ဝါဆို၊ ပထဝီအနေအထား၊ ရာသီဥတု၊ ပြက္ခဒိန်နှင့် အဓိပ္ပါယ်ပြန်ဆိုမှုများ

မိမိတို့ လှေနံဓားထစ် အယူအဆ များကို အားကောင်းကောင်းဖြင့် ရိုက်ဖွင့်ပေးလိုက်သော ဆရာကြီး ဦးဌေးအောင်၏ ကျေးဇူးတရားတို့ကို ဤဆောင်းပါးဖြင့် မှတ်တမ်း ပြုပါ၏။

ဤဆောင်းပါးအောက်၌ ပထမဆုံး ရှင်းရမည့်ကိစ္စသည် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ထေရဝါဒ မြန်မာ (စသည်) ယဉ်ကျေးမှုတို့ပင် ဖြစ်သည်။ အများအားဖြင့် ရောထွေးနေတတ်ကြ၏။ အထူးသဖြင့် ပြည်ပအတွေ့အကြုံ မရှိသော၊ သူတစ်ပါး ယဉ်ကျေးမှုကို မလေ့လာမိသော သူတို့၌ ပို၍ ရောထွေးယှက်တင် ဖြစ်စေ၏။ မြန်မာတို့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းအားလုံးကို “ထေရဝါဒ” ဟူသော ခေါင်းစဉ်အောက် စုပြုံထည့်တတ်ကြ၏။ မမှန်ပါ။ တချို့မှန်၍ တချို့ မမှန်ပါ။

ဤ၌ ဥပမာ ထုတ်ပြပါမည်။

၁။ ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတော်တိုင်း ဝါဆိုဝါကပ်ကြသည်။ (ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ ထေရဝါဒနိုင်ငံတိုင်း လက်ခံကျင့်သုံးကြ၏ဟူလို)
၂။ နှစ်ဝါထပ်သော နှစ်များ၌ မြန်မာရဟန်းတော်တို့က ဒုတိယဝါ၌ ဝါဆိုဝါကပ်တော် မူကြ၏။ (ထေရဝါဒ၊ မြန်မာယဉ်ကျေးမှု)
၃။ နှစ်ဝါထပ်သော နှစ်များ၌ သီရိလင်္ကာရဟန်းတော်များက မိမိတို့ ကျောင်းတိုက် နှစ်ခြိုက်ရာ ပထမဝါ (သို့) ဒုတိယဝါ၌ ဝါကပ်ကြ၏။ (ထေရဝါဒ၊ သီရိလင်္ကာယဉ်ကျေးမှု)

အတန်ငယ် ရှင်းပြီဟု ထင်၏။ ဝါဆိုဝါကပ်ခြင်းကို တညီတညွှတ်တည်း လက်ခံကျင့်သုံးကြသဖြင့် “ထေရဝါဒ” ဟု သုံးက ပြီးပြည့်စုံပြီး မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းစသော ဝိသေသနတို့ မလိုတော့ပေ။ သို့သော် နှစ်ဝါထပ်သော နှစ်များ၌ မည်သည့်လ ဝါကပ်မည် ဆိုသည်ကမူ ထေရဝါဒနိုင်ငံများမှာပင် မတူညီသော အဓိပ္ပါယ်ပြန်ဆိုချက်များ ကွဲနေတော့သည်။ ထိုအခါ မြန်မာ၊ သီရိလင်္ကာစသော ဝိသေသနပါမှသာ ပြည့်စုံလေတော့သည်။ ဤအချက်ကို မသိက ထေရဝါဒရဟန်းတော်တိုင်း ဒုတိယဝါ၌ ဝါကပ်သည်ဟု ထင်မှတ်မှားနိုင်သည်။

နိုင်ငံ၊ ဒေသ၊ လူ့အဖွဲ့အစည်းကို အခြေခံပြီး ကွဲလွဲနေသော (မတူညီသော ဟု ဆိုလိုသည်၊ မှားယွင်းသည်ဟု မဆိုလို) ယဉ်ကျေးမှုတို့ကို ထပ်ပြပါဦးမည်။

၁။ ထေရဝါဒဗုဒ္ဓဘာသာတိုင်း ညချမ်း၌ ဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူကြသည်။ (ထေရဝါဒ ယဉ်ကျေးမှု)
၂။ သီရိလင်္ကာထေရဝါဒ ဗုဒ္ဓဘာသာတို့က ညချမ်း၌ ပန်း၊ ရေချမ်း၊ ဆီးမီး သာမက ကွမ်းရွက်နှင့် ကွမ်းသီးတို့ကိုပါ ကပ်လှူကြသည်။ (ထေရဝါဒ၊ သီရိလင်္ကာယဉ်ကျေးမှု)
၃။ ရုရှားဗုဒ္ဓဘာသာများဆိုလျှင် ညချမ်းအခါ၌ ဗော်(ဒ်)ကာ အရက်များကိုပင် ကပ်လှူကြသည်ဟု ဆို၏။ (ရုရှားဗုဒ္ဓဘာသာ ယဉ်ကျေးမှု)

ဤ၌ မေးရန်ရှိလာ၏။ အဆုံးအမတစ်ခုတည်း ဖြစ်ပါလျှက် ဓလေ့ထုံးတမ်းတို့ ဘာ့ကြောင့် ကွဲနေရသနည်း။

(image from buddhaphoto.net)

ဤကိစ္စမျိုး၌ သူမှား၊ ငါမှန် ငြင်းခုံနေလျှင် ပြီးမည် မဟုတ်တော့။ ကိုယ့်နိုင်ငံမှာ ဝိနည်းပိဋကတ်ရှိသလို ထေရဝါဒ (၅) နိုင်ငံလုံးမှာလည်း (အခြားထေရဝါဒ နိုင်ငံများမှာလည်း) ဝိနည်းပိဋကတ် ရှိသည်။ ကိုယ့်နိုင်ငံမှာ ပညာတတ် ရဟန်းတော်များ ရှိသလို သူတို့နိုင်ငံများမှာလည်း ပညာတတ် ရဟန်းတော်များ ရှိသည်။ ကိုယ်က အထောက်အထားများဖြင့် ငြင်းဆိုလျှင် သူတို့ကလည်း အထောက်အထားများဖြင့် ပြန်လည် ငြင်းဆိုမည် ဖြစ်သည်။ သို့ဖြစ်လျှင် ကမ္ဘာ၌ လူအနည်းစုသာ ယုံကြည်ကိုးကွယ်နေသည့် ထေရဝါဒယဉ်ကျေးမှုကို ငါးစိတ် ထပ်စိတ်ရဦးတော့မလို ဖြစ်သွားတော့မည်။ မစွံတော့။

ဓလေ့ထုံးစံတို့ ကွဲပြားနေရခြင်းသည် နိုင်ငံ၏ သမိုင်း၊ တည်ရာရပ်ဝန်း၊ လူ့အဖွဲ့အစည်းနှင့် အဓိကအားဖြင့် ဝိနည်းတော်ကို အဓိပ္ပါယ်ပြန်ဆိုပုံ မတူညီကြခြင်းကြောင့် ဖြစ်၏။ မည်သို့ဖြစ်စေ သူ့ယဉ်ကျေးမှုကို သဘောမတူညီနိုင်သည် ဆိုစေဦး၊ အပြန်အလှန် နားလည်ခြင်း၊ လေးစားခြင်းသည် ငြင်းခုံနေခြင်းထက် ဘုရားစကားနှင့် ပို၍ နီးကပ်ပါသည်။

ဤ၌ အဓိက ဆွေးနွေးလိုသော အချက်သည် ဝါကပ်ခြင်း၊ ဝါတွင်းကာလ၊ နိုင်ငံ၏ ရာသီဥတုစသည်တို့ ဖြစ်သည်။ ဤဆွေးနွေးချက်များသည် ကိုယ်ပိုင်အယူအဆ မဟုတ်၊ မန္တလေး သာသနာ့တက္ကသိုလ်တက်စဉ်က ဆရာကြီးဦးဋ္ဌေးအောင် (မိုးဇလ) ၏ လက်ချာများကို ပြန်လည်နှလုံးသွင်းရင်း ဆွေးနွေးသော ဆောင်းပါးသာ ဖြစ်သည်။

ဝါတွင်းဟူသည် ပါဠိလို ဝဿ၊ မြန်မာလို မိုးများသောကာလ ဖြစ်သည်။ ဝါတွင်းကာလ သုံးလကြာ၏။ ဤ၌ ဆရာကြီးက ပထမဆုံး မေးခွန်းမေးသည်။ မြန်မာပြည်၌ မိုးရာသီ ဘယ်နှစ်လ ရှိသနည်း။ သုံးလလား၊ သုံးလထက် ပိုသလား။ သုံးလထက် ပိုပါသည်။ အကြမ်းဖျင်းအားဖြင့် ငါးလခန့် ရှိပေလိမ့်မည်။

သို့ဖြစ်လျှင် အဘယ့်ကြောင့် ဝါတွင်းသုံးလသာ ဖြစ်နေရသနည်း။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဆရာကြီး အကျွမ်းကျင်ဆုံးဘာသာရပ်ဟုဆိုက ရကောင်း ရနိုင်ပါလိမ့်မည်။ ဆရာကြီးက သိပ္ပံနည်းကျ ရှင်းသည်။

ဘုရားပွင့်ရာ မဇ္ဈိမဒေသ၌ မိုးတွင်းက သုံးလသာ ရှိသည်။ ထို့ကြောင့် ဝါတွင်းပညတ်ရာ၌လည်း သုံးလဟုသာ သက်မှတ်သည်။
ဆရာကြီး၏ မိုးဇလပညာရပ်အရ မုတ်သုန်လေသည် မြန်မာပြည်ကို အရင်ရောက်၏။ ထို့ကြောင့် တစ်လခန့် ကြို၍ မိုးဦးကျ၏။ ထိုမုတ်သုန်က မြန်မာပြည်ကို ဖြတ်ပြီး အိန္ဒိယထဲသို့ ဝင်သွားသည်။ တစ်လခန့် ကြာသော် ထိုမုတ်သုန်လေ မဇ္ဈိမဒေသကို ရောက်ပြီး မိုးရာသီလည်း စတော့သည်။

မုတ်သုန်လေ ပြန်လည်ဆုတ်ရာ၌လည်း ဤနည်းအတိုင်းပင်။ သီတင်းကျွတ်လခန့်တွင် မုတ်သုန်လေသည် မဇ္ဈိမဒေသမှ စတင် ထွက်ခွာသည်။ ထို့ကြောင့် သီတင်းကျွတ်သည်နှင့် မိုးလည်း ကျွတ်လေတော့၏။ မြန်မာပြည်၌ သီတင်းပင် ကျွတ်သော်လည်း မိုးက မကျွတ်သေး။ အကြောင်းက အိန္ဒိယမှ ဆုတ်ခွာလာခဲ့သော မုတ်သုန်လေက မြန်မာပြည်ထဲ၌ ရှိနေဆဲ ဖြစ်သောကြောင့်ပင်။

သို့ဖြင့်ပင် မြန်မာပြည်၏ မိုးရာသီသည် ယေဘုယျအားဖြင့် နယုန်လမှစ၍ တန်ဆောင်မုန်းလအထိ ငါးလမှ ခြောက်လ၊ ခုနှစ်လအထိ ရှိနိုင်သည်။ သို့သော် မဇ္ဈိမဒေသ၌ကား သုံးလသာ ကြာ၏။ အကယ်၍ ဘုရားရှင် ဝိနည်းတော် ပညတ်ရာဒေသသည် မြန်မာနိုင်ငံမှာ ဖြစ်အံ့၊ ဝါတွင်းကာလသည် သုံးလ မဖြစ်နိုင်၊ ငါးလ ဖြစ်နိုင်ရာသည်ဟု ဆရာကြီးက မှတ်ချက်ပြုသည်။ ပညာရှင်စကားဖြစ်သဖြင့် ဤစကားမျှဖြင့်ပင် ပြီးပြည့်စုံလေပြီ။

ဤသည်တို့ကား ဝိနည်းပါဠိတော်နှင့် ယဉ်ကျေးမှု ကွဲပြားလာရပုံ၏ လက်တွေ့ဆန်သော၊ သိပ္ပံဆန်သော၊ ပညာရှင်ဆန်သော ကောက်ချက်ပင် ဖြစ်ပေတော့သည်။

မန္တလေးစသော မြန်မာပြည်အလယ်ပိုင်း မြို့များမှာဆိုလျှင် ဝါတွင်း၌ ဝါဆိုရမည်ဆို၍သာ ဝါဆိုလိုက်ရသည်။ မိုးခေါင်သော နှစ်များ၌ မိုးဟူ၍ ဖြစ်ဖြစ်မြောက်မြောက် မရွာ။ သို့သော် ဝိနည်းရှိ၍ ဝါဆို လိုက်ရ၏။

သီရိလင်္ကာ၊ စင်္ကာပူစသော ကျွန်းနိုင်ငံများ၌ ရာသီဥတု သက်သက်မှတ်မှတ် မရှိ၊ (၁၂) လလုံးလုံးလို မိုးရွာသည်။ ဤသို့ဆိုလျှင် (၁၂) လလုံးလုံးပဲ ဝါကပ်ရတော့မလို ရှိသည်။ မလိုအပ်။ ဝိနည်း၌ သုံးလဟုသာ ပါ၏။ ထို့ကြောင့် သုံးလသာ ဝါကပ်ကြ၏။ သို့သော် …

ထိုသုံးလကို အဘယ်သို့ သက်မှတ်မည်နည်း။
ဤအချက်ကား နိုင်ငံတို့ အသုံးပြုနေသော ပြက္ခဒိန်နှင့် လုံးဝ သက်ဆိုင်သွားတော့သည်။

ဥပမာအားဖြင့် နှစ်သစ်ကူးသောရက် ဖြစ်သည်။
အိန္ဒိယန်းတမီးလ်များနှင့် ထေရဝါဒငါးနိုင်ငံ၏ ပြက္ခဒိန်တို့သည် တော်တော် ဆင်တူသည်။ ဧပြီလမှာ နှစ်သစ်ကူးကြသည်။ သို့သော် နှစ်ဆန်းသည့်ရက်ကို ရေတွက်ကြရာ၌ ထပ်တူ မရှိတတ်။ ထိုင်းနှင့် သီဟိုဠ်က တူနေတာ များသည်။ မြန်မာက ကွဲနေတတ်သည်။ ပြက္ခဒိန်များအားလုံးသည် “လ” ကို အခြေခံ တွက်ချက်သော လူနာ (Lunar) ပြက္ခဒိန်များ ဖြစ်သဖြင့် လပြည့်လကွယ်စသည်ကို သတ်မှတ်ရာမှာတော့ တစ်ရက်စ၊ နှစ်ရက်စ ကွာဟတတ်သည်မှ လွဲပြီး အများကြီး ကွာဟမနေ၊ ကွာဟ၍လည်း မရ။

ဤ၌ နောက်ဆုံးဝါကပ်၊ ဝါဆိုသည့်လကို ပြန်ကြည့်ကြပါစို့။
မိုးများသောကာလ၌ ဝါကပ်ကြသည်။ ဝါထပ်သောနှစ်များမှာ ဝါတွင်းသုံးလက တိတိကျကျ သက်မှတ်ထားသဖြင့် သဘောထား ကွဲလွဲခြင်း မရှိ။ သို့သော် နှစ်ဝါထပ်၍ ဝါတွင်းလေးလ ဖြစ်နေသော နှစ်များ၌ ဘယ်သုံးလကို ဝါဆိုကြမည်နည်း။ တစ်နေရာနှင့် တစ်နေရာ၊ တစ်မြို့နှင့် တစ်မြို့ မိုးအနည်းအများ မတူနိုင်တော့။ ထိုအခါ မိုးပိုများသော သုံးလကို ရွေးချယ်၍ ဝါကပ်ကြသည် ဆိုပါစို့။

ဝိနည်းတော်က ဘာပြောဦးမည်နည်း။ ဝိနည်းတော်နှင့် ဆန့်ကျင်နေသည်ဟုဆိုရန် ရှိပါဦးမည်လော။ ဤကိစ္စမျိုးသည် အငြင်းပွားနေသင့်သော ကိစ္စမဟုတ်သလို “သာသနာကွယ်လိမ့်မည်” ဟူသော ခပ်ဝါးဝါးစကားကိုလည်း မသုံးစွဲအပ်တော့။

ဤဆောင်းပါး၏ အဓိက ရည်ရွယ်ချက်သည် မတူညီမှုများကို နားလည်ပြီး လေးစားတတ်ရန်သာ ဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာတို့ ကျင့်သုံးနေသော ဓလေ့ထုံးစံများတွင် အချို့ကား အခြားထေရဝါဒနိုင်ငံများနှင့် ညီ၏။ အချို့ကား မညီ။ ထိုမညီသော ဓလေ့ထုံးစံတို့ကို ထေရဝါဒမြန်မာယဉ်ကျေးမှုဟု ဆိုမှသာ ပြည့်စုံမည်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအမည်က ထေရဝါဒဖြစ်သည်။ ကျန်သော ငါးနိုင်ငံနှင့် ညီညွတ်လျှင် ပိုကောင်းသည်။ တိဗက်တန်ဗုဒ္ဓဘာသာဆိုလျှင် တိဗက်နှင့် ညီညွှတ်လျှင် ပြီးပြီ။ သူ့ဗုဒ္ဓဘာသာ အမည်ကပင် တိဗက်တန်ဗုဒ္ဓဘာသာ ဖြစ်နေသောကြောင့် ဖြစ်သည်။
(17/10/2012 14:00)

သီဟနာဒ

ပါဠိနဲ့ အင်္ဂလိပ် ဘယ်လောက်ဆက်စပ်သလဲ


ဘုန်းကြီးစာမေးပွဲ အထိုက်အလျောက်ပြီးတော့ အပြင်စာ ဖတ်ခွင့်၊ သင်ခွင့်ရလာ သည်။ ထိုအခါ နောင်တော်ကြီးတစ်ပါးနဲ့အတူ ဆရာတော်တစ်ပါး သင်ကြားပေး သည့် အင်္ဂလိပ်စာသင်တန်း သွားတက်ကြသည်။ သုံးလပြတ် သင်တန်းပြီးသော် အင်္ဂလိပ် အခြေခံသဒ္ဒါအချို့နှင့် ကတ္တား၊ ကံ ဝါကျများ၊ ဒါရိုက်၊ အင်ဒါရိုက်ဝါကျများ ပြောင်းတတ်လာသည်။ ဆရာဘုန်းတော်ကြီးက အားပေးစကားပြောတော်မူသည်
"အရှင်ဘုရားတို့ အင်္ဂလိပ်က ဆယ်တန်းအဆင့်ရှိသွားပြီ"ဟူသတတ်။

ထို "အရှင်ဘုရားတို့ အင်္ဂလိပ်က ဆယ်တန်းအဆင့်ရှိသွားပြီ"အားပေးစကားက သာသနာ့တက္ကသိုလ် ဒုတိယနှစ်အထိ ထိရောက်မှုရှိဆဲ၊ ဆယ်တန်းကျောင်း သူ၊ကျောင်းသားလေးများကိုတွေ့တိုင်း ငါ့လောက်မတတ်ထင်ဆဲပင်။ ထိုနှစ်မှာပင် သဘောတူလေးပါးတိုင်ပင်ပြီး ဆယ်တန်းဖြေရန် ကျိုးစားကြသည်။ ရဟန်းစာပေနှင့်ဝေးသည့် သင်္ချာနဲ့ သိပ္ပ္ပံဘာသာတွဲများကို အရင် ကျူရှင်ဆရာခေါ် ပြီး ဆရာတော်များမသိအောင် သင်ယူကြသည်။ မြန်မာ၊ သမိုင်းကို မမှုရေးချ မမှု၊ အင်္ဂလိပ်က ဆယ်တန်းအဆင့်ရှိပြီးသား မဟုတ်ပါလား။(ထို အချိန်အထိ ရှိဆဲ)
အမှန်တကယ် ဆယ်တန်းအင်္ဂလိပ်ကို သင်မှ အော် ငါသိထားတာက နှစ်မှတ်ဖိုးပဲ ရှိပါလား(သို့)ဆယ်မှတ်ဖိုး မကျော်ပါလားဟု သိလိုက်ရသည်။ ထိုမှနောက် ဆယ် တန်းကျောင်းသားလေးများကိုတွေ့တိုင်း သူတို့က ငါ့ထက်တတ်ပါလားဟု သဘောပေါက်လိုက်မိတော့သည်။

ထို့နောက် ဘာသာဗေဒကို လေ့လာရ၏။ အင်ဒို ယူရိုပီယံ ဘာသာစကားများ အကြောင်း ကြားသိရ၏။ ပါဠိနဲ့ အင်္ဂလိပ် တူညီမှုအချို့(တော်တော်နည်းပါသည်) ကိုတွေ့လာရ၏။ ဥပမာ မာတာနဲ့ မားသား၊ ဘာတာနဲ့ ဘရားသား၊ နာမနဲ့ နောင်း (နာမ်) စသည်ဆင်တူနေမှုမျိုးတို့ဖြစ်ကြသည်။
ထိုအခါ ပါဠိကျွမ်းရင် အင်္ဂလိပ် မခက်တော့ဆိုသည့် အယူအဆက ခေါင်း ထဲရောက်လာပြန်ဘိ၏။ အမှတ်မရှိသည့် သညက္ခန္ဓာ အစုအဝေးပင်။ ဆယ်တန်းနဲ့တက္ကသိုလ်စာမေးပွဲက ရက်ချင်းတိုက်တိုက်နေသဖြင့် မဖြေကြရ၊ တက္ကသိုလ်စာမေးပွဲ နာရီဝက်နောက်ကျခွင့်ပြုဖို့ သွားလျှောက်သော် ခွင့်မပြု၊ လေးမြတ်နိုးရသည့် ပါချုပ်ဆရာတော်က တပည့်ရင်း နာနာထု၊ နာရီဝက်နောက်ကျလျင် တက္ကသိုလ်အပြင်ရောက်ပြီမှတ်ဟု သံဃာ့အသံ(ရာဇသံ မဟုတ်ပါ)ထုတ်တော်မူလေ၏။

သို့ဖြင့် စိတ်ပျက်ပျက်ဖြစ်သွားကာ မဟာဗျူဟာ ပြောင်းလိုက်ရသည်။ ယင်းက ဖရီး အင်္ဂလိပ်စကူးကြီးဖြစ်သည့် မန္တလေးတောင်ပေါ်ကိုတက်ကာ မျက်နှာချိုသော ဖော ရိမ်းနားကြီးများနှင့် စကားပြောခြင်းတည်း။ အစတော့ သူ့စကား ကိုယ်မသိ၊ ကိုယ့်စကား သူမသိ၊ သနားပါဘိ။ သို့ဖြင့် ခေါင်းပေါင်းစ မဝတ်သည့် အမေရိကန် သမ္မတ မစ္စတာဘှုရှ်၏ မိန့်ခွန်းများကို ကျက်၊ မှတ်၊ နားထောင်၊ လိုက်ပြော၊ အသံ သွင်း၊ နားထောင်ကြည့်။ သိလိုက်ရသည် ပါဠိနဲ့ အင်္ဂလိပ်ဆက်စပ်မှုရှိသည်က ဘာမှ မဖြစ်လောက်၊ ကိုယ်သိတဲ့ စကား၊ ဝေါဟာရသုံးစွဲပုံ တူညီနေတာ မတွေ့လိုက်ရ။(အင်္ဂလိပ်က ကမ္ဘာ့ ဘာသာစကားအားလုံးကို မွေးစားသဖြင့် ပါဠိနဲ့သာမဟုတ် အခြားဘာသာစကားများနှင့်လည်း ဆက်စပ်နေသည်ဟု ညီတော်အပေါင်းတို့ သတိချပ်စေလို) ထိုမှနောက် ပါဠိတော်လည်း အင်္ဂလိပ် မတော်ဟု နားလည်လိုက်ရသည်။

တလောလေးကပင် ဆရာထက်နေဝင်း(လတ်တလော လီကွမ်းယုစာအုပ်ကို ဘာသာပြန်ထုတ်ဝေထားသူ) ကျောင်းရောက်လာသည်။ စကားပြောကြသည်၊ (အမှန်မူ အသက် အများကြီး ပိုကြီး၊ အတွေ့အကြုံပိုများသည့် ဆရာက နှစ်နာရီ မိနစ် နှစ်ဆယ်ခန့်ပြောပြီး သီဟနာဒက ရှစ်မိနစ်ခွဲခန့်သာ ပြောလိုက်ရပါသည်။)
ထို ရှစ်မိနစ်ခွဲခန့်တွင်
"ဘုန်းကြီးတွေက ပါဠိတတ်တော့ အင်္ဂလိပ်စာသင်ရင် ပို လွယ်တယ်လို့ ထင်တယ်ဘုရား"
"မဆိုစလောက်လေးပါ ဒကာကြီး၊ ပါဠိတတ်လို့ အင်္ဂလိပ်လွယ်ရင် မြန်မာပြည်မှာ အင်္ဂလိပ်လို မွှေနေတဲ့ ရဟန်းတွေ အများကြီး ရှိနေသင့်တယ်။ အခုဟာက ရှိမယ်၊ ရာခိုင်နှုန်းအရ သိပ်နည်းတယ်။ ပါဠိပိုင်ရင် နည်းနည်းတော့ ပိုလွယ်မယ်၊ (ဘာသာပြန်ရင် ဝေါဟာရ အသာစီးရမယ်)။ ဒါကလည်း ဘာသာဗေဒ သဘော အတိုင်းပါ၊ ဘာသာတစ်ခုကို တကယ်တတ်ရင် နောက်ဘာသာတစ်ခုကို သင်တဲ့အခါ ပိုလွယ်သွားတာလောက်ပါပဲ" ဟု ပြောလိုက်မိသည်။



အမှန်မူ ပါဠိတတ်တော့ အင်္ဂလိပ်စာသင်ရင် အများကြီး ပို လွယ်တယ်ဆိုသည့် အယူအဆသည် ရန်ကုန်လမ်း၊ မန္တလေးလမ်း၊ မောလမြိုင်လမ်းဆိုတာတွေရှိလို့ စင်္ကာပူ တိုးတက်သွားတာဆိုသည့် စကားအတိုင်းပဲ ဖြစ်ပါသည်။ စင်္ကာပူမှာ ကမ္ဘာ့မြို့တော်များစွာရဲ့ အမည်နဲ့လမ်းတွေ ရိုက်သတ်လို့ မကုန်ပါ ဟု.. ဆိုချင်ပါကြောင်း အင်္ဂလိပ်စာသင်နေကြသည့် ညီတော်(နောင်တော်များ မပါပါ) အပေါင်း တို့......
(မိမိကား ပါဠိမတတ်လှသလို အင်္ဂလိပ်လည်း လုံးခြာလည်ဆဲမို့ ဖျူးချားဂျင် နရေးရှင်းအတွက် အားကိုးတကြီး ရေးလိုက်မိပါသည်)

မရယ်နဲ့ (ဘိုးဘိုးကြီး တစ်နေ့တာ လုပ်ငန်း)

ဒီနေ့ နေလယ်စာလေး စားပြီးရင် ပထမဆုံးလုပ်ဖို့ စီစဉ်ထားတာက ကား ရေဆေးဖို့ပဲ။ ကားကို ရေဆေးဖို့အသွား စားပွဲပေါ်မှာ စာတိုက် ကရောက်ရောက်လာတဲ့ ကြောငြာတွေ၊ ဘာမှလုပ်မရတဲ့စာတွေနဲ့ ရှုပ်နေတာ သတိထားမိပြန်ရော။ တချို့က စာပြန်ဖို့၊ တချို့ကအမှိုက်ပုံးထဲထည့်ဖို့ပေါ့။ ကားသော့ကို စား ပွဲပေါ်ခဏတင်ထားရင်း ကား ရေမဆေးခင် ဒီ အမှိုက်ေ တွကို အရင်ရှင်းမယ်လို့ လုပ်လိုက်တော့ စာပွဲဘေးက စက္ကူပုံးမှာ အမှိုက်တွေ ပြည့်နေပြီဆိုတာ သိလိုက်ရပြန်တယ်။ ဒါနဲ့ ပြန်ရမယ့်စာကို စားပွဲပေါ်တင်ပြီး အမှိုက်ပုံးပဲ အရင်သွန်မယ်ဆိုပြီးသွားနေတုံး ပေးစရာ ရှိနေတဲ့ ဘေလ်တွေကို သတိရမိပြန်ရော။ ဒါဆိုရင်တော့ အိမ်နားက စာတိုက် ကိုသွား ပြန်စရာရှိတဲ့စာကိုပြန်၊ ပေးစရာရှိတဲ့ ဘေလ်ကို အရင်သွားပေးလိုက် မှ အဆင်ပြေမယ်။ ပေးမယ်ဆိုကာမှာ ချက်လက်မှတ်စာအုပ်ထဲမှာတစ်ရွက်ပဲ ကျန်တော့တယ်ဆိုတာ သတိထားကြည့်လိုက်မိပြန်တယ်။

ချက်လက်မှတ်စာအုပ်အသစ်က စာကြည့်ခန်းထဲက စားပွဲအံဆွဲထဲမှာထား တာ၊ ဒါနဲ့ စာကြည့်ခန်းထဲရောက်တော့ သောက်လက်စ ဖျော်ရည်ဗူး နဲ့ ရေ သန့်ဗူးတွေကိုတွေ့မိတယ်။ မဖြစ်ဘူး၊ ဒါတွေကို ဘေးကပ်ထားမှ၊ တော်ကြာ ဝင်တိုက်မိရင် ဖိတ်ကုန်ဦးမယ်။ ကောက်ကိုင်လိုက်မိတယ်ဆိုရင်ပဲ ဖျော် ရည်တွေက မအေးတော့ဘူး။ သောက်ချင်တဲ့အခါ အေးအေးလေးသောက် လို့ရအောင် မီးဖိုထဲက ရေခဲသေတ္တာထဲ အရင်ထည့်ထားဦးမှ။ ဖျော်ရည်ဗူး နဲ့ ရေသန့်ဗူးတွေနဲ့အတူ မီးဖိုထဲကသွား ရေမလောင်းမိတာ ကြာနေပြီမို့ ညှိုးနေတဲ့ ပန်းအိုးလေးတွေကို တွေ့ရပြန်တယ်။



မမေ့ခင် ရေလောင်းပေးဦးမှရမယ်၊ တော်ကြာ သေကုန်လိမ့်မယ်။ ဒါနဲ့ ဖျော်ရည်ဗူးနဲ့ ရေသန့်ဗူးတွေကို ထောင့်က ခုံပေါ်မှာတင်မယ်လုပ်တော့ အဲဒီခုံပေါ်မှာ ကျနော့် စာကြည့်မျက်မှန်ရောက်နေတာကို တွေ့လိုက်ရတယ်။ မနေ့က တစ်နေ့လုံး ရှာလို့မတွေ့ခဲ့တဲ မျက်မှန်ပေါ့။ ဒီမျက်မှန်ကို စာကြည့်ခန်း ထဲ သွားထားရမယ်။

ဒါပေမဲ့ ပန်းပင်ရေလောင်းတာကိုပဲ အရင်လုပ်လိုက်အုံးမယ်လေ။ ရေပုံးကိုယူ၊ မီးဖိုထဲက ရေပိုက်ခေါင်းကနေ ရေခံနေတုံး ဘုရား ဘုရား တီဗွီ ရီမုတ်ကွန်ထ ရိုးက ဘယ်လိုလုပ် မီးဖိုထဲက ထမင်းစားစာပွဲပေါ် ရောက်နေပါလိမ့်။ ကလေးတစ်ယောက်ယောက်မေ့ချန်ထားခဲ့တာနေမှာ။ ည တိဖွီကြည့်မှ ရှာကြ လိမ့်အုံးမယ်၊ ဘယ်သူမှလည်း မီးဖိုထဲက ထမင်းစားစာပွဲပေါ်မှာလို့ ထင်မှာ မ ဟုတ်ဘူး။ ဒီ ရီမုတ်ကွန်ထရိုးကိုလည်း ဧည့်ခန်းက တီဗွီရှေ့ ပြန်ထားပေး ထားဦးမှ။
ဒါပေမဲ့ ပန်းအိုးလေးတွေကိုပဲ ရေအရင်လောင်းမယ်ဆိုပြီး ရီမုတ်ကွန်ထရိုး ကတစ်ဖက် ရေပုံးကတစ်ဖက်ဆွဲအသွား ရေတွေက ကြမ်းပြင်ပေါ် ဖိတ်ကျ ကုန်ပြန်ရော၊ ဒါနဲ့ ရီမုတ်ကွန်ထရိုးကို စားပွဲပေါ်ခဏတင်ထားပြီး ဖိတ်သွား တဲ့ရေတွေကို သုတ်နေလိုက်တယ်။ မသုတ်လို့ မဖြစ်ဘူး ဒါပေါ်နင်းမိလို့ ကလေးတွေ ချော်လဲကုန်မှ အခက်။
ရေသုတ်အပြီး ဒီနေ့ ဘာတွေလုပ်ဖို့ စီစဉ် ထားပါလိမ်ဆိုပြီး အခန်းထဲ ပြန်အ ကြည့်
၁။ ကားလည်းရေမဆေးလိုက်ရ
၂။ ပေးစရာ ဘေလ်တွေလည်း မပေးလိုက်ရ
၃။ အိမ်ထောင့် ခုံပေါ်က ဖျော်ရည်ဗူးနဲ့ ရေသန့်ဗူးတွေလည်း အရင်အတိုင်း ပူနွေးနွေး
၎။ ပန်းပင်လည်း ရေမလောင်းလိုက်ရ
၅။ ချက်လက်မှတ်စာအုပ်ထဲမှာလည်း ချက် တစ်ရွက်ပဲကျန်ဆဲ
၆။ ရီမုတ်ကွန်ထရိုးလည်း ဘယ်ချထားလိုက်မိမှန်း မသိတော့
၇။ စာကြည့်မျက်မှန်လည်း ရှာလို့မတွေ့
၈။ ကားသော့လည်း ဘယ်ပေါ်တင်ခဲ့မှန်း မမှတ်မိတော့။ ဒီနေ့တော့ မိုးချုပ်သွားပြီ။
မရယ်နဲ့ နော်။ ခင်ဗျားတို့ ဝဋ်လည်လိမ့်မယ်။

13/07/2013

အလွန့် အလွန် အလွန့် အလွန် အလွန်ချစ်ကြသူများ


၁။ သူတို့သည် သူတို့ဘာသာတရားကို ချစ်ကြပါသည်၊ ထို့ကြောင့် သူများနှင့် ယှဉ်လျင် အရာရာအောက်ကျနေသည့် ဘာသာတရားတန်ဖိုးကို မြှင့်တင်ရန် လူငယ်အများဖြင့် အဖွဲ့တွေ ဖွဲ့၊ အချင်းချင်း ကွန်ယက်တွေ ချည်၊ တညီတညွတ် ရှိလာခဲ့ကြသည်။

၂။ သူတို့သည် သူတို့ဘာသာတရားကို (အလွန်)ချစ်ကြပါသည်၊ ထို့ကြောင့် ဘာသာနှင့်လူမျိုးအတွက် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စများမှာ အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည်။ ကမ္ဘာကပင် သူ့ထက်ငါ နောက်ကျမှာ စိုးသည့်အလား သာဓုအမြန် ခေါ်ကြရသည်။

၃။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန်)ချစ်ကြပါသည်၊ ထို့ကြောင့် သူတို့နဲ့ အယူမတူသူသူများကို မတူ မတန်သလိုထင်လာကြသည်။ ထို့နောက် တဖြည်းဖြည်း တိုက်ခိုက်ပြောဆိုလာကြသည်။ (လွန်စပြု)

၎။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန် အလွန်)ချစ်ကြပါသည်၊ ထိုကြောင့် ဘာသာမတူသူများကိုသတ်လျင် အပြစ်မရှိဟုယူဆပြီး သတ်ဖြတ် ကြသည်။ မဟုတ်မမှန်၊ မြေပေါ် မြေအောက်တော်လှန်ရေးတွေ လုပ်လာကြ သည်။(အတော်လွန်စပြု)

၅။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန် အလွန့် အလွန်) ချစ်ကြပါ သည်၊ ထို့ကြောင့် သူတို့လို အလွန့် အလွန် အလွန့် အလွန်မချစ်ကြသည့် ဘာသာ တူတွေကိုပင် အားမလို အားမရဖြစ်လာကြသည်၊ အပြစ်တင် ဝေဖန်လာကြသည်။ တော်လှန်လာကြသည်။ (အတော့် အတော် လွန်စပြု)

၆။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန် အလွန့် အလွန် အလွန်) ချစ်ကြပါသည်၊ ထို့ကြောင့် သူတို့စိတ်တိုင်းကျ ပြုမူနိုင်အောင် ဘာသာရေးနိုင် ငံတော်ကြီး တည်ထောင်လာကြသည်။(အတော့် အတော် အတော် လွန်စပြု)

သူတို့ကို အစွန်းရောက်အကြမ်းဖက်သမားတွေဟုခေါ်လျင် မှားပါသည်၊ အမှန်မူ သူတို့သည် သူတို့ဘာသာတရားကို အလွန့် အလွန် အလွန့် အလွန့် အလွန် ချစ်ကြသူများသာ ဖြစ်ကြပါသည်။
ထိုသူတို့သည် ဂျီဟတ်တွေဖြစ်သည်ဟုဆိုလျင်..........
ထိုလမ်းစဉ်သည် အလွန့် အလွန် အလွန့် အလွန့် အလွန်ချစ်ကြသူများ၏ လမ်းစဉ် ဆိုလျင်..............
ထိုအဖွဲ့သည် ပညာတတ်လူကြီးများ ဦးဆောင်သည့် အသေခံ လူငယ်များတပ်ဖွဲ့ ဟုဆိုလျင်.....
သူတို့မြင်သည့် သူတို့ပုံရိပ်သည် ဘာသာရေး လူစွမ်းကောင်းများ၊ သေရဲသတ်ရဲ သူများသာ ဖြစ်ပါသည်။

အိုင်ကျူ ၂ အီးကျူ ၄(ပင်နယ်တီအဆုံးအဖြတ်)


က။ ။ မင်းတို့အထဲမှာ ဘယ်အကောင်က ငါနဲ့ အိုင်ကျူပြိုင်ရဲလို့လဲ၊ ပြိုင်ရဲတဲ့ကောင် ထွက်ခဲ့လေ"

ခ။ ။ လုပ်မနေပါနဲ့ကွာ၊ မင်းနဲ့ အိုင်ကျူယှဉ်နိုင်တဲ့ကောင် တို့အထဲမှာ မရှိပါဘူး။ ဒါ့ကြောင့် အားလုံးငြိမ်နေကြတာပေါ့။

က။ ။ အေးလေကွာ၊ မယှဉ်ရဲရင်လည်း ငြိမ်ငြိမ်နေပေါ့။ မင်း မသိလို့။ ဟိုကောင်က တမှောင့်ရယ်၊ တောင်ပြောမြောက်ပြောနဲ့။

ခ။ ။ ထားလိုက်စမ်းပါကွာ။ ဒါနဲ့ ညက နယ်သာလန်နဲ့အာဂျင်တီးနား ဘောလုံးပွဲ ကြည့်နေလို့ ဆရာမ အိမ်စာပေးလိုက်တဲ့သင်္ချာတွေ မတွက်ရသေးဘူးကွာ။ မင်း တွက်ပြီးရင် ငါ့ပြစမ်းပါ။

က။ ။ ငါလည်း မတွက်ရသေးဘူး။

ခ။ ။ မတွက်ရသေးလဲ မင်းအိုင်ကျူနဲ့က မခက်ပါဘူးကွာ၊ လုပ်ပါဟ၊ နို့မို့ ငါတို့နှစ်ယောက်စလုံး ကြိမ်ဒဏ်ထိနေဦးမယ်။ မင်းသာ နာရီဝက်အတွင်း ပြီးအောင်တွက်ထား။ ဟိုကောင်တွေ တစ်နာရီကျော်အောင်တွက်ယူရမယ့် ပုစ္ဆာတွေကို မင်း နာရီဝက်အတွင်း ပြီးအောင် တွက်နိုင်တယ်ဆိုတာ ငါ သွားပြောမယ်။

က။ ။ လုပ်မနေနဲ့ ဟေ့ကောင်၊ မိနစ် ၂၀၊ မိနစ် ၂၀ လို့ပြောလိုက်။

နောက် နှစ်ပေါင်း ၂၀ လောက်ကြာပြီး သူတို့လေးတွေ အရွယ်ရောက်တော့
အီးကျူသိပ်ကောင်းပြီး အိုင်ကျူလည်း (က)လောက်မမြင့်ပေမဲ့ အထိုက် အလျောက်မြင့်တဲ့ (ခ) လေးက ကုမ္ပဏီကြီးတစ်ခုမှာ ဘော့စ်ဖြစ်သွားတယ်။
အိုင်ကျူ သိပ်ကောင်းပြီး အီးကျူ နည်းရှာတဲ့ မစ္စတာ (က) ခမျာကတော့ မစ္စတာ (ခ) ရဲ့ ကုမ္ပဏီ၊ အရောင်းမြှင့်တင်ရေး လေ့လာမှု မဟာဗျူဟာဌာနမှာ အရာရှိ ကြီး ဖြစ်သွားသတဲ့။ သူက သခ်ာၤေတာ္တယ္မဟုတ္လား။ တွက်နိုင်တယ်လေ။

Sneijder has been very, very quiet thus far. We were at 5-0 this time last night.(Yahoo)

"Siete, siete!" chant the Argentina fans. That means "seven", in case you didn't know. (Euro Sport)

 Don't cry for me Argentina - Madonna



Máxima Dilemma


ရွှေခြံရေ....
ဒီည ဘယ်အသင်းကို အားပေးရမလဲနဲ့ပတ်သက်လို့ ဝေခွဲရအခက်ဆုံး ပုဂ္ဂိုလ် ကတော့ ဟော်လန်ရဲ့ တော်ဝင်မိဖုရား Máxima ပါပဲ။ ဒါကြောင့် ဟော်လန်နဲ့ အာဂျင်တီးနား ပရိသတ်တွေကြားမှာ ရေပန်းစားနေတာက Máxima Dilemma တဲ့။ သူမက ဟော်လန်ဘုရင်ရဲ့ တော်ဝင်မိဖုရားဖြစ်နေသလို သူမရဲ့ မွေးရပ်မြေ က မက်စီတို့ အာဂျင်တီးနားဖြစ်နေဆိုပဲ။
ဒီတော့ သူမကတော့ လင့်ဖက်လိုက်တော့ မောင်ကနာ၊ မောင့်ဖက်လိုက်တော့ လင်ကနာမို့ ကြားနေမယ့်သဘောပါပဲ။


ဒီ နှစ်သင်းရဲ့ အနေအထားကလည်း ကလီးယား ဖေးဘရိတ် မရှိလှပါဘူး။ ဟော် လန်က ကမ္ဘာ့ဖလားဇာတ်ခုံပေါ်ကို "ချန်ပီယံဆိုတာ ဘယ်အကောင်လဲကွ" ဆိုတဲ့ အချိုးနဲ့ မီးကုန်ယမ်းကုန်ကြမ်း ဝင်လာခဲ့ပြီး စပိန်ရဲ့ ရင်ဝကို ပစ်ထည့်လိုက်ပေမဲ့ တဖြည်းဖြည်းနဲ့ မီးတွေယမ်းတွေကုန် သွားသလိုလိုပဲ။ ဒါပေမဲ့ သူ့မှာ ရော်ဘင်နဲ့ ရှနိုင်ဒါရှိနေတယ်(ဗန်ပါစီကို သိပ်အမှတ် မပေးမိဘူး)။ အထူးသဖြင့် အကောင် ကြီးကြိုက် ရှနိုင်ဒါရဲ့ခြေက အခုမှ တက်ရိပ်သမ်းလာသလားလို့။

အာဂျင်တီးနားက မက်စီ ရာနှုန်းပြည့်ရှိနေပေမဲ့ ဒီ မာရီးယား မရှိတဲ့ မက်စီဟာ ဂျရတ်နဲ့ဝေးသွားတဲ့ ဖနန်ဒို တောရက်စ်များ ဖြစ်နေမလား။ ဘယ်သူမှမရှိလည်းရတယ်ဆိုတဲ့ လဲဂျင့်ကြီး မာရာဒိုနာပဲ ဖြစ်လာမလား။ အဂွေးရိုး ပြန်ဝင်လာလို့ အချိန်ပြည့် မကစားနိုင်သေးဘူးဆိုရင်တောင် တစ်တပ် တစ်အားရှိမှာတော့ အမှန်ပဲ။ တကယ်က ဘရာဇီးထက် အာဂျင်တီးနား ကစား ဟန်ကို ပိုပြီး ခံတွင်းတွေမိတယ်။ ဒီအတိုင်းဆို အာဂျင်တီးနားက ထိုင်မယ် လို့ တွေးမိတုံးမှာ............

ပြိုကျလာမယ့် ဗုံသံစွဲပရိသတ်က ဟော်လန်ဖက်မှာ ရှိနေလိမ့်မယ်။ သူတို့ ထွက်ရ လို့ နားကြည်းခံခက်ဖြစ်ချိန် ခါးခါးတူးတူး အိမ်နီးချင်းကြီး ဖလားမသွားရင် ဆမ် ဘာတွေ ပိုပြီး ယူကြုံးမရ ဖြစ်နေကြမှာ။ ဒီတော့ ဒီညတော့ ဟော်လန်ကို ရင်ဖွင့် အားပေးကြလိမ့်မယ်။
"ဒီတစ်ညတော့ မင်းညဖြစ်ပါစေ" ပေါ့။
အဲသလိုတွေလေ။ ဒါ့ကြောင့် အမေရိကတိုက်မှာ သွားပြီးသောင်းကြမ်းတဲ့ ဥရောပဘူလီ ဗိုလ်လုပွဲများ ဖြစ်နေမလား????။

ဘာပဲဆိုဆို ကိုယ်တိုင်လည်း Máxima Dilemma ခံစားရပါတယ်။ မရွေးရဲ ဘူးလေ။ ကြားနေလိုက်မယ်။
ဒီလို မရဘူး။ မဖြစ်မနေ ရွေးကိုရွေးရမယ်လို့ ဓားမိုးပြီး အရွေးခိုင်းတာမျိုး ဆိုရင်တော့
ကဝေမကြီး မက်ဒေါနားရဲ့"Don't cry for me Argentina" သီချင်းကို ပဲ ကောက်ဆိုပြလိုက်မယ်။ ဘာမှ ပြောမနေတော့ဘူး။

ယနေ့ ဂျီဟတ်မှတ်စု


ပြင်သစ် ပြည်ထဲရေးဝန်ကြီးက အကြမ်းဖက်မှုနဲ့ ဆက်စပ်နေသူတွေကို ခရီး ထွက်ခွင့် ပိတ်ပင်နိုင်ဖို့ ဥပဒေမူကြမ်း တင်ပြ။

ဆီးရီးယား အကြမ်းဖက်မှုမှာ ပြင်သစ်နိုင်ငံသား၊ လူငယ် ရှစ်ရာခန့်ပါဝင်။
ဒီအထဲက ၆၀၀ ခန့်ဟာ ဆီးရီးယားမှာရှိနေ (သို့) ဆီးရီးယားကို သွားရောက် ဖို့ ပြင်ဆင်နေ၊
တစ်ရာခန့်က ဆီးရီးယားမှ ပြင်သစ်သို့ ပြန်လာနေကြ။

အကြမ်းဖက်သမားဦးရေ နှစ်သောင်းသုံးထောင်အနက် ခွန်နှစ်ထောင်ခန့်ဟာ အမေရိကန်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား အကြမ်းဖက်စစ်သားတွေဖြစ်။

ဆီးရီးယားရှိ အကြမ်းဖက်သမားများအတွက် ထောက်ပံ့ရန် အမျိုးသမီး အတွင်း ခံဘောင်းဘီ(ကွန်ဒုံးထဲတွင်) ခိုးဝှက်ယူလာသည့် ယူရိုငွေ နှစ်သောင်း ကို အသက် ၂၇ နှစ်အရွယ်ရှိ Nawel Msaad ဆိုသည့် အမျိုးသမီးထံမှ အင်္ဂလန်၊ ဟီသရူးလေဆိပ်မှာ ဖမ်းဆီးမိ။
REUTERS, AGENCE FRANCE PRESS

ရောင်စဉ် ၇ သွယ် ဂျာမဏီ


ရွှေခြံရေ
ရက်ကော့တွေအားလုံး ကျိုးကုန်ပြီ။
အရက်စက်ဆုံး မိနစ် ၃၀၊ မရှိဘူးသေးတဲ့ ဆီမီး၊ အမြင့်ဆုံးတောင်ထိပ်ကို ရောက်သွားတဲ့ ကလိုဆေး။
ဂျာမဏီရဲ့ အင်ဂျင်ပါဝါက မာစီးဒီးနဲ့ ဘီအမ်ဒဘယ်လျူ တွဲလွှတ်လိုက်ဟန်ပါပဲ။ တားရဲရင် တား။
ဘရာဇီးက ဆီးရီးယားဆန်ဆန် ကစားပြီး ဂျာမဏီက တချိန်က ဘရာဇီးဆန်ဆန် ကစားသွားတယ်။

မျက်လုံးတွေ သိပ်မပွတ်ပါနဲ့ မိတ္ထီလာက ဇော်ကိုကိုလတ်ရာ
အဲဒါ တကယ့်အဖြစ်အမှန်ပါ၊ ဘရာဇီး ၁၊ ဂျာမဏီ ၇။ နိုး။ ပေါချောင်ကောင်း ပင်နယ်တီတွေ မပါပါဘူး။
မင်းက လာစိန်ခေါ်ပေမဲ့ ညက မလောင်းမိကြဘူးနော်၊ အနည်းဆုံး နားရွက်ကို တံတွေးဆွတ်ကြေးလောက်တော့ လောင်းလိုက်သင့်တယ်။ ဒါဆို မင်း နားရွက်လေးတွေကို အားနာစရာ။ ၇ ကြိမ်။
အိမ်ရှင်ဆိုတာတစ်ခုထဲနဲ့ ကလေးကလားဆန်ဆန် ကစားကွက်တွေ ခင်းကျင်းခဲ့ တယ်။ အထူးသဖြင့် အသင်းခေါင်းဆောင် လူဝစ်နဲ့ မာဆယ်လို။
ဂျာမဏီရဲ့ သိပ္ပံဆန်ဆန် တိကျမှု၊ အနုပညာမြောက်မြောက် အတို့အထိ။ မှော် ဆန်ဆန် ကန်သွင်းမှု။
လူတိုင်းပါးစပ်မှာ အိုး မိုင်း ဂေါ့ဒ်။




နေမာက ကံဆိုးလို့ ဒဏ်ရာရ၊ ကံကောင်းလို့ အရှက်မကွဲ။ ဝမ်းနည်းစရာ။ ဂျာမဏီအတွက် ဝမ်းသာပေးလိုက်တယ်။
နေမာစိတ်ဓာတ်နဲ့ ဘရာဇီးကို အားသစ်လောင်းကြမတဲ့။ ရနိုင်ပါ့မလား။ နေမာ၊ ဆစ်လ်ဗာပါလည်း မာစီးဒီးနဲ့ ဘီအမ်ဒဘယ်လျူ တွဲစပ်ပါဝါကို မထိမ်းနိုင်ပါဘူး။
ဒါနဲ့ စကားမစပ် စိတ်ဓာတ်တစ်ခုထဲနဲ့ နိုင်နိုင်ရင် တို့ မြန်မာတွေလည်း အနည်းဆုံး ဆီမီးအဆင့်တော့ ရောက်မှာပေါ့။
ချစ်သမှ ၃၂ ကောဋ္ဌာသစုံအောင်ချစ်ကြတယ်။

အောင်မင်းဇော်က ဂိုးရလာဒ်ကိုပဲကြည့်ရင် ဘရာဇီးပရိသတ်ရဲ့ လက်ခုပ်သံကို ကြားမှာမဟုတ်ဘူး။
ဘောလုံးနဲ့ ရူး၊ ဘောလုံးနဲ့ အသက်ရှူ၊
ဘောလုံးနဲ့ ကော်ဖီကြိတ်၊ ဘောလုံးအတွက် အသက်ပေးမယ့် နေးရှင်းလေ။
သုံးဂိုးလည်းကျော်ရော ဂျာမဏီကို ရိုကျိုး၊ လေးစား၊ လက်မြှောက်စွာ လက်ခုပ် လက်ဝါး ပေးကြတယ်။ သူတို့စိတ်ဓာတ်က ချစ်စရာ။
အိမ်ရှင် ပီတယ်၊ မြို့ကြီးသားဆန်တယ် ဆိုရမလား။ နိုး၊ ဒိုင်ကို မဆဲ၊ ခဲနဲ့မပေါက်သလို ခုံတွေလည်း ပိုနေမြဲ ကျားနေမမြဲပါ။ ကွင်းတွင်း ကွင်းပြင်မှာ မီးလျံတွေ မတွေ့ရဘူး။

တစ်ခု ဆုတောင်းချင်တာက
သမိုင်းဝင် အရှုံး၊
သမိုင်းဝင် ညံ့ဖျင်းမှု၊
သမိုင်းဝင် ခေါင်းမာမှု၊
သမိုင်းဝင် အလွဲ၊
သမိုင်းဝင် မပါးနပ်မှုတွေရဲ့နောက်မှာ ဆူးဆိုက်ဒ်စတဲ့ ဆိုးကျိုးတွေ ပါမလာပါစေနဲ့ ဆိုတာပါပဲ။
နိုး သင့်ခ်ပါ စကော်လာရီ။ လူကြီးမင်း ချဉ်းကပ်ပုံတွေ လွဲမှားနေချက်က လူငယ် စကားနဲ့ဆို ၉ ကျော်တယ်။
အသင်းဟာ ဂျာမဏီကို မမီပေမဲ့ ဒီ အဖြေအထိ ရောက်မလာသင့်ဘူး။
ဦးနှောက်နဲ့လူ ဘယ်သူ ခန့်မှန်းရဲမှာလဲ။ ခွန် တစ်။

တော်ကြဦးစို့ ရွှေခြံရေ ကမ္ဘာ့ဖလားဖက် လှည့်ဦးမယ်


မင်းတို့ ဖတ်မိမလား မသိဘူး။ ဟော်လန်ဂိုးသမား ကရူးလ်(Krul )က ပင်နယ်တီ ကန်မယ့် ကော့စတာရီကာ ဘောလုံးသမားတွေကို မကန်ခင် တိုးတိုးလေး သွားပြီး ကပ်ကပ်ပြောတာတဲ့။
"လုပ်မနေနဲ့ မင်းတို့ ဘယ်ဖက်ကန်မယ်ဆိုတာ ငါသိတယ်" ဆိုတာမျိုးပေါ့။ ဖီဖာဥပဒေက တားမြစ်တာ မရှိလို့နေမှာ။
စိတ်လှည့်စားတာလေ။ ဟိုကောင်တွေ ယောင်တောင်တောင်ဖြစ်ပြီး ရှုံးရော။
အီးကျူ မနိုင်တာလေ။ ပွဲကြီးကစားရင် အီးကျူ နိုင်မှရတယ်ဆိုတဲ့ သင်္ခန်းစာပဲ။ ထားပါတော့ မနက်ဖြန်မှ မက်စီရအောင်......

ယာဟူးက ဘောလုံးသံတမန် မစ္စတာ မော်ရင်ညိုက အိမ်ရှင်နဲ့အတူ ဘရာဇီး ချန်ပီယံဖြစ်မယ် ဆိုလိုက်လို့ ခပ်ငေါက်ငေါက် ကွန်မင့်တွေ တော်တော်တက်လာ တယ်။ အထူးသဖြင့် ဥရောပနဲ့ အာဂျင်တီးနားကဖြစ်မယ်။ အခြားဆရာကြီးတွေအများစုကတော့ နေမာနဲ့ ဆစ်လ်ဗာမပါလို့ ဂျာမဏီ ကို တောင် အပေါ်ကြေးကထားနေကြတယ်။ တကယ်က နေမာပါရင်တောင် အိမ်ရှင်အားသာချက်ကလွဲရင် ဂျာမန်တွေထက် သာတယ်မထင်မိဘူး။
ခါတိုင်း ဘရာဇီး မနိုင်တာက ဂိုးပေါက်လွဲတာတွေကြောင့်လေ။ အခုဟာက ဂိုးရှူး ခွင့်ကို မဖန်တီးနိုင်လို့ အဝေးက ဆော်နေရတာ။ ဒီနည်းနဲ့တော့ အရပ်အရှည် ဆုံးဂျာမန်တွေကို နိုင်ဖို့ခက်မယ်။
ကြပ်မယ်၊ သရေထင်တယ်။ မဖြစ်မနေ ရွေးရရင် ဂျာမန်ကိုရွေးမယ်။
၁-၀ သို့ ၂-၁။

@@@ အချစ်များစွာနဲ့ လက်သီးသုံးချက်@@@


မန္တလေး၊ သာသနာ့တက္ကသိုလ်ဘဝက နောင်တော်ကြီး ဦးခေမာဝံသကို မှတ်မိ ပါသေးသည်။ သူက ဝေါသား၊ မစိုးရိမ်ထွက်၊ အရပ်ပုပု၊ သီဟနာဒက မြင်းမူသား၊ မိုးကောင်းထွက်၊ အရပ်ပိန်ရှည်ရှည်။ ရုပ်ရည်၊ မွေးရပ်မြေ အချိုးအစားဝေးကွာစွာ စိတ်ချင်း နီးစပ်ခဲ့ကြရသည့် ငါးနှစ်တာကာလ။ နှစ်ယောက်စလုံး တစ်နှစ်စီ စာမေး ပွဲ ကျသည်အထိ။

သူနဲ့စတင်ပေါင်းမိသည့် ဇာတ်ကြောင်းက မလှမပ။ အပုတ်ချတာမဟုတ်၊ လိုအပ် လို့ ပြောရဦးမည်။ သူ့ဒကာတစ်ယောက်က ချဲပေါက်ပြီး အလျော်မရ၊ ချဲထိုင်က မလျော်လို့ဆိုပြီး ကျောင်းရောက်လာသည်။ မင်းလည်း ငါနဲ့လိုက်ခဲ့ကွာဆိုလို့ လိုက်သွားသည်။ ချဲဒိုင်က အခြားသူမဟုတ်၊ ကုသိုလ်တော်ဘေး၊ အမှတ် ၆(ထင်တာပဲ၊ ၄ လားမမှတ်မိ) ကားဂိတ်က ထမင်းဆိုင်လင်မယားဖြစ်နေသည်။ အမျိုသမီးက ကလေးနို့တိုက်ရင်း ငိုပြီးတောင်းပန်သည်၊ ယောက်ျားက အတွေ့ မခံ။ ဖြစ်ပုံက လူလည်ကျပြီးမလျော်တာတော့မဟုတ်၊ အစားမှားပြီး ဒိုင်ပွင့်တာဖြစ် သည်။ နောက်ကလိုက်ရသူဆိုတော့ ကိုယ့်ဆရာမီးစဉ်ကိုကြည့် ပြီး ကရမည်ဟု စဉ်းစားနေလိုက်သည်။
အများအားဖြင့် မဟုတ်မခံဝေါသားက တကယ်မလျော်နိုင်တာမှန်းလည်းသိရော ဒါဆိုလည်း တစ်ဝက်လျော်၊ ကျန်တာ ထားလိုက်တော့ဟုဆိုကာ သူ့ဒကာကို တရားချ ပြန်လွှတ်လိုက်သည်။
"အခု မရှိသေးပါ၊ ဖြည်းဖြည်းတော့ ပေးပါမည်"ဟု သူမက ကတိပြုသည်။

Artist Aung Kyaw Htet


တကယ့်အရေးကျတော့ သူက သွေးအေးသားပဲဆိုပြီး သူနဲ့ပဲအများဆုံး တွဲဖြစ်သည်။
နောက်ပြီး သီဟနာဒက အညာသားမို့ ဆင်းရဲသည်။ သူက အောက်သားမို့ သုံးနိုင် စွဲနိုင်သည်။ မနက်ပိုင်းလဘက်ရည်ဆိုင်သွားလျင် သူကပဲ ရှင်းနေရတတ် သည်။ ကျေူးဇူးကြီးပါသည်။ ဒါတင်မက၊ သူ့အခန်းက ဧည့်သည်လည်း အဝင် အထွက်များသည်။
သူ့မှာ တစ်ခု အားနည်းတာက(ကိုယ့် သတ်မှတ်ချက် သက်သက်သာဖြစ်သည်) သူ့အခန်းမှာ ကြက်မွှေးမရှိ၊ ဈေးမကြီးဘဲ မဝယ်ခြင်းဖြစ်သည်။ နှမြောတာမဟုတ် ပါ၊ ဘာမှန်းလည်းမသိပါ။ ကြက်မွှေးဘိုးက လဘက်ရည် တစ်မနက်သောက် စာပင် မရှိ။
သူ့မှာ မရှိလို့ ကိုယ့်မှာရှိသလားဆိုတော့ ရှိသည်။ ဒကာမတစ်ယောက်က ညစ်ပတ်လွန်းသော အခန်းကိုကြည့်ပြီး ပညာပေးသည့်သဘောဖြင့် လှူထားခြင်းကြောင့် ရှိနေခြင်းဖြစ်သည်။ မည်သို့ဖြစ်စေ၊ သီဟနာဒအခန်းမှာ ကြက်မွှေးရှိသည်။ သူ့မှာ မရှိ။ နန်းရှေ့ဈေးရောက်တော့ သူ့ကိုအဝယ်ခိုင်းသည်။ မသယ်ချင်ရင် တပည့်တော်သယ်ခဲ့ပါမယ်လို့ ဆိုသော်လည်း ဆရာက မဝယ်ပါ။

သူ့နေစဉ်အလုပ်က မနက် ၉ နာရီခွဲမှာ ရေမချိုးခင် အခန်း သန့်ရှင်းရေး လုပ်ခြင်းဖြစ်သည်။ သန့်ရှင်းရေးမလုပ်မီ တံခါးလာခေါက်ပြီး ကြက်မွှေး လာယူ သည်။ ဒါက ပုံသေ။ မဖောက်လွဲတဲ့ အမှန်တရား။
တစ်မနက်မှာတော့ အခြားသူငယ်ချင်းတွေနဲ့စကားပြောစဉ် အပြင်မှ တံခါးခေါက် သည်။ ဒါ့ကြောင့် သူဝင်မလာမီ သူငယ်ချင်းရဟန်းတွေကို
"ဒါ ဦးခေမာဝံသ၊ သူ ကြက်မွှေးလာယူတာ"လို့ ပြောတော့
"မင်းဟာက သေချာလှချည်လား"
"သေချာတယ်၊ မယုံရင်ကြည့်၊ ပရမတ္ထသစ္စာလိုပဲ"
ပြောအပြီး တံခါးဖွင့်ပေးလိုက်တော့ ပြောတဲ့အတိုင်းဖြစ်နေလို့ အားလုံး ရယ်ကြရ သည်။ ဆရာသမားကတော့ ဘာကို ရယ်မှန်းမသိ၊ ကြောင်အမ်းအမ်းဖြစ်နေသည်။
နောက် အကြောင်းစုံ ရှင်းပြတော့မှ
"ခွေးမသား၊ ငါ့ကိုအပုတ်ချတာပေါ့လေ" ဆိုပြီး ပြုံးပြုံးကြီး လက်သီးနဲ့ သုံးချက် တိတိ လက်မောင်းကို ထိုးပါသည်။ သီဟနာဒလည်း မရှောင်ပါ။ ရယ်ပြီး အထိုးခံလိုက်ပါသည်။ မုန်းလို့မှ မဟုတ်ဘဲ။

သို့သော်
ဧည့်သည်အလာများတဲ့ သူ့အခန်းမှာ ဧည့်သည်တွေလာပြီး ပြန်ရင် သူတို့ အမှိုက် ကို သူတို့ဘာသာပြန်ရှင်းသွားနိုင်ဖို့ ကြက်မွှေးလေးတစ်ချောင်း အခန်းထောင့်မှာ ရှိနေရင်တော့ ကောင်းမယ်ဆိုပြီး ကြုံတိုင်းလည်း လက်သီးနဲ့အထိုးခံပြီး ရယ်စရာ လိုလို အတည်လိုလို ပြောနေဖြစ်တာပါပဲ။

ဘာပဲဖြစ်ဖြစ် ကြက်မွှေးတစ်ချောင်း ရှိခြင်း၊ မရှိခြင်းက ရဟန်းနှစ်ပါးရဲ့ ဆက်ဆံရေးကို ဘာမှထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး။
ဦးခေမာဝံသသည်လည်းကောင်း
သီဟနာဒသည်လည်းကောင်း
ကြက်မွှေးတစ်ချောင်းသည်လည်းကောင်း
၁၉၉၆ ခုနှစ်တွေက မန္တလေး၊ သာသနာ့တက္ကသိုလ်ကြီးထဲမှာ တကယ် ရှိခဲ့ကြပါ၏။