လူငယ်ဦးရေ


*လူငယ် လူဦးရေက လူဦးရေအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထက် ကျော်နေရင်
ပဋိပက္ခ(သို့)တော်လှန်ရေး ကြီးကြီးမားမား ဖြစ်နိုင်ခြေရှိတယ်။
*
ဥရောပ တော်လှန်ရေးနှစ်ကြိမ်နဲ့ အီရန်တော်လှန်ရေးဟာ
လူငယ်ဦးရေ ထိပ်ရောက်နေချိန်မှာ ဖြစ်ပွားခဲ့တယ်။ ဒါဟာ တိုက်ဆိုင်မှု မဖြစ်နိုင်ပါဘူး။

*ဥရောပရဲ့ လူငယ်ဦးရေအများဆုံး ကြုံကြိုက်ခဲ့တဲ့ လေးကြိမ်မှာ (နှစ်ကြိမ် က တော်လှန်ရေး)တစ်ကြိမ်က ကွန်မြူနစ်ဝါဒ စည်းရုံးမှုအောက် လူငယ်တွေ ပါသွားကြပြီး....

* နောက်တစ်ကြိမ်မှာတော့ ဥရောပနိုင်ငံတွေ အချင်းချင်း အပြန် အလှန် ဝင်ရောက်နေထိုင်လာနိုင်တဲ့ စနစ်ကြောင့် သိသာတဲ့ အပြောင်း အလဲ မရှိခဲ့ပါဘူး။

*ဒီတွက်ကိန်းမှန်ရင် အာရပ်ကမ္ဘာနဲ့ မွတ်စလင်နိုင်ငံတွေရဲ့ လူငယ်ဦးရေကြောင့် ကမ္ဘာ့နိုင်ငံရေး မငြိမ်မသက်ဖြစ်လာနိုင်ခြေရှိတယ်။

*အရှေ့အလယ်ပိုင်းမှာ အီရန်နဲ့ဆော်ရီကလွဲရင် မွတ်စလင်လူငယ်ဦးရေဟာ ၂၀ ရာခိုင်နှုန်းကို ကျော်နေပါတယ်။

*ဒီအရှိန်အဟုန်က ၂၁ ရာစု အဦးပိုင်းအထိ ထိရိုက်မှု ရှိနေမယ်။

ဒါတွေက ဆရာကြီး ဟန်တင်တန်ရဲ့ ကမ္ဘာကျော်(အဆဲလည်း အခံရဆုံး) The Clash of Civilizations ထဲကကောက်ချက် တချို့ပါ။
Ref: The Clash of Civilizations.

ကွန်မြူနစ်ရယ်သံ


ကွန်မြူနစ်ဝါဒ အားကောင်းလာတော့ ဘာသာမဲ့၊ ဘုရားမဲ့ဝါဒ၊ ဒီအတိုင်းသာဆို လူရိုင်းတွေဖြစ်ကုန်မယ်ဆိုပြီး ဝိုင်းတိုက်ခိုက်ခဲ့ကြတယ်။
အဲဒီအချိန်တုံးက ခရစ်ယန်နဲ့ မွတ်စလင်တွေတောင် မဟာမိတ်တွေဖြစ်လို့။ ဗုဒ္ဓဘာသာကလည်း လက်မနှေးခဲ့ပါဘူး။
ကွန်မြူနစ် ကျဆုံးသွားတော့ ဘုံရန်သူကင်းမဲ့သွားပြီး ဘုရားဝါဒယုံကြည်သူ၊ ဘာသာရေးကိုင်းရှိုင်းသူ လူယဉ်ကျေးကြီးတွေအချင်းချင်း တိုက်ကြ၊ ခိုက်ကြ။ ဘုရားပါဝါတွေ လုကြ။
ကွန်မြူနစ်ဝါဒကတော့ ရယ်နေမှာပဲ။ ငါ မရှိလို့ သူတို့တတွေ ယဉ်ကျေးသွားကြပြီ ကိုး ဆိုပြီးတော့လေ။
အယဉ်ကျေးဆုံးဆိုတဲ့ လူသားကြီးတွေသတ်ကြ၊ ဖြတ်ကြ။ ဆဲကြ၊ ဆိုကြ။
အမိုက်ရိုင်းဆုံး ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ တင်ကြရင်း သူတစ်ပါးကို ပုတ်ခတ်ကြ၊ စော်ကားကြ။
လူတချို့ ယုတ်မာရူးနှမ်းဖို့ ဘယ် ကွန်မြူနစ်ဝါဒမှ မလိုသလို ဘယ်ဘုရား လာပြီးဆုံးမလို့လည်း မယဉ်ကျေးပါဘူး။
Ref: The Clash of Civilizations.

ငါတို့မြို့


ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ ဆီ
သူငယ်ချင်း ကဗျာဆရာက
တို့မြို့ဟာ ဓာတ်တိုင်တွေပေါ် ခရမ်းချဉ်သီးတွေ
သီးနေတဲ့ မြို့
ဘလက်ဘုတ်တွေ အလျားလိုက် ထောင်ထားတဲ့ မြို့
ဘလက်ဘုတ်တွေပေါ်
မြေဖြူတွေနဲ့ ကြက်ခြေခတ်ထားတဲ့ မြို့ တဲ့။
မဟုတ်သေးဘူး ကွာ
မြွေဆိုးကြီးနှစ်ကောင်
တောင်ပေါ်က ဆင်းလာတဲ့ မြို့။


ရွှေခြံရေ


ရှုံးထွက်တွေပြီးသွားတော့ အန်ဂလိုဆက်ဆွန်အင်ပါယာ(အင်္ဂလန်၊ အော်ဇီ) ရုပ်ပျက်ဆင်းပျက် ပြိုလဲတာ(သူတို့ကို ဘယ်သူမှလည်း မြင့်မြင့်ကြီး မျှော်လင့် မထားကြပါဘူး)၊ ဟစ်စပင်းနစ်တွေ အရှက်ကွဲခဲ့ရတာကလွဲရင်(သူတို့ကတော့ တကယ် အပ်ပ်ဆက်ပဲ) ကမ္ဘာ့ဖလားဖော်မြူလာက မဖောက်လှပါဘူး။

ဥရောပ လေးသင်း၊ တကယ်ဆို ဥရောပဆိုတာထက် ဖရန်ကို ဂျာမန် မျိုးနွယ် စုတွေလို့ဆိုရင် ပိုမှန်မယ်။ အားလုံးက ဆရာကြီးတွေချည်းပဲလေ။ ဘယ်လ်ဂျီယံကတော့ လေးသင်းထဲမှာ သမိုင်းနုသပေါ့။ လူတွေက မနုဘူး။
အမေရိကရဲ့ ကိုယ်စားလှယ်လေးသင်းမှာတော့ ကိုလံဘီယာနဲ့ ကော်စတာရီကာ တို့က သမိုင်းစာအုပ်ထဲအရ အကောင်သေးနေမယ်၊ အထူးသဖြင့်တော့ ကော်စတာရီကာပေါ့လေ။
ဒါပေမဲ့ ရှုံးထွက်ပွဲတွေကိုကြည့်ရင် အချိန်ပိုလိုက်ရ၊ ပင်နယ်တီ ထပ်ဆောင်းလိုက် ရနဲ့ သက်တောင့်သက်သာပွဲ မရှိခဲ့ဘူး။ နှစ်ဂိုးပြတ်ခဲ့တယ်ဆိုတဲ့ ဟော်လန် နဲ့ပြင်သစ်တို့လည်း ခြေမပြတ်နိုင်ခဲ့ဘူး။ ဟော်လန်က ရော်ဘင်ရဲ့ပင်နယ်တီရှာဖွေရေးနဲ့ ပြင်သစ်ရတဲ့ အိုဂျီကို ဘေးဖယ်လိုက်ရင် ဝမ်း ဇီရိုးပဲ ရှိမယ်။

ဒီနေ့ပွဲတွေက ထူးထူးခြားခြား ဥရောပ ဥရောပချင်း၊ အမေရိက အမေရိကချင်း သွားတွေ့တယ်။ ဘယ်သူနိုင်နိုင် ဆီမီးမှာ ကိုယ်စားလှယ် တစ်တိုက်တစ်သင်းစီ ရသွားမှာပဲ။
ပထမ ဖရန်ကို ဂျာမန်စစ်ပွဲမှာ ဂျာမန်ဖက် မသိမသာ အသာပေးထားကြပေမဲ့ အသည်းအသန်ဖြစ်လိမ့်မယ် ဆိုတာကိုတော့ ဆရာကြီးတိုင်း လက်ခံတယ်။ သူတို့အထဲမှာ စပိန်၊ မက်ဒရစ် လဲ့ဂျင့် ရောလ် ခွန်ဇာလက်တောင်ပါတယ်။
စိတ်ဓာတ်နဲ့ သမိုင်းကိုကြည့်ရင်တော့ ဂျာမန်က သာတာပေါ့။ ဒါပေမဲ့ လေးကြိမ်မြောက် ဆီမီးက ထွက်ခဲ့ရတဲ့နောက် ဒါက မေးခွန်းထုတ်စရာ။ ဒါ့အပြင် ဘောလုံးသမား ၇ ယောက်က ဖျားနေဆိုလားပဲ။ အဲ လက်ရှိ ဂျာမန် အဖွဲ့ကိုကြည့်တော့ ငါးကြိမ်မြောက် ဆီမီးကထွက်လာဖို့ဆိုတာ တွေးရခက်ကြီးပဲ။ အရွယ်ကအစ အကောင်းဆုံး အနေအထားမှာ။


ပြင်သစ်က ကမ္ဘာ့ဖလားမှာ တိုက်စစ်ကောင်း မရှိတတ်ဘူး။ အရွယ်၊ အတွေ့ အကြုံ၊ ခြေစွမ်း အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့တဲ့ ဟင်နရီတို့တောင် တောင်ကိုရီးယားနဲ့ ဂျပန်ကနေ သွေးသံရဲရဲပြန်လာ၊ ဂိုး မသွင်း ခဲ့ရဘူး။ ဘင်ဇီမာ ဘယ်လိုလာမလဲ။ မရေရာလှဘူး။ ပြင်သစ်ကို ကယ်နိုင်မှာက ဘင်ဇီမာထက် ပေါ့ဂဘာ(Paul Pogba) ဖြစ်ဖို့များတယ်။ ကမ္ဘာ့ဖလားတွေမှာ ပြင်သစ်က ကွင်းလယ် ဟီးရိုးတွေ ထွက်လာတတ်လို့ပါ။ တချို့ကလည်း ဂျာမန်က ကျရိပ်၊ ပြင်သစ်က တက်ရိပ်လို့ ရှေ့ပွဲတွေကို အကဲခတ်ပြီး သုံးသပ်ကြတယ်။
ဒါပေမဲ့ ဂျူဗီက လူမည်းလေး ပေါ့ဂဘာ (Paul Pogba)ဇီဒန်းမဖြစ်လာရင် သရေ (သို့) အရှုံးလို့ပဲ ထင်တယ်။
တစ်ခုရှိတယ် ဇီဒန်းကိုယ်တိုင် ဂျူဗီက ကွင်းလယ်ဗိုလ်မှုးချုပ်ကြီးအနေနဲ့ ဘရာဇီး အသည်းကို မွမွခွဲခဲ့တာလေ။
ဒါ့ကြောင့် ပေါ့ဂဘာကိုလည်း လျှော့မတွက်ရဲဘူး။

သူငယ်တန်းဖတ်စာ(၂)


လူနှင့်ဘုန်းကြီး အသားအရေချင်း မတူကြပါ။ လူများက ဖြူချင်ဖြူ မည်းချင်မည်း ပခုံးနှစ်ဖက် အရောင်တူနေတတ်ပါသည်။
ဘုန်းကြီးအစစ်ဆိုလျင် အမြဲတမ်းဖုံးထားရသည့် လက်ဝဲဖက်ပခုံးက ဖြူနေတတ်ပြီး အမြဲလိုလို ဖော်ထားရသည့် ညာဖက်ပခုံးနှင့် လည်တိုင်တို့က ကွက်၍ညိုနေတတ်ပါသည်။ နေပူသည့် အထက်မြန်မာပြည်လိုနေရာမျိုးမှာ ပခုံးနှစ်ဖက်အရောင်က ပိုကွဲနေနိုင်ပါသည်။
ဤသို့အားဖြင့် ပခုံးကိုကြည့်ပြီး ဘုန်းကြီးနှင့်လူ ခွဲခွဲခြားခြားသိနိုင်ပါသည်။
(ကလေးများ သူငယ်တန်းဖတ်စာ ဖတ်သလို အသံစာစာလေးနဲ့ ဖတ်ကြည့် ကြစေချင်ပါသည်)