ပြန်ချင်တဲ့ ကွန်မင့်များ ( ၇ )


" အော် စီကာ စဉ်ကာနဲ့ စနစ်တကျ ပူနေရတဲ့ စင်္ကာပူ "

ဤ ကွန်မင့်ကိုတော့ ဇင်ဝေသော်ဆီက လုယူပြီး ပြန်ရပေတော့မည်။ ဖြစ်ပုံက ဤ သို့တည်း။ ကျောင်းမှ ဒကာ ဒကာများနှင့်အတူ လာအိုကိုသွားစဉ် တောင် ငယ် တစ်တောင် ကို တက်အပြီး ချွေးများထွက်၊ သင်္ကန်းလဲလှယ်ချိန်မရတော့ ချွေးမှစ၍ အအေးပတ်သွားတော့သည်။

ထို အအေးပတ်က စင်္ကာပူအထိ ပါလာတော့ ဆရာဝန်ကို ပြရသည်။ စင်္ကာပူက ဆေးဝါးကုသမှု၊ ဆေးရုံ ဆေးခန်းများနှင့်ပတ်သက်၍ နာမည်ရ ပါသည်။ ဤ နာမည်က ထူးထူး ခြားခြား ရောဂါတွေနဲ့ ပတ်သက်သည်။ သာမန် နှာစီး၊ ချောင်းဆိုး၊ အအေးမိလို့ကတော့ တော်တော်ဆိုးသည်။ နှာစီး၊ ချောင်းဆိုး၊ အအေးမိရင် သောက်ဖို့ ကိုယ် သောက်နေကျ ဆေး များ မြန်မာပြည်ကနေ ယူလာတတ်ကြသည့် လူများကိုတွေ့လျှင် အရင်က ပိုလွန်းတယ်ဟု ထင်မိသည်။ ယခုမှ သူတို့ကို နားလည်သွားတော့သည်။

ဆရာဝန်ကို သွားပြစဉ် အပူလည်း မရှိ၊ အအေးပတ်ရုံသာဟု ဆိုကာ သာမန် သောက်ဆေးကိုသာ ပေးပြီး မသက်သာက ပြန်လာရန် ပြောသည်။ ကိုယ်တိုင်တော့ သိသည်။ ဆေးပြင်းများ သောက်ခဲ့ရသူ အဖို့ ဤ ဆေးလောက်ကတော့ ရောဂါပိုးက ပျင်းတောင် ပျင်းသေးတယ် ပါ။ မသက်သာ။ ဤသို့ဖြင့်ပင် သာမန် အအေးပတ်ရာမှ အဆုတ်ကို သွား ထိလေတော့သည်။ ထိုအခါ ဆရာဝန်က အဆုတ်မှာ ခရက်ကင်း ဆောင်းဒ် ကြားရသည်။ ရင်ဘတ် ဓာတ်မှန်ရိုက်ဖို့ လိုကောင်း လိုမည်ဖြစ်ကြောင်း ပုံကြီးချဲ့လာပြန်သည်။

ဆေး ငါးရက်သောက်၍ မသက်သာသောအခါ ဆရာဝန်ကို အင်တီ ဗိုင်အော တစ် ပိုးသတ်ဆေးမပါဘဲ ရောဂါ မပျောက်နိုင် ဟု ပြောမိသည်။ သို့သော် ဤမှ ဆရာဝန်တွေက အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးရ မှာ ထောင် ကျတော့မလောက် ကြောက်သည်။ ကြောက်မယ်ဆိုလည်း ကြောက်စရာပင်၊ တစ်ခုခုဆို ဆရာဝန်ကို တရားစွဲဖို့ ဝန်မလေးကြပေ။ သို့သော် ဒုတိယ ငါးရက်စာ ဆေပေးရာမှာလည်း ဆေး က ပျော့နေဆဲ။ မသက်သာက ပြန်လာရန်သာ ပြောလာပြန်သည်။ ခက်ရချည့်။

သွားရပြန်ပြီ တတိယအကြိမ်။ ဤ အကြိမ်မှာ သလိပ်မရှိတော့ အဆုတ်က ခရက်ကင်း ဆောင်းဒ် မကြားရတော့။ ထိုအခါရောက်မှ အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးလေတော့သည်။ သုံးရက်မျှသောက်ပြီး ရောဂါလည်း ပျောက်တော့၏။ ဆေးနဲ့ ရောဂါ သင့် သွားပြီပေကိုး။

စဉ်းစားမိသည်၊ မြန်မာပြည်မှာ ဆိုလျှင် တစ်ရက် နှစ်ရက် မျှဆို ပျောက်ရ မည့် ရောဂါက ဆေးထိုးဖို့ကြောက်၊ အင်တီ ဗိုင်အောတစ် ပိုးသတ်ဆေး ပေးရမှာကြောက်သော ဆရာဝန်တို့ကြောင့် သုံး ပတ်လောက် ဖျားလိုက်ရ၊ ပူလိုက်ရသည်။ သူတို့ မမှားပါ၊ သို့သော် မြန်မာတို့ အင်မြူး စစ်စတန်ကို မြန်မာဆရာဝန်တို့သာ သိသည်။ အော် သူများ ကောင်းတိုင်း ကိုယ့် အတွက် မကောင်းတတ်ဟုသာ တွေးနေမိသည်။ ထို့ကြောင့် အထက်ပါ ကွန် မင့်လေးကိုဖတ်ရင်း ပြုံးလိုက်မိသည်။

အပြစ်ဆိုလိုက ဆိုကြစေ၊ ကောင်းလှသည်ဆိုသော ပြင်သစ် စားဖိုမှူး ချက် သည့် ဒေါ်လာ ၁၀၀ ရာတန် နေ့လယ်စာသည် မိမိလျှာပေါ်မှတော့ ပဲပြုတ် နဲ့ ငါးပိရည်မျှပင် ခံတွင်း မတွေ့။ နောက်နောင် ဤ နေ့လယ်စာမျိုး မကပ်ပါ နဲ့ကော့ ဟု ပင် တစ်ခါတည်း မေတ္တာရပ်လိုက်မိသည်။ ကိုယ်တိုင် ရိုးသား ဖို့တော့ လိုသည်။ သူများ ကောင်းတိုင်းတော့ လိုက် မကောင်းနိုင်။

မြန်မာတို့ အအေးမိရောဂါအတွက်တော့ စ လုံးဆရာဝန်သည် မြန်မာ ဆရာဝန်တို့ ခြေဖျားပင် မမီ။ ရောဂါပိုးကို အဆုတ်အထိ ကူးစက်ခွင့် သုံးပတ်ပေး သည်။
မှန်ပေသည်။  စီကာ စဉ်ကာဖြင့် စနစ်တကျ သုံးပတ်နီးပါး ကိုယ်ပူလိုက်ရတော့သည်။
မေတ္တာဖြင့်


 သီဟနာဒ

Post a Comment