ကမ်းလက် ( ၁၃ ) လပြည့် အမှတ်တရ


အမေရိကန်၊ တိဗက်တန် ဘိက္ခုနီ တစ်ပါး ရေးထားတာ ဖတ်ရဖူးတယ်။
ကျမ သုံးစွဲနေတဲ့ ပစ္စည်း အားလုံးလိုလိုကို ဘယ်လို လုပ်ရတယ်ဆိုတာတောင် ကျမ မသိဘူး။
ကျမ အခုလုပ်နေတာတွေကိုလည်း လူ တော်တော်များများ မလုပ်နိုင်ဘူး။
ဒါကိုကြည့်ရင် ဒီကမ္ဘာကြီးဟာ ဘယ်လောက် အညမည၊ သဟဇာတ သဘောတရားတွေ ရှိနေတယ် ဆိုတာ ရှင်းနေတာ ပဲ တဲ့။

အဲသလိုပါပဲ၊ ကျေးဇူတင်စရာ အညမည၊ သဟဇာတ သဘောတရားလေးတွေကို အမှတ်ရမိလို့ပါ။
ကျနော် ကိုယ်တိုင်က " စင်္ကာပူက ရွာသား " အခေါ်ခံရလောက်အောင် ၂၀၀၇ အထိ အီးမေးတောင် မရှိခဲ့ဘူး။
အခု " ဘယ်သူ ဘာပြောပြော ကိုယ့် အထာနဲ့ ကိုယ်တော့ ကိုယ်လည်း ဘလော့ဂါပဲ " ( ရိုက်ပေး၊ တင်ပေးသူ ရှိရင် ) ဖြစ်နေရပြီ။

ကျေးဇူတင်စရာက ပတ်ဝန်းကျင်။
ဖတ်ချင်တဲ့ စာ တိုင်းကို ဖတ်လို့ရအောင် လက်လှမ်းမီတယ်။
နောက်ပြီး အိုင်တီ၊ ဖေ့စ်ဘုတ် နဲ့ ဘလော့ဂ်။ ဒါနဲ့ ဆက်စပ်နေတဲ့ အနီး အဝေး ကျေဇူးရှင်တွေ အားလုံး။

အရင်က စာဖတ်၊ ကြိုက်ရင် မှတ်စုထဲ ထည့်။ အခု လူမသိတဲ့ မှတ်စု မလိုတော့ဘူး။ တစ်ခုခုဆို ဖေ့စ်ဘုတ်မှာ ရေးတင်လိုက်ရင် တရားဝင် မှတ်စု ဖြစ်သွား ရော။ စာရေးတာ ဝါသနာ ပါရင် စာဖတ်ရင်း ရေချင်တာလေးတွေ တွေ့ရတယ်။ တစ်နေ့ကို တစ်နာရီခွဲလောက် အချိန်ပေးနိုင်ရင် ရေးစရာလေးတွေ ရလာတတ်တယ်။

နောက်....... စာဖတ်သူတွေ။ ရေးသူကို အားရှိစေတယ်။
" လိုက်ခ် " တွေထက် စာဖတ်သူ ဦးရေကို တလေးတစား စစ်မိတယ်။
တင်လိုက်တာနဲ့ တစ်နာရီအတွင်း ဝင်ကြည့်၊ ဝင်ဖတ်သူ ၃၀၀ ဝန်းကျင် ရောက်သွားတယ်၊ ပုံမှန်ပဲ။
သူတို့ကို " စောင့်ဖတ် " အုပ်စု လို့ ကိုယ်တိုင် နာမည်ပေးမိတယ်။ အများအားဖြင့်လည်း ဒီလူတွေပဲ။

ဆောင်းပါ ရှည်ရှည်တွေဆို ( ဆီးရီးယပ် ဖြစ်တာမျိုး )  ဖေ့စ်ဘုတ် မှာ လျော့သွားပြီ့း  ဘလော့ဂ်  မှာ သွားတက်တယ်။ စာဖတ်သူက ပါးတယ်။ ဆောင်းပါ အတို၊ မှတ်စုတို၊ သရော်စာ၊ ရယ်စရာ ပြုံးစရာဆို  ဖေ့စ်ဘုတ် မှာ များတယ်။ " စောင့်ဖတ် " ဆိုတာက ည ၁၂ နာရီ တစ် ချက် တင်လည်း ဒီ အုပ်စုလေးက ဖတ်တယ်။ လေးစားရပြီ။ ( အက်ဒမင်ကို ပြောပြီး နှစ်ခါ စမ်းပြီးပြီ )

ကြွားတာမဟုတ်ပါဘူး၊  ဖေ့စ်ဘုတ် နဲ့ ဘလော့ဂ် ပေါင်းရင် တစ်နေ့ ( တစ်ပုဒ် ) ဝင်သူ၊ ဖတ်သူ ၇၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိတယ်။ ( စင်္ကာပူ လာသင့် မလာသင့် က လွဲရင် ) ဖေ့စ်ဘုတ်မှာ ၆၀၀ ဝန်းကျင်၊ ဘလော့ဂ်မှာ ၃၀၀ ဝန်ကျင်။ စာအုပ် ထုတ်ရင်တောင် နာမည်မကြီးရင် အုပ်ရေက တစ်ထောင် ဝန်းကျင် ပဲ။ ဘယ်စာမှ မရှဲ၊ ဘယ် မိန်းကလေးပုံမှ မတင်ဘဲ ( ဒေါ်စုက လွဲရင်၊ သူက မိန်းကလေး မှ မဟုတ်တာ ၊ မြန်မာ ဝေါဟာရမရှိလို့သာ။ သူက မိန်းကကြီးပဲ ဥစ္စာ။ ) ဒီလောက် လာသူရှိရင် တော်ပြီပေါ့။

စာဖတ်သူတွေကို ကျေးဇူးတင်တယ် ဆိုတာက ဒီလိုပါ......
အခြား ကလောင်နဲ့ စာအုပ် နှစ်အုပ် ထုတ်ဖူးတယ်။ အုပ်ရေတစ်ထောင် စီ ကုန်တယ်။ ငွေစိုက်ပေးရတယ်။ ငွေ ပြန် မရဘူး။
ကူညီတဲ့ သူငယ်ချင်း သုံးတာ ( ချစ်လို၊့ ရင်းနှီးလို့ )။ " မင်းလိုကောင်က ဒီငွေလောက် မမှုပါဘူး " ကြိုပြောထားလို့
ကျနော်လည်း " ဟုတ်တယ် ၊ငါ လိုကောင်က ဒီငွေလောက် မမှုဘူး " လုပ်လိုက်တယ်။ သိက္ခာ ထပ်မကျချင်တော့ဘူး။ ရမှာလည်း မဟုတ်ဘူးလေ။ ငတ်ရင် သူ့ အမေအိမ် ရောင်းပေးမှာပေမယ့် မငတ်သေးရင် အကြွေးမပေးကြတဲ့ ဆက်ဆံရေး မျိုး။

မိတ်ဆွေ ဆရာလတ်ဆို မအားတဲ့ကြားက ( ရွှေမြန်မာ ) မဂ္ဂဇင်း လုပ်၊ စာရေး၊  ကဗျာရေး၊ ဘာသာပြန်။ စာရေးဆရာ ခ မယူဘဲ စာအုပ်ထုတ်တယ်။ ငွေကုန်တယ်။

ပိုးက မရဘူး။ မရတဲ့ အတူတူ အခု ပိုက်ဆံ မကုန်ဘဲ  နေ့တိုင်း စာအုပ်ထုတ်ခွင့် ရနေလို့ ကျေးဇူးတင်တာပါ။
ငွေမကုန်။ ကိုယ်ရေးချင်တာ ရေး။ အပြန် အလှန် ( လူချင်း မသိကြဘဲ ) လေးစားကြ။ ကဲ ....ဘာလိုသေးလဲ။ စကားကြီး စကားကျယ် စေတနာ တွေ ဘာတွေ လုပ်မနေနဲ့။

ဒါနဲ့ ဒီနေ့  ကမ်းလက် ( ၁၃ ) လ ပြည့်ပြီ။        ။


 ဇင်ဝေသော်

Post a Comment