မေး။ ။ အရည်အချင်းအကြောင်း ပြောနေပေမယ့် စင်္ကာပူက တစ်ပါတီထဲကပဲ အုပ်ချုပ်နေတော့ ပီအေပီ တစ်ပါတီက သက်မှတ်တဲ့ အရည်အချင်းပဲ ဖြစ်နေတော့မှာပေါ့။
ဖြေ။ ။ ဒါဆိုလည်း အရည်အချင်း ရှိသူတွေ ရအောင် ရှာလုပ်ကြလေ။ စိန်ခေါ်ပါတယ်။ ပီအေပီအမတ်တွေကလွဲပြီး ဦးနှောက်ရှိတာဆိုလို့ ပါလီမန်က လျာထားထားတဲ့ အမတ်လောင်းတွေပဲ ရှိတယ်။ သူတို့ကို ငါတို့ထဲ ဝင်ခိုင်းဖို့ စဉ်းစားသေးတယ်။ နောက်မှ လက်လျှော့လိုက်ရတာ။ သူတို့ လူထုနဲ့ ခံစားချက် တူ၊ မတူ မသေချာလို့။
မေး။ ။ ထိပ်တန်းရာထူးတွေအတွက် ယှည်ပြိုင်မှု ပိုပြီး ပြင်းထန်တဲ့ နိုင်ငံတွေမှာ နိုင်ငံရေး ယှည်ပြိုင်မှုလည်း စင်္ကာပူထက် ပိုပြီး ပြင်းထန်တယ်လို့ ဆိုနိုင်မလား။
ဖြေ။ ။ တို့မှာ လူဦးရေ သုံးသန်းရှိတယ်။ ရာထူးကြီးကြီးခုံတွေပေါ်မှာ ထိုင်ဖို့ လူတော်တွေ ဘယ်သွားပြီ ရှာကြမှာလဲ။ တီမာဆက် အမှုဆောင်ဒါရိုက်တာ ဟိုချင်း (Ho Ching) က ပြောတယ်။ သူ အနားယူဖို့ အချိန်သင့်ပြီတဲ့။ အဲ့ဒီရာထူးကို ဘယ်သူ ဆက်ခံမလဲ။ အဲ့သလောက် စီမံခန့်ခွဲစရာများတဲ့ ကုမ္ပဏီကြီးကို ဝင်ပြီး နေရာယူနိုင်တဲ့လူ အဲ့ဒီအဖွဲ့ထဲမှာ အဆင်သင့် မရှိဘူး။ အဲ့ဒီတော့ ဒီရာထူးကို ဆက်ခံဖို့ တီမားဆက်နဲ့ မဆိုင်တဲ့ အပြင်ဘက်ကို ထွက်ရှာယူရတယ်။
Singtel ကိုလည်းကြည့်။ ငါ့သား (စီးအီးအိုဟောင်း Lee Hsien Yang) က ပြောတယ်။ သူ ထွက်တော့မယ်တဲ့။ ကံကောင်းလို့ သူ့နေရာ ဆက်ခံမယ့် ချွာဆောက်ကုန်း (Chua Sock Koong) က မဆိုးလှဘူး ဖြစ်နေတယ်။ တကယ်တော့ အရည်အချင်းမီတဲ့ ခေါင်းဆောင်က ရှားတယ်။
တရုတ်ပြည်အတွက် သံအမတ် ချင်ဆက်ရုန်း (Chin Siat Yoon) ကို အစားထိုးဖို့ တို့မှာ လူ မရှိသေးဘူး။ သူက "သူ့အတွက် လုံလောက်ပြီ" လို့ ပြောတယ်။ တရုတ်ဘာသာနဲ့ ဘွဲ့ရပြီး တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့လူ၊ လူတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိတဲ့လူ အင်ဆာ မျင်လာ (Ng Ser Miang)။ အိုလံပစ်ကော်မတီအတွက် သူ့ကို ပေးလိုက်ရပြန်ရော။
တရုတ်ပြည်မှာ တစ်ယောက်ယောက်ကို နိုင်ငံခြားရေးဝန်ကြီး ခန့်တော့မယ်ဆိုရင် အဲ့ဒီရာထူးအတွက် သုံးလေးယောက် လျာထားလို့ ရတယ်။ အားလုံးဟာ သူမသာ ကိုယ်မသာတွေချည်းပဲ။ သူတို့ လူဦးရေက 1. 3 ဘီလီယံလေ။ ပီကင်းတက္ကသိုလ်က ပယ်ချလိုက်တဲ့ ကျောင်းသားက တို့တက္ကသိုလ်မှာ ပထမကလပ်မှာ (ပထမတန်းစားအဆင့်မှာ) ရှိတယ်။
မေး။ ။ အဲ့သလိုဆိုရင် မေးစရာရှိလာတာက ခေါင်းဆောင်ရွေးချယ်တဲ့နေရာမှာ တရုတ်က ယှဉ်ပြိုင်မှုတွေနဲ့ ရွေးချယ်ပြီး စင်္ကာပူက အဲ့သလို မဟုတ်ဘူး။ ဒါဟာ နိုင်ငံရေးပါတီ အားပြိုင်မှု မရှိလို့ကော ပြောလို့ မရနိုင်ဘူးလား။
ဖြေ။ ။ သိပ်ပြီး ထူးခြားတယ်လို့ မထင်ဘူး။ ငါတို့နဲ့ယှဉ်ရင် မဲရစ်တိုကရက်တစ် (Meritocratic) ကိစ္စမှာ တရုတ်ပြည်က ငါတို့ထက် ပိုပြီး ရွေးသေးတယ်။ သူတို့က ရွေးကောက်ပွဲ ဝင်ပြိုင်စရာမလိုဘူး မဟုတ်လား။ ဒီတော့ သူတို့က အီးကျူကိစ္စကို အလေးမထားဘူး။ တို့က ရွေးကောက်ပွဲဝင်ပြိုင်၊ နိုင်အောင်လည်း လုပ်နိုင်တဲ့ လူတွေကို ရွေးယူရတယ်။ ခေါင်းဆောင်ဖို့ (အိုင်ကျူနဲ့ အီးကျူ) ဒီအရည်အချင်းနှစ်ရပ်စလုံး လိုအပ်တယ်။ ပထမ ဝင်ပြိုင်တယ်။ မနိုင်ဘူး။ နောက်တစ်ကြိမ်မှာ မဲဆန္ဒနယ်နဲ့ ပိုပြီး နီးစပ်အောင်အောင်၊ ဝင်ပြိုင်တယ်၊ နိုင်လိုက်တယ်။ ဒါဆိုရင် တန်ဖိုးက ကျသွားတယ်။ ကိုယ်က အရင် လက်ဦးမှုယူပြီး လူထုနဲ့ ဘယ်လို ဆက်ဆံရရတယ်ဆိုတာ ကြိုသိထား၊ လေ့လာထားမှ ကောင်းတာ။
ထို့စနစ်က ထို့ရွေးထားတဲ့လူကို ရွေးကောက်ပွဲထဲ ထိုးထည့်ပေးလိုက်တာပဲ။ သူတို့ နိုင်အောင် မစည်းရုံးနိုင်ဘူးဆိုရင် ဘေးဖယ်ထားလိုက်တာပဲ။ ကိုယ်ပိုင်အလုပ်တွေမှာက ရွေးကောက်ပွဲဝင်စရာ မလိုဘူး။ အထက်လူကြီးက သဘောကျတယ်ဆိုရင် ပြီးပြီ။ တရုတ်ပြည်မှာက အဲ့ဒီအတိုင်း။
Suzhou မှာ ငါတို့နဲ့ အတူတူ အလုပ်လုပ်ပြီး အောင်မြင်သွားတဲ့ လူတွေဆိုရင် ပြည်နယ်အစိုးရတွေမှာ ရာထူးကြီးကြီးတွေ ရနေကြပြီ။ ရွေးကောက်ပွဲ မရှိဘူး။ မင်းစွမ်းရင် မင်းရပြီပဲ။
မေး။ ။ သာမန်အရပ်သား စင်္ကာပူရီးယန်းတွေဆိုရင် ပီအေပီရဲ့ စွမ်းဆောင်နိုင်မှုကို အမြတ်တနိုး ရှိနေကြပါလျက်နဲ့ကို ပီအေပီရဲ့ ခေါင်းဆောင်တွေ ရွေးချယ်တဲ့ပုံစံက ထိပ်သီးရေပေါ်ဆီလေးထဲကပဲ ရွေးကောက်ခေါ်သွားတယ်လို့ ခံစားကြရတယ်။ အရွေးခံရတဲ့ လူတွေဟာ နောက်ခံဘက်ဂဒေါင်း ကောင်းကောင်း ရှိရမယ်၊ ထိပ်တန်းကျောင်းတွေမှာ စာသင်၊ စကောလားဆုတွေရ၊ နာမည်ကြီး တက္ကသိုလ်ကြီးတွေက ဘွဲ့ရ၊ ဒါမျိုးတွေပဲ ဖြစ်နေတယ်။
ဖြေ။ ။ အဲ့ဒီအတွေးကတော့ လုံးဝ အူကြောင်ကြောင် အတွေးပါကွာ။ သူတို့ နားမလည်ကြဘူး။ ခေါင်းဆောင်မှုစွမ်းရည်ဆိုတာ အရည်အချင်းစုံ ရှိနေရမယ်။ ခေါင်းဆောင်သူဟာ ဗိုလ်ချုပ်ကြီးပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးသမား၊ စီအီးအို၊ အယ်ဒီတာချုပ်ပဲ ဖြစ်ဖြစ် ဘက်စုံကနေ အရည်အချင်း ရှိနေရမယ်ဆိုတာ တို့ အတွေ့အကြုံတွေက တဖြည်းဖြည်း သင်ပေးခဲ့ပြီးသားပါ။
တကယ်တမ်းကတော့ကွာ ... ဘယ်လိုပဲ စစ လုပ်အားတန်ဖိုး မဲရစ်တိုကရက်တစ် ဘယ်လိုပဲ ကျင့်သုံးကျင့်သုံး တဖြည်းဖြည်းနဲ့ လူတန်းစားအလွှာက အမျိုးစုံဖြစ်ပြီး ကွဲပြားသွားတာပါပဲ။
ပညာတတ်သွားတဲ့သူက တတ်သွားတယ်။ ပြီးတော့ သူလို ပညာတတ်နဲ့ပဲ လက်ထပ်လိုက်တယ်။ ကလေးတွေ ရလာပြန်တော့ သူတို့ကလေးတွေက မြက်ရိတ်သမား ကလေးတွေထက် ပိုတော်ဖို့ များတာပေါ့။ အလုပ်ကြမ်းသမားတွေရဲ့ ကလေးတိုင်း ထူတူတူလေးတွေလို့ ငါပြောနေတာ မဟုတ်ဘူးနော်။ မွဲခြောက်ခြောက်အရောင် မြင်းနှစ်ကောင်က မြင်းဖြူလေးမွေးဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်။ အထီးရော အမရော မြင်းဖြူတွေဆိုရင် မင်းမှာ မြင်းဖြူလေးရဖို့ ရာခိုင်နှုန်း ပိုများတာပေါ့။
လူတွေကြားမှာ ဒီစကားမျိုး သိပ်ပြောလို့ မကောင်းဘူးကွ။ မြင်းဖြူမဟုတ်သူတွေက သူတို့ကို သိက္ခာချတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ဒါက အမှန်တရားပဲ။
မေး။ ။ ရေပေါ်ဆီကိစ္စ၊ မျိုးရိုးဗီဇကိစ္စတွေ ဘေးထားပြီး အခုလက်ရှိ ဒီဂရီတွေဘာတွေကို ကြည့်ပြီး ရွေးချယ်ခဲ့ကြပေမယ့် တစ်ချိန်ချိန်မှာ ဒီလို ရွေးချယ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကလည်း တစ်ခြားပုဂ္ဂိုလ်တွေနဲ့ နောက်ခံဘက်ဂရောင်းတွေ တူနေတာ ဖြစ်နေမှာမျိုး မစဉ်းစားမိဘူးလား။
ဖြေ။ ။ စင်္ကာပူအကြောင်း ပြောကြစတမ်းဆိုရင် ကလေးအားလုံး ပညာရေးမူအတိုင်း သင်ကြားကြရတယ်။ ခြားနားချက်က သူတို့ ဘယ်တက္ကသိုလ်ကို သွားကြသလဲ၊ စင်္ကာပူမှာပဲလား။ နိုင်ငံခြားတက္ကသိုလ်ကိုလား။ ဘယ် ဘာသာရပ်ကို ရွေးချယ်ကြသလဲ၊ ဘယ်လို ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ကြသလဲ၊ ဘယ်လိုအတွေ့အကြံတွေ ရခဲ့ကြသလား ဆိုတာပဲ။
ပြင်သစ်က အထက်တန်းလွှာတွေဆိုရင်လည်း ပညာသင်တဲ့ကျောင်း အတူတူပဲ။ အားလုံး နိုင်ငံတော်က စစ်တဲ့ စာမေးပွဲ ဖြေကြရတယ်။ အဲ့ဒီအထဲက အတော်ဆုံးကျောင်းသားတွေပဲ 'The grandes e'coles' ကို တက်ခွင့်ရတယ်။ (ထိပ်တန်းပညာရှင်၊ အလုပ်မား၊ သိပ္ပံပညာရှင်တွေ မွေးထုတ်ပေးရာ တက္ကသိုလ်)
ဂျာမန်တွေဆိုရင်လည်း အတူတူပဲ။ 'The German General Staff' ကို တက်ကြတယ်။ သူတို့က ဂျင်နရယ်ဂျာမန်စတပ်ဖ်ကို ဘယ်လောက် ယုံကြည်ထားသလဲဆိုရင် အဲ့ဒီက ဆင်းလာတဲ့ လူတိုင်းဟာ တစ်ယောက်ချင်း ဘယ်သူ့ကိုမဆို အစားထိုးလို့ ရတယ်တဲ့။
ဂျပန်မှာလည်း တိုကျိုတက္ကသိုလ်ဟာ ထိပ်သီးပဲ။ တရုတ်ပြည်မှာဆိုရင်လည်း အတော်ဆုံး ကျောင်းသားတွေက ပီကင်းတက္ကသိုလ် (သို့) ကျင်ဝှါတက္ကသိုလ်ကို ရအောင် ကြိုးစားကြတာပဲ။ အဲ့ဒီတက္ကသိုလ် နှစ်ခုမှာ မမီတော့မှ ဖူဒန် (Fudan) ကို သွားကြတယ်။
အားလုံးနဲ့ မတူတာကတော့ အမေရိကပဲ။ သူတို့မှာက West Cost ရှိတယ်။ Midwest ရှိတယ်။ South, North, East Cost ရှိတယ်။ ရှေးတုန်းကတော့ East Cost ကို သွားတာများတယ်။ အခု သူတို့မှာ Stanford ရှိတယ်။ Texas ရှိတယ်။ Northwestern စတာတွေ ရှိတယ်။ သူတို့မှာ မတူတဲ့ တက္ကသိုလ်တွေ အများကြီးပဲ။ ရှီကာဂိုမှာ Milton Friendman ဆိုရင် ဟိုတုန်းက အထင်ကရ စီးပွားရေးတက္ကသိုလ်ပဲ။ ပြီးတော့ ဟားဗက် ရှိတယ်။ တက္ကသိုလ်တွေက နိုင်ငံအနှံ့အပြားမှာ ရှိတယ်။ ငါထင်တာကတော့ အတွေးအခေါ်တွေ မတူအောင် တမင်တကာကို ခွဲပစ်လိုက်တာလို့ ထင်တာပဲ။
မေး။ ။ "ငါတော့ နိုင်ငံရေးထဲ မဝင်ချင်ဘူး။ နိုင်ငံရေးထဲ ဝင်ပြီး ပီအေပီထဲ ပါသွားရင် သူတို့ တွေးခေါ်သလို ငါလည်း လိုက်ပြီး တွေးခေါ်နေရမယ်။ သူတို့နဲ့ ဆန့်ကျင်ပြန်ရင်လည်း သက်တမ်းရှည်ဖို့ မလွယ်ဘူး" လို့ ပြောပြီး နိုင်ငံရေးထဲလည်း ဝင်ပြီးရော တကယ် အောင်မြင်သွားတဲ့ ဝန်ကြီးတစ်ယောက် ဖြစ်သွားတဲ့ လူတော်တွေရော ရှိပါသလား။
ဖြေ။ ။ ဒါကတော့ အမှားကြီးပါ။ ရေမွန်လင်းဆိုရင် ဘာမှ ကန့်သက်တာ မခံရပါဘူး။ မယုံရင် သူ့ကို မေးကြည့်ပါ။ တို့က ဖိအားပေးလို့ သူ့အမြင်တွေ ပြောင်းသွားသလားလို့။ ပြီးတော့ ဗီဗီယံ ဗလဘရစ်ရှနန်။ သူ့ကို တာဝန်တစ်ခု ပေးလိုက်တယ်ဆိုရင် သူယုံကြည်သလို သူ့နည်းသူ့ဟန်နဲ့သူ ဖြေရှင်းသွားတာပဲ။
မေး။ ။ နိုင်ငံရေးထဲ ဝင်လာဖို့ တချို့ကို ပထမဆုံး ပြောတဲ့အခါ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်စိတ် မဖြစ်မိဘူးလား။
ဖြေ။ ။ မဖြစ်ပါဘူး။ သူတို့စိတ်ထဲမှာ ရှိနေတာက "ငါတော့ လက်ရှိအနေအထားအပေါ် ကျေနပ်တယ်။ နောက်လေးနှစ်ဆိုရင် ငါ့ကလေးတွေ အရွယ်ရောက်လာပြီး တက္ကသိုလ်တက်ကြရတော့မယ်" ဒါပဲ သူတို့စိတ်ထဲမှာ ရှိတယ်။
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်လောက်တုန်းက သူ Wuthenlan မှာ ရှိနေစဉ် ခုကွန်ဝှီး (Koh Boon Hwee) ကို စည်းရုံးခဲ့ဖူးတယ်။ သူရယ်၊ ဂိုချောက်တောင်ရယ်နဲ့ နေ့လည်စာ အတူစားရင်း ပြောခဲ့တာ။ သူက ပွင့်ပွင့်လင်းလင်းပဲ ပြောတယ် "ကျွန်တော်က ကော်ပိုရိတ်ခေါင်းဆောင်ပဲ ဖြစ်ချင်တာ" တဲ့။ သူပြောသလိုပဲ သူ လုပ်သွားတာပဲ။ အဲ့ဒါ သူ့ရွေးချယ်မှုလေ။ သူဆိုရင် ဝန်ကြီးကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အခုတော့ နောက်ကျသွားပြီ။ မဲဆန္ဒနယ်မြေတွေကိုသွား၊ လူထုနဲ့ တွေ့ဆုံစကားပြော စတာတွေ မလုပ်နိုင်တော့ဘူး။ နိုင်ငံရေးက သုံးဆယ်ကျော် လေးဆယ်ပြူစ (လေးဆယ်ဝန်းကျင်) လောက်ကစမှ အဆင်ပြေတယ်။ အသက်ငါးဆယ်နား ကပ်သွားရင် ပြောင်းလို့ မရတော့ဘူး။
မေး။ ။ နိုင်ငံရေးခေါင်းဆောင်တွေကို ရွေးချယ်ရာမှာ လူတိုင်းကိုကြည့်ပြီး ရွေးခဲ့တယ်ဆိုတာ သေချာရဲ့လား။ ဥပမာ ... မစ္စတာလီနဲ့ သဘောထားခြင်း လုံးဝ မတိုက်ဆိုင်တဲ့ လူတစ်ယောက် ဆိုပါတော့ ...
ဖြေ။ ။ သဘောတူ၊ မတူဆိုတာက စဉ်းစားရမယ့်ကိစ္စထဲ မပါပါဘူး။ မင်းဆီမှာ ဘာတွေရှိသလဲ။ ရှိရင် ငါတို့က တွေ့ပြီး စဉ်းစားမှာပဲ။ မင်းက ငါတို့နဲ့ သဘောထားခြင်း မတိုက်ဆိုင်ဘူး၊ ဒါက အရေးကို မပါဘူး။ မင်းလည်း ငါတို့အမြင်ကို ပြောင်းပစ်နိုင်တာပဲ။ ငါတို့က အကျိုးအကြောင်းသင့်ရင် လက်ခံတဲ့လူတွေပါ။ ငါတို့ မှားနေတယ်၊ ငါတို့ မှားနေတာကိုလည်း မင်းက အတိအကျ ထောက်ပြနိုင်တယ်၊ ဒါဆို ငါတို့ ပြောင်းမှာပေါ့။
မေး။ ။ အရေးကြီးတဲ့ ကိစ္စတွေမှာ လူငယ်ဝန်ကြီးတစ်ယောက်က မစ္စတာလီတွေရဲ့ အမြင်တွေကို ပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုတဲ့ သာဓကများ ပြလို့ ရမလား။ အသေးအဖွဲ ကိစ္စလေးတွေမှာတော့ မဟုတ်ဘူးပေါ့။
ဖြေ။ ။ ၁၉၉၀ - ခုနှစ်လောက်ကတည်းက ငါက ဝန်ကြီးချုပ် မဟုတ်တော့ဘူး။ သူတို့နဲ့ အမြဲတမ်း အပြန်အလှန် ဆက်ဆံရေးလည်း မရှိတော့ဘူး။ သူတို့နဲ့ အဆက်အဆံ ရှိတယ်ဆိုတာ ပါလီမန်နဲ့ ကက်ဘိနိတ်ထဲမှာ လူမှုရေးသဘောလောက်ပဲ ရှိတယ်။ ဒါတွေကို စီမံခန့်ခွဲရတဲ့တာဝန်က ဝန်ကြီးချုပ်မှာပဲ ရှိတယ်။ ငါ့မှာ မရှိတော့ဘူး။ သူတို့ကိုလည်း မဝေဖန်လိုဘူး။
မေး။ ။ သူတို့နဲ့ ဆက်ဆံခဲ့စဉ်က မစ္စတာလီရဲ့ အမြင်ကို ပြောင်းလဲစေခဲ့တဲ့ သာဓကရှိရင် သိချင်ပါတယ်။
ဖြေ။ ။ ရေမွန်လင်းက အစိုးရပိုင်ကုမ္ပဏီတွေကို ဖြစ်နိုင်သလောက် ပုဂ္ဂလိကပိုင် ပြောင်းပေးဖို့ ပြောဖူးတယ်။ ပြဿနာက ဒီတာဝန်တွေကို ယူနိုင်မယ့်လူကို တို့ ဘယ်လို ရှာမှာလဲ။ SIA ကို ပုဂ္ဂလိကပိုင်၊ PSA ကို ပုဂ္ဂလိကပိုင်လုပ်ဖို့ စတာတွေပေါ့။ ပုဂ္ဂလိကပိုင် ဖြစ်သွားရင် ရှယ်ယာအများဆုံး ပိုင်ဆိုင်တဲ့လူက CEO၊ COO၊ CFO စတာတွေ ရွေးချယ်တင်မြှောက်ခွင့် ရရမယ်။ ဒီတာဝန် ဘယ်သူ့ကို ပေးမှာလဲ။ ဥပမာ ... OCBC၊ DBS၊ UOB၊ တီမာဆက်။ အဲ့ဒါက ပြဿနာ။ တို့မှာ လူတော် အလုံအလောက် မရှိဘူး။
မေး။ ။ ကက်ဘိနိတ်ထဲမှာ အဖွဲ့လိုက်စုပြီး စဉ်းစားတာတွေ ရှိသလား။ (Group Think) အဲ့ဒီအထဲက အပြင်းအထန် ငြင်းခုံခဲ့ရတာတွေ ရှိရင် ပြောပြပါလား။
ဖြေ။ ။ တို့အမြင်တွေက လွတ်လွတ်လပ်လပ်တွေချည်းပါ။ တစ်ယောက်ရဲ့ အိုင်ဒီယာကို တစ်ယောက်က အမြတ်ဝင်ထုတ်တဲ့လူတွေ မဟုတ်ကြပါဘူး။ ခက်ခဲတဲ့ ပြဿနာတွေဆိုရင် လေးလေးနက်နက် စဉ်းစားတယ်။ စည်းဝေးပွဲ အကြိမ်ကြိမ် ခေါ်တယ်။ ဆုံးဖြတ်ချက် မချသေးဘဲ ထားတယ်။ လူငယ်ဝန်ကြီးတွေကို မေးပေါ့။ ငါ့ လာမေးလို့ ဘာအဓိပ္ပါယ် ရှိမှာလဲ။
တချို့ဝန်ကြီးတွေက ငါ မပါဘဲ စည်းဝေးကြတယ်။ ငါ့လောင်းရိပ်က လွတ်အောင် အရင်ဆုံး သူတို့ တွေ့ကြ၊ ဆုံးဖြတ်ကြတယ်။ ပြီးမှ ငါနဲ့ဆက်ပြီး ဆွေးနွေးတယ်။ ကက်ဘိနိတ်မရောင်ခင် နေ့လည်စာစားရင်း သူတို့ ဆွေးနွေးပွဲ ရှိတတ်တယ်။ သူတို့ အချင်းချင်း ပွင့်ပွင့်လင်းလင်းပဲ။ ဂိုချောက်တောင်လက်ထက်က ဒီစနစ်ကို စတင်ခဲ့ကြပြီး လီရှန်လွန်း လက်ထက်မှာလည်း ဆက်ပြီး ကျင့်သုံးကြတယ်။ မင်းတို့ သတိထားဖို့က ၁၉၉၀ - ခုကစပြီး ဝန်ကြီးတွေကို ငါ မခန့်တော့ဘူး။ ဂိုချောက်တောင် လက်ထက်ကတည်းက။
အစတော့ ငါပြောသေးတယ် "ဒီကောင်ထက် ဟိုကောင်က ပိုတော်မယ်" စသဖြင့်ပေါ့။ နောက်တော့ သူ ယုံကြည်တဲ့သူကို သူ သွင်းတာပါပဲ။ တစ်ခါတစ်ခါ ငါ သဘောမတူဘူး။ စဉ်းစားပါဦးလို့ ပြောတယ်။ ဒါပေမယ့် သူ့ဟာသူ စဉ်းစားပြီး ငါ သဘောမတူလည်း သူ လုပ်တာပဲ။
ရေပေါ်ဆီ (၁)
ဇင်ဝေသော်
Post a Comment