ်နိုင်သည်ဟူသော ယုံကြည်မှုက အလုပ်ဖြစ်သည်။ လူကိုယ်စီ၏ အကျင့်စရဏ တစ်ချို့ကိုပါ အကျိုးသက်ရောက်မှု ရှိစေသည်။ သူ့ကိုယ်သူ အမှန်တကယ် ဘုရားအလောင်းဟု ယုံကြည်ထားသူတစ်ယောက်သည် (စိတ်ပညာရှုထောင့်မှ ကြည့်လျှင်) အခြားသူထက်ပို၍ ကိုယ်ကျင့်တရားကို တည့်မတ်သွားစရာ ရှိနေသည်။
ဗောဓိသတ္တရုံကြည်မှုသည် မူရင်းဗုဒ္ဓဘာသာနှင့် ကိုက်ညီမှုရှိပါသလားဟူသော အဖြေကိုမူ ပညာရှင်တို့ အသီးသီးဖြေခဲ့ကြပြီး ဖြစ်သည့်အတွက် ဝင်ရောက်မပြောလိုတော့ပါ။ ထေရဝါဒကလည်း ဘုရားအလောင်းဝါဒကို ယုံကြည်ပါ၏။ သို့သော် သာဝကနှင့် ပစ္စေကဗုဒ္ဓါဝါဒကိုလည်း ယုံကြည်ပါ၏။ ထေရဝါဒက အမှန်တရားနှင့် ပိုနီးစပ်သည်ဟုတော့ ထင်သည်။ ကိုယ်တိုင်က ထေရဝါဒရဟန်းတစ်ပါးဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်သည်။
သမ္မတဝါဒရှိလျှင် တိုင်းသူပြည်သားဝါဒလည်း ရှိနေရမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ လူတိုင်း သမ္မတဖြစ်သည်ပဲဆိုဆို၊ သမ္မတမဖြစ်လိုက်ရဘဲ ဘဝဆုံးသွားသူတို့က များပြားလှ၏။ ဤသို့ပင် လူတိုင်းဘုရားဖြစ်နိုင်သည်ဆိုသော်လည်း ဘုရားမဖြစ်လိုက်ရသူတွေက အသင်္ချေ၊ အနန္တပင်။ သို့သော် ထိုအယူအဆကို လူထုကကြိုက်သည်။
လူသည် သင်္ချာတတ်သော်လည်း ဖြစ်နိုင်ခြေကို တွက်ချက်ရာ၌ ညှာတာ၍ တွက်တတ်၏။
ဗုဒ္ဓဘာသာက ကမ္ဘာကိုပြန့်သွားသောအခါ ထေရဝါဒ၏ နောက်အယူအဆတစ်ခုက အဟန့်အတားသဖွယ် ဖြစ်နေပြန်၏။
ဤကား ယောင်္ကျားသာ ဘုရားဖြစ်နိုင်၏။
အမျိုးသားများဖြင့်ဖွဲ့စည်းသော ဘိက္ခုသံဃအဖွဲ့အစည်းသာရှိသောကြောင့် ဖြစ်၏။
မဟာယာနက လက်သွက်သည်။ လူထု၏အကြိုက်ကို သိသည်။ ထို့ကြောင့် ဘိက္ခုနီသံဃာကို စွဲကိုင်ထားသည်။
မှားသည်၊ မှန်သည်ကိစ္စကို ပညာရှင်များ ဆွေးနွေးကြပါလိမ့်မည်။ သို့သော် ယနေ့ခေတ် အမျိုးသမီးများသည် အိမ်တွင်းပုန်းအင်ဒီးယန်း ကုလားမများ မဟုတ်ကြတော့သည့်အတွက် သူတို့စွမ်းရည်ကို ပြသလာနိုင်ကြသည်။ ဤအိုင်ဒီယော်လော်ဂျီအရ ထေရဝါဒက မဟာယာနကို ရှုံးနေပါသည်။ ( မှားသည်၊ မှန်သည်ကို ကျမ်းဂန်အကိုးအကားဖြင့် ပညာရှင်များ ဆွေးနွေးကြပါစေ။)
ဗုဒ္ဓဘာသာက အနောက်ကိုရောက်သွား၏။ အမျိုးသမီး သံဃာ (ဘိက္ခူနီ) ကိုလက်ခံသော ယဉ်ကျေးမှုကတစ်ခု၊ လက်မခံသော ယဉ်ကျေးမှုကတစ်ခု၊ မည်သူပန်းဝင်မည်ကို ကြိုတင်တွက်ချက် ကြည့်နိုင်ပါသည်။ မခက်လှပါ။
ယဉ်ကျေးမှုမတူသော်လည်း ကမ္ဘာတစ်ဝှမ်းလုံး အဖွဲ့အစည်းပေါင်း (၁၆၀) ကျော်ရှိကာ သဘာဝဘေးအန္တရာယ်ကြုံသော နေရာတိုင်းကို ဆေးဝါးများ၊ အဝတ်အစားများ၊ ဆရာဝန်များ၊ သူနာပြုများ ပို့ပေးနိုင်သော ထိုင်ဝမ်အမျိုးသမီး ဘိက္ခူနီမကြီး၏ သာသနာပြုလုပ်ရပ်ကိုမူ မျက်ကွယ်ပြုထား၍ ရမည်မထင်ပါ။ သူမ၏ ဆေးပညာရှင်အဖွဲ့အစည်းက အစိုးရတိုင်း၏ ကြက်ခြေနီများထက်ပင် ခြေသွက်နေကြောင်း တွေ့ရှိရသည်။
သဘောတူနိုင်၏။ မတူဘဲနေနိုင်၏။ ထိုအဖွဲ့၏ ဝတ်ပြုဆုတောင်းပွဲတိုင်း လူပေါင်းသောင်းချီ၍ တက်ကြ၏။ တက်ရောက်လာသောသူများကလည်း မျက်နှာများ မတူကြ။ ပြောသောဘာသာစကားများ မတူကြ။ မေတ္တာ၊ ကရုဏာနှင့် ပရဟိတစိတ်ဓာတ်များသာ တူကြ၏။ ဤသည်မှာ ဘိက္ခူနီသံဃာကို လက်ကိုင်ထားဆဲ မဟာယာန၏ အားသာချက်ပင်ဖြစ်သည်။ ( ဒေသနာနှင့် ညီ၊ မညီ၊ ပညာရှင်များ ကိုယ့်ရှုထောင့်နှင့်ကိုယ် ဆွေးနွေးကြပါလိမ့်မည်။)
တစ်ခါက လူဖြူအမျိုးသမီးနှင့် ရင်းနှီးဖူးသည်။ သူမက ထေရဝါဒ၏ ရပ်တည်ချက်ကို သဘောကျသည်။ သို့သော် ရဟန်းဖြစ်ရေး၌ အမျိုးသမီးများပါဝင်ခွင့်မရခြင်းက ထေရဝါဒဗုဒ္ဓဘာသာ အနောက်နိုင်ငံများ၌ ပြန့်နှံ့ဖို့ အဟန့်အတားသဖွယ် ဖြစ်နေသောကြောင့် ဝမ်းနည်းစရာကောင်းကြောင်း ပြောဖူးသည်။
ထေရဝါဒက ပြောပါသည်။ ဘုရားဆုပန်စဉ်မှာသာ (မနုဿတ္တံ၊ လိင်္ဂသမ္ပတ္တိ) ယောင်္ကျားဖြစ်နေရမည်။ အခြားဘဝများကို မဆိုလိုဟူ၍ပင်ဖြစ်သည်။ သို့သော် ဤအယူအဆကသည်ပင် အမျိုးသမီးများ သမ္မတဖြစ်ခွင့်မရှိ၊ ဝန်ကြီးချုပ်ဖြစ်ခွင့်မရှိနှင့် ဆင်ဆင်တူနေပေတော့သည်။
(လောကနီတိကဆိုလျှင် “ထီ နာယကာ ဝိနဿတ္တိ” အမျိုးသမီး ခေါင်းဆောင်ဖြစ်လျှင် အဖွဲ့အစည်း ပျက်စီးဟုပင် တယူသန်ဆန်ဆန် ဆိုလိုက်ပြန်သေး၏။)
မဟာယာနကြောင့် ဗုဒ္ဓဘာသာသည် သဏ္ဍာန်တော်တော် ကွဲသွားလေတော့သည်။
(ဆက်ရန်)
သီဟနာဒ
Copyright © 2012
ကမ်းလက်. All rights reserved.