သာဓု ပါဘုရား


ဦးခင်ညွန့် အာဏာ ကြီးစိုးစဉ်က ဦးစောမြင့် ( မှူးသမိန်၊ မဟေသီ မဂ္ဂဇင်း အယ်ဒီတာချုပ် ) ၏ ကုလားဖန်ထိုးမှုကြောင့် မတရား အသိမ်းခံလိုက်ရသော ရန်ကုန်မြို့၊ တာမွေ၊ နတ်ချောင်းရှိ မဟာသန္တိသုခ သာသနာပြု ကျောင်းတော်ကြီးသည် ပိုင်ရှင်အမှန် ပီနန် ဆရာတော်ကြီးထံ ပြန်ရောက်ပြီဟု သိရသဖြင့် ဝမ်းမြောက်မိပါသည်။ ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့၌  ရန်ကုန်မြို့သို့ ပီနန်ဆရာတော် ကြီးပြန်ကြွပြီး ထို မဟာသန္တိသုခ ကျောင်းတော်ကြီး၌ပင် သီတင်းသုံးမည်ဟု သိရသည်။

ထို မဟာသန္တိသုခ ကျောင်းတော်ကြီးအတွင်း ရှိသမျှ သံဃာအားလုံး သက္ကရဇ် ၂၀၀၂ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၉နာ ရီ နောက်ဆုံးထားပြီး  ထွက်ပေးရမည်ဟု မဟန မှ အမိန့်ဆင့်သည်။သီဟနာဒ ကိုယ်တိုင်  ၂၀၀၂ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၉ နာရီ မထိုးမီ မိနစ် အနည်းငယ်အလိုမှ နောက်ဆုံး တစ်ပါတည်း ထွက်ပေးခဲ့သဖြင့် အရပ်ဝတ် ထောက်လှမ်းရေးတို့ ဖမ်းဆီးခြင်းမှ သီသီလေး လွတ်ခဲ့သည်။ မထွက်သော် ဖမ်းမည်ဟု ဆိုသဖြင့်
" အရွယ်ကား သာသနာ ပြုရမည့် အရွယ်၊ ထောင်ထဲ ဘာမဟုတ်သောကိစ္စဖြင့် အချိန်ကုန်ရမည့် အရွယ် မဟုတ်၊ ကိုးနာရီထိုးက ထွက်မည် " ဟု ဖြေခဲ့ရသည်။
ထိုစကား က " အဘ " ကို ခိုက်စေသည်ထင်၏။  မဟာသန္တိသုခ၌ ပြန်လာ သတင်းသုံးရန် မိမိနှင့် အခြားတစ်ပါးကို ပြန်ပင့်၏။ မသင့်ပေ။ ဆရာနှင့် သီတင်းသုံးဖော်တို့ ပြေးခဲ့ကြရပေပြီ။
ပီနန်ဆရာတော်ကြီးနှင့် မလေးရှားမှာ တွေ့တော့မှ ဆရာတော်ကြီးက
" ကျောင်းကို ဘာလို့ သိမ်းတာလို့ ပြောလဲကွ "
" အကြွေးမကျေသေးလို့ လို့ ပြောပါတယ် ဘုရား "
" ဒါဖြင့် နိုင်ငံတော်ကိုရော ဒီကောင်တွေ ဘာလို့ အာဏာသိမ်းတာလဲကွ "
" အကြွေးမကျေသေးလို့ ပဲ ဖြစ်မှာပါ ဘုရား " ဟု လျောက်ရာ
" ဟား ဟား ဟား မဆိုးဘူး၊ မင်း အဖြေမဆိုးဘူး " စိတ်လိုလက်ရ ဆရာတော်ကြီးရယ်၏။
ယနေ့ ဆရာတော်ကြီး မဟာသန္တိသုခကျောင်းပေါ် ပြန်ရောက်ပြီ။ သဓုပါ ဘုရား။
တပည့်


သီဟနာဒ 

Post a Comment