ဆုံလည်နွား

ညီမလေးရေ....
တစ်ခါက ပေစုတ်စုတ်ကောင်လေးတစ်ယောက်ဟာ နွားပြာကြီးနဲ့အတူ ဆီဆုံမှာ ဆီကြိတ်နေသတဲ့။ ကောင်လေးက အပေါ်မှာထိုင်၊ နွားပြာကြီးကတော့ရုန်းပေါ့ ။

အဲဒီဆီဆုံနားကို ရောက်ရောက်လာတဲ့သူတွေက သူတို့ကိုယ် သူတို့ ပညာရှိယောင်ယောင် ဘာယောင်ယောင်နဲ့ ပြောကြသတဲ့ ။

"အင်း- အဲဒါကြောင့် ဆရာတော်ကြီးတစ်ပါးက ရေးတာ ၊ သွားတာသွားရ ရှေ့မရောက် ၊ ပြေးမလွတ်တဲ့ ဆုံလည်နွားလို" တဲ့။



အဲဒီစကား ကြားစ တုန်းကတော့ နွားပြာကြီး တော်တော်စိတ်ဆိုးသတဲ့ ...ညီမလေးရဲ့။ စိတ်ဆိုးတဲ့ မျက်လုံးကြီးတွေနဲ့လည်း လှမ်းလှမ်းကြည့်သတဲ့ ။ ချိုနဲ့ ဗိုက်ကိုကော်လိုက်ရရင် ဗိုက်ပေါက်တော့မယ်လို့လည်း ကြုံးဝါးနေသတဲ့ ။ ဒါပေမယ့် ကြာလာတော့ စိတ်မဆိုးတဲ့ အပြင် လူတွေကို သနားလို့တောင်လာသတဲ့။ ပြီးတော့ ရယ်ချင်စိတ်လေးနည်းနည်းပေါက်လာတာနဲ့ -
"၀မ်းထရိမ်း" လို့ကောက်ရယ်လိုက်သတဲ့ ။
နွားကြီးရယ်တာကို သိလိုက်တဲ့ကောင်လေးက
"သူငယ်ချင်း - ဘာတွေသဘောကျပြီး ရယ်နေတာလဲ"

"လူတွေကိုသနားလို့ပါကွာ ၊ ပြီးတော့ ဘာမှနားမလည်ဘဲ လျှောက်လျှောက်ပြောနေကြပါလားလို့ - စဉ်းစားမိလို့ပါ။ စဉ်းစားကြည့်လေကွာ၊ ဆုံလည်နွား ရှေ့မရောက်တာ လူတိုင်းသိတဲ့ ကိစ္စပဲ။  နွားသာဖြစ်တာ ၊ ငါကမာနကြီးတယ် ။ လူတိုင်းသိတဲ့ ကိစ္စမျိုး သိပ်ပြောချင်တာ မဟုတ်ဘူး။ လူတွေမသိတာက ရှေ့မရောက်ပေမယ့် ဆီထွက်တယ်လေကွာ၊ ဆီဆုံဆိုတာ ဆီထွက်ဖို့။ ရှေ့ရောက်ဖို့ မဟုတ်ဘူးလေ။"  လို့ ရှင်းပြသတဲ့။

"စိတ်မရှိပါနဲ့ကွာ၊  သူတို့မသိလို့ပါ၊ သူတို့သာ 'ဆုံလည်နွား' စကားလုံးနဲ့ ဆုံလည်နေကြတာ။ ဆီလည်းမထွက်ဘူး၊ တံတွေးတွေပဲထွက်တယ် ၊ ရွံစရာကြီးကွာ။ " လို့ပြောတော့ နွားပြာကြီးက အားရပါးရ ရယ်သတဲ့။

"၀မ်းထရိမ်း" (ရထားတစ်စင်းလို့ ဘာသာ မပြန်စေချင်ပါ။)
ကဲ - ဒါပါပဲ ညီမလေးရေ ...

ဆရာကြီးလေသံနဲ့ ဒီပုံပြင်ရဲ့ မော်ရယ်က ဘာညာတွေ လုပ်မနေတော့ပါဘူး။ ပျင်းလို့။

ညီမလေးလည်း မညံ့စေနဲ့နော်၊ နွားပြာကြီးက ရယ်လိမ့်မယ်။ အဲ - 'ဆုံလည်နွား ၊ ဆုံလည်နွား' လို့လည်း မပြောပါနဲ့ကွာ။

ဆီမပါဘဲ လဲတို့တွေ ထမင်းမစားတတ်ဘဲနဲ့

မချစ်လို့ မပြောတာမဟုတ်ဘူးနော်။ မှတ်မထားနဲ့လို့လည်း မပြောဘူး။

ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဒါပဲ။ 

(ပုံကို http://www.themyanmarpost.com မှရယူပါသည်။)


ဇင်ဝေသော်
 









Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment