ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံ ပြင်ရမည်


"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်" ဆိုသည့် အသံများ မကြာခဏ ကြားနေရပါသည်။ ပြင်ကြပါ။ ပြင်သင့်ပါသည် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးလျှင် အခြားပြင်စရာ များ စွာရှိနေသေးကြောင်းတော့ သတိပေးချင်ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြီး လျှင် ဒုတိယ အရေးအကြီးဆုံးက ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါသည်။ အယ်လ်ဖာဘတ် အခွင့်အရေးနှင့် လုံးဝ မညီညွ တ်ပါ။ ပြင်ကို ပြင်ရပါမည်။ စိတ်ကူးပေါက်ခိုက် အနည်းငယ် တင်ပြချင်ပါ သည်။


"က" ကြီး။
သူက ဗျည်းသုံးဆယ့်သုံးလုံး၏ ခေါင်းဆောင်ဖြစ်ပါသည်။ ပြဿ နာက "က" ငယ် ဆိုတာမရှိဘဲ သူတစ်ယောက်ထဲ အလိုလို ကြီးနေခြင်းဖြစ်ပါ သည်။ "က" ငယ်ရှိလျှင် "က" ကြီးကို လက်ခံလို့ရပါသည်။ ရှေ့ဆုံးကမို့ ကြီး တာလား၊ အဓိပ္ပါယ် မရှိပါ။ သူ့ထက်ကြီးကျယ်၊ သူ့ထက်ခန်းနား၊ သူ့ထက် အရေး ခက်သော ဗျည်း များစွာရှိသည်။
ဥပမာ ဃ၊ ဋ၊ ဍ၊ ဏ၊ ဠ တို့ဖြစ်ပါသည်။ တော်ရုံတန်ရုံလူ မှန်အောင် မရေးတတ်ပါ။

"ခ" ကွေး
"ခ" ကွေးကလည်း အဆင်မပြေလှပါ။ မြန်မာစာမှာ ကွေးနေအောင် "က" တယ်လို့သာရှိပါသည်။ ပြဿနာက "ခ" ကွေး ကြောင့် ကွေးနေအောင် "ခ" သူများ ပေါ်ပေါက်လာရသည်။ နိမိတ်မကောင်းသော အက္ခရာ ဖြစ်သည်။ "က" ကြီးနောက်လိုက်တို့သည် ကွေးနေအောင် "ခ" တတ်သည့် နောက် လိုက် ဒုတိယတန်းစား၊ အချောင်စားများဖြစ်နေသည်ကို တွေ့ရပါသည်။

"ဂ" ငယ်
"ဂ" ငယ်ကလည်း မစွံလှပါ။ "ဃ" ကြီးကြောင့် ငယ်လိုက်ရတာဟု ဆိုရန် ရှိသော်လည်း ရေးထုံးအရ "ဃ" ကြီးနဲ့ "ဂ" ငယ် လုံးဝဆက်စပ်ဖို့ ခက် ပါသည်။ ပိုဇေးရှင်းအားဖြင့်လည်း ပက်လက်နဲ မှောက်ရက် ဖြစ်သည်။ သူနှင့် ဖော်မက်တူသည်က "က" ကြီးသာ ဖြစ်သည်။ "ဂ" ငယ်ဟူသည် "က" ကြီးတစ်ခြမ်းပဲ့သာဖြစ်သည်။ တက္ကနီကယ်တန်းဖြင့် စမော "က" (သို့ ) "က" ငယ် ဟုဆိုနိုင်သည်။ ယခု ဤသို့မဟုတ်ဘဲ သူနဲ့ ဖဲမ်းမလီး မတူသည့် "ဃ" ကြီး လက်အောက်ခံလုပ်ကာ "ဂ" ငယ် ဖြစ်နေရသည်။

"ဃ"
"ဃ"၏ ဖြစ်သင့်သောအမည်က "ယ" ပျက်ဖြစ်သည်။ ပုံစံ ပျက်နေသော "ယ" သာဖြစ်ပါသည်။

"င"
သူတစ်ယောက်ထဲ အလိုလို ကြီးနေသော "က" ကြီး၊ ကွေးနေအောင် "ခ" သော "ခ" ကွေး တို့ အုပ်စု အဆုံးသတ်က "င" ဖြစ်နေသည်။ အတ္တသံပါသည်။ သူတပါးဆိုတာ မပါတော့ဘဲ "င" (ငါ့) ဖြစ်နေသည်။

ထို့ကြောင့် ဆိုပါသည်။ ပြင်စရား များစွာ ရှိနေပါသေးသည်။ အလွန် အရေးကြီးလှပါသည်။ သို့ မဟုတ်လျင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် ထိခိုက်လာစေနိုင်ပါသည်။

အသွင်ကွဲ သာသနာပြုပုဂ္ဂိုလ်ကြီးနှစ်ယောက်


    NUS (National University of Singapore) တရားထိုင်သင်တန်းမှာ ကျောင်းသားကျောင်းသူ လေးဆယ်ကျော်ခန့် နေရာယူထားကြသည်။ မျက်နှာကိုကြည့်တော့လည်း လူမျိုးစုံသည်။ အဖြူ၊ အမည်း၊ အဝါ အစုံပါသည်။ အများအားဖြင့်တော့ အာရှမျက်နှာများဖြစ်သည်။ မြန်မာတော့ ထိုနှစ်က မတွေ့မိ။
    ရှေ့ဆုံးအတန်းမှာထိုင်နေသော ကျောင်းသားလေးကို မေးကြည့်တော့ တော်တော်အံသြမိသည်။ သူက အီရန်နိုင်ငံသားဖြစ်သည်။ ယူရိုပီယံများ၊ အမေရိကန်များ တရားထိုင်တာကို မအံ့သြသော်လည်း အရှေ့အလယ်ပိုင်း အီရန်လို ကျောင်းသားက တရားထိုင်တာကိုတော့ အံ့သြရမည်။
    ဒါနဲ့ သူ့ကို မင်းကတော့ “သိုးမည်း” လေး နေမှာပေါ့ကွာဟုဆိုခိုက် အီရန်မှာလည်း S N Goenka ( Born: January 30, 1924, Mandalay, Myanmar ~Died: September 29, 2013 ) ဖွင့်လှစ်ထားသော ဝိပဿနာတရားစခန်းများရှိကြောင်း၊ အီရန်းနီးယန်းတစ်ချို့ တရားထိုင်ကြကြောင်း၊ သူ့မိဘများပင် တရားစခန်းများဝင်တတ်ကြောင်း ရှင်းပြတော့မှ တော်တော်ဝမ်းမြောက်ဝမ်းသာ ဖြစ်လိုက်ရသည်။ စစ်ပွဲကြောင့် အီရတ်က လူသိများသော်လည်း အီရန်များက ဘာသာရေး၌ ပို၍ခိုင်မာကြသည်။ မွတ်စလင်မဟုတ်သော တိုးရစ်အမျိုးသမီးများပင် ခေါင်းခြုံ၍နေကြရသည်ဟု ကြားဖူးသည်။



    ရှိစေ။ ဤသည်မှာ ဦးဂိုအင်ကာ၏ အစွမ်းပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းသို့ သာသနာပြုရဟန်းကြွရောက်ရေးဟူသည် အိပ်မက်ထဲမှာပင် မလုံခြုံလှပေ။ ထိုအခါ သာမန်လူတို့သာ သာသနာပြုခွင့်ရလေတော့သည်။ ဦးဂိုအင်ကာက ဤကွက်လပ်ကိုအမှန် ဖြည့်ဆည်းနိုင်ခဲ့သည်။
    ကမ္ဘာသို့ ဝိပဿနာတရားဖြန့်ချီမှုအပြင် မေ့မရနိုင်သော ဦးဂိုအင်ကာ၏ သာသနာပြုကိစ္စကား ပိဋကတ်သုံးပုံစီဒီများ စီမံပေးလိုက်ခြင်းပင်ဖြစ်သည်။ အိုင်တီခေတ်ကြီးထဲ၌ တူတူတန်တန်စီးမြောလို့ရအောင် ဗုဒ္ဓဒေသနာကို အိုင်တီရေးစီးထဲ ထိုးသွင်းပေးလိုက်သော ကုသိုလ်ထူးကြီးပင်ဖြစ်သည်။ ရဟန်းတော်များအတွက် အလွန်အထောက်အကူဖြစ်သော သာသနာပြုကိစ္စကြီးပင် ဖြစ်တော့သည်။
    မြန်မာ အက္ခရာ၊ သီဟိုဠ် အက္ခရာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား အက္ခရာအပြင် ကမ္ဘာအတွက် ရိုမင်အက္ခရာပါ စီစဉ်ပေးလိုက်သည်။ ဗုဒ္ဓဘာသာတခေတ်ပြောင်းလိုက်ခြင်းဟုပင် ဆိုချင်သည်။ ထိုစီဒီများကြောင့် ကျမ်းစာရှာဖွေရလွယ်သည်။ ကျမ်းညွှန်းအကိုးအကားများ ပြဆိုဖို့လွယ်သည်။
    ဦးဂိုအင်ကာအကြောင်းကို စဉ်းစားခိုက် ဦးဂိုအင်ကာကဲ့သို့ပင် ကမ္ဘာ့ဗုဒ္ဓသာသနာကို တခေတ်ပြောင်းပေးနိုင်ခဲ့သော လူပုဂ္ဂိုလ်သာသနာပြုကြီးတစ်ယောက် ခေါင်းထဲရောက်လာပြန်သည်။ ထိုသူကား-
    ပရော်ဖက်ဆာကြီး ရိုက်(စ်) ဒေးဗစ်ပင်(Thomas William Rhys Davids (12 May 1843 – 27 December 1922))  ဖြစ်သည်။ သူကတော့ လူများမသိသေးသည့် ပါဠိဘာသာမှနေ လူတိုင်းဖတ်လို့ရသော အင်္ဂလိပ်သို့ ဘာသာပြန်ဆိုပေးလိုက်ခြင်းပင်။ သို့ဖြစ်သော်လည်း သူ့ဖခင်က နာမည်ကျော် ဘာသာရေးဝန်ထမ်းကြီးတစ်ယောက်ဖြစ်သည်။


    သူ၏ ပဏာမရည်ရွယ်ချက်က ခရစ်ယာန်က ဗုဒ္ဓဘာသာထက်သာသည်ဟူသောအချက်ကို ထောက်ပြရန်သုတေသနပြုခြင်းဖြစ်ပြီး သူ၏ရည်ရွယ်ချက်ကိုတော့ အကောင်အထည်မဖော်နိုင်ခဲ့ရှာပေ။ သို့သော် ထို့ထက်မြင့်မြတ်သော အောင်ပန်းကိုတော့ သူရယူနိုင်ခဲ့သည်။ သူ ဗုဒ္ဓကို တွေ့မြင်သွားတော့သည်။
    ပရော်ဖက်ဆာကြီးဟာ ၁၈၀၁-ခုနှစ်မှာ ပါဠိတက်(စ်) ဆိုဆိုက်(ရ)တီးကို တည်ထောင်ခဲ့ပြီး လူဖြူများမသိသေးသည့် ဗုဒ္ဓဘာသာကို လူဖြူများအကြားရောက်အောင် အင်္ဂလိပ်ဟူသော မီဒီယာဖြင့် စတင်မိတ်ဆက်ပေးခဲ့သည်။ ယနေ့ ဗုဒ္ဓဘာသာဖြစ်နေကြသော အမေရိကန်၊ ယူရိုပီယံတိုင်းသည် ပရော်ဖက်ဆာကြီး၏ ကျေးဇူးနှင့်မကင်းကြပေ။
    သူတို့နှစ်ယောက်၏ တူညီသောအချက်မှာ သူတို့ဗုဒ္ဓဘာသာဖြစ်သည်ဟူသော ကိစ္စကို ရှေ့တန်းတင်မထားကြခြင်းပင် ဖြစ်သည်။ ဖတ်ကြည့်ပါ။
    “Buddhist or not Buddhist, I have examined every one of the great religious systems of the world, and in none of them have I found anything to suppress in beauty and comprehensiveness.”
    “ ဗုဒ္ဓဘာသာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ” ဟူသော စကားကို ပရော်ဖက်ဆာကြီးက မကြာမကြာသုံးခဲ့ဟန်တူပါသည်။ ထို့အတူ ဆရာကြီးကလည်း တစ်ခါတရံ သူဗုဒ္ဓဘာသာဖြစ်ကြောင်း ထုတ်မပြောတတ်ပါ။ သို့သော် ဘုရားရှင်၏မက်ဆေ့(ခ်ျ)များကို ကမ္ဘာဖြန့်ရာ၌ သူတို့လောက် ထိရောက်သူမရှိသေးပါ။ (လုံးဝမရှိသေးဟုပင် ဆိုချင်သည်။)
    ပရော်ဖက်ဆာကြီးကိုလည်းကောင်း၊ ဆရာကြီးကိုလည်းကောင်း ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း တိုက်ရိုက်မပြောကြသည့်အတွက် အားမလိုအားမရ ဝေဖန်သံများ ကြားခဲ့ရဖူးသည်။ တရားနည်းလမ်းသိပ်မကျဟု ထင်သည်။ သူတို့ ကျင်လည်ရသောဝန်းကျင်နှင့် သူတို့သာသနာပြုနေရသော လူများကိုကြည့်သင့်သည်။
    ထို့အပြင် ဗုဒ္ဓဘာသာကောင်းကြောင်း၊ အကျိုးရှိကြောင်းကို ဗုဒ္ဓဘာသာဝင်တစ်ယောက်က ရေပက်မဝင်ပြောနေခြင်းနှင့် ဗုဒ္ဓဘာသာမဟုတ်သူတစ်ယောက်က တစ်ခွန်းစ၊ နှစ်ခွန်းစ ချီးမွှမ်းစကားပြောခြင်းတို့ မတူညီနိုင်ပေ။ ဤသည်မှာ သူတို့၏လျှို့ဝှက်ချက်ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
    အီရန်လို၊ အီရတ်လို နိုင်ငံမျိုး၌ ဗုဒ္ဓ၏အဆုံးအမများကို သင်ကြားပေးချင်လို့ပါဆိုလျှင်တော့ ကိုယ့်ရည်ရွယ်ချက် အထမမြောက်ရုံသာမက အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်သည်။
    ဓမ္မကို သင်မည်၊ သဘာဝကို သင်မည်၊ သင်တို့ ဝင်လေ၊ ထွက်လေကို သင်တို့ကိုယ်တိုင် ရှုမှတ်တတ်ဖို့ သင်မည်ဟုဆိုသောအခါ ထိုပြဿနာက အလိုလိုပြေလည်သွားတော့သည်။
    တစ်ခါက ရေးခဲ့ဖူးပါသည်။ ဗုဒ္ဓဘာသာ (Buddhism) ဟူသော အမည်ကပင် ဘုရားပေးခဲ့သောအမည်မဟုတ်၊ အရေးမကြီးလှပေ။ ဘုရားပေးခဲ့သည်က လူတွေအတွက် “ဓမ္မ” သာဖြစ်သည်။ ရဟန်းတော်များအတွက် ဓမ္မနှင့် ဝိနယဖြစ်သည်။
    Buddhism သို့မဟုတ် Buddhist ဟူသောအမည်သည် ၁၈၀၁-ကမှ အင်္ဂလိပ်လူမျိုးက သုံး၍ပေါ်လာခဲ့သော စကားလုံးဖြစ်သည်။ ဘုရားရှင်က တစ်ခါတစ်ခါ အရိယဓမ္မဟုသုံးပြီး၊ အများအားဖြင့်တော့ ဓမ္မ၊ဝိနယသာ သုံးသည်။ ထို့ကြောင့် ပရော်ဖက်ဆာကြီးက Buddhist or not Buddhist ဟု သုံးခဲ့ဟန်လည်း တူပါသည်။ အမည်သည် အရေးမကြီးလှ။
    မည်သို့ဖြစ်စေ- ကမ္ဘာကိုပြန့်ထွက်သွားသော ဘုရားရှင်၏ မက်ဆေ့ခ်ျများက အများအားဖြင့် ဤပုဂ္ဂိုလ်ထူးကြီးနှစ်ယောက်ကြောင့်ပင်ဟု ဆိုရပေလိမ့်မည်။
    ဓမ္မကို ဖြန့်နေသ၍ လူသိထင်ရှား ဗုဒ္ဓဘာသာဖြစ်ကြောင်း ပြောနေရန်လည်း မလိုအပ်လှပေ။
    ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဟု လူသိထင်ရှား ကြုံးဝါးနေသော်လည်း ဓမ္မကို လက်ဆင့်မကမ်းနိုင်ဘူးဆိုလျှင်-
    ဘာကို ရွေးကြမည်နည်း။
    ပါမောက္ခကြီးက ဆက်ပြောသည်-
    “----- The Noble Eightfold Path, and the Four Noble Truths of the Buddha.I am content to shape my life according to that path.”
    မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး တရားတော်များနှင့်အညီ ဘဝကို ပုံဖော်သွားချင်ပါသတဲ့။


သီဟနာဒ-
(မှတ်ချက်။ ။ ဆရာတော်မှ 23/3/2012 ရေးသားခဲ့ပြီး ကမ်းလက်တွင် မတင်ဖြစ်သေးသောစာမူတစ်ပုဒ်ဖြစ်ပါသည်။ - admin)

ယူကြမယ်လား? ဒီမယ် ဓမ္မ


အရေးမပါတဲ့ ပညတ်တွေ ထားခဲ့
အဇ္ဈတ္တငြိမ်းချမ်းရေး တည်ဆောက် ကွဲ့
မွတ်စလင်က မွတ်စလင် အတိုင်းရှိစေ
ခရစ်ယန် ခရစ်ယန် အတိုင်းရှိစေ
ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာက အတိုင်းရှိစေ
လေဘယ်ပြောင်းကပ်ရုံနဲ့ အဇ္ဈတ္တအငြိမ်းဓာတ်က မခိုဝင်ဘူး။

ယူကြမယ်လား
ဒီမယ် ဓမ္မ
ဝိပဿနာ ဓမ္မ
(တော်တော်ကြီး ကြာမှ)
အဲ့ဒါ
ဗုဒ္ဓရဲ့
ဓမ္မ။

လူမျိုးက ဓမ္မလား
ဓမ္မက လူမျိုးလား
ဝတ်ရုံတွေက ဓမ္မလား
ဓမ္မက ဝတ်ရုံတွေလား
အနီ၊ အဝါ၊ အပြာ၊ မီးခိုး
ဒီဇိုင်းအမျိုးမျိုးပြောင်းဝတ်ရုံနဲ့
အဇ္ဈတ္တအငြိမ်းဓာတ်အောက် မရောက်နိုင်ဘူး။

မလိုဘူး
လုံးဝ မလိုဘူး
လူဖြူက လူဖြူ
လူဝါက လူဝါ
လူညိုက လူညို
လူမည်းက လူမည်း
ဝတ်ရုံတွေနဲ့ ခေါင်းပေါ်က ဆံပင်
သင် ကြိုက်သလို ရှိခွင့် ရှိတယ်။
လူ့အဖွဲ့အစည်းရဲ့ အငြိမ်းဓာတ်ကို
လူတစ်ဦးချင်းစီရဲ့ အငြိမ်းဓာတ်နဲ့ ဖွဲ့ စပ်မှရတယ်။

ယူကြမယ်လား
ဒီမယ် ဓမ္မ
ဝိပဿနာ ဓမ္မ
(တော်တော်ကြီး ကြာမှ)
အဲ့ဒါ
ဗုဒ္ဓရဲ့
ဓမ္မ။

ဓမ္မဟာ သဘာဝကိုပဲ ကိုယ်စားပြုတယ်
ဘယ်လူမျိုးကိုမှ ကိုယ်စားမပြုဘူး

ယူကြမယ်လား
ဒီမယ် ဓမ္မ
ဝိပဿနာ ဓမ္မ
(တော်တော်ကြီး ကြာမှ)
အဲ့ဒါ
ဗုဒ္ဓရဲ့
ဓမ္မ။
(ဆရာကြီး ဦးဂိုအင်ကာ သို့)

နယ်စည်းဖြတ် မျဉ်းဖြောင့်


NUS (National University of Singapore) အပတ်စဉ် တရားထိုင် အ ခန်းလေးထဲမှာ ရှေ့ဆုံးက ထိုင်တတ်ပြီး အေးအေးချမ်းချမ်းလည်း ရှိ၊ အာရှ မျက်နှာပေါက်လည်း မဟုတ်သည့် ကျောင်းသားလေးတစ်ယောက်ကို သတိ ထားမိသည်။ မေးခွန်းများ မကြာခဏ မေးတတ်ခြင်းကြောင့်လည်း ပို၍ သတိထားမိခြင်း ဖြစ်သည်။
သို့ဖြင့် ...တစ်နေ့ ။ စိတ်ဝင်စားစွာ.......
"မင်း ဘယ်နိုင်ငံကလည်း"
"အီရန်ကပါ"

အံ့ဩ ကြည်နူးမိစွာ....
"မင်းတော့ မိသားစုရဲ့ သိုးမည်းလေး ဖြစ်နေတော့မှာပဲ"
"မဖြစ်ပါ။ မိဘများလည်း တရားပုံမှန် ထိုင်ကြပါတယ်၊ အီရန်မှာလည်း ရိပ်သာတွေ ရှိပါတယ်"

ပို၍ အံ့ဩ ကြည်နူးမိစွာ....
"မင်းရဲ့ ပထမဆုံး တရားပြ ဆရာက"
"S.N Goenka ပါ"

သာဓုသံများ ရင်မှာ ဆူညံစွာ.....
သူသည် အသံလုံလုံဖြင့် နယ်စည်းဖြတ်သွားနိုင်သည့် မျဉ်းဖြောင့်ကြီး တစ်ချောင်း အမှန်ပင် ဖြစ်ပေသည်။

 

၂၀၁၃ ခုနှစ် အဘိဓမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် (စင်္ကာပူ)


ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့...
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာန မှ ကျင်းပပြုလုပ်သော အဘိဓမ္မာ (ရိုးရိုး) ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် နှင့် ၀ိသုဒ္ဓိမဂ်စာမေးပွဲဆိုင်ရာ ၀င်ခွင့်လျှောက်လွှာများကို မင်္ဂလာဝိဟာရကျောင်း (30 Jalan Eunos Singapore 419495) တွင် ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

✍ စာမေးပွဲကျင်းပမည့်ရက် ✍
အဘိဓမ္မာပထမဆင့် (ဒီဇင်ဘာလ (၁၃) ရက်၊ သောကြာနေ့)
အဘိဓမ္မာဒုတိယဆင့် (ဒီဇင်ဘာလ (၁၄) ရက်၊ စနေနေ့)
အဘိဓမ္မာတတိယဆင့် (ဒီဇင်ဘာလ (၁၅) ရက်၊ တနင်္ဂနွေနေ့)
စာမေးပွဲကျင်းပမည့်အချိန် ။ ။ စင်ကာပူစံတော်ချိန် မွန်းလွဲ ၁:၃၀ မှ ညနေ ၅:၃၀ အထိ
ကျင်းပမည့်နေရာ ။ ။ မင်္ဂလာဝိဟာရကျောင်း ၊ ဒုတိယထပ် ၊ Chew Quee Neo Hall

 
လျှောက်လွှာများ
အဘိဓမ္မာ နှင့် ၀ိသုဒ္ဓိမဂ် စာမေးပွဲကြေငြာချက်
အဘိဓမ္မာစာမေးပွဲ ၀င်ခွင့်တောင်းပုံစံ
အဘိဓမ္မာ (ရိုးရိုး)အဘိဓမ္မာ (ဂုဏ်ထူးဆောင်)၀ိသုဒ္ဓိမဂ် ၀င်ခွင့်လက်မှတ်

ဖြေဆိုသူတစ်ဦးလျှင် ဝင်ခွင့်တောင်းခံလွှာနှင့် ဝင်ခွင့်ကဒ် (၁)စုံ ဖြည့်ရပါမည်။

ဝင်ခွင့်တောင်းခံလွှာ ၀င်ခွင့်ကဒ်
လျှောက်လွှာထုတ်ယူနိုင်သည့်နေ့ရက်နှင့် အချိန်
စနေနေ့ ။ ။ ညနေ (၅း၀၀) နာရီမှ ည (၉း၀၀) အထိ
တနင်္ဂနွေနေ့ ။ ။ ညနေ (၅း၀၀) နာရီမှ ည (၉း၀၀) အထိ

ဖောင်ဖြည့်ရာတွင် လိုအပ်သည့် အချက်အလက်များ
၁။ ဖြေဆိုမည့်သူအမည်
၂။ ဖြေဆိုမည့်သူ၏ အမျိုးသားမှတ်ပုံတင်အမှတ်
၃။ ဖြေဆိုမည့်သူ အလုပ်အကိုင်
၎။ ဖြေဆိုမည့်သူ၏ အဘအမည်
၅။ ဖြေဆိုမည့်သူ၏ နေရပ်လိပ်စာ အပြည့်အစုံ (စင်္ကာပူလိပ်စာ)
၆။ သင်တန်းဆရာတော်အမည်နှင့် သင်တန်းလိပ်စာ
၇။ ၂-လက်မပတ်လည် ဓာတ်ပုံ (၄) ပုံ
(ဝင်ခွင့်ကဒ်တွင် ဓာတ်ပုံနှစ်ပုံကပ်၍ ဓာတ်ပုံအလွတ် (၂) ပုံ၏ နောက်ကျောတွင် ဖြေဆိုမည့်သူ၏အမည်၊ အဘအမည်၊ ဖြေဆိုမည့်စားမေးပွဲကို ထင်ရှားစွာ ရေးသားပေးပို့ရမည်။)

လျှောက်လွှာနောက်ဆုံးအပ်ရမည့်နေ့
အောက်တိုဘာ (၁၃) ရက်၊ တနင်္ဂနွေနေ့ ည ၉း၀၀ နာရီ။


စုံစမ်းရန်

အရှင် စက္ကပါလ (8191 0822)
ကိုဇော်မျိုးမင်း (9047 9374)

More information -Please visit www.abhidhammafoundation.org