ရီဖျူးဂျီး မှတ်စု


ကမ္ဘာမှာ အိုးမဲ့ အိမ်မဲ့ ဒုက္ခရောက်နေရသူ ၄၃.၇ သန်း ရှိပြီး ၁၅.၄ သန်းက ဒုက္ခသည်များ အနေ နဲ့ နိုင်ငံ ရပ်ခြားမှာ ခိုလှုံနေကြတယ်။ ၁၀.၅ သန်းက UNCHR ရဲ့ အကူအညီ အောက်မှာ ရှိနေကြါတယ်။

ဒုက္ခသည်များ အနေနဲ့ ခံယူသူတွေကလည်း အောက်ပါ ၁၀ နိုင်ငံက ပဲ ဖြစ်ပါတယ်။
အာဖဂန် နစ္စတန်၊ အီရတ်၊ ဆိုမာလီ၊ ကွန်ဂို၊ မြန်မာ၊
ကိုလမ်ဘီယာ၊ ဆူဒန်၊ ဗီယက်နမ်၊ အီရက်တီးယား နဲ့ တရုတ်ပြည်။

ကမ္ဘာ့ဒုက္ခသည်များ ရဲ့ တစ်ဝက် ကျေ
ာ်ကျော်ကို အောက်ပါ ၁၀ နိုင်ငံက လက်ခံထားပါတယ်။

ပါကစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ဂျာမဏီ၊ ဂျော်ဒန်၊
ကင်ညာ၊ ချက်ဒ် ( Ched ) တရုတ်၊ အမေရိက နဲ့ ယူကေ။

သြစတေးလျ တစ် နိုင်ငံတည်းက ဒုက္ခသည် ၂၁ ရာခိုင်နှုန်း လက်ခံ ထား ပါတယ်။ ၂၀၁၂ ခု ဩဂုတ်လက ထုတ်ပြန်ချက် အရ ဒီ ရာခိုင်နှုန်းထက် တိုးပြီး လက်ခံသွားမယ် လို့ ဆိုပါတယ်။

ဒီဇင်ဘာလထုတ် ရီဒါး ဒိုင်ဂျက်ထဲကပါ။

I seek refuge in the Buddha.
I seek refuge in the Dhamma.
I seek refuge in the Sangha.
ဒီလို ပြောစတမ်း ဆိုရင် ရတနာသုံးပါးက လက်ခံထားတဲ့ ရီဖျူးဂျီး အများဆုံးပါ။

( ဝဲလ် ကမ်း အမေရိကန် သမ္မတ လူညို အိုဗားမား to " this country " )


 ဇင်ဝေသော်

ကမောက် ကမ ဝေါဟာရ များ


" လူ " ဇင်ဘတ်က လူမဖြစ်ရဘူး ( နိုင်ငံ ဖြစ်နေတယ် )
" ရို " ဇင်ဘတ်က လူဖြစ်နေတယ် ( ရိုဘော့ ဖြစ်ရမှာ )

" သန်း " ရွှေက သမ္မတ ဖြစ်ရမှာ
" သိန်း " စိန်က သမ္မတ ဝင်ဖြစ်နေတယ်။
( ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ။ ကဲ........ဘယ်ဟာက သုည ပိုများသလဲ၊ ဖြေကြ )

ရုံးမှာ မ " တိုင်တန်း " သူက နစ်ရမယ့်ကိစ္စကို

" တိုင်တန်း " က ဝင် " နစ် " နေတယ်။ မပြီးသေးဘူး ။

" ရွှေ " က ဝင်းစလက် ဖြစ်သင့်တာ
" ကိတ် " က ဝင်းစလက် ဖြစ်နေပြန်ရော။ ( သစ္စာနီ၊ ဂျပုကြိုက်လှပေါ့ )

မိုဟာမက် " အလီ " က ၂ တစ်လီ ၂ မဆိုတတ်ဘူး
တရုတ်မ မလီက သင်္ချာပါမောက္ခ။

လီကွမ်းယု ဆိုရင် " အလီ " သာ ရတာ " ကွမ်း " မစားတတ်၊ မ " ယု " ယတတ်ကြီး။ ကဲ ........

ချစ်လို့မေးတာ၊ ဖြေကြ။ ( ကိုဝန်းသို၊ ကိုတုတ်ဂျီး ) နှာ မစေး ကြေး။ ဖုန်းတော့ မခေါ်နဲ့ နှာစေးနေလို့။

ကမ်း ( ကန်း၊ မေဘီ ) နေသော လက်
ဒါနဲ့ လက်က မြန်မာလို ဟန်းဒ် ဖြစ်ပြီး အင်္ဂလိပ်လိုတော့ ခြေထောက် နော်။


 ဇင်ဝေသော်

မဆုံးတဲ့ သံသရာ

မဆုံးတဲ့ သံသရာ
လမ်းတွေဘေးမှာ တပ်ဆင်ထားတဲ့ စပိဒ် ကင်မရာတွေကို ကြည့်မရလို့ဆိုပြီး Maryland ပြည်နယ်သား အမေရိကန် တစ်ယောက်က ကင်မရာတိုင်း ကို နေတ်နဲ့ ပစ်သွားတယ်လို့ Maryland news က ဖော်ပြထားတယ်။ ဒီတော့ အာဏာပိုင်တွေက စပိဒ်ကင်မရာတွေ ကို စောင့်ကြည့် ဖို့ နောက် ထပ် စောင့်ကြည့် ကင်မရာတွေ ဝယ်ပြီး တပ်ဆင်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါခဲ့ပြန်တယ်။

ဒါဆို စောင့်ကြည့် ကင်မရာတွေကို တစ်ယောက်ယောက်က သေနတ်နဲ့ ပစ်သွားရင် ဘယ်လိုလုပ်မလဲ၊ စောင့်ကြည့်ကင်မရာတွေကို စောင့်ကြည့် ဖို့ နောက်ထပ် စောင့်ကြည့် ကင်မရာတွေလိုနေဦးမှာပေါ့။

သူတို့ စပိဒ် ကင်မရာပြဿနာကလည်း မြန်မာပြည်က လမ်းခင်း၊ လမ်းပြင် ပြဿနာလိုပါပဲ။

တာဝန်

လူတစ်ယောက်က ပေါက်ပြားတစ်လက်နဲ့  မြေတွေ အားကြိုးမာန်တက် တူနေတယ်။ သိပ်မကြာဘူး၊ သူ့နောက်က လူတစ်ယောက် က သူ တူးထားတဲ့ မြေတွေကို အားကြိုးမာန်တက်ပဲ လိုက်ဖို့နေတယ်။
ဘေးက ကြည့်နေတဲ့လူက သူတို့ ဘာတွေလုပ်နေတယ်ဆိုတာ စဉ်းစားလို့ မရတော့ဘူး။ ဒါနဲ့

" နေပါဦးဗျာ၊ ပောစမ်းပါဦး ခင်ဗျားတို့နှစ်ယောက် အားကြိုးမာန်တက်နဲ့ တစ်ယောက်က မြေတူး နောက်တစ်ယောက်က မြေဖို့ လုပ်နေကြတာတွေကို ကြည့်ပြီး ဘာလုပ်နေကြတယ်ဆိုတာ နားမ လည်တော့လို့ပါ "
" ဒီလိုပါ။ ဒီနေ့ တာဝန်သုံးခု ကိုယ်စီခွဲထားကြတယ်။ မြေတူးသူရယ်၊ သစ်ပင်စိုက်သူရယ်၊ မြေဖို့သူရယ် ပါ။ သစ်ပင်စိုက်ရမယ့်လူက ဒီနေ့ ဖျားလို့ မလာနိုင်ဘူးလေ "

( RD )



ဇင်ဝေသော်

အလုပ်ပိုတွေ

အလုပ်ပိုတွေ

Jimmy Kimmel  ဆိုတဲ့ အမေရိကန်တစ်ယောက်က နယူးယောက် မာရသွန် ပြိုင်ပွဲ ဖျက်သင့်တာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်
" လူတွေက ဘာကြောင့်များ နယူးယောက် မာရသွန် ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အားစိုက်နေကြသလဲ မသိဘူး။ အဖြေက ထွက်ပြီးသာပဲ။ တကယ်ဆို ကင်ညာနိုင်ငံက အပြေးသမား တစ်ယောက်ကိုခေါ်၊ လည်ပင်းမှာ ရွှေ တံဆိပ် ဆွဲပေးလိုက်ရင် ပြီးပြီ။ ဘယ်သူမှလည်း ဒုက္ခ မရောက်တော့ဘူး " တဲ့။

ငလျင် ကာကွယ်ရေး

၂၀၀၁ ခုက အိန္ဒိယ၊  Gujara ပြည်နယ်မှာ ငလျင်လှုပ်တော့ မကောင်းတဲ့ တီဗွီ အစီအစဉ်တွေကြောင့်  ငလျင်လှုပ်ရတာလို့ ဟိန္ဒူ ဘာသာရေး ခေါင်းဆောင်က ပြောပါတယ်။ ဒါနဲ့  Ahmadabad  မှာ " အကုသိုလ် ပစ္စည်း တိုက်ခိုက်ရေးပွဲတော် " ဆိုပြီး  တီဗွီ ၂၄ လုံး မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။
အဲဒီနောက် ဘယ်လို သဘာဝဘေးရန်မှ မကျရောက်တော့ဘူး လို့ ဒေသခံတွေက ယုံကြည်ကြပါ သတဲ့။

သဘာဝဘေးရန်  ကာကွယ်ရေး ပညာရှင်တွေက ငလျင်လှုပ်ရင် တည်တ်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး ရှိကြဖို အမြဲ သတိပေး တတ်ကြပါတယ်။ ဒါကို နားမထောင်လို့ ဟောင်ကောင် Nantou မြို့မှာ ငလျင်လှုပ်တော့ လူငယ်တစ်ယောက် ဒုက္ခ ရောက်ခဲ့ပါ တယ်။ ငလျင်လှုပ်အပြီး တစ်မြို့လုံး ဘယ်သူမှ ဘာမှ မဖြစ်ဘဲ သူ တစ်ယောက်တည်းဖြစ်သွားတာပါ။ ဖြစ်ပုံက ငလျင်လှုပ်ေ တာ့ ကြောက်လန့်တကြားနဲ့ အသံကုန် အော်ဟစ်လိုက်မိလို့ မေးရိုးလွဲသွားပြီး ပြန်တည့်လို့ မရဖြစ်သွားတာပါ တဲ့။



  ဇင်ဝေသော်

မဟာယံတံတိုင်းဆီက ရယ်ဖွယ်များ


တရုတ် ကွန်မြူနစ်ပါတီက ခေါင်းဆောင် အပြောင်းအလဲ လုပ်နေချိန်မှာ သရော်တဲ့ ပျက်လုံးတွေကလည်း အွန်လိုင်းမှာ ပလူပျံ လို့တဲ့။
သိပ်တော့ ကြာကြာ မခံဘူး။ မကြိုက်ရင် လိုက်ဖျက်တာ ခံရတယ်လို့ သိရပါတယ်။ဒီ ဟာသလေး နှစ်ခုက ကံကောင်းလို့ လွတ်နေ တာနဲ့ တူပါတယ်။

၁ ။ သေမှ ပြောင်းတာပါ

မနေ့က အိုဗားမားနဲ့ တွေတော့ သူက ကျနော့်ကိုပြောတယ်
" ဟေ့ ဘရားသား၊ မင်းတို့က မနက်ဖြန် အာဏာလွှဲပြောင်း ပေးတော့မလို့ဆို။ ငါတို့က မနေ့က ကတည်းက အာဏာ လွှဲပြောင်းပြီးသွားပြီ "
ဒါနဲ့ ကျနော်လည်း သူ့ကို ဘုကြည့် ကြည့်ပြီး
" ဘာ အာဏာလွှဲပြောင်း ပေးတာလဲ၊ မင်း နားမလည်ဘူးလား " လို့ ပြန်မေးလိုက်ချိန်
ကျနော်တို့ နောက်မှာ ရပ်ပြီး နားထောင်နေတဲ့ မြောက် ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုန်အွန်းက
" အာဏာလွှဲပြောင်း ပေးတယ် ဆိုတာ ဘာလဲ၊ တစ်ယောက်ယောက် သေသွားလို့လား " တဲ့။

၂ ။ မပျော်ခွင့် ရှိရာ
ရှောက်လီက အမေရိက ကို သွားရောက် အခြေချနေထိုင်ဖို့ ဆုံးဖြတ်တယ်။ ဒါကို သိသွားတဲ့ အထက်လူကြီးက
" မင်း အမေရိက ကို သွားရောက် အခြေချနေထိုင်ဖို့ ဆုံးဖြတ်ထားတယ်ဆို၊ ဘာဖြစ်လို့လဲ၊ ဒီမှာ ရတဲ့ လစာကနည်းလို့ မပျော် မ ရွှင် ဖြစ်တာလား "
" မဟုတ်ပါဘူးဗျာ၊ လစာနဲ့ ပတ်သက်လို့ ပျော်ပါတယ်။( ကျေနပ်ပါတယ် ) "
" ဒါဖြင့် ဒီက လူနေမှု အဆင့်အတန်းကြောင့်လား "
" ဒါ ကြောင့်လည်း မဟုတ်ပါဘူး၊  ပျော်ပါတယ် "
" ဒါဖြင့် ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မကောင်းလို့လား "
"  မဟုတ်ပါဘူး၊ ဒါတွေနဲ့ ပတ်သက်လို့လည်း  ပျော်ပါတယ် "
"  ဒါဖြင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ၊ အင်တာနက် ဆင်ဆာ စတာတွေကြောင့်လား "
"  မဟုတ်ရပါဘူးဗျာ၊ ဒါတွေနဲ့ ပတ်သက်လို့လည်း  ပျော်ပါတယ် "
" ဒါနဲ့များကွာ မင်းက ဘာလို့ အမေရိက ကို သွားနေချင်ရတာလဲ "
" အော် ဒီလိုပါ၊ ဒီမှာက အားလုံးကို ပျော်နေရတယ်။ အမေရိကမှာဆို မပျော်ချင်ရင် မပျော်လို့ ရတယ်လေ။ ဒါ့ကြောင့်ပါ " တဲ့။

 ၃ ။ အရုပ်ဆိုးခ လျော်ငွေ ဒေါ်လာ ၁၂၀ ၀၀၀

တရုပ်လူမျိုး Jian Feng ဆိုသူက သူ့ မိန်းမကို တရားစွဲဆိုခဲ့ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
သူ့မိန်းမ ( ဇနီး ) ဟာ သူနဲ့ လက်မထပ်ခင်လေးမှာပဲ ( ပလတ်စတစ် ဆာဂျူရီ )မျက်နှာအလှ ခွဲစိပ်မှု ခံယူခဲ့ပါတယ်။ ဒေါ်လာ တစ် သိန်း ကုန်ကျ ခဲ့ပါတယ်။ လက်ထပ်တဲ့ အချိန်မှာ သူမက မိန်းမချော တစ်ယောက်ပါ။
ဒါပေမယ့် သမီးလေး မွေးလာတော့  ပလတ်စတစ် ဆာဂျူရီ ကို မသိလိုက်တဲ့အတွက် ကလေးက အရုပ်ဆိုးမလေး ဖြစ်နေ ပါတော့ တယ်။ အဖေ နဲ့လည်း မတူ အမေ (  ခွဲစိတ်မှု ခံယူပြီး ) နဲ့လည်း မတူ ( ပလတ်စတစ် ဆာဂျူရီ မလုပ်ခင်က သူ့မိခင်လောင်းနဲ့ တူနေ တယ်။ တော်တော် နောက်တဲ့ ဂျနက်တစ် )  ဖြစ်နေလို့ Jian Feng က ဇနီးကို မေးမှ ဇနီး က ပလတ်စတစ် ဆာဂျူရီ အကြောင်း ဖွင့်ပြောခဲ့တယ်။
ဒါကြောင့် လိမ်လည်မှု “under false pretenses.” နဲ့ တရားစွဲဆိုရာမှာတရားရုံးက  Jian Feng ကို အနိုင်ပေးလိုက်လို့ ဒေါ်လာ ၁၂၀ ၀၀၀ လျော်ငွေ ရလိုက်ပါတယ်။
ကမ္ဘာမှာ ဒီထက် ခရေးဇီး ဖြစ်တဲ့ သတင်းတွေ ဆက်လက် လာပါဦးမယ်။


 ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( ၇ )


" အော် စီကာ စဉ်ကာနဲ့ စနစ်တကျ ပူနေရတဲ့ စင်္ကာပူ "

ဤ ကွန်မင့်ကိုတော့ ဇင်ဝေသော်ဆီက လုယူပြီး ပြန်ရပေတော့မည်။ ဖြစ်ပုံက ဤ သို့တည်း။ ကျောင်းမှ ဒကာ ဒကာများနှင့်အတူ လာအိုကိုသွားစဉ် တောင် ငယ် တစ်တောင် ကို တက်အပြီး ချွေးများထွက်၊ သင်္ကန်းလဲလှယ်ချိန်မရတော့ ချွေးမှစ၍ အအေးပတ်သွားတော့သည်။

ထို အအေးပတ်က စင်္ကာပူအထိ ပါလာတော့ ဆရာဝန်ကို ပြရသည်။ စင်္ကာပူက ဆေးဝါးကုသမှု၊ ဆေးရုံ ဆေးခန်းများနှင့်ပတ်သက်၍ နာမည်ရ ပါသည်။ ဤ နာမည်က ထူးထူး ခြားခြား ရောဂါတွေနဲ့ ပတ်သက်သည်။ သာမန် နှာစီး၊ ချောင်းဆိုး၊ အအေးမိလို့ကတော့ တော်တော်ဆိုးသည်။ နှာစီး၊ ချောင်းဆိုး၊ အအေးမိရင် သောက်ဖို့ ကိုယ် သောက်နေကျ ဆေး များ မြန်မာပြည်ကနေ ယူလာတတ်ကြသည့် လူများကိုတွေ့လျှင် အရင်က ပိုလွန်းတယ်ဟု ထင်မိသည်။ ယခုမှ သူတို့ကို နားလည်သွားတော့သည်။

ဆရာဝန်ကို သွားပြစဉ် အပူလည်း မရှိ၊ အအေးပတ်ရုံသာဟု ဆိုကာ သာမန် သောက်ဆေးကိုသာ ပေးပြီး မသက်သာက ပြန်လာရန် ပြောသည်။ ကိုယ်တိုင်တော့ သိသည်။ ဆေးပြင်းများ သောက်ခဲ့ရသူ အဖို့ ဤ ဆေးလောက်ကတော့ ရောဂါပိုးက ပျင်းတောင် ပျင်းသေးတယ် ပါ။ မသက်သာ။ ဤသို့ဖြင့်ပင် သာမန် အအေးပတ်ရာမှ အဆုတ်ကို သွား ထိလေတော့သည်။ ထိုအခါ ဆရာဝန်က အဆုတ်မှာ ခရက်ကင်း ဆောင်းဒ် ကြားရသည်။ ရင်ဘတ် ဓာတ်မှန်ရိုက်ဖို့ လိုကောင်း လိုမည်ဖြစ်ကြောင်း ပုံကြီးချဲ့လာပြန်သည်။

ဆေး ငါးရက်သောက်၍ မသက်သာသောအခါ ဆရာဝန်ကို အင်တီ ဗိုင်အော တစ် ပိုးသတ်ဆေးမပါဘဲ ရောဂါ မပျောက်နိုင် ဟု ပြောမိသည်။ သို့သော် ဤမှ ဆရာဝန်တွေက အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးရ မှာ ထောင် ကျတော့မလောက် ကြောက်သည်။ ကြောက်မယ်ဆိုလည်း ကြောက်စရာပင်၊ တစ်ခုခုဆို ဆရာဝန်ကို တရားစွဲဖို့ ဝန်မလေးကြပေ။ သို့သော် ဒုတိယ ငါးရက်စာ ဆေပေးရာမှာလည်း ဆေး က ပျော့နေဆဲ။ မသက်သာက ပြန်လာရန်သာ ပြောလာပြန်သည်။ ခက်ရချည့်။

သွားရပြန်ပြီ တတိယအကြိမ်။ ဤ အကြိမ်မှာ သလိပ်မရှိတော့ အဆုတ်က ခရက်ကင်း ဆောင်းဒ် မကြားရတော့။ ထိုအခါရောက်မှ အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးလေတော့သည်။ သုံးရက်မျှသောက်ပြီး ရောဂါလည်း ပျောက်တော့၏။ ဆေးနဲ့ ရောဂါ သင့် သွားပြီပေကိုး။

စဉ်းစားမိသည်၊ မြန်မာပြည်မှာ ဆိုလျှင် တစ်ရက် နှစ်ရက် မျှဆို ပျောက်ရ မည့် ရောဂါက ဆေးထိုးဖို့ကြောက်၊ အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးရမှာကြောက်သော ဆရာဝန်တို့ကြောင့် သုံး ပတ်လောက် ဖျားလိုက်ရ၊ ပူလိုက်ရသည်။ သူတို့ မမှားပါ၊ သို့သော် မြန်မာတို့ အင်မြူး စစ်စတန်ကို မြန်မာဆရာဝန်တို့သာ သိသည်။ အော် သူများ ကောင်းတိုင်း ကိုယ့် အတွက် မကောင်းတတ်ဟုသာ တွေးနေမိသည်။ ထို့ကြောင့် အထက်ပါ ကွန် မင့်လေးကိုဖတ်ရင်း ပြုံးလိုက်မိသည်။

အပြစ်ဆိုလိုက ဆိုကြစေ၊ ကောင်းလှသည်ဆိုသော ပြင်သစ် စားဖိုမှူး ချက် သည့် ဒေါ်လာ ၁၀၀ ရာတန် နေ့လယ်စာသည် မိမိလျှာပေါ်မှတော့ ပဲပြုတ် နဲ့ ငါးပိရည်မျှပင် ခံတွင်း မတွေ့။ နောက်နောင် ဤ နေ့လယ်စာမျိုး မကပ်ပါ နဲ့ကော့ ဟု ပင် တစ်ခါတည်း မေတ္တာရပ်လိုက်မိသည်။ ကိုယ်တိုင် ရိုးသား ဖို့တော့ လိုသည်။ သူများ ကောင်းတိုင်းတော့ လိုက် မကောင်းနိုင်။

မြန်မာတို့ အအေးမိရောဂါအတွက်တော့ စ လုံးဆရာဝန်သည် မြန်မာ ဆရာဝန်တို့ ခြေဖျားပင် မမီ။ ရောဂါပိုးကို အဆုတ်အထိ ကူးစက်ခွင့် သုံးပတ်ပေး သည်။
မှန်ပေသည်။  စီကာ စဉ်ကာဖြင့် စနစ်တကျ သုံးပတ်နီးပါး ကိုယ်ပူလိုက်ရတော့သည်။
မေတ္တာဖြင့်


 သီဟနာဒ

ချန်ပီယံဆု ရရှိသွားတဲ့ အင်္ဂလိပ် စကားလုံး အသစ် နှစ်လုံး


အောက်စဖို့ တက္ကသိုလ်၊ ပုံနှိပ်ထုတ်ဝေရေး အဖွဲ့က အောက်စဖို့ အဘိဓာန်မှာ ချန်ပီယံဆု ရရှိသွားတဲ့ အင်္ဂလိပ် စကားလုံး အ သစ် နှစ်လုံး ထုတ်ပြန်ခဲ့ပါတယ်။ အင်္ဂလိပ် စကားလုံး အသစ် နှစ်လုံးဆိုရာမှာ ဗြိတိသျှ အင်္ဂလိပ်နဲ့ အမေရိကန် အင်္ဂလိပ်တို့ရဲ့ အသီးသီး စကားလုံးတွေ ဖြစ်ကြပါတယ်။

" Omnishambles " က  ဗြိတိသျှအင်္ဂလိပ် ချန်ပီယံ ဖြစ်ပြီး
" gif " က အမေရိကန် အင်္ဂလိပ် ချန်ပီယံ ဖြစ်ပါတယ်။

" Omnishambles " ရဲ့ အဓိပ္ပါယ်က လုံးလုံးလျားလျား စီမံခန့်ခွဲမှု မှားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီ စကားလုံး အပါအဝင် စကား လုံး အသစ် တော်တော်များများဟာ လန်ဒန် အိုလံပစ်ပွဲတော်ကနေ ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။
" Omnishambles " ရဲ့ မူရင်း စကားက " Romneyshambles " ဖြစ်ပါတယ်။  အမေရိကန်သမ္မတသစ် အိုဗားမားကို ရွေးကောက် ပွဲမှာ ရှံးသွားတဲ့ Mitt Romney က လန်ဒန် အိုလံပစ်ပွဲတော်ကို နိုင်နိုင်နင်းနင်း ကျင်ပပေးနိုင်မှာ မဟုတ်ဘူး လို့ ဝေဖန်ရာကနေ လူ သုံးများလာတဲ့ စကားဖြစ်ပါတယ်။

ဒီနှစ် ပေါက်ဖွားလာခဲ့တဲ့ စကားလုံး အသစ်တွေကတော့

Cute kittens အိုလံပစ် ချန်ပီယံများ
mummy porn ,Shades Of Grey  book series
green on blue ကြားနေ စစ်တပ်က ဝင်တိုက်ခြင်း၊ ကြားနေ အာဖဂန် စစ်တပ်၊ ရဲ တို့က နိုင်ငံခြား စစ်သားတွေကို ဝင်ရောက်ဝင် တိုက်ခိုက်ခြင်း။
Games maker အိုလံပစ်ပွဲတော် လုပ်အားပေးများ
Eurogeddon ဥရောပ စီးပွားရေး အကျပ်အတည်း
scend screening ကွန်ပျူတာသုံး၊ ဖုန်းပြောနေစဉ် တီဗွီကြည့်ခြင်း စတာတွေ ဖြစ်ပါတယ်။

အမေရိကန် အင်္ဂလိပ် ချန်ပီယံ " gif " ကတော့ graphics interchange format ရဲ့ အတိုကောက်ပါ။ အရင်က နောင်း အနေနဲ့ပဲ သုံးနိုင်ပေမယ့် အခုတော့ ကြိယာ အနေနဲ့လည်း သုံးနိုင်သွားပြီလို့ ဆိုပါတယ်။
အောက်စဖို့ အဘိဓာန်အသစ်မှာ ဒါတွေ တွေ့ရတော့မှာပါ။ ပညာရှင်တို့ ဆက်လက် လေ့လာနိုင်ကြပါပြီ။



ဇင်ဝေသော်

ကမ္ဘာဦး လူမှုရေးဆက်ထုံး

ယောက္ခမ၊ ချွေးမ၊ ခမည်းခမက်ဇာတ်လမ်းတွေက မြန်မာတွေကြားမှာတော်တော်များများ ရှိသလို အမှန်တ ကယ်လည်း ဒါတွေက ဖြစ်နေတတ်တဲ့ သဘော ရှိပုံရပါတယ်။ ဒါပေမယ့် ဒီပြဿနာက မြန်မာတွေ မှာ တင် ဖြစ် တတ်တာမဟုတ်ပဲ ဂလိုဘယ်ဖြစ်နေတဲ့သဘောလည်း ရှိပါတယ်။ သူတို့ ဟာသလေးတွေ တစ် ချို့ ကို ဖတ်ကြည့်ပါ။

“ယောက္ခမနဲ့ စကားမပြောဖြစ်တာ (၁၈) လ ရှိပါပြီ။ သူပြောနေတာတွေ အနှောက်အယှက်ဖြစ်သွားမှာ စိုး လို့ ဝင်မပြော
တာပါ”

“အလွန်ပျော်စရာကောင်းတဲ့ ခရီးတစ်ခုကနေ ပြန်လာတာပါ။ အဲဒါ ကတော့ ယောက္ခမ ကို လေဆိပ် လိုက် ပို့တာပါပဲ”

ကျွန်မယောက္ခမကပြောတယ်။ “နင်သေရင် နင့်အုတ်ဂူပေါ် တက်ကမယ်” တဲ့။
ဒါနဲ့ ကျွန်မကလည်း “ မျှော်လင့်ထားပြီးသားပါ။ ဒါကြောင့် ကျွန်မသေရင် ပင်လယ်ထဲမှာမြှုပ်ဖို့ ဆုံးဖြတ်ထား တယ်” လို့။

“ကျွန်မယောက္ခမနဲ့ ကျွန်မနဲ့ဆိုရင် နှစ်ပေါင်းနှစ်ဆယ်လုံးလုံး ဘာပြဿနာမှ မရှိပဲပျော်ပျော် ရွှင်ရွှင်နေနိုင် ခဲ့ကြပါတယ်။ အဲ အနှစ်နှစ်ဆယ်ကျော်မှ တစ်ယောက်နဲ့တစ်ယောက်တွေ့ကြ တာလေ။

အိမ်ထောင်ရေး ပြဿနာလို့ သုံးစွဲဖို့တော့ အားနာစရာ နည်းနည်းကောင်းပါ လိမ့်မယ်။ ဒါပေမယ့် ဇနီးမောင်နှံတွေရဲ့ အိမ်ထောင်ရေး ကတော့ယောက္ခမတွေကြောင့် အကျိုးသက် ရောက်မှု အများကြီး ရှိနေတယ် ဆိုတာ တွေ့ကြရပါတယ်။

ပထမဆုံးကတော့ အီတလီပါ။ အီတလီက အမျိုးသားတွေဟာ (ma ma’s boys-မေမေ့ သားလေး) လို့တင်စားခေါ်ကြပြီး မိခင် ရဲ့လွှမ်းမိုးမှု လည်းတော်တော်ရှိဟန် တူပါတယ်။ ဒါကြောင့် အိမ်ထောင်ရေး မပြေလည် မှုတွေထဲကယောက္ခမကြောင့်ဖြစ်ရတာက ၃၀ရာခိုင်နှုန်းတောင် ရှိပါသတဲ့။ ကမ္ဘာ့အမြင့်ဆုံးလို့ ယူဆရမှာပါ။

မလေးရှား မှာလည်း MIL (Mother In Law) Syndrome လို့ ယောက္ခမတွေကို တင်စား ခေါ်ဝေါ်ကြ ပါ တယ်။ ရာခိုင်နှုန်းတွနဲ့ အတိ အကျဆိုမထားပေမယ့် ယောက္ခမတွေ ကြား ဝင်လို့ အိမ်ထောင်ရေး ပြိုကွဲ မှုက ရာခိုင်နှုန်းအတော်များတယ်လို့ သိရပြန်ပါတယ်။

၂၀၀၈- ခုနှစ်က အိုဆာကာ တက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ ယောက္ခမတွေနဲ့အတူတူနေ ရ တဲ့ ချွေးမတွေ ဟာ နှလုံးရော ဂါဖြစ်ပွါးနှုန်းပိုများတယ်ဆိုတာကို တွေ့ရှိကြရပါ သတဲ့။ ဒါပေမယ့် ၂၀၁၀- ခုရောက်တော့ ချွေးမတွေလည်း လက်စားချေတာကို ခံလိုက်ရပြန်ပါ တယ်။ ၂၀၁၀- ခု သုတေသနအရ သား၊ ချွေးမတွေနဲ့ အတူနေရ တဲ့ ယောက္ခမတွေဟာ သမီး၊ သမက်နဲ့ အတူနေရ တဲ့ ယောက္ခမတွေထက် အသက်ပိုတိုကြတယ် လို့တွေ့လာ ရပြန်ပါတယ်။

ဒီနေရာမှာ ထူးခြားမှုဖြစ်နေတာ တစ်ခုက ချွေးမရဲ့ စောင့်ရှောက် ကူညီ မှုနဲ့ နေကြရ တဲ့ ယောက္ခထီးကြီးတွေကတော့ သူတို့ ဇနီး ကိုယ်တိုင်စောင့်ရှောက်မှုအောက်မှာ နေရတာ ထက် အသက်ပို ရှည် တတ်တာ တွေ့ကြရပြန်ပါသတဲ့။ ဒါကြောင့် ချွေးမနဲ့ ယောက္ခမက ပနံ မရဖြစ်တတ်ပေမယ့် ချွေးမနဲ့ယောက္ခ ထီးတွေရဲ့ ဆက်ဆံရေးကတော့ အဲသလို မဟုတ်ပြန် ဘူးဆိုတာ တွေ့လာရပြန်ပါတယ်။ ဒီ ထက်ပိုပြီး ထူးခြား တာက ဒီသုတေသန တွေထဲမှာ သားမက်နဲ့အ တူနေရ တဲ့ ယောက္ခမ ၊ ယောက္ခထီးတွေ အကြောင်း ထူးထူးခြားခြားပြောထား တာမရှိခြင်းပါ။ သားမက်ကြောင့် အသက်တို၊ ရှည်၊ နှလုံးရောဂါ ရ၊ မရ ဆိုတာတွေ မတွေ့ ရပါဘူး။ သား မက်ကတော့ ဘာသိဘာသာ ပဲ နေ ကြပုံရပါတယ်။

လူမှုရေးဥပဒေတွေ ဘယ်လောက်ပြောင်းပြောင်း၊ လူမှုရေး အသိစိတ်နဲ့ သက်ဆိုင်တဲ့စာအုပ်တွေ၊ ပညာပေး ကဏ္ဍတွေ ဘယ်လောက်ပဲ လုပ်လုပ် ယောက္ခမ၊ ချွေးမဇာတ် လမ်း တွေ ကတော့ နိုင်ငံ ဆင်းရဲချမ်းသာ မရွေး ရှိနေတတ်တယ်လို့ ဆိုပါတယ်။

ဒီဆောင်းပါးမှာလည်း ပညာရှင်တွေက ထပ်ပြီးလမ်းညွှန်ထားတာတွေ တွေ့ရ ပါတယ်။ သိပ်တော့ မထူးခြားလှပါဘူး။

၁။ သား (သို့) သမီးအိမ်ထောင်ပြုသွားတာနဲ့ မိမိရဲ့ မိခင်ဘဝကဆုံး ပါးသွားတာမဟုတ် ပါဘူး။ ဒါကို အံဝင်ခွင်ကျဖြစ် သွားအောင် နေတတ် သွားဖို့ပဲ လိုပါတယ်လို့ ပညာရှင် Anne Hollands က ယောက္ခမတွေကို လှမ်းတို့လိုက်ပါတယ်။ ဒါကြောင့် သိပ် မထူးခြားလှဘူး လို့ ပြောတာပါ။
မြန်မာတွေမှာလည်း သား(သို့) သမီး အိမ်ထောင်ပြုတာကြောင့် သား(သို့) သမီးဆုံးရှုံးမ သွားဘူး။ မဆုံးရှုံရုံတင်မက သမီး (သို့) သားတစ်ယောက်ပါအဆစ်ရလိုက် တယ် လို့ဆို တတ်ကြပါတယ်။

၂။ ယောက္ခမက ဘယ်လောက်ပဲဆိုးဆိုး ကိုယ့်ဖက်က ရိုရိုသေသေ နဲ့လေးလေး စားစား ဆက်ဆံတတ်ဖို့ လိုပါတယ်လို့ သူမ ကပဲ ချွေးမတွေကို လက်တို့ခဲ့ပြန်ပါတယ်။ ချွေးမအတွက် ဆုံးမစကားနဲ့ ပတ်သက်လို့ ကတော့ မြန်မာတွေဆီမှာ ပိုများပါတယ်။ဝိသာခါ ကို ဆုံးမလိုက်တဲ့ သူမဖခင်ရဲ့ဆုံးမစကား ဆယ်ခွန်း က တော်တော် လေး ပြည့်စုံပါတယ်။

၃။ ပြဿနာတစ်ခုခုဖြစ်ရင် ရေရှည်အတွက် စဉ်းစားပြီး ဆုံးဖြတ်ပါလို့လည်း ပြောခဲ့ပါတယ်။ ဒါကလည်း သိပ်တော့ မထူးခြားလှပါဘူး။

ဒါတွေထဲမှာ ထူးထူးခြားခြားရှိတာကတော့ ကိန်းဘရစ်ခ်ျတက္ကသိုလ်စိတ်ပညာပါမောက္ခ ဒေါက်တာ Terri Apter ရဲ့ သုံးသပ် ချက်ပါ။ သူမပြောတာက “ယောက္ခမရော ချွေးမပါ သူ တို့ အသားမကျသေးတဲ့ ဘဝတွေကို အခုမှ နဖူးတွေ့ ဒူးတွေ့ ရင် ဆိုင်ကြ ရ တာဆိုတော့ ပြဿနာ တစ်ချို့ ရှိလာတတ်တာပါ။ အဓိကအားဖြင့် မတူတဲ့မိသားစုတွေရဲ့ခံယူချက်၊ သိက္ခာ၊ မာနစတာတွေကြောင့် အလျှော့မပေးလို စိတ်တွေ ဖြစ် လာတတ်ရာကစတင်တတ် တယ်” လို့ ဆိုပါတယ်။

တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ မိန်းကလေးတစ်ယောက်ဟာ အိမ်မှာလည်းသန့်ရှင်း ရေးလုပ်၊ ထမင်းချက်၊ ဟင်းချက် လုပ် ကြ မှာပါ။ ဒါပေမယ့် ယောက္ခမကခိုင်းရင်တော့ ဒီပြင် လူတွေမခိုင်းပဲ ငါ့ကိုယ်မှ ရွေးခိုင်းတယ်ဆိုတဲ့အတွေးမျိုး ရောက်သွားနိုင်ပါတယ်။ သူ့အိမ်မှာ ဘာမှမလုပ်ခဲ့ရတဲ့ မိန်း ကလေးဆိုရင်တော့ ဒီကိစ္စက ကြည့်ကောင်းမယ့် ပွဲတောင်ဖြစ်သွား နိုင်ပါတယ်။

Terri Apter ကတော့ သိပ်မလိုအပ်လှတဲ့ “သိက္ခာ” ဆိုတာကြောင့် ဒီ လူမှုရေးပြဿနာ က ဖြစ်လာ တတ် တာဖြစ်ပြီး ဒါကိုကျော် လွှားနိုင် ရင် အဆင်ပြေသွားတဲ့ ယောက္ခမ၊ ချွေးမတွေ အများကြီးရှိပါတယ် လို့ ဆို ထားပါတယ်။ ဟုတ်ပါတယ်။ တချို့ဆိုရင် ချွေးမကသမီးလိုဖြစ်ပြီးသားကပင်
ားမက်လိုဖြစ်နေတတ်တာ တွေပင်ရှိနေတတ်ပါတယ်။

ဘာပဲပြောပြော ဒီလူမှုရေးဆက်ထုံးကလည်း ကမ္ဘာဦးကစလို့ နောင်လည်းရှိနေဦးမည့် သဘောပါပဲ။

Ref: Reader’s Digest, October, 2012.
How to tame your mother in law.



ဇင်ဝေသော်

ဓာတ်တူ သဘောတူ ပညာရှင်


1 ) ဓာတ်တူ

" ဖူးစာ ဆိုတာ ကောင်းကင်ဘုံပေါ်က တခါတည်း ဖန်တည်းပေးထားတာလို့ ဆိုကြတယ်၊ ဒါကို ဘယ်လို သဘောရပါသလဲ "
"  အများကြီး ဖြစ်နိုင်ပါတယ်၊ လျှပ်စီးတွေ၊ မိုးခြိမ်းသံတွေ၊ မိုးကြိုးတွေလည်း  ကောင်းကင်က ကျလာတာပဲလေ "

2 ) သဘောတူ

" မြေးတွေ၊ အဘိုး အဖွားတွေရဲ့ ဆက်ဆံရေးက တော်တော် ကောင်းတတ်ကြတယ် နော် "
" ဟုတ်တယ်ဗျ၊ သူတို့မှာ ဘုံ ရန်သူ ရှိပုံရပါတယ် "

3 ) သမိုင်း ပညာရှင်

" အမေရိကန် သမိုင်းကို တော်တော် နှံ့နှံ့စပ်စပ် သိသလား "
" သိတာပေါ့၊  မေးလ် ဂစ်ဘ်ဆင် ( Mel Gibson ) ရဲ့ လက်ထက်မှာ ပြည်တွင်း တော်လှန်ရေး စစ်ပွဲ နိုင်ခဲ့တယ်။
တွန် ဟင့် ( Tom Hanks ) ရဲ့ လက်ထက်မှာလည်း ဒုတိယ ကမ္ဘာစစ် နိုင်ခဲ့ပြန်တယ်။
ဟို အဖြစ်မရှိတဲ့ ချာလီ ရှီးန်း ( Charlie Sheen )  ရဲ့ လက်ထက်ရောက်မှ ဗီယက်နမ် စစ်ပွဲ ရှုံးခဲ့ရတယ် "

3  3 ) A TV show, Family Guy.


ဇင်ဝေသော် 

မန်းကို လွမ်းလို့ တမ်းတဲ့စာ ( ၃ )


သာသနာ့ တက္ကသိုလ်ထဲက ခွေးကြီး တစ်ကောင်အကြောင်း။

၁၉၉၀ ခုနှစ်များက သာသနာ့ တက္ကသိုလ် မြောက်ဖက်ခြမ်း၌ အများနှင့်မတူ ဝဖြိုးနေသော ခွေးကြီး တစ်ကောင်ကို တွေ့နိုင်သည်။ စင်္ကာပူလို နိုင်ငံမျိုးမှာဆိုလျင် အိုဗာဝိတ် ဖြစ်နေသော ခွေးကြီးဟု ဆိုကောင်း ဆိုပေလိမ့်မည်။ ဆီးချို သွေးချိုဖြစ်ဖို့ အလားအလာ ရှိသည် ဟုလည်း ဆိုကောင်းဆိုပေလိမ့်မည်။ ထို ခွေးကြီး ကတော့ ဘာရောဂါမှ မရှိ ကျန်းကျန်းမာမာပင် ဖြစ်သည်။ ထို ခွေးကြီးသည် ဆွမ်းစားကြောင်းသွားရာ တန်ဆောင်းအောက်၌လည်းကောင်း၊ အဆောင် တစ် နှင့် အဆောင် ခြောက်တို့ ကြားမှာလည်းကောင်း အနေများလေသည်။

ထို ခွေးကြီးအကြောင်းကို ပြောပြချင်သည်။ ဘာ့ကြောင့် ထို ခွေးကြီးက ထူးထူးခြားခြား ဝ နေရသနည်းက အဓိကအကြောင်းဖြစ်သည်။
ည ည အခါ တစ်ခါတရံ နာယက ဆရာတော်တို့က စာသင်သား သံဃာငယ်များ သီတင်းသုံးရာ အဆောင်များကို စစ်တတ်ကြသည်။ ထိုအခါ ရဟန်းပင် ဖြစ်သော်ငြား စာသင်သားသံဃာငယ်များ ဖြစ်သည်အားလျော်စွာ ဆရာတို့ မမြင်အပ်သည်တို့ တခါတရံ တွေ့ရှိတတ်သည်။ ဥပမာ ကက်စက် ဖွင့်နေခြင်း၊ ရေဒီယိုအသံ အနည်းငယ် ကျယ်နေခြင်း စသည် တို့ ဖြစ်လေသည်။ ထို အခါမျိုးတွင် ရိုးသားသော ဆရာတော်ကြီး တစ်ပါးက ရေဒီယိုကက်စက် ဂျက်ပင်များ သိမ်းဆည်းသွားတတ်သည်၊ ဤသို့ သိမ်းဆည်းခြင်းမှာ ဂျက်ပင်မရှိလျင် ရေဒီယိုကက်စက် ဖွင့်မရတော့ဟု ဆရာတော်က ယုံကြည်ထားသောကြောင့် ဖြစ်သည်။ မှန်၏။ ရေဒီယိုကက်စက်ဝယ်ရာ၌ ဂျက်ပင် တစ်ချောင်းသာပါ၏၊ အပိုမပါ။

ထို ပြဿနာက မကြာမီ ပြေလည်သွားတော့သည်။ အကြောင်းက အထက်ဖော်ပြပါ ခွေးကြီးက ထို ဆရာတော် အဆောင်မှ ထွက်လာလျင် ဟောင်တတ်သောကြောင့် ဖြစ်လေသည်။ ထူးတော့ ထူးခြားသည်၊ သူဟောင်ပုံက ယင်း ဆရာတော်ကြီးကို မုန်း၍ ဟောင်ခြင်းမျိုး မဟုတ်ဘဲ စာသင်သား သံဃာငယ်များကိုသတိပေးသော ဟောင်ခြင်းမျိုး ဖြစ်နေခြင်း ဖြစ်လေသည်။
" ဝေါင်း၊ ဝေါင်း၊ ဝေါင်း "
ဤ အဓိပ္ပါယ်က
" သတိရှိကြလော့၊ နာယက ဆရာတော်များ အဆောင်တွေ စစ်တော့မည် " ဟု ဖြစ်သည်။

ထို အခါ အချင်းချင်း စကားပြောနေကြလျှငရပ်။ ကိုယ့်အခန်းကိုပြန်၊ ကက်စက်ဖွင့်ထားလျှင် ပိတ်၊ စာအုပ် ထူထူ ကောက်လှန်၊ သည်းသည်း မည်းမည်း စာကြည့်ဟန် ပြုနေလိုက်ရုံပင်။ လှ၏၊ သမဏ သာရုပ္ပဖြစ်၏။

အစပိုင်းတော့ သတိမထားမိကြ၊ တဖြည်းဖြည်းကြာလာမှသာ ထို ခွေးကြီး၏ ဟောင်သံကို သတိထားမိကြသည်။ ထို ခွေးကြီးကိုစာသင်သား သံဃာငယ်များ အလွန် ချစ်ကြသည်ဟု ဆိုဖွယ် မလိုတော့ဟု ထင်သည်။ ထိုနောက် တစ်ခါ ဟောင်တိုင်း ထို ခွေးကြီးကို ထန်းလျက် ကျွေးကြသည်။ ကြာလာတော့ ခွေးကြီးကလည်းသဘော ပေါက်လာသည်။  ဆရာတော်ကြီးကို ဟောင်လျင် ထန်းလျက် စားရသည်။

ကောင်းတော့ မကောင်းလှ၊ ထိုမှနောက်ထိုဆရာတော်ကြီးကို တွေ့သည့်နေရာ ဟောင်လေတော့သည်။
ဟောင်ပြီးလျင် အဆောင် တစ် နှင့် အဆောင် ခြောက်တို့ ကြား လာပြီး မြင်သည့် ရဟန်းတစ်ပါးပါဆီ သွားလေတော့သည်။
ဆိုလိုသည်က
" ငါ့ရှင်တို့ လိုသော ဆားဗစ်ကို ငါ ပရိုဗိုက်လုပ်ခဲ့ပြီ၊ ငါ ရသင့်သော ပရောဖစ်ကို ပေးပါတော့ " ဟု ဖြစ်သည်။
ရွာပြန်လျင်ပင် မိဘ၊ ဆရာ ကန်တော့ရန် ဘာမှ ယူသွားလေ့ မရှိကြသော၊ မန္တလေး ပြန်လာလျင်လည်း ဒကာ၊ ဒကာမတို့အားပေးရန် ဘာလက်ဆောင်မှ ယူ မလာတတ်သော ရဟန်းတော်များကပင် ထို ခွေးကြီးအတွက် ထန်းလျက် နှစ် ပိဿာ သုံး ပိဿာ ယူလာရန် ဝန်မလေးကြတော့ပေ။
ဤသို့ဖြင့် ထို ခွေးကြီးသည်အလွန်ဝ၊ လှသော ခွေးကြီးဖြစ်လာလေတော့သည်။
အကြံ တစ်ချက်ကောင်းလျှင် ခွေးလည်း ကောင်းစားလေတော့သည်။ အချက် ပိုင်ဖို့သာ အရေးကြီး၏။

အစပိုင်းမှာတော့ ထို ခွေးကြီးက သူဟောင်ချင်၍ ဟောင်ခြင်း တနည်း လူမှား၍ ဟောင်ခြင်းဖြစ်သည်။ သို့သော် ဟောင်သဖြင့် ထန်းလျက်စားရမှန်း သိသောအခါ ထန်းလျက်ကျွေးသဖြင့် ဟောင်ခြင်းဖြစ်သွားလေတော့သည်။ ကိုယ့်ဆရာကို ဟောင်သောခွေးကို ထန်းလျက်ကျွေးသော ရဟန်းများ ဟူ၍လည်း ဤ ဘုရား သာသနာမှာတော့ မိမိတို့ကလွဲလျင် မရှိဟု ထင်သည်၊ စာပေမှာ မတွေ့မိ။ နောက် ဘုရား သာသနာမှာတော့ မပြောတတ်ပေ။

မည်သို့ဖြစ်စေ လူရှင်းလှသော၊ သင်တန်းများပိတ်ထားသော ဒေပါဗလီ ပတ်ဘလစ် ဟောလီးဒေး၌ ထို ခွေးကြီးကို ထူးထူး ခြားခြား သတိရလွမ်း
ဆွတ်မိသဖြင့် ဤစာကို ရေးမိသည်။
( ထို ဆရာတော်ကြီးကိုလည်း ဤမှ ထပ်မံ တောင်းပန်ပါ၏ )

အထူး အမှာ။   ။ ဤစာသည် မန်းကို လွမ်းလို့ တမ်းတဲ့စာ ဟူသည့်အတိုင်း လွမ်း၍ တမ်းသောစာသာဖြစ်သည်၊ တောင်တောင် အီအီ စဉ်းစားပြီး ဟိုဟို ဒီဒီ မတွေးကြရန် မေ့နေသူတို့ကို သတိပေးချင်ပါသည်၊ သတိပေးလိုက်ပါမှ တောင်တေင် အီအီ စဉ်းစားပြီး ဟိုဟို ဒီဒီ တွေးနေကြလျှင် သီဟနာဒ နှင့်မဆိုင်၊ စာဖတ်သူများနှင့်သာ ဆိုင်၏။




သီဟနာဒ