ကွန်စစ်စတင့် ဖြစ်သူများ

မေး ။      ။ တော်လှန်ရေးသမား စစ်စစ်တွေဟာ ဘယ်လိုလူတွေပါလဲ။

ဖြေ ။     ။ ရုရှား စာရေးဆရာကြီး တစ်ယောက် ပြောဖူးပါတယ်။  တော်လှန်ရေးသမား စစ်စစ်တွေဟာ ပထမ နိုင်ငံခြားသားတွေကို  တော်လှန်ပါတယ်။ တော်လှန်ဖို့  နိုင်ငံခြားသားတွေ မရှိတော့ဘူးဆိုရင် အချင်းချင်း အုပ်စုခွဲပြီး ဆက်လက် တော်လှန်ကြပါတယ် တဲ့ ။ ကွန်စစ်စတင့် ဖြစ်လို့ ချီးကျူး စရာပါ။

မေး ။     ။ အနောက်က အမျိုးသားတွေ နဲ့ အာရှ အမျိုးသမီးတွေ အိမ်ထောင်ကျတာ များပြီး အနောက်က အမျိုးသမီးတွေ နဲ့  အာရှ အမျိုးသားတွေ အိမ်ထောင်ကျတာ တော်တော်နည်းပါတယ်။ ဘာကြောင့်လဲ လို့ မေးတဲ့ အခါမှာ အာရှ အမျိုးသမီးတွေက ရင့်ကျက်တယ် ( Girl ) ဂါးလ် ကနေ (Lady ) လေဒီ ဖြစ်လာကြတယ်၊ အာရှ အမျိုးသားတွေကတော့ အသက်ကြီးလာပေမယ့် ( Man )မဲန်း ဖြစ်မလာဘဲ ( Big boys ) ဘစ် ဘွိုင်းပဲ ဖြစ်နေကြလို့ လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြောချင်ပါသလဲ။

ဖြေ ။     ။ ဘာမှ မပြောချင်ပါဘူး။ အာရှ အမျိုးသားတွေက အာရှ အမျိုးသမီးတွေထက် ပိုပြီး ကွန်စစ်စတင့် ဖြစ်တယ်ဆိုတာ ကမ္ဘာကတောင် သိနေမှပဲ။


ဇင်ဝေသော်

အမေရိကန်သံအမတ်ကြီး ဗုဒ္ဓဘာသာအဖြစ် ခံယူမည် ...

ဟူသော သတင်းနှင့် စပ်လျဉ်း၍ ...

၁။ သာဓုခေါ်မိပါသည်။
ဗုဒ္ဓဘာသာအတွက်လည်းကောင်း၊ သံအမတ်ကြီးတို့ ဇနီးမောင်နှံအတွက် လည်းကောင်း၊ ထိုသတင်းကို ဖတ်ရ၊ ကြားရပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသော ဗုဒ္ဓဘာသာဝင်များ အတွက်လည်းကောင်း သာဓုသုံးကြိမ် ခေါ်ပါ၏။

(ဓါတ်ပုံကို forward mail မှရရှိပါသည်။)

၂။ ထိုသတင်းနှင့် ဆက်စပ်ပြီး လူ့အဖွဲ့အစည်းနှစ်ခုအကြောင်းကလည်း ထူးထူးခြားခြား စဉ်းစားစရာမလိုဘဲ ခေါင်းထဲရောက်လာသည်။
အမေရိကန်သံအမတ်ကြီး ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲလိုက်ခြင်းနှင့် ပတ်သက်၍ …

(က) အမေရိကန်အစိုးရက မည်သို့ တုန့်ပြန်လာမည်နည်း။
(ခ) သူ၏ မူလဘာသာရေး ခေါင်းဆောင်တို့က မည်သို့ တုန့်ပြန်လာမည်နည်း။
(ဂ) အမေရိကန်လူထုကရော မည်သို့ တုန့်ပြန်လာမည်နည်း။

အမေရိကန်တို့သည် အမေရိကန်တို့ ဖြစ်သည်အားလျော်စွာ ဘာမှ ထူးထူးခြားခြား တုန့်ပြန်နေကြမည် မဟုတ်ပါ။ ယုံကြည်ကိုးကွယ်မှုဟူသည် လူတိုင်းရွေးချယ်ခွင့်ရှိသည့် လူ့အခွင့်အရေး မဟုတ်ပါလား။

၃။ ဥပမာအားဖြင့် ဆိုပါမည်။
အမေရိကန်သို့ သံအမတ်အဖြစ် စေလွှတ်ခြင်းခံရသော မြန်မာဗုဒ္ဓဘာသာ သံအမတ်ကြီးသည် ပရိုတက်စတင့် ခရစ်ယန်ဘာသာသို့ ကူးပြောင်းသွားသည် ဆိုပါစို့။

(က) မြန်မာအစိုးရက မည်သို့ တုန့်ပြန်လေမည်နည်း။
(ခ) ဗုဒ္ဓဘာသာရဟန်းတော်တို့၏ တုန့်ပြန်မှုက မည်သို့ ဖြစ်လေမည်နည်း။
(ဂ) မြန်မာပြည်သူလူထုကရော မည်သို့ တုန့်ပြန်လာလေမည်နည်း။

ဆိုးဆိုးရွားရွားကြီးတော့ မဖြစ်လောက်၊ “သာသနာဖျက်ကောင်” ဘာညာစသည် မသုံးစွဲကြလောက်ဟု ထင်ပါသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းသည်လည်း လူ့အခွင့်အရေးကို လေးစားသော၊ ယဉ်ကျေး၊ ရင့်ကျက်သော လူ့အဖွဲ့အစည်းဟု ဆိုနိုင်ပါပြီ။

၎။ အမေရိကန်တို့ မခေကြ ။
မန္တလေးမှာနေစဉ်က အမေရိကန်၊ ဂျာမန် နှစ်ယောက်နှင့် မင်းကွန်းဖက်သို့ လိုက်သွားခဲ့ဖူးသည်။ အမေရိကန်တွေနှင့် အင်္ဂလိပ်စကား ပြောရခြင်းသည် အလွန်ပညာရသောကြောင့် ဖြစ်သည်။

မင်းကွန်းသို့ရောက်၊ လည်ပတ်ပြီး အအေးဆိုင်၌ အအေးသောက်ရန် ထိုင်သောအခါ ဆိုင်က လူရှုပ်နေသဖြင့် စားပွဲထိုးလေးက လက်မအား၊ ကိုယ်တိုင်သွားယူမှ ရမည့်သဘော ရှိနေသည်။ ထို့ကြောင့် လူလည် အမေရိကန်က ဂျာမန်ကို သွားယူပေးရန် ခိုင်းသည်။ ဂျာမန်ကလည်း သူ လူလည်လုပ်သည်ဟု ထင်သဖြင့် သွားတော့ ယူမည်။ သို့သော် ရဟန်းအတွက်နှင့် သူ့အတွက်သာ ယူမည်။ အမေရိကန်အတွက် ယူမပေးနိုင်ဟု ဆိုသည်။

ထိုအခါ အမေရိကန်က အပြုံးမပျက်၊ နှစ်ယောက်သွားရန် မလို၊ တစ်ယောက်ဆို ရပြီ၊ သူသွားမည်၊ သုံးယောက်စလုံး (ရဟန်းတစ်ပါးနှင့် လူနှစ်ယောက်) အတွက် သူ ယူခဲ့ပါမည်ဟုဆိုကာ ထွက်သွားသည်။

အမေရိကန် လူလည်ကျသွားပုံကို ထိုရောက်မှ မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ သူ့အပြုအမူအရ ဂျာမန်ကပင် ကလေးကလား ဆန်သွားတော့သည်။ သူက လူကြီးလူကောင်းဆန်သည်။ “မင်းက ငါ့အတွက် လုပ်မပေးနိုင်ဘူးဆိုရင် ငါကလည်း မင်းအတွက် လုပ်မပေး” ဟူသော ကလေးဆန်မှု သူ့မှာ မရှိ။ လူ့ယဉ်ကျေးမှုအရ ဂျာမန် လုံးဝ ရှုံးသွားသည်။

ထို့ကြောင့် ဆိုခြင်းဖြစ်၏။ အမေရိကန်တို့က မခေကြ၊ ရင့်ကျက်၊ ယဉ်ကျေးကြ၏။
ဤအဖြစ်အပျက်ဖြင့် သံအမတ်၏ ဗုဒ္ဓဘာသာခံယူမှုသည် ဘာသာရေးစစ်စစ် မဟုတ်နိုင်ဟု ကျွန်ုပ် ပြောနေခြင်း၊ စွပ်စွဲနေခြင်း မဟုတ်။ ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင် လေ့လာမိသော ပညာတတ်တို့သည် ဗုဒ္ဓဘာသာစစ်စစ်ကြီးများ ဖြစ်သွားတတ်ကြသည်။

ကျွန်ုပ်ဆိုလိုသည်က အခြားနိုင်ငံများက “အမေရိကန်တွေ ရွှေ့လိုက်တဲ့ အဓိကကျားကွက်တိုင်းဟာ အမှန်တွေချည်းပဲ။ သူများထက် အမြဲတမ်း လက်ဦးနေတာပဲ” ဟု ဆိုလာသော် ကျွန်ုပ်တို့ ပြန်ပြောရန် စကားတော့ ရှိမည်မဟုတ်။

အောက်တိုဘာ (၃၀) ရက်ကျော်ပါက ထိုအမေရိကန် သံအမတ်ကြီးသည် မြန်မာနိုင်ငံ၏ ပေါ်ပြူလာ အဖြစ်ဆုံး ပုဂ္ဂိုလ် (၅) ယောက်တွင် တစ်ယောက် အပါအဝင် ဖြစ်သွားနိုင်ပေလိမ့်မည်။ ယခုပင် သူက ပြည်သူ့နှလုံးသားထဲ ရောက်နေပေပြီ။ သေချာသည်က အမေရိကန်၊ မြန်မာ ဆက်ဆံရေး ပို၍ အားကောင်းလာပေတော့မည်။ သူများကို မဆိုလို၊ သီဟနာဒ မျက်စေ့ထဲမှာပဲ ထိုသံအမတ် ဇနီးမောင်နှံက အရင်က မြင်ဖူးတာထက် ပို၍ ကျက်သရေ ရှိနေ၏။ အမေရိကန်တို့ မခေကြ။ ယဉ်ကျေး၊ ရင့်ကျက်ကြ၏။ တနည်းဆိုရသော် အမေရိကန်တို့သည် political science ၊ Social science တို့၌ကျမ်းကျေ၏။


သီဟနာဒ

ဝတ္ထုတို နှစ်ပုဒ်

ကြည်ညိုဖွယ် မင်းကွန်းဆရာတော်ကြီး
မန္တလေးမှာ ဒကာတစ်ယောက်က ဆွမ်းလောင်းနေရင်း ကိုရင်လေးကို အားပေးစကားများ လျှောက်ထားနေသည်။
" ကိုရင်လေး ကြီးလာရင် မင်းကွန်းဆရာတော်ကြီးလို ဖြစ်အောင် အခုကတည်း စာတွေ ကြိုးစားပြီး လိုက်ထား ဘုရား၊ မင်းကွန်းဆရာတော်ကြီးက ကြည်ညိုဖို့ သိပ် ကောင်းတာပဲ "

" ဟုတ်တယ် ဒကာကြီး မင်းကွန်းဆရာတော်ကြီးက ကြည်ညိုဖို့ သိပ် ကောင်းတာ "

" ကိုရင်  မင်းကွန်းဆရာတော်ကြီး အတ္ထုပ္ပတ္တိကို သိသလား၊ ဘာဖြစ်လို့ ကြည်ညိုဖို့ သိပ် ကောင်းတာပဲ လို့ ပြောတာလဲ ဘုရား "

"  မင်းကွန်းဆရာတော်ကြီးက ကိုရင်လေးတွေ ဘောလုံးပွဲ ကြည့်ချင်ရင် ကြည့်ပါစေ။ ဘုန်းကြီးတို့ အရွယ်ရောက်ရင် သူတို့ မကြည့်တော့ပါဘူး တဲ့။ ဆရာတော်ကြီး ကြောင့် ကိုရင်တို့ အခု ဘောလုံးပွဲ ကြည့်နေရတာပါ "
လို့ မိန့်ရင်း သပိတ်ကိုပိုက် ကြွသွားလေတော့သည်။

ယင်း ဒကာကား အော် ကိုရင်လေး မင်းကွန်းဆရာတော်ကြီးကို ကြည်ညိုတာက သူ့ အကြောင်း နဲ့ သူပေကိုး ဟုသာ မှတ်ချက်ချလိုက်ရလေတော့သည်။

( သီဟနာဒ )


ကိုရွှေဘ ချထားဗျ
ရွာသားတွေ ရွှေဘရဲ့ ရုပ်ရှင်ကား ကြည့်နေကြတယ်၊ ရွှေဘလည်း လူဆိုးတွေနဲ့ ဖိုက်တဲ့အခန်းရောက်ရော ရှေ့က ရွာသားက အားပါးတရ အားပေးနေတယ်
" ရွှေဘတဲ့ကွ၊ ချထား၊ လူဆိုးနှစ်ယောက်ပဲ ကျန်တော့တယ်။ ဟေး ဒါမှ  ရွှေဘကွ "

  နောက်ကလူ သည်းမခံနိုင်တောဘူး၊၊ ဒါနဲ့
" ဟေ့လူ၊ မိုက်ရိုင်းလှပါလား။ မင်း ဘယ်ရွာသားလဲ။ ကိုရွှေဘ လို့ ခေါ်ပါကွ "

ဒီတော့မှ
" ကိုရွှေဘတဲ့ ချထားဗျ "

^ ဇင်ဝေသော်  ^


ကမ်းလက်

စီးပွားရေး ပဉ္စလက် (၁)

လီကွမ်းယုရဲ့ Hard Truths (to keep Singapore going) ထဲက သင့်တော်မယ့် အပိုင်းတွေကို ရွေးပြီးဘာသာပြန်ထားတာပါ။ သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေ အရင့်အရင် စာအုပ်တွေမှာ တချို့ပါခဲ့ပေမယ့် ဒီစာအုပ်ကတော့ လူငယ်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးဖြစ်ပြီး အမေးအဖြေပုံစံဆိုတော့ ပိုပြီးသွက်နေတယ်လို့ ခံစားရလို့ပါ။ တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။
ဇင်ဝေသော်


မေး ။     ။ ကုန်ထုတ်လုပ်မှုမှာ စင်္ကာပူဟာ ကမ္ဘာ့ထိပ်တန်းအဆင့် ဝင်နိုင်ပါသလား။

ဖြေ ။    ။ ဒါက တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ကိစ္စ။ ထိပ်မှာ ရပ်တည်ဖို့ လူတော်တွေ အလုံအလောက် မရှိဘူးဆိုရင် အမြဲတမ်း ဒုတိယနေရာကပဲ ရှိနေမှာပဲ။ ၁၉၉၂ - ခုနှစ်က ဂျာမန်ကားကုမ္ပဏီ Daimler Bens ဘုတ်အဖွဲ့ထဲ ဝင်ခဲ့တယ်။ အဲ့ဒီမှာ ဥက္ကဋ္ဌ၊ စီအီးအိုလည်းဖြစ်တဲ့ Jurgen Schrempp (မာစီးဒီးကားကုမ္ပဏီဥက္ကဋ္ဌ) က ပြောတယ်။ ကားကုမ္ပဏီတံဆိပ်တွေ ကမ္ဘာတစ်ဝှမ်းလုံးမှာ လျော့ကျသွားလိမ့်မယ်။ ကားကုမ္ပဏီ (၁၀) ခု (၁၂) ခုလောက်ပဲ အားကောင်းမောင်းသန်နဲ့ ကျန်ခဲ့လိမ့်မယ်တဲ့။ ဒါ့ကြောင့် သူ ကုမ္ပဏီအတွက် ကမ္ဘာကို ထွက်ကြည့်ခဲ့တာ။ ပထမ အမေရိကန် ကားထုတ်လုပ်တဲ့ ကုမ္ပဏီ Chrysler ကို ရဖို့ ကြိုးစားတယ်။ ယဉ်ကျေးမှုမတူတော့ မရခဲ့ဘူး။ အဲ့ဒီနောက် ဂျပန်နဲ့ ကိုရီးယားကို သွားတယ်။ မအောင်မြင်ပြန်ဘူး။

ဒါကို ကြည့်ပေါ့။ ကုန်ထုတ်လုပ်မှု နယ်ပယ်တစ်ခုခုမှာ ကိုယ်က ထိပ်တန်းအဆင့် မရှိဘူးဆိုရင် လက်ရှိ ရှိနေတဲ့ ချန်ပီယံတွေကပဲ ထိပ်တန်းမှာ နေနေကြမှာပဲ။ ဥပမာ ... ထိုင်ဝမ်ကိုကြည့်။ သူတို့မှာ လူဦးရေ သန်း (၂၀) ကျော် ရှိမယ်။ သွင်းကုန်တွေ ပိတ်ပြီး ပို့ကုန်တွေ ပိုအားကောင်းအောင် ကြိုးစားကြည့်ကြတယ်။ အစပိုင်းတော့ သူတို့ အောင်မြင်တယ်။ လက်(ပ်)တော့တွေ၊ ဆီမီးကွန်ဒတ်တာတွေ ကွန်ပျူတာချစ်(ပ်)တွေ ပို့ကြတယ်။

အခု Wall Street Journal ဆောင်းပါးကို ဖတ်ကြည့်တော့ သူတို့ လွင့်သွားပြီ။ ဂျပန်နဲ့ ကိုရီးယားကို သူတို့ မယှဉ်နိုင်ဘူး။ ဂျပန်နဲ့ ကိုရီးယားက လူဦးရေ ပိုများသလို လူတော်တွေလည်း သူတို့ထက် ပိုများတယ်။ ဒါ့ကြောင့် ထိုင်ဝမ်သမ္မတက သူ့နိုင်ငံက ကုမ္ပဏီကြီးတွေ ဆက်ပြီး အလုပ်လုပ်နိုင်အောင် ငွေတွေ ထုတ်ချေးပေးတယ်။ ဒါက ရေတိုပဲ ရမှာပေါ့။ တကယ့်ပြဿနာက သူတို့နဲ့ အမီလိုက်နိုင်ဖို့ R and D ရှိသလား ဆိုတာပဲ။ (Research and Development - သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု)

ဟောင်ကောင်မှာလည်း လူဦးရေက (၇) သန်းပဲ ရှိတယ်။ မယှဉ်နိုင်ဘူး။ ဟောင်ကောင်မှာ ဘယ်လိုလူတွေ ရှိသလဲ။ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေနဲ့ ဈေးကွက်ကစားသူတွေပဲ ရှိတယ်။ Li Ka Shing က ကမ္ဘာကို ရောင်းဖို့ ပစ္စည်းတွေ ထုတ်လုပ်နိုင်သလား။ မထုတ်လုပ်နိုင်ဘူး။ သူ လုပ်လို့ရတာက အိမ်အရောင်းအဝယ်၊ ဆိပ်ကမ်းစီးပွားရေး၊ လက်လီအရောင်းဆိုင်နဲ့ တယ်လီဖုန်းကုမ္ပဏီပဲ။ ဟောင်ကောင်မှာ အအောင်မြင်ဆုံး ကုမ္ပဏီက ဘာလဲ။ Li and Fung ကုမ္ပဏီပဲ။ တော်တော်တော်တဲ့ ညီအကိုနှစ်ယောက်။ သူတို့ဟာ ဟောင်ကောင်ကုမ္ပဏီတိုင်းရဲ့ လောဂျစ်စတစ်ကြိုးတစ်ချောင်းပဲ။ သူတို့လည်း ကုန် မထုတ်လုပ်ကြဘူး။ ဘာ့ကြောင့်လဲ။ သူများတွေနဲ့ မယှဉ်နိုင်လို့။ တရုတ်က ကုန်ထုတ်မှုလုပ်တယ်။ ထိုင်ဝမ်ကတောင်မှ ပြည်မကြီးထဲက ရယ်ဒီမိတ်တွေနဲ့ စပြီး ထုတ်လုပ်ခဲ့ကြတယ်။ တို့မှာ ဒါမျိုး အခြေအနေ မရှိခဲ့ဘူး။ ငါတို့ စင်္ကာပူက လယ်သမားတွေနဲ့ စခဲ့ရတာ။ အဲ့ဒီအထဲက တချို့တော့ ကုန်သည်ပွဲစား ဖြစ်လာတာပေါ့။ အမှန်တကယ် ပရော်ဖက်ရှင်နယ်ဆန်ဆန် စီးပွားရေးသမားတွေ ဖြစ်လာဖို့ဆိုတာ အချိန်တွေ လိုတယ်။

မေး ။     ။ စင်္ကာပူက ခရီယေးတစ်(ဖ်)လို ကုမ္ပဏီက ကမ္ဘာ့ဈေးကွက်ထဲကို ဝင်တိုးလို့ မရနိုင်ဘူးလား။ ဟိုတစ်ခါက အသံကဒ် (Sound Cards) တွေနဲ့ ပတ်သက်ပြီး ဦးဆောင်ခဲ့ဖူးသေးတာပဲ။

ဖြေ ။    ။ ဟုတ်တယ်။ Creative ဟာ စင်္ကာပူ ဦးဆောင်ကုမ္ပဏီ လက်တစ်ဆုပ်စာထဲက တစ်ခုပဲ။ ဒါပေမယ့် ဒီကိုရောက်အောင် သူတို့ ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတဲ့ နောက်ကြောင်းကို ပြန်ကြည့်။ သူများတွေနဲ့ အမီလိုက်နိုင်ဖို့ Silicon Valley က လူတွေနဲ့ လုပ်နေရတာ။ စင်္ကာပူမှာ အဲ့သလို လူတော်တွေ များများစားစား မရှိဘူး။ နောက်ဆုံး Creative က MP3 Player, Sound blasters တွေ ထုတ်နိုင်ခဲ့တယ်။ ဒီပြင် ကုမ္ပဏီတွေက အခု သူတို့ကို မီသွားပြီ။

အစားအသောက်နဲ့ အဖျော်ယမကာကုမ္ပဏီ Tea Yih Jia လည်း မဆိုးဘူး။ ဒါပေမယ့် အမေရိကဘက်ကို ဦးတည်လိုက်ပြီဆိုတာနဲ့ ဟိုက ပက်ပစီကိုလာ (Pepci Co) ဆိုတဲ့ အကောင်ကြီးတွေက ဖမ်းစားလိုက်မှာပဲ။

ငါ ဘယ်လို သိတယ် ထင်လဲ။
ပက်(ပ်)စီ အစည်းအဝေးတွေ ငါ တက်ခဲ့ဖူးတယ်။ သူတို့က စားသောက်ကုန်ပစ္စည်းတွေ တစ်ကမ္ဘာလုံးကနေ ရအောင်စု၊ ထုတ်လုပ်ပြီး လက်တင်အမေရိကတစ်တိုက်လုံးကို ဖြန့်ရောင်းတာ။ တစ်ကမ္ဘာလုံးက ရုပ်ရှင်ရုံတိုင်းမှာ သူတို့စားသောက်ဆိုင်တွေ ရှိတယ်။ Tea Yih Jia ကို သူတို့က ဝါးမျိုသွားမှာ။ သူတို့ကို မယှဉ်နိုင်ဘူး။

ဒီတော့ ပုံတူကူးချပြီး စီးပွားရေးလုပ်မယ်ဆိုရင် အထာမကျနိုင်ဘူးလို့ ငါ မြင်တယ်။ ကမ္ဘာ့ရွာထဲမှာ ဈေးကွက်ကြီးတစ်ခုလုံး ပွင့်နေတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီအတိုင်းပဲ သွားနေမှာပဲ။

ဒီတော့ တို့အနာဂတ်က ဘာလဲ။
ကြိုးစားပြီး ယှဉ်ပြိုင်၊ ဒီလိုလား။
ဘယ်နယ်ပယ်မှာ ပြိုင်မှာလဲ။ ဘာတွေ ထုတ်လုပ်ကြမှာလဲ။
အသေးစားပစ္စည်းတွေ ထုတ်လုပ်မယ်။ အဲ့ဒီ အသေးစားပစ္စည်းက ဘာလဲ။
ငါတို့ လုပ်တာနဲ့ တရုတ်၊ အိန္ဒိယ၊ ဗီယမ်နမ်တွေကလည်း လိုက်လုပ်ကြမှာပဲ။

မေး ။     ။ဒါပေမယ့် စင်္ကာပူဟာ ကုန်ထုတ်လုပ်မှုစင်တာအနေနဲ့ ဖြစ်အောင် ကြိုးစားနေကြတယ် မဟုတ်လား။ ပြီးတော့ နယ်ပယ်အသစ်ဖြစ်တဲ့ Life Science လို ပညာရပ်တွေမှာ ...

ဖြေ ။    ။ ဟုတ်တယ်။ Life Science လို ပညာရပ်တွေမှာ ပိုပြီး တိုးတက်အောင် ကြိုးစားနေကြတယ်။ ဒါပေမယ့် တို့ဟာ ဒီနယ်ပယ်မှာ ဦးဆောင်နိုင်တဲ့အဆင့်ထိ ရောက်နိုင်မလား။ လုံးဝ မရောက်နိုင်ဘူး။

အဲ့ဒီကုမ္ပဏီတွေကို ငါတို့ ထောက်ပံ့ပေးနိုင်တာက သူတို့ စူးစမ်းရှာဖွေတွေ့ရှိချက်တွေအတွက် လုံခြုံစိတ်ချရမှု ကော်ပီရိုက်ကိစ္စကို တင်းတင်းကြပ်ကြပ် ထားပေးမှု၊ သူတို့ သုတေသနပညာရှင်၊ သိပ္ပံပညာရှင်တွေအတွက် နေချင့်စဖွယ် နေရာပေးထားနိုင်မှု၊ ငါတို့ လူထုကို အခြေခံပြီး သူတို့ စမ်းသပ်ချင်တာတွေ စမ်းသပ်လို့ရအောင် ဖြည့်ဆည်းပေးထားနိုင်မှု ... ဒါလောက်ပဲ။ တို့ဆီမှာ ဆေးရုံတွေက အဆင့်မီတယ်။ လူတွေကလည်း လူမျိုးပေါင်းစုံ။ ဒါ့ကြောင့် သူတို့ကို ဖြည့်ဆည်းပေးထားနိုင်တာ။

ဒါတောင်မှ ငါတို့ လုပ်နေတာတွေကို သူတို့ မသိမမြင်တာ မဟုတ်ဘူး။ တရုတ်ပြည်က ဆေးရုံတွေလည်း တဖြည်းဖြည်း အဆင့်မီလာလိမ့်မယ်။ တရုတ်လူနာကို ဆေးစစ်ဖို့ဆိုရင် ကုမ္ပဏီတွေက တရုတ်ပြည်ကို သွားကြမှာပေါ့။ ဘာ့ကြောင့်လဲ။ ဟိုမှာက တရုတ်လူမျိုးတွေ ပိုများတာကိုး။ ဒါပေမယ့် အသိဉာဏ်ပိုင်းဆိုင်ရာ တွေ့ရှိချက်တွေအတွက် လုံခြုံစိတ်ချရမှု မပေးနိုင်သေးဘူး။ ပြီးတော့ တို့ဆီမှာလို အိန္ဒိယန်းတွေ၊ မလေးတွေ၊ လူဖြူ (ကော့ကေးရှန်း) တွေနဲ့ အခြားလူမျိုးကွဲတွေ မရှိသေးဘူး။ ဒါ့ကြောင့် လာမယ့် အနှစ် (၂၀) နဲ့ (၃၀) အထိတော့ ငါတို့က ပူစရာ မလိုသေးဘူး။ ဒီထက်လည်း ကြာကောင်းကြာနိုင်တယ်။

အိန္ဒိယက ဆေးရုံတွေ ကမ္ဘာ့အဆင့်မီဖို့၊ ရှာဖွေတွေ့ရှိချက်တွေ စိတ်ချယုံကြည်ရမှု အိန္ဒိယမှာ ရှိဖို့ဆိုတာကလည်း ငါတော့ မမြင်မိသေးဘူး။ ဒါ့ကြောင့် တို့က ပူစရာ မလိုသေးဘူးလို့ ပြောတာ။ ဖရီးမားကတ်ထဲမှာ နည်းပညာပိုင်းဆိုင်ရာ ဂလိုဘယ်ဖြစ်လာတဲ့ကိစ္စဟာ နိုင်ငံတိုင်း ရင်ဆိုင်ရမယ့် စိန်ခေါ်မှုပဲ။ ဒီတော့ ထိုင်ဝမ်တို့၊ ဟောင်ကောင်တို့ ဒါမျိုးတွေ မလုပ်နိုင်ဘူး။ ဒါပေမယ့် Shenzhen (ရှန်ဟိုင်း) ကတော့ စွမ်းနိုင်တယ်။ အဲ့ဒါ လူဦးရေ (၇) မီလီယံကြောင့် မဟုတ်ဘူး။ အဲ့ဒီ (၇) မီလီယံသာရှိတဲ့လူတွေက သန်း (၁၃၀၀) မီလီယံထဲက ရွေးထုတ်ထားတဲ့ လူတွေမို့။

၃.၂ မီလီယံ လူဦးရေထဲက တို့ ဘယ်သူတွေ ရွေးထုတ်ကြမလဲ။
ကျွမ်းကျင်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေမရှိဘဲ တို့ဘာမှ လုပ်လို့ မရဘူး။ ရေရှည်မှာ အဲ့သလို လူတော်တွေ ဆက်ပြီး မွေးယူရမယ်။ ပညာကို ငါတို့က တန်ဖိုးထားနေသရွေ့ ငါတို့ လောနေစရာလည်း မလိုသေးဘူးလို့ ထင်တယ်။

မေး ။     ။ မစ္စတာလီ ပြောခဲ့တာက နိုင်ငံကသေးသေး။ လူဦးရေက နည်းနည်း၊ အရင်းအမြစ်ကလည်း အတိုင်းအတာတစ်ခုလောက်သာရှိ၊ ဒီတော့ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ အကြီးစား ထုတ်လုပ်မှုကိစ္စအကြောင်းတွေကို စဉ်းစားတောင် မနေနဲ့လို့ ဆိုလိုတာလား။

ဖြေ ။    ။ ဟုတ်တယ်။ အောင်မြင်လာပြီဆိုတာနဲ့ မင်းကို ဝါးမျိုပစ်လိုက်မှာပဲ။ ကမ္ဘာ့အဆင့် ကုမ္ပဏီကြီးတွေကို ကြည့်။ တစ်ခုကိုတစ်ခု ဝါးမျိုဖို့ ချောင်းနေကြတာ။

မေး ။     ။ ဒါပေမယ့် ဖင်လန်က နိုကီယာ ထုတ်နိုင်တယ်။ ဆွီဒင်မှာလည်း အိုင်ကီးယား (IKea) လို ကုမ္ပဏီ ရှိတယ်။ ဒါတွေကို ကြည့်ရင် နိုင်ငံအကြီးအသေးနဲ့ ကမ္ဘာ့အဆင့်မီ ထုတ်လုပ်နိုင်မှုက သိပ် မသက်ဆိုင်သလိုပဲ။

ဖြေ ။    ။ ဟုတ်ပြီ။ ဆွီဒင်၊ အိုင်ကီးယား။ တို့ သူတို့နဲ့ သွားယှဉ်မလား။ တို့မှာ အိုင်ဒီယာ ကောင်းကောင်းနဲ့ ဒီဇိုင်နား လူတော်တွေ ရှိသလား။ ဆွီဒင်ကလူတွေက ဒီဇိုင်းပညာမှာ သိပ် တော်တယ်မို့လား။

နိုကီယားရဲ့သမိုင်းကို ပြန်ကြည့်။ နိုကီယာကို ထိမ်းထားတဲ့လူတွေက ဆိုဗီယက်နဲ့ မကင်းတဲ့လူတွေ။ ဖင်လန်က လူဦးရေ (၅) သန်း (၆) သန်းလောက် ရှိမယ်။ ရေရှည်မှာ ကိုရီးယားနဲ့ ဂျပန်ကို သူတို့ ယှဉ်နိုင်မယ်လို့ ထင်သလား။ တီထွင်ကြံဆနိုင်တဲ့ ခေါင်းကောင်းကောင်းတွေ သူတို့ ဘယ်လောက် ရနိုင်မှာလဲ။

သူတို့ကို ဂျပန်၊ အမေရိကန်တွေနဲ့ ယှဉ်ကြည့်ဦး။ ဂျပန်တွေက ပစ္စည်းအစုံထုတ်တယ်။ အမြဲတမ်းလည်း ကောင်းအောင် ကြိုးစားနေကြတယ်။ လျှပ်စစ်မုတ်ဆိတ်ရိပ်စက် ငါ သုံးတယ်။ ခြောက်လပြည့်တိုင်း မော်ဒယ်အသစ်တစ်ခု ထပ်ထွက်တယ်။ အရည်အသွေးက အရင်မော်ဒယ်နဲ့ သိပ် မကွာဘူး။ ဒါနဲ့ ငါ ပြောတယ် "သိပ် မထူးပါဘူး။ မဝယ်နဲ့" လို့။ ဒါပေမယ့် သူတို့က ပိုပိုကောင်းအောင် လုပ်လာကြတာ။ မဝယ်လို့ မရအောင် လုပ်လာကြတာ။ ဂျပန်တွေက ကားကနေ ခေါက်ဆွဲစားတဲ့တူအထိ လုပ်နေကြတာ။

အမေရိကန်တွေရဲ့ ယဉ်ကျေးမှုက တစ်မျိုး။ စနစ်တကျ ကောက်ကြောင်းဆွဲမယ်။ ပြီးတော့ မင်းကို အနိုင်ယူမယ်။ ဒါမျိုး။ ဒါ့ကြောင့် အမေရိကန်တွေ စီးပွားရေးအကျပ်အတည်းကနေ ထွက်လာမှာလို့ ငါ ယုံကြည်တယ်။ ကုန်ထုတ်လုပ်မှုမှာ အမေရိကန်တွေ ဂျာမန်နဲ့ ဂျပန်တွေအောက် ရောက်သွားတယ်။ ဘာမှ မကြာလိုက်ဘူး။ အင်တာနက်နဲ့ ဖောက်ထွက်လာခဲ့ကြရော။ မိုက်ကရိုဆော့(ဖ်)၊ ဘီး(လ်)ဂိတ်၊ ဒဲ(လ်) စတာတွေ။ သူတို့က ရုတ်တရက်ကြီး စီးပွားရေးထောင်တက်သွားတယ်။ ဥရောပနိုင်ငံတွေနဲ့ ဂျပန်တွေ မီအောင် လိုက်ကြပေဦး။

အချိန်နဲ့အညီ တီထွင်တဲ့နေရာမှာ ဂျပန်တွေက နံပါတ်တစ်ပဲ။ ဒါပေမယ့် အမေရိကန်တွေက အသစ်အဆန်းတစ်ခုခုကို အမြဲတမ်း အရင်တွေ့နေတတ်တယ်။ ဒီအရည်အချင်းတွေ ရှိဖို့ ဘာတွေ လိုအပ်သလဲ။

လူ့သမိုင်းကလည်း အစိတ်အပိုင်းတစ်ခုပဲ။ အမေရိကန်တွေက ဘာမှမရှိတဲ့မြေပေါ် ရောက်အောင်သွားပြီး တစ်ခုခုဖြစ်အောင် လုပ်လာခဲ့ကြတာ။ အိန္ဒိယန်းလူနီတွေကို သတ်၊ မြေတွေသိမ်း၊ ကျွဲတွေသိမ်း၊ အဲ့ဒါ သူတို့ ဘယ်သူတွေဆိုတာ ပြတာပဲ။ မင်းက ဒီနေရာမှာ မြို့တည်၊ မင်းက မြို့သူကြီးလုပ်၊ ငါက တရားသူကြီး လုပ်မယ်၊ မင်းက ရဲအရာရှိလုပ်၊ ငါက ကုန်သည်လုပ်မယ်၊ စကြစို့။ အဲ့သလိုမျိုး။ အဲ့ဒီ ယဉ်ကျေးမှုက ဒီနေ့အထိ ရှင်သန်နေတုန်း။

"There is the belief that you can make it happen." "ယုံကြည်မှုသာရှိရင် ဖြစ်အောင်လည်း လုပ်လို့ ရတယ်"


ဇင်ဝေသော်
Zin Wai Thaw

ဖွင့်ထားသော လူ့အဖွဲ့အစည်း

ဤခေါင်းစဉ်အောက်၌ မိမိကိုယ်တိုင် ကြုံတွေ့နေရသော ဘာသာရေး၊ လူမှုရေးနှင့်ဆိုင်သော စင်္ကာပူ၏ အားသာချက်တို့ကို ဆွေးနွေးရန် အကြံဖြစ်မိသည်။ အစိုးရပေါ်လစီနှင့်မဆိုင်၊ လူ့အဖွဲ့အစည်းများနှင့်သာ ဆိုင်၏။ ဤ၌ ကဏ္ဍအချို့ ခြုံငုံမိသမျှ ခြုံငုံမိအောင်တော့ ကြိုးစားမည်။ စင်္ကာပူဟူသည် အကြောင်းမဲ့ ရှေ့ရောက်နေသော လူ့အဖွဲ့အစည်းမဟုတ်၊ အကောင်းတကာ့အကောင်းများ ရရှိစေရန် အမှန်ပင် တံခါးဖွင့်ထားသော လူ့အဖွဲ့အစည်း ဖြစ်သည်။

ပထမဆုံး စင်္ကာပူအမျိုးသားတက္ကသိုလ်၊ ဗုဒ္ဓဘာသာအဖွဲ့ချုပ် National University of Singapore Buddhist Society (www.nusbs.org.sg) အကြောင်းကို ဆွေးနွေးပြပါမည်။ လူငယ်လေးများပင် ဖြစ်လင့်ကစား သူတို့က အပိတ်များ မဟုတ်ကြ။ စင်္ကာပူ၌ မဟာယာန ပိုအားကောင်းသည်ဟုဆိုစေ၊ ထေရဝါဒနှင့် အခြားယဉ်ကျေးမှုတို့ကို မျက်ကွယ်မပြုကြ။ သူတို့ ဗုဒ္ဓဘာသာအဖွဲ့ချုပ်ကိုပင် ဗုဒ္ဓဘာသာအဖွဲ့ချုပ်အနေဖြင့်သာ လက်ခံသည်။ ထေရဝါဒ၊ မဟာယာန၊ ဇင်၊ တိဗက်တန်စသည့် သီးသန့်နာမည်များ၊ ယဉ်ကျေးမှုများကို လက်မခံ။ မဟာယာနမှ ကောင်းတာကို ယူသည်။ ထေရဝါဒ၊ ဇင်၊ တိဗက်တန်တို့ထံမှ ကောင်းတာကို ယူသည်။

ထို့ကြောင့် သူတို့အဖွဲ့အစည်းအတွက် ဩဝါဒါစရိယများ တင်မြှောက်ရာ၌ပင် ဤယဉ်ကျေးမှု လေးခုစလုံးမှ ဆရာတော်များပါအောင် အနည်းဆုံး လေးပါး တင်မြှောက်ကြသည်။ ဩဝါဒ ခံယူကြသည်။ သူတို့ အဖွဲ့အစည်းနှင့် ကိုက်ညီသော၊ လက်တွေ့ကျသော ဩဝါဒတို့ကို ကျင့်သုံးကြသည်။ သို့ဖြင့် မဟာယာန၊ ထေရဝါဒ ဘာသာရေးဓလေ့ထုံးစံများနှင့် ကျောင်းသားများက အကျွမ်းတဝင် ရှိနေလေတော့သည်။



သူတို့မှာ ဗုဒ္ဓဘာသာသာ ရှိသည်။ ယဉ်ကျေးမှု အမည်နာမ မရှိ။ ကောင်းသည်ဟု ထင်သည်။ တိဗက်တန်ဗုဒ္ဓဘာသာကလည်း အကြောင်းမဲ့ ပေါ်ပြူလာ ဖြစ်နေသည် မဟုတ်။ ဇင်ဗုဒ္ဓဘာသာကိုလည်း အကြောင်းမဲ့ အမေရိကန်တွေ ကျင့်သုံးနေကြသည် မဟုတ်။ ကောင်းကွက်များ ရှိကိုရှိပါသည်။ ကိုယ့်ဟာကိုယ်ပဲ ကောင်းပြီး သူများဟာကို လေ့လာရမှန်း မသိသော ယဉ်ကျေးမှုသည် အပိတ်ဖြစ်သည်။ အတွေးအခေါ် ပိတ်နေသည်။ အိုင်ဒီယာတို့ ပိတ်နေသည်။

ဒုတိယ ဆွေးနွေးလိုသော အဖွဲ့အစည်းက မိမိ နေထိုင်သီတင်းသုံးရာ ကျောင်းပင် ဖြစ်သည်။ ဤကျောင်းသည် ၂၀၁၀- ခုနှစ်က နှစ် (၅၀) ပြည့်ခဲ့ပြီး သက်တမ်းနုနု စင်္ကာပူ၌ ဒုတိယ ရှေးအကျဆုံး ထေရဝါဒ ကျောင်းတစ်ကျောင်း ဖြစ်သည်။ တည်ထောင်ခဲ့သော ဆရာတော်က သီရိလင်္ကာဆရာတော်။ ထိုဆရာတော်ကြီး ပျံလွန်တော်မူပြီး သီရိလင်္ကာဆရာတော်နှစ်ပါး ဆက်လက် ကျောင်းထိုင်သည်။ သီဟနာဒကား ၂၀၀၃ - ခုမှ ဤကျောင်းကို ရောက်သည်။

ကျောင်းဒကာ၊ ဒကာမတို့ကလည်း အဖွင့်များ ဖြစ်သည်။ အပိတ် မဟုတ်ကြ။ သီရိလင်္ကာရဟန်း၊ မြန်မာ ရဟန်းဟု မစွဲ။ အတူတူပင် ဖြစ်သည်။ သူတို့နှင့် အံဝင်ခွင်ကျရှိသော သီရိလင်္ကာယဉ်ကျေးမှုကို ကျင့်သုံးသည်။ မြန်မာယဉ်ကျေးမှုတို့ကို ကျင့်သုံးသည်။ သီရိလင်္ကာဆရာတော်ကြီး၏ တပည့်များပင် ဖြစ်သော်လည်း လက်တွေ့ကျသော မြန်မာယဉ်ကျေးမှုကို ကျင့်သုံးရန် လက်မနှေးကြ။ ထို့ကြောင့် သီရိလင်္ကာနှင့် မြန်မာယဉ်ကျေးမှုတို့မှ အားသာချက်တိုင်းကို ရယူကြသည်။ ကောင်းသည်ဟု ထင်၏။ ဘုရားအဆုံးအမက တစ်ခုတည်း၊ ယဉ်ကျေးမှုကသာ ကွဲနေ၏။

ထို့ထက် ထင်ရှားသော တံခါးဖွင့်ဝါဒမှာ ကျောင်းထိုင်ဘုန်းကြီး တင်မြှောက်ရေးပင် ဖြစ်၏။ ဤကျောင်းကား သီရိလင်္ကာယဉ်ကျေးမှု အမြစ်ခိုင်နေသော ကျောင်းဖြစ်ပြီး ကျောင်းထိုင်ဘုန်းကြီးတိုင်းလည်း သီရိလင်္ကာရဟန်းတော် ဖြစ်နေရမည် ဖြစ်သည်။ ဤဥပဒေကို “စလုံး” ဗုဒ္ဓဘာသာတို့က ဂရုမစိုက်။ အလုပ်ဖြစ်သော ရဟန်းကို ကျောင်းထိုင်တင်မည်။ သီရိလင်္ကာသော၊ မြန်မာသော၊ ထိုင်းသော၊ ဘာသောညာသော မရှိကြ။ သို့ဖြစ်ပင် မြန်မာရဟန်း ကျောင်းထိုင် ဖြစ်လာခဲ့၏။ မြန်မာလူ့အဖွဲ့အစည်း၊ သီရိလင်္ကာ လူ့အဖွဲ့အစည်းတို့၌ ဤမျှရဲတင်းသော ဆုံးဖြတ်ချက် ချနိုင်လိမ့်မည် မဟုတ်။

စလုံး ဗုဒ္ဓဘာသာတွေအမြင်က ရှင်းသည်။ ရဟန်းဟူသည် ဘုရားသားတော် ဖြစ်သည်။ ဤမျှ ဖြစ်သည်။ လူမျိုးမကြည့်၊ သင်္ကန်းရောင် မကြည့်၊ အသားအရေအရောင်ကို မကြည့်။ ပွင့်၏။ မပိတ်။
ဤ၌ ညံ့နေရစ်သည်က မြန်မာနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာများ ဖြစ်ကြ၏။ ထေရဝါဒချင်း တူသည်ဟု ဆိုစေ၊ မြန်မာအခမ်းအနား၌ သီရိလင်္ကာတွေက ယောင်တောင်တောင်၊ သီရိလင်္ကာ အခမ်းအနား၌ မြန်မာတွေက တောင်ကြည့်မြောက်ကြည့်။ စလုံး ဗုဒ္ဓဘာသာတွေက နှစ်ခုစလုံးနှင့် အံဝင်အောင် လုပ်ပြသွားနိုင်သည်။ အားသာချက် မဟုတ်ပါလော။ သူတို့၏ အဓိက အားသာချက်သည် အစွဲနည်းခြင်း ဖြစ်သည်။

အချို့မြန်မာတို့က မေးတတ်ကြသည်။ ဤတရုတ်တွေ ထေရဝါဒစစ်သလားဟု ဖြစ်၏။ ကြည့်ပါလေ၊ ကျောင်းထဲ၌ ကွမ်ယင်မရှိ၊ ဘာမရှိ၊ ဘုရားဆင်းတုသာ ရှိ၏။ တစ်နေ့သုံးကြိမ် ဘုရားရှိခိုး၏။ ဒကာ၊ ဒကာမ အများစုက မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ် သုံးသုတ် အလွတ်ရ၏။ တရားထိုင်၏။ သင် ပရိတ်သုံးသုတ် အလွတ်ရပါ၏လောဟု မေးရန်သာ ရှိ၏။

သူတို့ကိုယ်သူတို့ ထေရဝါဒစစ်လှပြီ ထင်သော ထိုထိုမြန်မာတို့က ညနေပိုင်း သစ်သီးကပ်ကြ၏။ ကျောင်းမှ တရုတ်ဒကာ၊ ဒကာမတို့က ဆွမ်းသစ်သီးစသည်တို့သည် (၁၂) နာရီကျော်က မကပ်သင့်ကြောင်း ရှင်းပြတတ်၏။ ထိုအခါ ရွှေမြန်မာတို့က တရုတ်တို့ သူတို့နေရာမို့ ဘာမကပ်ရ၊ ညာမကပ်ရ လူစွာလုပ်သည်ဟု ထင်ကြသည်။ အမှန်မူ ထိုထိုရွှေမြန်မာတို့ “ချာ” ခြင်းသာ ဖြစ်၏။ ပန်းကပ်သော် မည်သူမှ သူတို့ကို မတား။

ကျွန်ုပ်ဆိုလိုချင်သော အချက်သည် ဘာသာရေးမှာလည်း စလုံးတွေ “မချာ” ဟူသော အချက် ဖြစ်သည်။
ထို့နောက် ဆွေးနွေးလိုသော အချက်က သူတို့ ပညာရေးဖြစ်သည်။ ပညာရေးကောင်းသည်။ ပညာရေးသာမက အကျဉ်းအကြပ်ထဲရောက်သော် ဘာလုပ်ရမည်၊ ဘာလုပ်သင့်သည်ဆိုတာမျိုးတွေကိုပင် ကြုံလျှင်ကြုံသလို ငယ်စဉ်ကတည်းက ပညာပေးတတ်ကြ၏။

ဤမှ စလုံး ဒကာ၊ ဒကာမများနှင့် မြန်မာပြည် သွားကြစဉ် ကျိုက်ထီးရိုးမှအပြန် ကားနှစ်စီးအနက် တစ်စီးက ပျက်နေ၏။ အနည်းငယ် စိုးရိမ်မိသည်။ စလုံးများက ကားဒရိုင်ဘာနှင့် ဧည့်လမ်းညွှန်ကို ဆူလား၊ ကြိမ်းလား လုပ်နေလေမည်လားဟူသော အတွေးကြောင့် ဖြစ်သည်။

ထို့ကြောင့် ရှေ့ကားကို ခဏ အနားယူခိုင်းပြီး အခြားကားတစ်စီးကို တားပြီး ထိုကားပျက်ရှိရာ ပြန်လိုက်သွားမိသည်။ ရောက်သောအခါ အံ့ဩဖွယ် တွေ့ခဲ့ရသည်။ သူတို့အားလုံး စိတ်မဆိုး၊ စိတ်မညစ်ကြ။ ကားသမား စက်ပြင်နေချိန် အချိန်ဖြုန်းသည့်သဘောဖြင့် ပရိတ်ရွတ် ပြိုင်နေကြသည်။ တစ်ယောက်တလှည့်စီ ရွတ်ပြီး အမှတ်ပေးနေကြသည်။ မိမိရောက်သွားသောအခါ အခုမှ အမှတ်ပေးဒိုင်ပါ ရောက်လာသည်၊ ဘုရားမသည်ဟု လက်ခုပ်လက်ဝါး တီးကြ၏။ ထပ်ပြိုင်ကြ၏။ ထိုကားပေါ်၌ လူပေါင်း သုံးဆယ်ကျော်ခန့် ပါသည်။ ထို့ကြောင့် လူ (၃၀) မပြည့်မီ စက်လည်း ပြန်ကောင်းသွားတော့၏။ စိတ်ညစ်ချိန်မရ၊ စိတ်ဆိုးချိန်မရ၊ ဆူချိန်ငေါက်ချိန် မရလိုက်ကြတော့။ ဤသို့ နည်းလမ်းရှာဖွေတတ်ခြင်းသည် သူတို့ပညာရေး၏ အစိတ်အပိုင်း ဖြစ်၏။

သီဟနာဒကိုယ်တိုင် မြန်မာတွေနှင့် ခရီးသွားခဲ့ဖူးသည်။ ကားပျက်ပြီဆိုလျှင် ဘာလုပ်လို့ လုပ်ရမည် မသိ။ စက်ပျက်သဖြင့် စိတ်ညစ်နေရှာသော ကားသမားကို ဝိုင်းဆူကြသည်သာ များ၏။ မည်သူ့အတွက်မှ ကောင်းကျိုးမရှိ။

အစပထမပိုင်းက ဤကျောင်း၌ မြန်မာနှင့် ပတ်သက်သော သင်တန်းများ၊ တရားပွဲများ၊ ပဋ္ဌာန်းပွဲများ မရှိ။ သူတို့ စလုံးတို့ အခမ်းအနားများသာ ရှိ၏။ ထို့ကြောင့် သူတို့ကို ဩဝါဒပေးရသည်။ ဤကျောင်းသည် သံဃိကကျောင်းသာ ဖြစ်သည်။ အစိုးရဥပဒေအရ “စလုံး” တို့ ပိုင်သည်။ ဘုရားဥပဒေအရ သံဃာပိုင်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဘယ်သင်တန်းမဆို ကျောင်းအားပါက၊ စာသင်ခန်းများ အားပါက လက်ခံသင့်သည်။ သို့မှသာ အစိုးရဥပဒေကိုလည်း မဖောက်၊ ဘုရားဥပဒေကိုလည်း မဖောက်ရာ ရောက်မည်ဟု ဖြစ်သည်။

မှန်၍ လက်တွေ့ကျသော ဩဝါဒမှန်း သူတို့သိသည်။ အားတက်သရော အားပေးကြသည်။ ဓမ္မကို သင်တာမှန်လျှင် တရုတ်လိုပဲ သင်သင်၊ အင်္ဂလိပ်လိုပဲ သင်သင်၊ မြန်မာလိုပဲ သင်သင်၊ သာသနာပြုခြင်းပင် ဖြစ်သည်ဟု ယုံကြည်သွားကြတော့သည်။

ထိုမှနောက် တရုတ်မင်ဒရင်းလို ဓမ္မသင်တန်းများ၊ မြန်မာလို ဓမ္မသင်တန်းများ၊ တတ်စွမ်းသရွေ့ လက်ခံလာခဲ့ကြသည်မှာ သာဓုခေါ်စရာပင် ဖြစ်သည်။ စင်္ကာပူ၌ ဤကျောင်းမျိုး ဒေါ်လာဘီလီယံရှိလည်း ဝယ်၍ မရ၊ အစိုးရက မြေအကျယ်ကြီး မရောင်းတော့။

မနှစ်ကပင် အစိုးရဆိုင်ရာမှ လူကြီးတစ်ယောက်က မေးသည်။ ဒီကျောင်းက အရှင်ဘုရား ပိုင်တာလားတဲ့။ စင်္ကာပူ၏ ဥပဒေကို မသိသော အရာရှိဟုပင် မှတ်ရပေတော့မည်။ မည်သည့် နိုင်ငံခြားသား ရဟန်းမှ မည်သို့သော မြေစိုက်အဆောက်အအုံကို မပိုင်။ အဖွဲ့အစည်းသာ ပိုင်သည်၊ နောက်ဆုံး အစိုးရသာ ပိုင်သည်။

ရဟန်းတစ်ပါးအနေနှင့် အကောင်းဆုံး လုပ်နိုင်သော အချက်မှာ ဤကျောင်းကို ပိုင်သော အဖွဲ့အစည်းကို ကိုယ်က ပိုင်နေအောင် လုပ်ထားဖို့ပဲ ရှိသည်။ ထို့ထက် မပို။

ဤသည်မှာ စင်္ကာပူ၏ ဥပဒေဖြစ်ပြီး ထိုဥပဒေဘောင်အတွင်းမှာ ရှိနေသော ဗုဒ္ဓဘာသာဝင်တို့ကို စည်းရုံးရေးမှလွဲ၍ မြန်မာပြည်လို ကျောင်းပိုင်၊ ပုဂ္ဂလိကပိုင်ဟူ၍ကား ရှိမည် မဟုတ်ပေ။

သူတို့လူမျိုးက စီးပွားရေးကိုသာမက သာသနာရေးကိုလည်း အမြတ်ရနိုင်သရွေ့ ရအောင် လုပ်တတ်သော အကျင့်ရှိသည်။ လူမျိုးမရှိ၊ အသားအရောင်မရှိ၊ သင်္ကန်းရောင်မရှိ။ ကြိုက်သလို ယူဆနိုင်ပါ၏။ သို့သော် လျော့တွက်လျှင်တော့ မှားပေလိမ့်မည်။

ဆိုလိုသည်မှာ စလုံးများ မခေကြ။ တစောက်ကန်းများ မဟုတ်ကြ။
သူတို့မူက အကျိုးအမြတ် ရရှိဖို့အတွက် ဘာမဆို Maximize လုပ်ရေး ဖြစ်၏။


သီဟနာဒ

အွန်လိုင်း ပေါ်မှာ ဘာလို့ ရိုင်းစိုင်းသွားတတ်တာလဲ

Ref : Why we are so rude online by Elizabeth Bernstein,
Wall Street Journal


ဖေ့စ်ဘုတ်ပေါ်တက်၊ ငြင်းကြ ခုန်ကြ စိတ်ဝမ်းကွဲကြတွေ ဟာ မြန်မာတွေမှာ သီးသန့် ဖြစ်တတ်တဲ့ သဘာဝ မဟုတ်ပါဘူး။ ဂလိုဘယ် ပြဿနာပါ။

စိတ်ဝင်စားစရာ ဆောင်းပါးတစ်ပုဒ် ဝေါစထရိတ် မှာ တွေ့ရလို့ အချက် တချို့ကို ထုတ်ကြည့် မိပါတယ်။
ဆောင်းပါးရှင်က " ဖေ့စ်ဘုတ်၊ တွစ်တာ၊ မက်ဆေ့ဂ်ျဘုတ်တွေပေါ်မှာ ဘာလို့ လူတွေ ရိုင်စိုင်းသွားတတ်တာလဲ၊ မျက်နှာချင်းဆိုင်ဆို ဘယ်လိုမှ ပြောမထွက်တဲ့ စကားမျိုးတွေကို ပြောဖြစ်ကြတာလဲ " လို့ မေးခွန်း စထုတ်တယ်။

ကိုယ် ဘယ်သူမှန်း တဖက်လူ မသိခြင်းဟာ အဓိက အကြောင်းလို့ ဆိုပါတယ်။ ဖန်သားပြင်ပေါ်က လူကို တဖက်လူ မြင်တာမှ မဟုတ်ဘဲ။ ဒါပေမယ့် ဖေ့စ်ဘုတ်ပေါ်မှာဆိုရင် ကိုယ့်ရဲ့ ကိုယ်ရေး အချက်အလက်တွေ ပြည့်ပြည့် စုံစုံ၊ မှန်မှန် ကန်ကန် ရှိနေပါလျက် ဒီပြဿနာက ရှိနေဆဲပါ။



Columbia နဲ့ Pittsburgh တက္ကသိုလ်တို့ သုတေသန အရကတော့ ဖေ့စ်ဘုတ် အသုံးများရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု အားနည်းသွားတတ်တယ်။ အထူးသဖြင့် ကိုယ့်ရဲ့  ဖေ့စ်ဘုတ်ကွန်ယက်ဟာ ကိုယ်နဲ့ အမြဲတမ်း တွေ့ဆုံ ရင်းနှီးနေသူတွေနဲ့ပဲ ဆက်သွယ်နေမယ်ဆိုရင် တဲ့။ အကြောင်းကတော့ အချင်းချင်း အပြန်အလှန်တွေ လုပ်နေကြတဲ့ " လိုက်ခ် " ဆိုတာတွေကြောင့် လူရဲ့ အဇ္ဈတ္တပုံရိပ် နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ကြီးထွားလာစေပြီး ဒါတွေကသည်ပင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု အားနည်းသွားအောင် ( မြောက်ကားကားကြီး ဖြစ်သွားအောင် ) လုပ်ပေးသလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ရဲ့ ဒု ပါမောက္ခ Keith Wilcox က  ဒါဆို ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားတယ်၊ ယုံကြည်သွားတယ်။ ဒီက တဆင့် ကိုယ့် အယူအဆတွေ ပြန့်အောင် လုပ်ချင်လာတယ်။ ဒီမှာကိုယ့် အယူအဆနဲ့ မတိုက်ဆိုင်သူတွေ တွေ့လာရင် မကျေ မချမ်းဖြစ်ပြီး မပြောသင့်တာတွေကို ပြောတတ်ကြတော့တာပဲ။ သောက်တတ်တဲ့ အကျင့်လည်းရှိ သောက်လည်းထားမယ်ဆိုရင် အခြေအနေက ပိုဆိုးနိုင်င်ပါတယ် လို့ ဆိုပါတယ်။

သူတို့က အွန်လိုင်းအသုံးများသူတွေ နဲ့ ပတ်သက်ပြီး အဆင့် ဆင့် သုတေသနလုပ်ကြတယ်။ မိတ်ဆွေရင်းတွေနဲ့ အွန်လိုင်းမှာ အချိန် ပိုပြီးကြာကြာရှိနေမယ်ဆို သူတို့ ပြောတတ်တာတွေက အစားအစာအကြောင်းနဲ့ အဆုံးသတ်တတ်ပြီး နောက်ဆုံး ကိုယ်အလေးချိန်တွေ တက်လာတတ်ကြပါ သတဲ့။

ဖေ့စ်ဘုတ် အသုံးများသူတွေဟာ ခက်ခဲတဲ့ ပြဿနာတွေ ကြုံလာရင် ပိုပြီး စိတ်ပျက် လက်လျှော့လွယ်ကြတယ်လို့ဆိုပါတယ်။ ဒီအဆိုနဲ့ ပတ်သက်လို့ ဖေ့စ်ဘုတ် ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘာကွန်မင့်မှ မပေးခဲ့ပါဘူး။

အွန်လိုင်း ပေါ်မှာ ဘာလို့ ရိုင်းစိုင်းသွားတတ်တာလဲဆိုတာရဲ့ အဖြေကို မန်ဆာချူးဆက် စိတ်ပညာရှင် ရှယ်ရီ တာကယ်လ် က ကိုယ်ပြောလိုက်တာကို အခြေခံပြီး တစ်ဖက်သား ဘယ်လိုအထိဖြစ်သွားတယ်ဆိုတာကို မမြင်ရလို့ ပါ လို့ ဆိုပါတယ်။ ပြီးတော့ အွန်လိုင်းပေါ်က စကားလေး တစ်ခွန်းဟာ ချက်ချင်း လူပေါင်းများစွာဆီ ပြန့်သွားတယ် ဆိုတဲ့ လွယ်ကူတဲ့ကိစ္စကို လူတွေ အရေးမမူကြခြင်းပဲ။ ချက်ချင်း တုန့်ပြန်တတ်ကြတာနဲ့ ပတ်သက်လို့ " တစ်ဖက်သားက ဒီလိုပြောလာလိမ့်မယ်လို့ ကြိုတင်သိမထား၊ ပြင်ဆင်မထားရတဲ့ အတွက် မမျှော်လင့်တဲ့ တုန့်ပြန်မှုရတာနဲ့ ရှူးရှူးဒိုင်းဒိုင်း ပြန်လည် တုန့်ပြန်တတ်ကြတာ " လို့ဆိုပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ အသိတွေ ရတတ်သလို ဖေ့စ်ဘုတ်ပေါ်မှာပဲ မိတ်ဆွေဟောင်းတွေ ဆုံးရတတ်ပြန်ပါတယ်။ ဒါကြောင့် ဖေ့စ်ဘုတ်ပေါ်မှာ မြန်မာတွေ ရန်ပဲ ဖြစ်နေကြတယ် ဆိုရင်တော့ အဆိုး မြင်လွန်းရာ ရောက်ပါတယ်။ ဒီ ရန်ပွဲက ဂလိုဘယ်လ်ပါ။

ဒီဆောင်းပါးထဲမှာ ဖေ့စ်ဘုတ်အပေါ်က မဖြစ်စလောက်ပို့စ်လေးကြောင့် မိတ်ဆွေတွေ ကွဲကြ ဆဲကြ သာဓကတွေ ထုတ်ပြထားပေမယ့် မြန်မာတွေကြားမှာ " ဒါမျိုးကတော့ ရိုးနေပေါ့ " မို့ ဖော်ပြမနေတော့ပါဘူး။


ဇင်ဝေသော်

လီကွမ်းယု နဲ့ ခရစ်ယန်ဘာသာတရား ( ၆း ၅ )

အာရှ နိုင်ငံ ခေါင်းဆောင်များတွင် လီကွမ်းယုသည် ကျွန်ုပ် ချစ်ခင်ရသော မိတ်ဆွေတစ်ယောက် ဖြစ်သလို ကျွန်ုပ် အလေးစားရဆုံးသော ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပေသည်။ ဂျပန် ဝန်ကြီးချုပ်တစ်ယောက် အနေဖြင့် G7စည်းဝေးပွဲ မတိုင်မီ မစ္စတာ လီနှင့် တွေ့ဆုံပြီး အာရှတိုက် ရင်ဆိုင်နေရသည့် ပြဿနာများနှင့် ပတ်သက်သော သူ့အမြင် သူ့အယူအဆတို့ကို အစည်းအဝေး မှတ်တမ်းများ အဖြစ် ကျွန်ုပ် သိမ်းဆည်းယူခဲ့သည်။ သူ၏ ကျနသော လေ့လာ သုံးသပ်မှု၊ ရိုးရှင်းသော ခွဲခြမ်း စိပ်ဖြာမှုတို့သည် အာရှ နိုင်ငံရေးလောက အတွက် အဓိပ္ပါယ် ရှိလှပြီး တန်ဖိုးလည်း ကြီးလှပေသည်။
Yasuhiro Nakasone,
Japanese Prime Minister,
1982-1987

မေး ။     ။ ခရစ်ယန်ဖြစ်တဲ့ ဝန်ကြီးတွေက ...

ဖြေ ။    ။ သူတို့က ဒီလောက် တစ်ယူသန်ကြီးတွေ မဟုတ်ပါဘူး။ သူတို့က "How to live and let live" ကို သဘောပေါက်ကြပါတယ်။ မင်းက ကျမ်းသစ္စာ ကျန်ဆိုချင်သလား။ ရတယ်။ ကျမ်းစာ အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် (ဓမ္မဟောင်းကျမ်းပဲဖြစ်ဖြစ်၊ ဓမ္မသစ်ကျမ်းပဲဖြစ်ဖြစ်)။ သူတို့ ယုံကြည်တဲ့ ဘာသာတရားအတိုင်း (အသင်းတော်မူအတိုင်း) သစ္စာတိုင်တည်ပေးလိုက်တာပဲ။ ကက်ဘိနိတ်တစ်ခုလုံး ခရစ်ယန်တွေနဲ့ ပြည့်နေရင်တော့ သည်းခံစိတ်မရှိတဲ့ ကက်ဘိနိတ် ဖြစ်သွားလိမ့်မယ်။ ဒါတော့ အဖြစ်မခံနိုင်ဘူး။

မေး ။     ။ အခြားဘာသာတွေကလည်း တုန့်ပြန်လာကြလိမ့်မယ်လို့ လူတွေ စိုးရိမ်နေကြတယ်။
ဖြေ ။    ။ ဗုဒ္ဓဘာသာက တုန့်ပြန်ခဲ့ပြီးပြီလေ။ တုန့်လည်း တုန့်ပြန်ရမှာပဲ။ ဘာသာကွယ်ပျောက်သွားတာ ထိုင်ကြည့်နေလို့ ဘယ်ရမလဲ။ ဒီပြဿနာက အခု အေးသွားပါပြီ။

ကိုရီးယားနဲ့ ဂျပန်တို့မှာလည်း ငါတို့ လေ့လာခဲ့တယ်။ ဘာသာတရားအသစ် အားကောင်းလာပြီဆိုရင် ပူညံပူညံအသံတွေကတော့ ထွက်လာတာပဲ။ ခရစ်ယန်မှရယ်လို့ မဟုတ်ပါဘူး။ ကိုရီးယားမှာ ခရစ်ယန်အားကောင်းပြီး ထိုင်ဝမ်မှာက ဗုဒ္ဓဘာသာက ပိုအားကောင်းတယ်။ ဟောင်ကောင်မှာလည်း ခရစ်ယန်တွေ ရှိတယ်။ စင်္ကာပူနဲ့ မလေးရှားလောက်တော့ မများလှဘူး။

မေး ။     ။ ဘာသာတရားအချင်းချင်း ညီညွှတ်စွာပေါင်းစည်းနေထိုင်မှုဝါဒကို ဆက်လက် ထိန်းသိမ်းထားဖို့ အခက်အခဲ တွေ့လာနိုင်တယ်လို့ မထင်မိဘူးလား။

ဖြေ ။    ။ မထင်မိပါဘူး။ ပါလီမန်အမတ်တွေထဲမှာတော့ ဒါမျိုး ရှိကိုမရှိဘူး။ လူ့ကိုယ်အင်္ဂါ အစားထိုးကုသမှု အက်ဥပဒေ (HOTA - Human Organ Transplant Act) နဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် မဲခွဲဆုံးဖြတ်ကြတယ်။ ခရစ္စတိုဖာ ဒီဆော်ဆာက ကန့်ကွက်တယ်။ သူက တော်တော့်ကို မကြိုက်တာ။ မကြိုက်လည်း ထားလိုက်ပေါ့။ သူက ကက်သိုလစ်၊ ဒါပေမဲ့ ဘာသာရေးမဲဆွယ်တာတွေတော့ မတွေ့မိဘူး။ ပုတ်ရဟန်းမင်းကြီးက HOTA ကို သဘောမတူဘူး။ ဒါကြောင့် သူက ကန့်ကွက်တာ။
ငါ့သဘောအရတော့ ဒီကိစ္စမှာ ပုတ်ရဟန်း မှားတယ်လို့ ယုံကြည်တယ်။

မေး ။     ။ ၁၉၈၀ - ခုနှစ်တွေတုန်းက ချပ်ကျောင်းတွေ နိုင်ငံရေးထဲ ပါလာလို့ အစိုးရက လက်တုန်ပြန်ခဲ့ရသေးတယ်နော်။

ဖြေ ။    ။ ဟုတ်တယ်။ နိုင်ငံရေးထဲ သူတို့ ဝင်ပါလာတယ်။ သူတို့ကို ခွင့်ပြုလိုက်ရင် တခြား ဘာသာတွေကလည်း နိုင်ငံရေးထဲ ဝင်ပါလာကြမှာပေါ့။ ဒါဆိုရင် နိုင်ငံရေးပါတီက ဘာသာရေးကြောင့် အစိတ်အစိတ် အမွှာအမွှာ ဖြစ်သွားတော့မှာ။ ဒါကို ချက်ချင်း ရပ်ပစ်လိုက်ကြတယ်။ လက်တင်အမေရိကမှာ ဖြစ်ခဲ့တဲ့ ခရစ်ယန်လှုပ်ရှားမှုကနေတဆင့် ဒီကို ရိုက်ခက်လာတာ။ ကက်သိုလစ်ချပ်ကျောင်းတွေက ဆင်းရဲသားတွေအတွက် လုပ်သင့်တာတွေ လုပ်မပေးလို့တဲ့။

ငါ ရပ်ပစ်ခဲ့တာ။ ပုတ်ရဟန်းမင်းကြီး ဒီကိုလာတော့ သူ့ကို ငါ ရှင်းပြတယ်။ လက်တင်အမေရိကမှာတော့ ဒီကိစ္စက မှန်ပါတယ်။ စင်္ကာပူက ဘာသာပေါင်းစုံရှိတဲ့နေရာမို့ ကက်သိုလစ်တွေက စလိုက်ရင် အခြားဘာသာတွေကလည်း ပါလာမှာမို့ ဘာသာရေးအချင်းချင်း ပြဿနာဖြစ်လာနိုင်လို့ ခွင့်မပြုနိုင်ကြောင်းပေါ့။

ဘာသာရေးတိုင်း နိုင်ငံရေးနဲ့ ကင်းကင်းနေရမယ်။ ဒါမှ ညီညွှတ်မယ်။
မင်း မလေးရှားကိုကြည့်။ ဒီပြဿနာ ဘယ်တော့မှ အေးမှာ မဟုတ်ဘူး။ တန်ကု အပ်ဘဒူနဲ့ သူ့ကားပေါ် ပါပါသွားဖူးတယ်။ မင်္ဂလာဆောင်တို့၊ အခြားလူမှုရေးပွဲလမ်းတွေပေါ့ကွာ။ နေရာတိုင်းမှာလည်း ဗလီအသစ်တွေ ထပ်ထပ်ဆောက်တာ တွေ့ရတယ်။

ဒါနဲ့ ငါက တန်ကုကို "မင်းကွာ ... ဆေးရုံဆေးခန်းတွေ ဆောက်ပါလား" လို့ ပြောတော့ သူက "ကွမ်းယု၊ ဒါတွေကို မင်း နားမလည်ပါဘူး။ ဒါက မလေးလူထုကွ။ သူတို့က ဆုတောင်းဖို့လိုတယ်။ သူတို့ကို ဆု ကောင်းကောင်း တောင်းခွင့်ရအောင် လုပ်ပေးထား။ သူတို့ဘဝတွေလည်း နည်းနည်းလေး ပိုကောင်းလာအောင် ဆောင်ရွက်ပေးမယ်ဆိုရင် သူတို့က ပျော်နေပြီ။ သူတို့နဲ့ မင်းနဲ့ ကောင်းကောင်း လက်တွဲလို့ ရပြီ" တဲ့။

အစဆို တကယ့်အစပိုင်းတုန်းက သူတို့ မွတ်စလင်လူထုတွေထဲမှာ မွတ်စလင်မဟုတ်တဲ့လူတွေ ထောက်ခံမဲ မရအောင် အစ္စလမ်ကို နိုင်ငံရေးလက်ကိုင်တုတ်အဖြစ် အသုံးပြုခဲ့တဲ့စနစ်ပဲ။ ငါတို့ မလေးရှားထဲ ဝင်ပြိုင်တော့ မလေးတချို့က ငါတို့ ပီအေပီကို ထောက်ခံကြတယ်။ ဒီတော့ သူက ပြောတယ် "မင်း မလေးတွေထဲ ဝင်မလာနဲ့။ ပီအေပီပါတီဟာ တရုတ်လူမျိုးတွေထဲမှာပဲ ရှိနေပါစေ" တဲ့။

"ဒါဆို ငါတို့လူထုက နှစ်ခြမ်းကွဲနေမှာပေါ့" လို့ ငါက ပြောတော့ သူက ယူရေးရှန်းနဲ့ အိန္ဒိယန်းတွေကို စည်းရုံးချင် စည်းရုံး၊ မွတ်စလင်တွေကိုတော့ မင်း လက်ရှောင်ရမယ်တဲ့။ အခု သူတို့ ချွေးပျံနေပြီ။ ငါတို့ ပီအေပီက UMNO ခေါင်းဆောင်တွေနဲ့ ညီညွှတ်ရေးစကား ပြောတော့မှာ။ ဒီအကြောင်း မလေးသတင်းစာတွေမှာ ပါတယ်။ ဖတ်ကြည့်။ ဒါက ဖြစ်ကို ဖြစ်လာမယ့်ကိစ္စပဲ။

မေး ။     ။ အခုလေးတင်ပဲ ပါလီမန်အမတ်တွေအားလုံးဟာ မျှမျှတတရှိတယ်လို့ မစ္စတာလီ ပြောခဲ့တယ်။ သူတို့ ဒီအတိုင်းပဲ နေသွားကြမယ်၊ ဒါမှမဟုတ် ပေါ်လစီရေးဆွဲတဲ့ ထာဝရအတွင်းရေးမှူးလို ပုဂ္ဂိုလ်တွေက တစ်ဖက်ဖက်ကို မယိုင်ပါဘူးလို့ ဘယ်လိုကြောင့် သေချာပေါက် ပြောလို့ရတာလဲ။

ဖြေ ။    ။ အဲသလိုလူဆိုရင် လူထုက မထောက်ခံတော့ဘူး။ တရုတ်တွေရဲ့ (၇) လမြောက် သရဲကြီးပွဲကို မင်း မတက်ဘူးဆိုရင် ထောက်ခံမဲတွေ မင်း လက်လွှတ်သွားမှာပဲ။ အဲ့ဒါက မင်း ဘယ်လောက် ပျော့ပျော့ပြောင်းပြောင်း ရှိတယ်ဆိုတာ သက်သေပဲ။ ဘယ်တော့မှ ပြောင်းလို့မရတဲ့ တရုတ်ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိတယ်။ ပညာသိပ်မတတ်တဲ့ တရုတ်တွေဆိုရင် နတ်တွေ၊ နတ်သမီးတွေ၊ ကွမ်ရင်တွေ စတာတွေကို ယုံကြည်နေကြတုန်း။ မင်းက ခရစ်ယန်စစ်စစ်ကြီးလုပ်ပြီး တမ်ပယ်တွေကို မသွား၊ သရဲကြီးပွဲကိုရှောင် ဆိုရင် "ဒီအမတ်က မစွံပါဘူး။ တို့နဲ့ တစ်သားတည်း မရှိဘူး"လို့ ပြောကြမှာ။ မင်းလည်း ထောက်ခံမဲတွေ လက်လွှတ်ရော။

မေး ။     ။ ရွေးကောက်ပွဲက ငါးနှစ်မှ တစ်ကြိမ်ပဲ မဟုတ်ဘူးလား။
ဖြေ ။    ။ ဟုတ်တယ်လေ။

မေး ။     ။ မစ္စတာလီပြောသလို ရွေးကောက်ပွဲမတိုင်မီ ကြားကာလတွေမှာရော တစ်ဖက်ဖက်ကို မယိမ်းနိုင်ဘူးလား။

ဖြေ ။    ။ အဲ့သလိုလုပ်ရင် ရွေးကောက်ပွဲမှာ ရှုံးမှာပေါ့။ အရေးအကြီးဆုံး စမ်းသပ်ချက်က လူထုကို ကိုယ်နဲ့အတူ ပါလာအောင် ခေါ်လာနိုင်သလားဆိုတဲ့အချက်ပဲ။ လူထုကြီးအားလုံးကို ခရစ်ယန်ဖြစ်အောင် စည်းရုံးလိုက်နိုင်ပြီဆိုရင် ငါတို့တော့ အကြီးအကျယ် ပြဿနာတက်မှာပဲ။ ဖြစ်လာမယ့် သဘောတော့ မရှိပါဘူး။

အော်စတင်တန်ရဲ့ မဲဆန္ဒနယ်ကို ငါ ရောက်ခဲ့ဖူးတယ်။ အဲ့ဒီမှာ တန်ခိုးကြီးတယ်ဆိုတဲ့ သစ်ပင်ကြီးမှာ ဖရောင်းတိုင်တွေ၊ ဆုတောင်းစာတွေနဲ့ ပြည့်နေတာပဲ။ ဒါနဲ့ ငါက "ဒါကတော့ ကျောက်ခေတ်ကိုးကွယ်မှု ကျနေတာပဲ" လို့ ပြောလိုက်တယ်။ သူက "မဟုတ်ပါဘူး။ သူတို့ စိတ်ကျေနပ်မှု ရကြတယ်။ ဒီအတိုင်းပဲ လွှတ်ထားရမယ်" လို့ ပြန်ပြောခဲ့တယ်။ သူက ခရစ်ယန်နော်။

ဒီမှာ ဆုတောင်းလို့ ကလေးရခဲ့တယ် ... စတဲ့ သူတို့ ယုံကြည်တဲ့ Temple တွေ၊ သစ်ပင်တွေသာ ဖျက်ဆီးပစ်လို့ကတော့ လူထုကြီးတစ်ခုလုံး မကျေမနပ် ဖြစ်ကြမှာပဲ။

တရုတ်ကွန်မြူနစ်ပါတီက ဘာသာမရှိဘူး။ အကုန်လုံးကို နှိပ်ကွက်တာ။ သူတို့လည်း သွေးအေးသွားရော ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်တဲ့ အယူဝါဒလည်း ပြန်ရောက်လာတာပဲ မဟုတ်လား။ Qing Ming မှာဆိုရင် အဘိုးအဘွားတွေရဲ့ အုတ်ဂူတွေဆီသွား၊ မြက်ပင်တွေရှင်းလင်း လုပ်နေကြတာပဲ။ ဒီယဉ်ကျေးမှုက နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့တာ။ ခရစ်ယန်တချို့ အိန္ဒိယမှာ ရှိတယ်။ ဖီဂျီမှာရှိတဲ့ စီဗီလိုက်ဇေးရှင်းလည်း အသစ်လိုပဲ။ ခရစ်ယန်တွေက နတ်ကိုးကွယ်သူတွေကို ခရစ်ယန်တွေဖြစ်အောင် စည်းရုံးကြတယ်။ အိန္ဒိယမှာ ခရစ်ယန်ဦးရေ ဘယ်လောက်ရှိသလဲ။ ဟိန္ဒူတွေ အရိုးစွဲ ယုံကြည်တဲ့ နတ်နန်းတွေ၊ ဆင်နတ်တွေ၊ ဘာတွေညာတွေကို ဖယ်ပစ်လို့ မရဘူး။

မေး ။     ။ ကတ်ဘိနိတ်ထဲမှာ ဘာသာရေးကို အခြေခံပြီး ဒါကတော့ ဘာသာရေးနဲ့ ညီညွှတ်တယ်၊ ဒါကတော့ မညီညွှတ်ဘူးစတာတွေ အကျေအလည် ဆွေးနွေးခဲ့ရတာမျိုးတွေ ရှိခဲ့ဖူးသလား။ ဘာသာရေး ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ပေါ့။ ဥပမာ ... ကက်စီနို၊ လိင်တူဆက်ဆံခြင်း စတာမျိုးတွေ ...

ဖြေ ။    ။ သူတို့က ခေတ်မီမီ စဉ်းစားတတ်ကြပါတယ်။ ဒါက လူထုရဲ့ အစစ်အမှန် ဖြစ်စဉ်ပဲ။ တို့ဆန္ဒရှိတာက ... ဒါ။ ဒါဆို လူထုက ဘယ်လို တုန့်ပြန်လာမလဲဆိုတာ ငါတို့ စဉ်းစားဆုံးဖြတ်ရတယ်။ လိင်တူဆက်ဆံတဲ့ကိစ္စကလည်း နောက်ဆုံးတော့ လက်ခံရမှာပဲ။ တရုတ်ပြည်မှာ ဒါကို တရားဝင် လက်ခံပြီးပြီ။ အနှေးနဲ့အမြန်ပါပဲ။ ဒါကို လက်ခံလာရလိမ့်မယ်။

အောက်ခြေလူတန်းစားတွေ ခရစ်ယန်ထဲ ဇွတ်အသွင်းခံရတာတော့ ငါ မတွေ့ဖူးသေးဘူး။ သူတို့အားလုံးကိုပါ ခရစ်ယန်ဘာသာထဲ အသွင်းခံလိုက်ရပြီဆိုရင်တော့ ဒီကိစ္စက တစ်မျိုးတစ်မည် ဖြစ်သွားနိုင်တာပေါ့။

ဇင်ဝေသော်
Zin Wai Thaw

ကပ်သီး ကပ်သပ်

ဘုန်းဘုန်း ရန်ကုန်မှာတုန်းက ပိန်ပိန်လေးနော်။ အခု တော်တော်ဝလာတယ်။ စင်္ကာပူက အစားအစာကြောင့်လား မသိဘူး။ ပေါက်ပေါက်ရှာရှာ မေးတယ် မထင်ပါနဲ့ ဘုရား။ ( ငတူး )

စင်္ကာပူက အစားအစာကြောင့် မဟုတ်ပါဘူး ငတူးရာ ။ ဘုန်းဘုန်းမှ မဟုတ်ပါဘူး၊ တခြား ဘုန်းဘုန်းတွေ ဝလာတာလည်း အစားအစာနဲ့ မဆိုင်ပါဘူး။ သင်္ကန်းကြောင့်ပါ။ လူတွေက အင်္ကျီဘောင်းဘီတွေ ဝတ်ကြတော့ နည်းနည်းလေး ဝ လာတယ်ဆိုရင်ပဲ အင်္ကျီတွေ ကျပ်၊ ဘောင်းဘီတွေ ကျပ် ဆိုတော့ တန်းသိတယ်။ ရဟန်းတော်တွေမှာတော့ သင်္ကန်းကြီးက ပြန့်ကြီးဆိုတော့  နည်းနည်းလေး ဝ လာလည်းမသိ၊ များများကြီးဝ လာလည်းမသိ။ ကျပ်တယ်ဆိုတာလည်း မရှိ။  ဒါကြောင့်ပါ။
ဘုန်းဘုန်းတွေ ဝလာရင် ဘုရားပေးတဲ့ သင်္ကန်းကြီးကြောင့်လို့သာ မှတ်လိုက်ပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ်။

ဆရာတော် ဦးဗုဒ်က ကြည်ညိုဖို့သိပ်ကောင်းတယ်လို့ ပြောကြတယ်၊ ဆရာတော် ဦးဗုဒ် အကြောင်း နည်နည်း ပြောပြပေးပါလား ဘုရား။ ( ခက်ခက် )


ဆရာတော် ဦးဗုဒ်ကြည်ညိုဖို့သိပ်ကောင်းတာက ဒီခေတ် မဟုတ်လို့ပါ။  ဒီခေတ်မှာဆို ဆရာတော်ဗုဒ်ကို လူတွေ ဒီလောက်  ကြည်ညိုချင်မှ   ကြည်ညို ကြမှာပါ။ ဒီခေတ်က ဆိုရှယ်ခေတ် မဟုတ်လား။
ဥပမာ ကြည့်ပါ။

ယနေ့ခေတ်။ ဒကာကြီး ဒကာမကြီး တို့ မတွေ့တာတောင် ကြာလှပေါ့၊( ဒါမျိုးမှ ကြိုက် )
ဆရာတော်ဗုဒ်။ သူတို့ကို ဧည့်မခံရတော့ ငါ့ပရိယတ်၊ ပဋိပတ်ကို ဖြောင့်ဖြောင့် လုပ်နိုင်တာပေါ့။ ( ဘယ်လိုကြီးလဲ ဟ )





ယနေ့ခေတ်။ လာ၊ ဒကာမကြီးတို့၊ လှေကားကနေတက်ခဲ့။
ဆရာတော်ဗုဒ်။ လှေကားက မတက်လို့ ဒီ ဒကာမက တိုင်ဖက်ပြီး တက်နေရဦးမှာလား၊ စကားမရှိ စကားရှာ။

ယနေ့ခေတ်။ ထိုင်ကြ၊  ဒကာမကြီးတို့။ ကော်ဇောပေါ်ထိုင်။
ဆရာတော်ဗုဒ်။ ကော်ဇောပေါ်မထိုင်လို့  ဒီ ဒကာမတွေက ဆရာတော့်ခုံပေါ် တက်ထိုင်နေရမှာလား၊ စကားမရှိ စကားရှာ။

စာထဲက ဆရာတော်ဗုဒ်ကို ကြည်ညိုကြပေမယ့် အပြင်မှာ တကယ် နဖူးတွေ့ ဒူးတွေ့ဆို လန်သွားမယ့် ဒကာ ဒကာမတွေ ဒီခေတ်မှာ တော်တော် များလိမ့်မယ် ထင်သကွယ်။ မှားရင် ခွင့်လွှတ်တော်မူကြကုန်။

သီဟနာဒ

မြန်မာ (သို့) အင်ဂျင်သုံးလုံးဆွဲလာတဲ့ ရထား

United Front for Reforms in Myanmar
By- Bridget Welsh
ဘာသာပြန်ဆိုသူ - ဇင်ဝေသော်

သူတို့နိုင်ငံ အမှန်တကယ် ပြောင်းလဲလာနေပြီဖြစ်ကြောင်း သက်သေပြုရန် မြန်မာခေါင်းဆောင်များ အရင်တစ်ပတ်က ကမ္ဘာ့ဇာတ်ခုံပေါ်တက်လာရင်း ပြသခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သမိုင်းဝင်အမေရိကခရီးကို သွားနေကြချိန် ပါလီမန်ပြောရေးဆိုခွင့်ရှိသူ သူရဦးရွှေမန်းက စင်ကာပူနှင့် သြစတေးလျတို့သို့ ရောက်ရှိလာခဲ့သည်။သူတို့ချန်ထားခဲ့သော မက်ဆေ့ခ်ျကတစ်သွေးတစ်ရောင်တည်း ဖြစ်၏။ မြန်မာပြောင်းလဲလာနေပြီ။ ပြောင်းလဲမှုကအစစ်အမှန်ဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ဖို့ အကြောင်းမရှိ။ မြန်မာတို့ ပြောင်းလဲမှု ပုံသဏ္ဍာန်သည် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ပြောင်းလဲမည်ဟု ဖြစ်လေသည်။

သူတို့ကိုယ်တိုင် မျိုးချစ်ပုဂ္ဂိုလ်များအနေဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်သို့တက်လာရင်း မြန်မာ၏ ပုံရိပ်ကိုလည်း ထိုးပြသွားခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် မည်သူက ပို၍အရေးကြီးသည်ဆိုသည့်သဘော မသက်ရောက်ရအောင် ဂရုတစိုက်ပြောခဲ့ကြသည်။ သူတို့သုံးယောက်စလုံး တညီတညွတ်တည်း ပြောသွားခဲ့သောစကားများမှာ “ မြန်မာနိုင်ငံပြောင်းလဲရေးအတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံများက အကူအညီပေးကြရန်၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြီး လူထုအတွက်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တည်းပေးကြရန်နှင့် အထူးသဖြင့် ပိတ်ဆို့ထားသော စီးပွါးရေးတံခါးများ ဖွင့်ပေးရန်၊ နည်းပညာအကူအညီများ ပေးကြရန်တို့ဖြစ်သည်။

မြန်မာနိုင်ငံခေါင်းဆောင်သုံးယောက်စလုံး ကမ္ဘာထဲသို့ တပြိုင်နက် ဝင်ရောက်လာခြင်းသည် မကြုံစဖူးအထူးတလည်ဖြစ်သည်။ ဗိုလ်ချုပ်မှူကြီးဟောင်း ဦးသန်းရွှေ၏ ထိန်းချုပ်မှုရှိသည်ဟူသော သံသယများကြားမှ ဤအမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ပြုပြင်ပြောင်းလဲရေးကို စနစ်တကျပြုလုပ်လာတာကို တွေ့ရှိရသည်။ ဤပြောင်းလဲမှုဖြစ်စဉ်သည် လွယ်ကူလှသောကိစ္စမဟုတ်၊ သူတို့အချင်းချင်းမှာပင် အလျော့ပေးမှုများ ပြုလုပ်ခဲ့ရသည်။ ကာလလည်း အတန်ကြာအောင် ညှိနှိုင်းယူခဲ့ကြရသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို သက်သေပြလိုက်သောအချက်က ပုံနှိပ်ထုတ်ဝေရေး ဆင်ဆာဥပဒေကို ရုတ်သိမ်းခြင်းနှင့် ဧပြီလရွေးကောက်ပွဲအပြီးဆက်လက်လွှတ်ပေးလာနေသော နိုင်ငံရေးအကျဉ်းသားကိစ္စတို့ဖြစ်သည်။စီးပွါးရေးပြုပြင်ပြောင်းလဲမှုကို ဖောင်းပွနေသော ငွေကြေးစနစ်ကို ကိုင်တွယ်ရန် ဧပြီလက စတင်စီမံကိန်းချ ကြိုးစားလာခဲ့ခြင်းက သက်သေခံလျှက်ရှိသည်။

အခြားကိစ္စများက မပြီးဆုံးသေးသော မျှော်လင့်ခြင်းပန်းချီကားများ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပင် ဖြစ်၏။ ယင်းဥပဒေကို ပါလီမန်က အတည်ပြုခဲ့၏။ သို့သော် ထိုဥပဒေကို ပြန်လည်စစ်ဆေးရန် ရှိနေသေးသည်။ အထူးသဖြင့် အများအငြင်းပွါးဖွယ်ဖြစ်နေပြီး နိုင်ငံတော်၏ ပင်မစီးပွါးရေးအခန်းကဏ္ဍလည်းဖြစ်သော စိုက်ပျိုးရေးနှင့်ပတ်သက်သော အချက်အလက်တို့ဖြစ်သည်။ သူတို့သုံးယောက်စလုံး တညီတညွတ်တည်း ထွက်ဆိုခဲ့သောအသံသည် ပြောင်းလဲမှုလမ်းစဉ်ပေါ်သို့ သူတို့ရောက်နေပြီဟူသော အချက်ဖြစ်သည်။



သူတို့ သုံးဦးအနက် မည်သူက အနာဂတ်မြန်မာကို ဦးဆောင်မည်နည်းဆိုသောအချက်သည် ကမ္ဘာနှင့်မဆိုင်၊ သူတို့အိမ်တွင်းရေး ရှင်းရမည့်အခက်အခဲသာဖြစ်သည်။ အမှန်တကယ်ဆိုရမူ သူတို့သုံးယောက်စလုံးသည် နိုင်ငံတော်၏ သမ္မတရာထူးကို ရည်စူးထားကြသူများဖြစ်ကြသည်။ဦးသိန်းစိန်ကမူ သမ္မတသက်တမ်းတစ်ခုပြီးလျှင် ရာထူးမှနှုတ်ထွက်လိမ့်မည်ဟု ယူဆရသည်။ မည်သူ့ကို သူ့နေရာအတွက် လျာထားမည်နည်းဆိုသောကိစ္စက မည်သူမျှမသိပေ။ သူရဦးရွှေမန်း သမ္မတရာထူးကို မှန်းနေသည်ဆိုသောအချက်ကတော့ သိသာထင်ရှားသည်။

သူမ၏သားနှစ်ယောက် ဗြိတိသျှလူမျိုးများဖြစ်နေသဖြင့် သူမအတွက် အဟန့်အတားသဖွယ်ဖြစ်နေသော်လည်း ဒေါ်စုကြည် သမ္မတဖြစ်လာလိမ့်မည်ဟုတော့ လူအများက မျှော်လင့်ထားနေကြသည်။ ဤပြဿနာများ ဟန်ချက်ညီညွတ်ဖို့တော့ လိုပေလိမ့်မည်။ သို့သော် လာမည့်ရွေးကောက်ပွဲ နီးလာသည့်အချိန်ရောက်မှသာ ဤပြဿနာက တက်လာစရာရှိပေသည်။ ထို့အတူ ဒေါ်စုကြည်၏ အဖွဲ့ချုပ်လွှတ်တော်အမတ်များနှင့် အခြားလွှတ်တော်အမတ်များအကြား နိုင်ငံတော်ကို မြန်မာဟုခေါ်ရေး၊ ဘားမားဟုခေါ်ရေး ရှိနေဆဲပင်ဖြစ်သည်။ မဲဆန္ဒနယ်များနှင့်ပတ်သက်၍လည်း သူတို့ကြား၌ မပြေမလည်ဖြစ်နေသောကိစ္စတစ်ချို့ ရှိခဲ့ကြသည်။ ဤအချက်ကို နိုင်ငံတော်တရားရုံးချုပ်က သမ္မတဦးသိန်းစိန်ထံ အစီရင်ခံခဲ့ပြီးဖြစ်သည်။

နိုင်ငံတော် တရားရုံးချုပ်က အတည်ပြုခဲ့သောဥပဒေက ပါလီမန်အဖွဲ့၏ ဆုံးဖြတ်ပိုင်ခွင့်အချို့ကို ကန့်သတ်ထားလျှက်ရှိသည်။ အထူးသဖြင့် ပါလီမန်အနေနှင့် သမ္မတနှင့် သမ္မတရုံးအပေါ် ပြောရေးဆိုခွင့်တို့ဖြစ်သည်။ထိုပြဿနာကို ရှင်းရမည့်အစား တရားသူကြီးက ဤဥပဒေကို တဖန်လက်မှတ်ထိုး အတည်ပြုပေးခဲ့ပြန်သည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အကြား အာဏာခွဲဝေမှု မညီမမျှ မည်မျှဖြစ်ခဲ့လေသနည်းဟူသောအချက်က မရှင်းမလင်း ရှိနေဆဲသာ ဖြစ်သည်။

ဤကိစ္စနှင့်အလားတူ မြန်မာနိုင်ငံလူ့အခွင့်အရေးကောင်စီနှင့်ပတ်သက်သော ပြဿနာလည်း ယမန်နှစ်က ရှိခဲ့ဖူးသည်။ လူ့အခွင့်အရေးကောင်စီက သူတို့အမှန်တကယ်လိုအပ်သော ငွေကြေးပံ့ပိုးမှု အလုံအလောက်မရရှိခဲ့ဟု ပြောဆိုခဲ့ကြသည်။ ထိုစဉ်ကလည်း ပါလီမန်၏ထောက်ခံမှုဖြင့် သူရဦးရွှေမန်းက သမ္မတရုံးနှင့် ဆန့်ကျင်ပြီး သူ့အယူအဆအပေါ် သူရပ်တည်ခဲ့ဖူးသည်။

ဒေါ်စု၏ အဖွဲ့ချုပ်ပါလီမန်အမတ်များနှင့် ယခင်စစ်တပ်မှ ပါလီမန်အမတ်များအကြား သဘောထားကွဲလွဲမှုများက ယခုအသံတိတ်ဆိတ်နေ၏။ အထူးသဖြင့် ဒီမိုကရက်တစ် အစိုးရစစ်စစ်ဖြစ်ရေးနှင့် စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်းများက စီးပွါးရေး၌ အကြီးအကျယ် ပါဝင်ပတ်သက်နေမှုတို့ဖြစ်သည်။ ဤကိစ္စများကလည်း တဖန်ပြောစမှတ် ဖြစ်လာနိုင်သည်။

သူရဦးရွှေမန်းက လစ်ဘရယ်စီးပွါးရေးစနစ်ကို အားသန်ပုံရသည်။ သို့သော် သူ့အပေါ်မှာလည်း နိုင်ငံတွင်း စီးပွါးရေးသမားတို့၏ ဖိအားတစ်ချို့ရှိနေပြန်သည်။ ဒေါ်စုကြည်ကိုယ်တိုင်ကလည်း ဒီမိုကရေစီအတွက် သူမတောင်းဆိုခဲ့သည်နှင့်အညီ ပြုမူရန် ဖိအားတစ်ချို့ ရှိနေနိုင်ပြန်သည်။ ထို့အပြင် ခေါင်းဆောင်သုံးဦး၏ မတူညီသော ကိုယ်ရည်ကိုယ်သွေးနှင့် လိုက်(ဖ်) စတိုင်က နောက်ထပ်ပြဿနာတစ်ခု ဖြစ်နေနိုင်ပြန်သည်။

ဦးသိန်းစိန်က စကားနည်းသည်။ စီမံကိန်းပြတ်ပြတ်သားသား မရှိလှဟု ဆိုရန်ရှိသော်လည်း ချမှတ်ထားသောမူကိုတော့ တသွေမတိမ်း လိုက်တတ်သည့်သဘော တွေ့ရသည်။ ဒေါ်စုကြည်က လူထုသိ၊ ကမ္ဘာသိဖြစ်ပြီး မြန်မာလူထုနှင့် ကမ္ဘာကလည်း သူမထံမှ အများအပြား မျှော်လင့်ထားကြသည်။ ပါလီမန်အမတ်တွေထဲမှာပင် သူမက အခြားအမတ်တွေထက် ခေါင်းတစ်လုံးပိုမြင့်နေသည်။ ယခုဆိုလျှင် ဒေါ်စုကြည်သည် ဥပဒေကို ဝေဖန်သူထက် ကိုယ်တိုင်ဥပဒေရေးဆွဲသူအဖြစ် ပါဝင်ရတော့မည်ဖြစ်သည်။ ဤအကူးအပြောင်းကား ခက်ခဲသော အကူးအပြောင်းတစ်ခုဖြစ်၏။

သူရဦးရွှေမန်းက နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သူဖြစ်၏။ ဆယ်စုနှစ်များစွာ စစ်တပ်ကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားခဲ့သူဖြစ်၏။ သို့သော် ယခုအခါ၌ သူကိုယ်တိုင် လူထုမေတ္တာကို ရရှိရေး၊ လူထုထောက်ခံရေးအတွက် ကြိုးစားအားထုတ်လျှက်ရှိသည်။ စစ်တပ်ထဲ၌ အဓိကပါဝင်ခဲ့မှုများကြောင့် ပါလီမန်အမတ်တို့၏ ထောက်ခံမှုရရှိရေးကလည်း သူ့အတွက် ကြီးကျယ်သောစိန်ခေါ်မှုတစ်ရပ် ဖြစ်နေခဲ့သည်။

သူတို့အချင်းချင်း၌ မတူညီသော စရိုက်များရှိနေခဲ့သော်လည်း နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး၌ကား တူညီသောအမြင်နှင့် ဦးတည်ချက်များ ရှိနေကြသည်။ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုတို့ကိုလည်း တွေ့မြင်လာရသည်။ သူတို့ချင်း ကွဲပြားခြားနားမှု မည်မျှပင်ရှိစေ နိုင်ငံတော် ပြုပြင်ရေးကို အဟန့်အတားဖြစ်စေနိုင်လောက်သည့် ပုဂ္ဂိုလ်ရေးပြဿနာများ သူတို့ထံတွင် မတွေ့ရပေ။ သူတို့၏ ညီညွတ်သော တွဲလက်များကို အရင်တစ်ပတ်အတွင်း ကမ္ဘာကို ပြသနိုင်ခဲ့ကြသည်။

သူရဦးရွှေမန်းက စင်ကာပူနှင့် သြစတေးလျရောက်စဉ် စီးပွါးရေးရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအကူအညီရရှိရေးကို ထပ်လောင်းပြောခဲ့သည်။ စီးပွါးရေးသမားများအတွက် တံခါးများ ဆက်လက်ဖွင့်လှစ်ပေးမည်စသဖြင့် ပြောကြားသွားခဲ့သည်။

အမေရိကဖက်ကို ကြည့်ပြန်တော့လည်း နိုင်ငံ့ခေါင်းဆောင်များကို ပိတ်ပင်ခဲ့သော ပြည်ဝင်ခွင့်၊ မြန်မာပြည်ထုတ်ပစ္စည်းများအား အမေရိကသို့ တင်သွင်းခွင့် ပိတ်ဆို့ခြင်းများ ရုတ်သိမ်းခဲ့သည်။ ဤအချက်တို့သည် အမေရိကန်တို့၏ အလုပ်ကို အလုပ်နှင့် သက်သေပြ (Action for action) ပေါ်လစီပင်ဖြစ်သည်။ ထို့အပြင် ပြောင်းလဲလာသော မြန်မာနိုင်ငံသည် သမ္မတ အိုဗားမား၏ ပေါ်လစီမှန်ကန်သည်ဟု သက်သေပြရာလည်းရောက်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းရေးအတွက် စစ်တပ်ကိုရော အဖွဲ့ချုပ်ကိုပါ မတူညီသော ပေါ်လစီတို့ဖြင့် သူတို့ချဉ်းကပ်ခဲ့ကြသည်။ ဆုပေး၊ ဒဏ်ပေးစနစ်မှန်သည်ဟု ယူဆရန်ရှိသည်။

ပြောင်းလဲလာနေသော မြန်မာနိုင်ငံ၏ ကမ္ဘာပေါ်ထင်ဟပ်သော ပုံရိပ်နှင့်ပတ်သက်၍ ဤခေါင်းဆောင်သုံးဦးစလုံးကို ချီးကျူးရပေလိမ့်မည်။ သူတို့သုံးဦး လက်တွဲညီညီ ကြိုးစားအားထုတ်ခြင်းကြောင့် ပို၍တောက်ပသော အနာဂတ်ကို မြန်မာတို့ ပိုင်ဆိုင်နိုင်ပေလိမ့်မည်။သူတို့သုံးဦးရှေ့ခရီးကိုဘယ်လိုဆက်ကြမလဲဆိုသောအဖြေသည် မြန်မာနိုင်ငံ၏အနာဂတ်ကံကြမ္မာဖြစ်နေသည်။ လတ်တလော အနေအထားကို သုံးသပ်ရာမှာတော့ သူတို့သုံးဦး၏ စီးမြောနေသောရစ်သမ်သည် ဟန်ချက်ညီနေသည်ဟု ဆိုရပေတော့မည်။

***(The writer is an Associate Professor in Political Science at Singapore Management University)
မူရင်းဆောင်းပါး


ဇင်ဝေသော်

ဒီမိုကရက်တောဝါဒ

ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တပည့်သား ရဟန်းတော်များနှင့် အတူ ၂၁ရာစု နေပြည်တော်ထဲသို့ ဆွမ်းခံကြွတော်မူ၏။ ထို အခါ မင်းသားတစ်ပါးသည် ( နန္ဒ မင်းသားတော့ မဟုတ်၊ မင်းသားနာမည်လည်း မေ့သွားပြီ ) ထို ၂၁ ရာစု နေပြည်တော်ထဲ၌ အလုပ်ရှုပ်နေ၏။

" ငါ့ညီ၊ လာလှည့်၊ ငါ၏ သပိတ်တော်ကို ထမ်း၍ ငါ့နောက်က လိုက်ခဲ့လေလော့ "
ဟု ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မိန့်တော်မူ၏။

ထိုအခါ ထို မင်းသားက
" နောင်တော် သိဒ္ဓတ္တ၊ အခြား မင်းသားကို ခေါ်ပါလား၊ ညီတော်ကား  ဇနပဒကြိုင်လှိုင် နှင့် လက်ထပ်ရန် ရှိနေပါ၏ "
ဟု ခေါင်းမာမာ ပြန်လည်လျှောက်ထား၏။

" အင်း  ဤဝေနေယျကား ခက်ချေဘိ၏ " ဟု သည်းခံတော်မူပြီး အခြား မင်းသားငယ် တစ်ပါးကို သပိတ်တော်ထမ်း ခေါ်ရလေတော့၏။ ထို မင်းသားကြီးကား ဘုရား စကားကိုလည်း ပယ်ရဲ၏။

ထို မင်းသားငယ်ကို ခေါ်ပြီး ခရီးဆက်ရာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဒုက္ခသည် စခန်းသို့ ရောက်လေ၏။ ထိုအခါ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက
"  ညီတော်၊ ညီတော် တို့ ၂၁ရာစု လွင်တီးခေါင် နေပြည်တော်ကြီးနှင့် ဤ ဒုက္ခသည် စခန်း ဘယ်နေရာက ပို၍ နေချင်စဖွယ် ရှိသနည်း " ဟု မေးရာ

"  နောင်တော် သိဒ္ဓတ္တကား မေးရက်လှသည်၊  ညီတော် တို့ ၂၁ရာစု နေပြည်တော်ကြီးက ဤ ဒုက္ခသည် စခန်း ထက် အဆများစွာ နေချင်စဖွယ် ရှိပါသည် " ဟု ဝမ်းနည်းမျက်ရည် ရွှဲရွှဲဖြင့် ဖြေလေ၏။

" ခွင့်လွှတ်ပါ ညီတော်၊ သရော်လို၍ မေးခြင်းမဟုတ်ပါ " ဟု ဘုရားရှင် ချွေးသိပ်တော်မူ၏။

ဤသို့ ခရီးဆက်၍ ၁၅ မိနစ်ခန့် ကြာသော အခါ နယူးယောက်မြို့သို့ ရောက်လေ၏။ ထိုအခါ ဘုရားရှင်က အရင်မေးခွန်းကိုပင် ထပ်မေးတော်မူ၏။

" ညီတော် တို့ ၂၁ရာစု နေပြည်တော်ကြီးနှင့် ဤ  နယူးယောက်မြို့ ဘယ်နေရာက ပို၍ နေချင်စဖွယ် ရှိသနည်း "
" ဤ  နယူးယောက်မြို့ နှင့် နှိုင်းယှဉ်ပါက ညီတော် တို့ ၂၁ရာစု နေပြည်တော်ကြီးသည် မဲဆောက်မြို့၊ ဒုက္ခသည် စခန်းနှင့်ပင် တူနေပါတော့သည် ဘုရား " ဟု မင်းသားက မျက်လုံးလေး ကလယ် ကလယ်၊ တောင်ကြည့် မြောက်ကြည့် ဖြင့် ဖြေ၏။

" သို့ဖြစ်လျှင် ညီတော် တို့ ၂၁ရာစု နေပြည်တော်ကြီးကို ဤ  နယူးယောက်မြို့ကြီးလို ဖြစ်အောင် မလုပ်ချင်ဘူးလား " ဟုဘုရားရှင်က မေးတော်မူ၏။

" ဖြစ်စေလိုပါပြီကော နောင်တော် သိဒ္ဓတ္တ၊ ဘယ်သို့ လုပ်ရမည်ကိုသာ နောင်တော် အမိန့် ရှိတော်မူပါ " ဟု လျှောက်၏။

ထိုအခါ ဘုရားရှင်က ထိုမင်းသားကို နှစ်ကိုယ်ကြား တိုးတိုးသာ မိန့်တော်မူလေ၏။ ထို့ကြောင့် ဘုရားရှင်က ဘာမိန့်သည်ကို ထိုမင်းသားမှ လွဲ၍ မည်သူမှ မသိ။ အရှင် အာနန္ဒာပါ မကြားလိုက်သဖြင့် ဤ အကြောင်းလည်း သင်္ဂါယနာ တင်ရာတွင် မပါလိုက်။ ထို့ကြောင့် ကျွန်ုပ်လည်း မသိ။ သို့ဖြင့် ဤ နေရာမှပင် မဆုံးသော်လည်း ဆုံးလိုက်ရပေတော့သတည်း။ ( နှစ်ကိုယ်ကြား တိုးတိုးသာ မိန့်တော်မူသော စကားတော်သည် ဒီမိုကရက်တောဝါဒ ဖြစ်နိုင်ကောင်း၏ ဟု နှောင်းပိုင်း ပညာရှင်တို့ ယူဆကြလေသတတ် )

ခြေထောက် မှတ်ချက် ( Foot Note ) : ဒီမိုကရက်တောဝါဒ သည် ပါဠိ စပ်ပုဒ်တည်း။ ဒီမိုကရက်တစ် နှင့် ဩဝါဒ နှစ်ပုဒ် ပေါင်းစပ်ထားခြင်းဖြစ်သည်။


သီဟနာဒ