ကလေးတို့ရေ…
တစ်ခါတုန်းကတဲ့ကွယ်၊
(ဒါပေမယ့် ဖေကြီးပြောတာမဟုတ်ဘူး။ သီဟနာဒ ဆရာတော်လေး ပြောပြတာကို ပြန်ရေးတာ) ။ ရွာတစ်ရွာမှာ
ကျောင်းထိုင်ဘုန်းကြီး ငယ်ငယ်တစ်ပါး ကျောင်းထိုင်သတဲ့။ အဲဒီကျောင်းရဲ့
ကျောင်းအစ်မကြီးမှာ တစ်ဦးတည်းသော သားကလေး ရှိသတဲ့။
တစ်နေ့တော့
ရောဂါတစ်ခု ဖြစ်ပြီး အဲဒီတစ်ဦးတည်းသော သားကလေး ဆုံးပါးသွားရှာသတဲ့။ ကျောင်းအစ်မကြီးခမျာ
သောက ပရိဒေဝတွေ တဟုန်းဟုန်း တောက်ရှာတော့တာပေါ့။ ဒါနဲ့ ကျောင်းထိုင်ကိုယ်တော်လေးက
ဒကာမကြီးအိမ်ကို ကြွပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ တရားပြသတဲ့ကွဲ့။
ဒါနဲ့ဒကာမကြီးက
“သိတော့ သိပါရဲ့ ၊
တကယ်လက်တွေ့ကျဖြေဖို့ခက်သမို့ ငိုနေရခြင်းသာ ဖြစ်ပါတယ်ဘုရား” လို့
လျှောက်ရှာသတဲ့။
ဒီလိုနဲ့
လအတန်ကြာတော့ ကျောင်းထိုင်ကိုယ်တော်လေးရဲ့ တစ်ဦးတည်းသော အစ်မက မွေးတဲ့
တစ်ဦးတည်းသော သမီးလေး ခမျာမှာလည်း ရောဂါတစ်ခုနဲ့ ဆုံးပါး သွားပြန်ရောတဲ့ကွယ်။
အဲဒီဆရာတော်လေးက သူ့တူမလေးကို သိပ်ချစ်ရှာဆိုပဲ။ ဒီတော့ သူလည်းလေ လောကီသားပေမို့
ငိုရှာသတဲ့။
ဒကာမကြီးက
တရားနဲ့ ဖြေတော်မူပါဘုရားလို့ လျှောက်သတဲ့။
ဒီတော့
အဲဒီကိုယ်တော်လေးက “ ဒကာမကြီးက
အမျိုးမတော်တော့ ပြောအားရှိတာပေါ့။ ဒီကလေးမလေးက ဦးပဉ္ဇင်းရဲ့ တစ်ဦးတည်းသော
တူမလေးမို့ ဖြေလို့ မရဘူးလို့ “မိန့်တော်မူပါသတဲ့။
~~~~~~~~~~~~~~~~
နောက်ပုံပြင်တစ်ခုကတော့
အမေရိကန်က တေးရေးဆရာတစ်ယောက်အကြောင်းပါ။ ကလေးတို့ ရှာကြည့်ရင် သူ့အကြောင်းကို
သိရလိမ့်မယ် ။ “Don’t
Worry, Be Happy“ ဆိုတဲ့ သီချင်းလေးကို ရေးခဲ့သူလေ။
ဒုန့်ဝေါရီး
ဘီဟက်ပီး လို့သာရေးခဲ့ပေမယ့် သူ့ဘဝကိုတော့ ဒုန့်ဝေါရီး မဖြစ်၊ ဟက်ပီး ဖြစ်အောင်နေမသွားနိုင်ဘဲ
စိတ်ဆင်းဆင်းရဲရဲနဲ့ နေနေရရှာသတဲ့။ တချို့က သူ့ကိုယ်သူ သတ်သေသွားတယ် လို့တောင်ဆိုကြသကွဲ
့။
ဖေကြီးရဲ့
ကျောင်းသားတစ်ယောက် ပြောပြတာကတော့ သတ်သေသည် အထိတော့ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် စိတ်မချမ်းမြေ့ဖွယ်ဘဝမှာ
နေသွားရတယ်ဆိုတာကတော့ မှန်သတဲ့။
ဒါပါပဲကွယ်။
ဒီပုံပြင်လေးနှစ်ပုဒ်ရဲ့
မော်ရယ်ကတော့ လူတွေဖြစ်ကတတ်ဆန်း ပြောတတ်တဲ့ ပုံပြင်တွေထဲမှာ ခြောက်ကောင်ဝိုင်းထဲက
လိပ်၊ ငါး ၊ ဖား၊ မြွေ၊ ဆင်၊ ကျားဆိုတဲ့ သတ္တဝါလေးတွေ မကြာမကြာပါလာ တတ်တယ်ဆိုတာပါပဲကွယ်။
အဲ.. မေ့လို့ ။ ဖေကြီးပုံပြင်ထဲမှာ
တစ်ကောင်မှ ပါမသွားရှာဘူး။
Post a Comment