နွားနို့သောက်ခြင်း ယဉ်ကျေးမှု


အိန္ဒိယမှာ ဓနသဟာယ အားကစားပွဲတော်ကျင်းပတော့ အားကစားသမားတွေ က အားကစားကျေးရွာထဲ နွားမတွေကို ဆွဲလာကြပါတယ်။
"နွားမကြီးတွေက ဘာကိစ္စပါလာရတာလဲ" အရာရှိကမေးတော့
"အားကစားပွဲတော်အတွင်း အားရှိဖို့ နွားနို့သောက်ရဦးမယ်၊ နွားနို့က နွားမဆီမှာ ရှိနေတယ်"
"မရဘူး၊ နွားမတွေကို အပြင်မှာပဲ ထားခဲ့ရမယ်၊ နွားနို့သောက်ချင်ရင် ဗူးနဲ့ အသင့်ထည့်ထားတာပဲ သောက်ရမယ်"
"ဗူးထဲက နွားနို့က မစစ်ဘူး၊ ဈေးလည်းကြီးတယ်၊ အလကား မရဘူး"
"ဘာဖြစ်ဖြစ် နွားမတွေကိုတော့ အားကစားကျေးရွာထဲ ဝင်ခွင့်မပြုနိုင်ဘူး" အရာရှိက အမိန့်ထုတ်လို့ အိန္ဒိယအားကစားသမားတွေ အားလုံး ဒုက္ခရောက် ကြရပါတယ်။
တကယ်တော့ ဒါက မဖြစ်သင့်ပါဘူး။ နွားမတွေကို portable milk carton အနေနဲ့ သုံးစွဲတဲ့အကျင့်ဟာ အာရှမှာ ဘာမှ မထူးဆန်းပါဘူး။
ပြီးတော့ ဒါက environmentally friendly ဖြစ်ပါသေးတယ်။ အနောက်ကြောင့် အရှေ့ ယဉ်ကျေးမှုတွေ မပျောက်သင့်ဘူး။
ဒီ ရှေးဟောင်းယဉ်ကျေးမှု မပျောက်ပျက်အောင် အာရှသားတွေအနေနဲ့ အသေ အလဲ ခုခံသင့်ပါတယ်။
နွားနို့ပုံမှန် သောက်ရဖို့ နွားမတွေကို ဆွဲသွားကြစို့။
(မတင်ဖြစ်ခဲ့တဲ့ ပို့စ်အဟောင်းလေးပါ)



သေချင်လျက် မသေရသူများ

လူတွေမှ မဟုတ်ပါဘူး၊ သိပ္ပံပညာတွေလည်း တစ်ခုနဲ့တစ်ခုသဘောထားခြင်း မတိုက်ဆိုင်ကြပါဘူး။ အချင်းချင်း ငြင်းခုံနေကြတာပါပဲ။ မယုံရင်ကြည့်ပါ။

ဆိုရှယ်ဆိုင်းယင့်က ပြောတယ်
"အိမ်ထောင်ရှင် အမျိုးသားတွေဟာ အိမ်ထောင်မရှိတဲ့ အမျိုးသားတွေထက် အသက်ပိုရှည်ရှည်နေရတယ်"
ဒီအဆိုကို စိတ်ပညာသိပ္ပံက မငြင်းပါဘူး။ လက်ခံတယ်ရယ်လို့လည်း မဟုတ် ဘူး။

စိတ်ပညာဆိုင်းယင့်က
"ဒီအဆိုဟာ မှန်ပါတယ်။ ဒါပေမဲ့ သေချင်စိတ်ပေါက်တဲ့ အကြိမ်ရေအနေနဲ့ ကြည့်ရင်တော့ အိမ်ထောင်မရှိတဲ့ အမျိုးသားတွေထက် အိမ်ထောင်ရှင် အမျိုး သားတွေက အများကြီးပိုနေတာ တွေ့ရပါတယ်" တဲ့။

ဒီ အဆိုနှစ်ခုကို ပေါင်းပြီး ကျနော် ကောက်ချက်တစ်ခု ဆွဲလိုက်ပါတယ်။ ဒါကတော့...
"သေချင်လျက် မသေရတဲ့ လူတွေဟာ အိမ်ထောင်ရှင် အမျိုးသားတွေဖြစ် တယ်"

အိမ်ထောင်ရှင် အမျိုးသားတွေ သဘောတူနိုင်ပါမလား မသိဘူး။ ဒါပေမဲ့ ဒါဟာ သိပ္ပံနည်းကျပါပဲ။

(27/07/2013 10:00)

စဉ်းစားလို့ မရဘူး


မင်္ဂလသုတ်လမ်းညွှန်ချက်တွေထဲမှာ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာတွေက ပထမဆုံးထွက်လာတယ်။
ဒါသာဖြစ်တယ် (မြန်မာ)ဗုဒ္ဓဘာသာဘုန်းတော်ကြီးပညာရေးမှာ
၁။ လူထုဆက်ဆံရေး (PR)
၂။ နိုင်ငံတကာဆက်ဆံရေး (IR)ကို သင်ရကောင်း၊ သင်ပေးရကောင်းမှန်း အများစုကမသိကြသေးဘူး။
လူထုဆက်ဆံရေး (PR)ကမှ တော်ဦးမယ်။
ဘုန်းကြီးတွေကို နိုင်ငံတကာဆက်ဆံရေး (IR)ပါ သင်ပေးသင့်တယ်လို့ရင် ဘုန်းကြီးနဲ့ အိုင်အာ ဘာဆိုင်လို့တုံး၊ သာသနာတော့ ကွယ်တော့မှာပဲလို့တောင် ဆိုသူတွေ ရှိကောင်း ရှိမယ်။ ဘာမှမဆိုင်လည်း လူတချို့က သူတို့နဲ့ သဘောထားမတိုက်ဆိုင်ရင် သာသနာကွယ်တော့မှာပဲလို့ ပြောတတ်ကြတယ်။

ယုံချင်သူ ယုံပေါ့


စောစောရက်လေးကတင် သူမကိုက်ဘူး၊ ဟန်ချက်ပျက်ပြီးလူပေါ် လဲကျတာ လို့ပြောတယ်။
မနေ့ကကျတော့ သူကိုက်ပါတယ်ဆိုပြီး တောင်းပန်တယ်။
ဒီနေ့ နောင်တရပါပြီ၊ နောက် မကိုက်တော့ပါဘူးလို့ ကတိတွေ ပေးလာတယ်။
လူးဝစ် ဆွာရက်ဇ်လေ။ ယုံချင်သူ ယုံပေါ့။

Let it go. Let it be


ဗုဒ္ဓဘာသာအဆုံးအမနှင့် ဆက်စပ်ပြီး ပေါင်းသင်းဆက်ဆံရေး နှစ်မျိုး
ယူဆနိုင်ပါသည်။
၁။ သက်ရှိချင်း ပေါင်းသင်းဆက်ဆံရေး
၂။ သဘာဝဖြစ်စဉ်နှင့် ပေါင်းသင်းဆက်ဆံရေးတို့ ဖြစ်ပါသည်။
သက်ရှိချင်း ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဗြဟ္မဝိဟာရ တရား လေးပါးဖြင့် အချုပ်ကြည့်ယူနိုင်ပြီး သဘာဝဖြစ်စဉ်နဲ့ လူသားကြားက ဆက်ဆံရေးကိုမူ(ဉာဏ်စဉ် ၁၁ ပါးရှိသော်လည်း)
၁။ ဥဒယဗ္ဗယ(အဖြစ်အပျက်သိ ဉာဏ်)ဉာဏ်
၂။ ဥဒယ(အဖြစ်က ပိုထင်ရှားဉာဏ်)ဉာဏ်
၃။ ဘယ(အပျက်က ပို ထင်ရှားဉာဏ်) ဉာဏ်
၎။ သင်္ခါရုပေက္ခာဉာဏ်(အဖြစ်အပျက် သို့ အကောင်းအဆိုးအပေါ် ဥပေက္ခာဉာဏ်ဆိုက်ခြင်း)ဉာဏ်တို့နှင့် တွဲစပ်ကြည့်နိုင်ပါသည်။

ဤ၌ သိသိသာသာဆက်စပ်မှုရှိနေကြောင်း သုံးသပ်လို့ ရပါသည်။ အထူးသဖြင့် ဝေါဟာရပါ ဆက်နွယ်နေခြင်းဖြစ်သည်။ ယင်းတို့ကား
၁။ ဗြဟ္မဝိဟာရုပေက္ခာ(သက်ရှိအပေါ်ထားရှိသည့် ဥပေက္ခာ၊ ဗြဟ္မစိုရ် ပွားမှရသည်)။
၂။ သင်္ခါရုပေက္ခာတို့ဖြစ်သည်။(သဘာဝဖြစ်စဉ်အပေါ်ထားရှိသည့် ဥပေက္ခာ၊ ဝိပသနာပွားမှရသည်)

ဗြဟ္မဝိဟာရတရား လေးပါး၌
မေတ္တာက သတ္တဝါပညတ်နှင့်ပတ်သက်လို့ ယေဘုယျသဘောဆန်သည်။ ဆိုလိုသည်မှာ သုခိတ၊ ဒုက္ခိတ သတ္တဝါ မကွဲပြား။
ကရုဏာက ဒုက္ခိတ(ဆင်းရဲ သို့ အားနည်းသည့်ဖက်)သတ္တဝါပညတ်ကို အာရုံပြုပြီး
မုဒိတာက သုခိတ(ချမ်းသာ သို့ အားသာသည့်ဖက်) သတ္တဝါပညတ်ကို အာရုံပြုသည်။
ဥပေက္ခာက ယင်း နှစ်မျိုးလုံးကို ကျော်လွန်သွားပြီး သုခိတ အပေါ်မှာရော ဒုက္ခိတ အပေါ်မှာပါ တုန်လှုပ်မှုကင်းသွားတော့သည်။

ဝိပသနာတွေ့ ဉာဏ်စဉ်များတွင်
၁။ ဥဒယဗ္ဗယ(အဖြစ်အပျက်သိ ဉာဏ်)ဉာဏ် က ယေဘုယျဆန်ပြီး မေတ္တာနှင့် တူသည်။
၂။ ဥဒယ(အဖြစ်က ပိုထင်ရှားဉာဏ်)ဉာဏ်က အဖြစ်သဘောကို တွေ့မြင်ခြင်းဖြစ်ရကား ဘဝ၏ အပြုသဘော၊ အကောင်း သဘောကို တွေ့မြင်ခြင်းဖြစ်သည်။ ထို့ကြောင့် မုဒိတာနှင့်တူသည်။
၃။ ဘယ(အပျက်က ပို ထင်ရှားဉာဏ်) ဉာဏ်က အပျက်သဘောကို ထင်ရှားစွာတွေ့မြင်ခြင်းဖြစ်သဖြင့် ဘဝ၏ အဆိုးဖက်အခြမ်းကို တွေ့မြင်ခြင်းဟု ဆိုနိုင်သည်။ သူက ကရုဏာနှင့် သဘာဝချင်းတူသည်။
၎။ သင်္ခါရုပေက္ခာက ယင်း အဆိုးအကောင်းတို့ အကြားက ဟန်ချက် (သို့) ဘဝဖြစ်စဉ်ကို နှစ်ဖက်မြင် မြင်သွားခြင်းမျိုးဖြစ်သည်။ တည်ငြိမ်သွားတော့သည်။

ဆိုလိုသည်မှာ ဥပေက္ခာရောက်ဖို့ လမ်းစဉ်(ဆင်းရဲ၊ ချမ်းသာ။ အဆိုး၊ အကောင်း) တူညီနေသည်။ ကွဲပြားသည်က သတ္တဝါအပေါ် ရှုမှတ်ခြင်းနှင့် သဘာဝအပေါ် ရှုမှတ်ခြင်းပင်ဖြစ်သည်။ ရှုမှတ်ပုံခြင်း ကွဲပြားသည်အားလျော်စွာ အကျိုးသက်ရောက်မှုလည်း ကွဲသွားသည်။

လူအချင်းဆက်ဆံရေး အပေါ် ရာနှုန်းပြည့် Let it go ဖြစ်ဖို့ ဗြဟ္မဝိဟာရုပေက္ခာ (သက်ရှိအပေါ်ထားရှိသည့် ဥပေက္ခာ) ရှိမှရသည်။
သဘာဝဖြစ်စဉ်အပေါ် ရာနှုန်းပြည့် Let it be ဖြစ်ဖို့ သင်္ခါရုပေက္ခာလိုသည်။
ဤက ဗုဒ္ဓဘာသာကို ရှုထောင့်တစ်မျိုးဖြင့် ပေါင်းစပ်ကြည့်သည့် လူသားနှင့် သက်ရှိသက်မဲ့ ဆက်ဆံရေးဖြစ်ပါသည်။
(ယနေ့ည လက်ချာ Let it go Let it be ကို အချုပ်ရေးလိုက်ခြင်းဖြစ်ပါသည်။ အချုပ် လွန်သွားပြီလား မဆိုတတ်။)