" သင့်မှာ တူ တစ်ချောင်းပဲ လက်နက်ရှိတယ်ဆိုရင် ပြဿနာ အားလုံးကို သံချောင်းတစ်ချောင်းလို မြင်ပြီး ထုရိုက်ဖို့ပဲ စဉ်းစားတယ် "
( Abraham Maslow )
" ကေ ပေါ့ပ်၊ ကေ ဒရားမား လောက်နဲ့ နိုင်ငံထောင်လို့ မရနိုင်သေးဘူး"
(ဇင်ဝေသော်)
ဆင်ခြင်ဖွယ် ( ၁ )
အသောကမင်းကြီး ကလိင်္ဂ စစ်ပွဲအပြီးမှာ အကြမ်းဖက်မှု စစ်ဝါဒကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးပဲ လုပ်တော့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လူသိနည်းတဲ့ အချက်က အသောကမင်းကြီးက စစ်တပ်ကို ဖျက်သိမ်းတာ မဟုတ်သလို စစ်မတိုက်တော့ပါဘူး လို့လည်း ဘယ်သူ့ကိုမှ ကတိမပေးခဲ့ဘူး။ ဓမ္မနဲ့ အောင်နိုင်ချင်တယ်၊ အောင်မြင်အောင် ကြိုးစားမယ်။
ဒါပေမယ့် တစ်ဖက်နိုင်ငံက စစ်မက်လိုလားလို့ မတရားမှုတွေ လွန်ကျူးလာရင်တော့အသောကဟာ စစ်တိုက်ဖို့ ဝန်မလေးဘူး လို့ ရာဇသံ လည်း ပေးခဲ့ပြန်တယ်။ အသောကဟာ တူ တစ်ချောင်းပဲ လက်နက်ရှိသူ မဟုတ်ဘူး။
ဆင်ခြင်ဖွယ် ( ၂ )
ကလေးဘဝတုန်းက အဖေဘာကြောင့်သိမ်းထားမှန်းမသိတဲ့ ကြိုးလေး တစ်ချောင်းကိုတွေ့ဖူးတယ်။ ကြိုးလို့ဆိုပေမယ့် ထန်းလက်လျှော်နဲ့ကျစ်ထား တဲ့ နွားကျည်ကြိုးလောက်သာတွေ့ဖူးတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြိုးလို့ ပုံသေကားချ မသိခဲ့ပါဘူး။
အရွယ်ရောက်လို့ မေးကြည့်တော့မှ တစ်တောင်လောက်သာ ရှည်တဲ့ကြိုးလေးရဲ့ ရှည်လျားတဲ့သမိုင်းကို သိခဲ့ရပါတယ်။
"ငါ ကံကောင်းလို့ ဒီကြိုးပြတ်လေးကိုရခဲ့တာ၊ ဒီကြိုးက သမိုင်းရှိတယ်၊ဂျပန်တွေ စစ်ပြေးရင်း စစ်ကိုင်းတံတားကြီးကို ချိုးဖြတ်ထားခဲ့ကြလိမ့်မယ်လို့ ဗြိတိသျှတွေက ကြိုတင်တွက်ထားခဲ့ကြတယ်။ ဒီလိုဖြစ်ခဲ့ရင် ဒီကြိုးတွေနဲ့ တံတား ယာယီ ဆက်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ကြတယ်၊ လူကြီးတစ်ယောက်အိမ်ရောက်တော့ သူက ဒီ အကြောင်းကို ရှင်းပြလို့ တစ်ဖြတ်လောက်ပေးစမ်းပါဆိုပြီး ငါတောင်းယူခဲ့တာ ၊တော်တော်ခိုင်တဲ့ကြိုးပဲကွ "
စစ်ပြေးဂျပန်တွေ ချိုးဖြတ်ထားခဲ့မယ့် စစ်ကိုင်းတံတားကြီးကို ကြိုတင် မြင်တဲ့  ဗြိတိသျှတွေလည်း ယာယီကြိုးတံတားတွေ ပြင်ဆင်ခဲ့လို့ အစီအစဉ် ( ၂ ) ရှိသူတွေလို့ ဆိုရမှာပါပဲ။
သူတို့လည်း တူ တစ်ချောင်းပဲ လက်နက်ရှိသူတွေ မဟုတ်ကြဘူး။
ဆင်ခြင်ဖွယ် ( ၃ )
ကမ္ဘာ့ စစ်တုရင် ချန်ပီယံ ဂယ်ရီ ကက်စပါရော့ကို ကွန်ပျူတာ ဒိပ် ဘလူးက စိန်ခေါ်တော့ ကမ္ဘာတစ်ဝှမ်းလုံး စိတ်ဝင်စားခဲ့ကြရတယ်။ အမေရိကန် သိပ္ပံနဲ့ ရုရှား ဦးနှောက် ပေါ့။ ရုရှား ဦးနှောက်က အမေရိကန် သိပ္ပံ ဒိပ် ဘလူးကို နိုင် လိုက်တယ်။ ဒါပေမယ့် ပလန်း ဘီ ( အစီအစဉ် ( ၂ ) ) ရှိတဲ့ အမေရိကန်တွေက ဒိပါး ဘလူး ကို ဆက်လွှတ်တယ်။
ဂယ်ရီ ကက်စပါရော့ ရှုံးသွားသလို လူသားဦးနှောက်လည်း စစ်တုရင်မှာတော့ ကွန်ပျူတာကို အရှုံးပေးလိုက်ရတော့တယ်။ ဝမ်းနည်းစရာပဲ။ ခက်တာက အမေရိကန်တွေမှာ ဒိပက်စ်တ် ဘလူး ဆိုတဲ့ အစီအစဉ် ( ၃ ) ရှိနေသေးတယ်။ ဒိပါး ဘလူး နဲ့ မရရင် ဒိပက်စ်တ် ဘလူး လာမှာ။
ဘာဖြစ်ရင် ဘာ။ ဘာနဲ့ မရရင် ဘာနဲ့ စတဲ့ အစီအစဉ်တွေကို လျှာယားယား အင်္ဂလိပ်စကားနဲ့ စထရက်ဒဂျီ ( မဟာဗျူဟာ ) လို့ ခေါ်သတဲ့။ ဘာဖြစ်ဖြစ် သံချောင်းလိုပဲထင်ပြီး တူနဲ့ ရိုက်သွင်းနေရင်တော့ ထရက်ဂျဒီ ( ကြေကွဲ ဝမ်နည်းဖွယ် အတိ ) လို့ ခေါ်ပါတယ်။
ကျနော်ဆိုလိုတာက အစိုးရရယ် မဟုတ်ပါဘူး။ အားလုံးပါပါတယ်။ နိုင်ငံတော် တည်ဆောက်ရာမှာ စွန့်လွှတ် အနစ်နာခံစရာတွေ အများကြီးပဲ။
မီဒီယာမှာလည်း ရွှေဥဒေါင်းတွေ အများကြီး လိုနေတယ်။ စစ်အစိုးရကို ဆဲ ရဲသလို ပြည်သူ မကြိုက်တဲ့ အမှန်တရားကို ရေးရဲသူမျိုးတွေ လိုတယ်။ ပြည်သူ အများစုဟာ စီးပွားရေး တံခါး အပိတ်ခံထားရသလို ကမ္ဘာ့ စာပေတွေကိုလည်း အပိတ်ခံထားကြရရှာတယ်။ ကေ ပေါ့ပ်၊ ကေ ဒရားမား လောက်နဲ့ နိုင်ငံထောင်လို့ မရနိုင်သေးဘူး။
ကမ္ဘာထဲဝင်ဖို့ မြန်မာလို တွေးပြီး ကမ္ဘာလို ပြုမူမှ ရမယ်။ နို့မို့ အမေရိကန်က မပိတ်ဘဲ ကိုယ်တိုင်ပိတ်တဲ့ တံခါး ဖြစ်သွားနိုင်တယ်။
ကြေးနီတောင် ပြဿနာက ဦးသိန်းစိန်၊ ဒေါ်စု အတွဲကို ပထမဆုံးမိတ်ဆက်ပေးလိုက်တဲ့ ပြဿနာပဲ ရှိသေးတယ်။ရှင်းရဦးမယ့် ရှေ့လူတွေရဲ့ အရှုပ်တော်ပုံက ပြည်တွင်းမှာရော၊ ပြည်ပ မှာပါ။ သူတို့ကိုပဲ မေတ္တာ စွတ်ပို့နေရတော့တယ်။ ပြည်သူရော အစိုးရပါ တူ တစ်ချောင်းနဲ့တော့ အလုပ် မဖြစ်နိုင်ဘူး။ မီဒီယာ ရောပဲ။ ရောင်းကောင်းမယ့် တို့မီး ရှို့မီး သတင်းလောက်နဲ့တော့ လုံးဝ တာဝန်မကျေတော့တဲ့ ကာလ။
ဆရာကြီး ရွှေဥဒေါင်းကို လုထု ဦးလှ၊ လုထု ဒေါ်အမာ တို့လောက်တော့ လူတွေ မချစ်ဘူး ပေါ့။ သူ့ကို ချစ်သွားသူတွေ အတွက်ကျတော့လည်း အစားထို့လို့ကို မရတာ။
အော် စထရက်ဒဂျီ နဲ့ ထရက်ဂျဒီ။ ။
01/12/2012
ဇင်ဝေသော်