Engineer


လူနဲ့ သင်္ဘောပင်


ယခု အသစ်ရောက်လာသည့် ဂါးဒင်းနား ဂေါဝိန္ဒ(နာမည်ရင်းပါ) က အရင်လူနဲ့ မတူ သစ်ပင်တွေကို တကယ်ချစ်သူဖြစ်ပါသည်။
စားဖို့ မရည်ရွယ်၊ ပန်းပင် သီးပင်လေးတွေကို ကြည့်ရင်း ကြည်နူးတတ်သူ၊ သူ့ပန်းပင်လေးတွေ ပွင့်လျင်လည်း ခေါ်ခေါ်ပြတတ်သူဖြစ်သည်။
ကျောင်းဝင်းထဲက မြေမကောင်းလို့ဆိုပြီး ကျောင်းအပြင် အစိုးရမြေပ်ါအထိ ကြံပင် ငှက်ပြောပင်လေးတွေ ထွက်စိုက်ထားတာကို တွေ့ရသည်။ မှန်၏၊ ကျောင်းအပြင်ရှိ ကြံပင် ငှက်ပြောပင်လေးတွေက ပို၍ ဖွံ့ထွားသည်။
သို့ဖြင့် ငါ့အတွက် သင်္ဘောပင်တစ်ပင် ပျိုးပေးပါ။ ငါလည်းစိုက်မယ်ဟု သူ့ကို မှာထားလိုက်သည်။
သူပျိုးနေစဉ် စနေနေ့တိုင်းလာတတ်သည့် အောင်ကိုလတ်ကို မြေ အပြင်ခိုင်းထား လိုက်သည်။ မြေဩဇာထည့်ထားသည်။



ဤမှာ ဇာတ်လမ်းစပါတော့သည်။
ဂေါဝိန္ဒကလည်း မိမိနဲ့ တစ်ချိန်တည်း အခြားတစ်နေရာမှာ သင်္ဘောပင် တစ်ပင် စိုက်သည်။ သင်္ဘောပင်လေးနှစ်ပင် တစ်နေရာစီမှာ အတူတူနီးပါး ဖွံ့ဖြိုးလာနေ ကြသည်။
ယခင်က ပြိုင်စရာမရှိ၊ အခု ပြိုင်စရာရှိလာသည်။
သူကလည်း သူ့သင်္ဘောပင်လေးကိုကြည့်လိုက်၊ ဒီက သင်္ဘောပင်လေးကို ကြည့်လိုက်၊ သူ့အပင်လေး ပိုသန်စေချင်တော့ မိမိမသိအောင် မြေဩဇာ ခိုးကြွေးလိုက်။
ကိုယ်တိုင်ကလည်း ကိုယ့် သင်္ဘောပင်လေးကိုကြည့်လိုက်၊ သူ့ သင်္ဘောပင်လေး ကိုကြည့်လိုက်၊ ကိုယ့်အပင်လေး ပိုသန်စေချင်တော့ သူ မသိအောင် မြေဩဇာ ခိုးကြွေးလိုက်။
လူသားနှစ်ယောက်ရဲ့ မသိမသာ အတ္တလွန်ဆွဲပွဲထဲမှာ သင်္ဘောပင်လေးနှစ်ပင်က ဇာတ်လိုက်ဖြစ်လာသည်။

သိပ်ပြီးမကြာလိုက်ပါ။
မြေဩဇာအကြွေးများပြီး သင်္ဘောပင်လေးနှစ်ပင် ပြိုင်တူသေဆုံး သွားရှာလေတော့သည်။
အမှန်မူ သစ်ပင်လေးတွေကို ကျွန်ုပ်တို့ နှစ်ယောက်စလုံး ချစ်မြတ်နိုးကြပါသည်။

သူ့ချည်းလား ဟဲ့


အတ္တဟိတ၊ ပရဟိတ


လူတချို့က အောင်မြင်မှုဆီ အရင်ရောက်အောင်သွားတယ်။ ပြီးတော့မှ ပရဟိတဘက်ကို ခြေဦးလှည့်တယ်။ (ဥပမာ အမေရိကန်က ဘီးလ်ဂိတ်၊ ဝါရင့် ဘူဖေး၊ ပြည်တွင်းမှာ ကျော်သူ)
လူတချို့က မအောင်မြင်ခင် ပရဟိတလုပ်ဖို့ အရင်စဉ်းစားတယ်။ ပရဟိတလုပ် ရင်း သူ့ရဲ့ပုဂ္ဂလိက အောင်မြင်ကြော်ကြားမှုလည်း ပါသွားတယ်။ ကောင်းတာပါပဲ။
အတ္တဟိတ၊ ပရဟိတဆိုတဲ့စကားတော်တွေက ရွတ်ကောင်းအောင် အက္ခရာရှေ့နောက်စဉ်ရုံတော့ ဟုတ်ဟန်မတူဘူး။
ဘာရယ်မဟုတ်ပါဘူး၊ သူဋ္ဌေးကြီး Warren Buffett ဟာသူ့ရဲ့ ပိုင်ဆိုင်မှုတွေထဲ က ဒေါ်လာ (၃၁) ဘီလီယံကို လှူတယ်ဆိုတာလေး(ကြီး) တွေ့လိုက်မိလို့ ဝမ်းသာလို့ပါ။

image source

သူ့ကမ်း ကိုယ့်ကမ်း


တစ်ခါက ဇင် ဆရာနဲ့ တပည့်တို့ မြစ်ကမ်းဘေးမှာ တရားရှုမှတ်နေကြတယ်။
အတန်ကြာတော့ ဆရာက တစ်ယောက်ပဲ စီးလို့ရတဲ့ လှေကလေးကို လှော်ပြီး ဟိုဖက်ကမ်းကို ကူးသွားတယ်။
ခဏနေတော့ တပည့်ကလည်း တဖက်ကမ်းကို ကူးချင်လို့
"ဆရာ၊ ကျနော့်ဆီကို လှေပြန်ပို့ပေးပါ၊ ကျနော်လည်း တဖက်ကမ်း ရောက်ချင် လို့ပါ " လှမ်းပြောတယ်။
ဒီတော့ သူ့ဆရာက
"ငါ့တပည့်၊ ကိုယ့်တရားကိုသာ စူးစိုက်ရှုမှတ်နေပါ၊ ငါ့ဖက်က ကြည့်တော့ မင်းလည်း တဖက်ကမ်း ရောက်နေတာပဲ၊ ဘာ လှေနဲ့မှ ကူးနေစရာတောင် မလိုဘူး " တဲ့။
ဒီတော့မှ တပည့်က သဘောကျသွားပြီး သူ့ ကမ္မဌာန်း နဲ့သူ ပျော်မွေ့ သွားနိုင်တော့တယ်။

အဲသလိုပါပဲ၊ ပြည်တွင်းပြည်ပက သမ္မာအာဇီဝတွေရဲ့ဘဝတွေကလည်း
သူ့ကမ်းက ကောင်းနိုးနိုး ကိုယ့်ကမ်းက ကောင်းနိုးနိုး။
တစ်ခုထူးတာက သူတို့ကြားမှာ မိကျောင်းပေါတဲ့မြစ်ကြီး ကာဆီးနေတယ်။

source