အမှန်တကယ် ပျော်ရွှင်ကြသူများ ( ၂ ) (ဗုဒ္ဓဘာသာ စိတ်ပညာရှုထောင့်)


 အမှန်တကယ် ပျော်ရွှင်ကြသူများ (၁)  မှအဆက်

ဗုဒ္ဓဘာသာကပြောသည့် “သောမနဿ၊ ပီတိ၊ သုခ” စသော ဝေါဟာရတို့ကို ယနေ့ ပျော်ရွှင်မှု(happiness) ဟု ခြုံငုံသုံးစွဲထားသည်ကို တွေ့ရသည်။
          သာမာန်ပုဂ္ဂိုလ်တို့အတွက် ပျော်ရွှင်မှုကို-
          ၁။ Sensual Level (အာရုံခံစားမှုအဆင့်)
          ၂။ Ethical Level (အက်သစ် အဆင့်)
          ၃။ Spiritual Level (စိတ်ဓာတ်ပိုင်းဆိုင်ရာ) ဟု
 ခေတ်ပညာက သုံးမျိုးခွဲပြသည်။ အချို့ကလည်း Ethical Level (အက်သစ် အဆင့်) နှင့် Spiritual Level  ကို တစ်ခုတည်းပေါင်းယူပြီး Spiritual ပျော်ရွှင်မှုဟု ဆိုကြသည်။ အဘိဓမ္မာသဘောနှင့် ကိုက်ညီသည်ဟု ဆိုရပေမည်။ ဗုဒ္ဓဘာသာက ရှေးဦးစွာ လောဘမူစိတ်ရှစ်ပါးကို ပြသည်။ ရှစ်ပါးအနက် ပထမလေးပါးက ပျော်ရွှင်မှုနှင့် တိုက်ရိုက်ပတ်သက်သည်။ လောဘစိတ်တို့ကို Sensual Level ပျော်ရွှင်မှုဟု ဆိုရပေလိမ့်မည်။

          လောဘသည် အကုသိုလ်စိတ်ဟု ဆိုရသော်လည်း လူ့အဖွဲ့အစည်း၌ လောဘကင်း၍ကား မရပေ။ အပြော၊ အဟော၌ ကင်းသော်လည်း လက်တွေ့၌ လောဘမကင်းနိုင်။ လောဘသည် ပျော်ရွှင်မှုကိုရစေ၏( သောမနဿနှင့်ယှဉ်၏ဟူလို)။ အဘိဓမ္မာကတော့ လောဘနှင့်ပျော်သမျှသည် အကုသိုလ်ဟုဆို၏။ သို့သော် ဒေါသကြီးသူနှင့်စာလျှင် လောဘကြီးသူကမှ ဘဝပျော်ရွှင်မှုကို ရနိုင်သည်။ လောကကြိုးဆွဲရာကို ကရင်း အဆင့်အတန်းရှိသော လက်ရှိဘဝကို ရနိုင်သည်။ ဤသို့ ဆိုသဖြင့် လောဘကြီးခြင်းသည် ကောင်း၏ ဟု ဆိုလိုသည်မဟုတ်ကြောင်း သိစေလိုပါသည်။ ဆိုလိုသည်မှာ တွေ့ကရ လူ နှင့် ခိုက်ရန်ဖြစ်ပွားတတ်သူထက် မနေမနား အားထုတ်နေသော ပေါက်ဖော်ကြီးကမှ  တိုက်နဲ့ ကားနဲ့ နေရသေးသည် ဟု ဖြစ်သည်။

          အရိယာမဖြစ်သေးလျှင် လူ့အဖွဲ့အစည်းအတွက် ရှာဖွေစုဆောင်းမှုနှင့်ဆိုင်သော လောဘကို အလွန်အမင်း အဆိုးမမြင်အပ်ပေ။ ဆန္ဒ၊ ရည်ရွယ်ချက်ပန်းတိုင်၊ ထိုပန်းတိုင်ရောက်အောင် ကြိုးစားမှုလောဘစသည်တို့က သီအိုရီအရ ခွဲခြား၍ရသော်လည်း လက်တွေ့အားဖြင့် ခြားနားချက်က ကျဉ်းမြောင်းလှသည်။

          ဦးပုညပြန်ရေးသည့် ရေသည်ပြဇာတ်ကို ပြန်ကြည့်နိုင်သည်။
          ရေသည်ယောက်ျားဇာတ်လမ်း၏ သင်္ခန်းစာအချုပ်သည် လုပ်အားတန်ဖိုးဖြစ်သည်။ ငွေတမတ်ကိုမစွန့်နိုင်သော တဏှာ (သို့) လောဘ မဟုတ်ပေ။ ထို့ကြောင့် မိမိရပ်တည်ရေး၊ မိသားစုရပ်တည်ရေးအတွက် မနေမနားအားထုတ်သူများကို လောဘကြီးသူ၊ ကိလေသာထူပြောသူဟု မထင်သင့်၊ မပြောသင့်ပေ။ ဇာတ်တော်ထဲမှာပင် ၎င်းရေသည်ယောက်ျားကို အပြစ်မဆိုခဲ့ပေ။

          ဤ၌ ဘုရားရှင်မိန့်သည့် ချမ်းသာလေးမျိုးကို ငဲ့စောင်းကြည့်ရပေတော့မည်။ စည်းစိမ်ဥစ္စာ လုံလောက်စွာရှိခြင်း၊ ထိုစည်းစိမ်ကို ခွဲခြားဝေဖန်သုံးစွဲခြင်း၊ ကြွေးမြီကင်းစင်ခြင်း၊ အတိတ်ပြန်ကြည့်ရင်းအပြစ်ကင်းမှုကိုနားလည်မိခြင်းတို့သည်ချမ်းသာခြင်းတရားဟု ဟောခဲ့သည်။ထို့ကြောင့် ငွေကြေးဥစ္စာလုံလောက်စွာရှိသူများသည် အများအားဖြင့် ပျော်ရွှင်ကြရသည်။ အနည်းဆုံး စိုးရိမ်ပူပန်မှုကို နည်းပါးစေသည်။

          ရဟန်းများကိုပေးသော သြဝါဒကို လူသားက လိုက်၍မရနိုင်။ ရဟန္တာများကိုပေးသော သြဝါဒကို ပုထုဇဉ်ရဟန်း မလိုက်နိုင်။ အချိန်နှင့် ပါရမီ အနု အရင့် လိုသည်။   ဤကိစ္စကို သဘောမပေါက်လျှင် မရိုးသားမှုဖြစ်သွားနိုင်ပြန်သည်။ 

          မည်သို့ဆိုစေ စားချင်တာ စားနေရ၊ သွားချင်ရာ သွားနေရ၊ တွေ့ချင်သူကို တွေ့ခွင့်ရခြင်း
စသည်တို့သည် ပျော်ရွှင်မှုအမှန်ပင် ဖြစ်သည်။ ကုသိုလ်လား၊ အကုသိုလ်လားကိစ္စကို အသာထားပြီး လူသားများအနေဖြင့် ခံစားမှုအဆင့် ပျော်ရွှင်မှုအမှန် ရှိသင့်သည်။ ဤသည်မှာ Sensual Level Happiness ဖြစ်သည်။ ဤကိစ္စကို “လောဘ၊ ကိလေသာ၊ ငရဲ၊ ဘုရားမေ့ တရားမေ့” စသည့် စကားလုံးတို့ဖြင့် နာနာကျည်းကျည်း မယူဆသင့်ဟု ထင်သည်။ လူသည် လူသာဖြစ်သည်။ ကာမဘုံသားဖြစ်သည်။ ကာမကို အပြစ်မြင်လျှင် ကောင်းသည်။ ထိုကာမကို မယုတ်မလွန် သုံးစွဲမှီဝဲခြင်းကြောင့်တော့ အပြစ်ဆိုရန် ခက်လှသည်။ ညနေစာစားသော လောဘကြောင့် လူဆိုးတစ်ယောက်မဖြစ်နိုင်၊ သီချင်းအပေါ် စွဲလန်းစွာနားထောင်မှုကြောင့် လူဆိုးမဖြစ်နိုင်။ မိမိ၏ သမာဓိကို ထိခိုက်စေသော်လည်း သူတစ်ပါးကို မထိခိုက်သော ပျော်ရွှင်မှု တို့သည် အပါယ်ကို မရောက်စေနိုင်။

          အစွန်းရောက် ဘာသာရေးအယူအဆသည် မပြည့်မစုံသော လူ့အဖွဲ့အစည်းကို ဖြစ်စေသည်။အချုပ်ဆိုရလျှင် လောဘရှိသူသည် လိုချင်သောအရာကို ရခိုက်ပျော်ရွှင်မှုကို ဖြစ်စေသည်။ လောဘစိတ် သောမနဿဝေဒနာသဘောတွင် ဒိဋ္ဌိနှင့်တွဲ၍ပါလာသော ပျော်ရွှင်မှု၊ ဒိဋ္ဌိမပါသော ပျော်ရွှင်မှုဟု နှစ်မျိုးပြန်ခွဲပြသည်။ မိစ္ဆာဒိဋ္ဌိနှင့်အတူ ဖြစ်ပေါ်လာသော ပျော်ရွှင်မှုဖြစ်လျှင်တော့ လောက၊ သံသရာ ပို၍အပြစ်ကြီးသည်။ ဒိဋ္ဌိ(အပါယဂမနိယ) သည် အပါယ်ကျစေနိုင်သော သတ္တိလည်းရှိနေသည်။

          မည်သို့ဖြစ်စေ ကာမနယ်တွင် လိုချင်တာ တော်တော်များများရနေလျှင် ထိုသူတို့သည် ပျော်ရွှင်သူတို့ဖြစ်သည်။ အရိယာ မ ဖြစ်သေးသူနှင့် ဟန်မဆောင်တတ်သူတိုင်း မိမိတောင့်တသော အရာများ ရလျှင် ပျော်ရွှင်၏။ မရသော် စိတ်ညစ်ကြရ၏။ ထို့ကြောင့် အာရုံခံစားမှူ ဆိုင်ရာ ပျော်ရွှင်မှုအတွက် လိုအင်ဆန္ဒ အထိုက် အလျောက်  ပြည့် သူတို့သည် ပျော်ရွှင်သူများ ဖြစ်ကြသည် ဟု လောကီဆန်ဆန် ကောက်ချက် ချနိုင်သည်။

          Sensual Level Happiness ပြီးလျှင် Ethical Level ကိုလည်း ကြည့်နိုင်ပါသည်။ ဗုဒ္ဓအဘိဓမ္မာက “မဟာကုသိုလ်စိတ်ရှစ်ပါး” ဟု ဆိုသည်။ ယင်းတွင် ပျော်ရွှင်မှု( သောမနဿ) လေးပါး ပါဝင်သည်။ သာမာန်လူများ ကုသိုလ်ပြုရင်း ကျေနပ်ပျော်ရွှင်မှုမှန်သမျှကိုအပြစ်ကင်းသော၊ကုသိုလ်ရသော ပျော်ရွှင်မှုဟုဆိုရမည်။သူတဖက်သားကိုကူညီရင်း၊ပရဟိတဆောင်ရွက်ရင်း ပျော်ရွှင်တတ်သူများ၌ ဤကုသိုလ်အပျော်များ အဖြစ်များသည်ဟု ယေဘုယျမှတ်ယူနိုင်သည်။ ဘုရားရှင်ဟောသော လူ့ချမ်းသာလေးမျိုးအနက်-

          စည်းစိမ်ဥစ္စာကို ခွဲခြားဝေဖန် သုံးစွဲခြင်း-
          အပြစ်ကင်းသောအမှုတို့ကို စဉ်းစားရင်း ဝမ်းမြောက်ရခြင်း-

တို့နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ယင်းကိုပင် Dedicated Happiness ဟု သုံးစွဲကြသည်ကို တွေ့ရပြန်သည်။ ကလေးတစ်ယောက်ကို မွေးမြူ၊ မြေတောင်မြှောက်ပေးပြီး ထိုကလေးကြီးပွါးချမ်းသာတာကိုကြည့်ရင်း ပျော်ရွှင်ရမှု၊ တပည့်များကို စေတနာအပြည့်ဖြင့် သင်ကြားပေးပြီး ထိုကလေးများ ပညာစုံကြသောအခါ ကြည်နူးရတတ်သော ပျော်ရွှင်မှု စသည်တို့ပင်ဖြစ်သည်။သာမာန်လူသားတို့အတွက် အမြင့်မြတ်ဆုံး ရရှိနိုင်သော ပျော်ရွှင်မှုဖြစ်သည်။ ဤအချက်ကိုထောက်ဆလျှင် ဆင်းရဲပင် ဆင်းရဲငြားသော်လည်း စိတ်ရင်းကောင်းသူများက ပို၍ပျော်ရွှင်သောဘဝကို ရနိုင်၊ ပိုင်ဆိုင်နိုင်ကြသည်။

          မဟာဂန္ဓာရုံဆရာတော်ကမူ ရဟန်းသာမဏေများ ကြည့်လိုက်၍ မျက်နှာရွှင်နေလျှင် သောမနဿဖြင့် ပဋိသန္ဓေယူခဲ့သူ၊ ခပ်တည်တည်ကြီး အမြဲတမ်းနေလျှင် ဥပေက္ခာဖြင့်ပဋိသန္ဓေနေသူဟုပင်တိတိကျကျသြဝါဒပေးခဲ့သည်။ သောမနဿအားကောင်းပြီး အကောင်းဖက်မှရှုမြင်တတ်သူတို့သည်လည်း ပျော်ရွှင်မှုဘဝကိုရကြသည်။ ယင်းတို့ကိုပင် Spiritual Level Happiness ဟု အမည်တပ်လိုက တပ်လို့ရသည်။

          သို့သော် ဗုဒ္ဓဘာသာအနေဖြင့်ဆိုရလျှင် Spiritual Level ပျော်ရွှင်မှုသည် သမာဓိနှင့် (သို့) ဈာန်နှင့် ဆိုင်သည်ဟု ဆိုရမည်။
          လူပုဂ္ဂိုလ်တို့က ဆရာတော်များ တည်ကြည်သွားလျှင် သမာဓိကြောင့်၊ အပြုံးများသော ဆရာတော်ကို ကလက်သည်ဟု ထင်တတ်ကြသည်။ စာပေနှင့် အနည်းငယ် ချော်နေသည်ထင်သည်။ သမာဓိတရားသည် နောက်ဆုံးဈာန်အထိမရောက်မီ (သုတ္တန်အဆို စတုတ္ထဈာန်၊ အဘိဓမ္မာအလို ပဉ္စမဈာန်ကို နောက်ဆုံးဈာန်ဟု ဆိုလိုသည်) ပီတိ၊ သုခတို့နှင့် အတူရှိနေသည်။ အင်္ဂလိပ်က ပီတိကို “Joy” ဟု ဘာသာပြန်တတ်ကြပြီး သောမနဿကို “Happiness” ဟုပင် အများအားဖြင့် ဘာသာပြန်ကြသည်။ သုခ၏ ဆန့်ကျင်ဖက်က ဒုက္ခဖြစ်နေသဖြင့် မဆိုးဟုထင်သည်။

         ယဉ်ကျေးမှုကြောင့်ဟုထင်သည်၊ နိုင်ငံခြားသား ရဟန်းတော်များက လူပရိသတ်ရှေ့မှာ ပြုံးပြုံးရွှင်ရွှင် စကားပြော၊ တရားဟောကြသည်။ မြန်မာရဟန်းတော်၊ ထိုင်းရဟန်းတော်တို့က မျက်နှာတည်တည်ဖြင့် တရားဟောကြသည်။ ဓမ္မကို အလေးဂရုပြုခြင်းဟု ဆိုလိုသည်။ ယဉ်ကျေးမှုကိစ္စက ကျယ်ဝန်းရှုပ်ထွေးသဖြင့် မပြောတော့ပေ။ Spiritual Level ရောက်သည့်တိုင် ရဟန်း၊ လူသည် ပျော်ပျော်ရွှင်ရွှင်ပင် ရှိနေတတ်သည်။ သမာဓိကြောင့် “တည်” သည်ဆိုသောစကားက စာပေနှင့် မညီညွတ်။ သူတည်ချင်၍ တည်ခြင်းသာဖြစ်ပြီး သမာဓိနှင့် လုံးဝမဆိုင်ဟူလို။

ဈာန်ဟူသည် အဘယ်နည်း။
         မြန်မာစကားဖြင့် အတိုဆုံးဆိုလျှင် သမာဓိ(သို့) ဧကဂ္ဂတာသည် ဈာန်ဖြစ်သည်။ ဈာန်မှာပြည့်စုံရမည့် အင်္ဂါအလွန်ဆုံး ငါးပါးရှိရမည်ဆိုသော်လည်း အချုပ်ကမူ သမာဓိဖြစ်သည်။ ဝိတက်၊ ဝိစာရမပါလည်း ဈာန်ဖြစ်သည်။ ပီတိမပါလည်း ဈာန်ခေါ်လို့ရသည်။ သို့သော် သမာဓိ(သို့) ဧကဂ္ဂတာမပါပဲတော့ ဈာန်မဖြစ်။ ဤဒေသနာမှ ဆက်နွယ်၍ သုံးသပ်ရလျှင် ပြာယာခတ်နေသော ပုဂ္ဂိုလ်ထက် စိတ်တည်ငြိမ်သောပုဂ္ဂိုလ်က အမှန်တကယ်ပျော်ရွှင်မှုကိုရသည်။ ဤပျော်ရွှင်မှုက ရှေး Sensual Level, Ethical Level တို့ထက် ပိုသာသွားသည်။ ပျော်ရွှင်မှုက သူ့စိတ်ထဲမှာပင် ရှိနေသည်။ ထို့ကြောင့် ဤပျော်ရွှင်မှုက အနှောက်အယှက်နည်းသွားသည်။

         အနည်းငယ်ရှင်းရန် လိုမည်ထင်သည်။
         ဥပမာအားဖြင့် Sensual Level ပျော်ရွှင်မှုက အခြားပုဂ္ဂိုလ်၊ အရာဝတ္တုတစ်ခုခုကိုမှီ၍ ဖြစ်ပေါ်လာသည်။ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်း၊ တွေ့ဆုံခြင်းမှရသော ပျော်ရွှင်မှုသည် အခြားတစ်ယောက်အပေါ်မှာ တည်နေသည်။ ထိုအခြားတစ်ယောက်က မိမိထင်မှတ်ထားသည့်အတိုင်း မဖြစ်သောအခါ စိတ်ညစ်စရာဖြစ်သွားသည်။ သင်္ချာသဘောအရပြောလျှင် ထိုပျော်ရွှင်မှုက ၅၀/၅၀ ရာခိုင်နှုံးသာရှိသည်။ Ethical Level မှာလည်း ကုသိုလ်ဟုဆိုစေ ထိခိုက်လွယ်သည်။ “အလှူပေး၊ ငရဲရ” ဆိုသော မြန်မာစကားနှင့် အတူတူပင်ဖြစ်သည်။ ထိုပျော်ရွှင်မှုကလည်း အခြားပစ္စည်း၊ လူပုဂ္ဂိုလ် တစ်ခုခုနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ၅၀/၅၀ ပျော်ရွှင်မှုဟုသာ ဆိုရပေမည်။

         စိတ်တည်ကြည်မှုကို အခြေခံ၍ရလာသော ပျော်ရွှင်မှုက သူတပါး၊ အခြားပစ္စည်းတစ်ခုခုနှင့် လုံးဝမသက်ဆိုင်။ မိမိစိတ်နှင့်သာ ဆိုင်သည်။ ထို့ကြောင့် ရာနှုံးပြည့် မိမိအပေါ်မှာပင် တည်နေတော့သည်။ မပျက်စီးနိုင်ဟုပြော၍မရသော်လည်း ပျက်စီးဖို့ရာခိုင်နှုံး အတော်နည်းသွားသည်။ မိမိကိုယ်တိုင်ဖျက်မှသာ ပျက်တော့မည်။ ထို့ကြောင့် အမှန်တကယ်ပျော်ရွှင်ကြသူများတွင် တတိယပုဂ္ဂိုလ်သည် သမာဓိရှိသူဖြစ်သွားတော့သည်။ သူ၏ ပျော်ရွှင်မှုပမာဏကတော့ သူ့မှာရှိသော သမာဓိနှင့် အချိုးညီညီပင် ဖြစ်ပေလိမ့်မည်။

         “ဈာန်” ဟူသော ဝေါဟာရက ယနေ့အနုပညာလောကမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြပြီဖြစ်သည်။ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာရေးဆရာတို့က အနုပညာဈာန်ဝင်နေသည်ဟု တင်စားတတ်ကြသည်။ တစ်ခုခုအပေါ် အာရုံစူးစိုက်နေသော သမာဓိကို ဆိုလိုကြသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ မှတ်သားဖွယ်စကား ထုတ်ပြလိုသည်။

         “မည်သည့်ကိစ္စမဆို ပြုမူဆောင်ရွက်စရာရှိလျှင် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဟူသောအဆင့်ငါးဆင့်ဖြင့် တက်ရသည်။
  • ကဗျာတစ်ပုဒ်ကို ဖတ်ရှုရွတ်ဆို၍ စိတ်အာရုံမှာ သွင်းထားလိုက်( ဝိတက်)
  • ထိုသို့ စိတ်အာရုံမှာသွင်းထားသော ကဗျာကို အဖန်တလဲလဲ ရွတ်ဆိုပွားများကြည့်လိုက်(ဝိစာရ)
  • ထိုသို့ ပွားများသောအခါ နှစ်သက်ကြည်နူးမှု အရသာတစ်မျိုးပေါ်လာမည်(ပီတိ)
  • ထိုသို့ ကြည်နူး၊ အရသာထူးပေါ်လာခိုက် နှစ်သက်ခြင်းဖြစ်ကာ ချမ်းသာလာမည်(သုခ)
  • ထိုသို့ နှစ်သက်ကြည်နူးချမ်းသာနေရသော အရသာအပေါ် စိတ်အာရုံတသားတည်းကျကာ တခြားဘယ်ကိုမှ စိတ်မပြန့်လွင့်ပဲ တည်တံ့နေမည်(ဧကဂ္ဂတာ)
ထိုဈာန်ငါးပါးမှာ ဘယ်နေရာမဆို အသုံးချနိုင်သည့် ဖော်မြူလာဖြစ်သည်။

         (ဒေါ်ခင်မျိုးချစ်၊ နှစ်သစ်ကူး ချစ်ဦးလက်ဆောင် ကဗျာစာအုပ် အမှာစာမှ၊ ၁၉၉၈- ဇန်နဝါရီလ)ဒေသနာထံမှ ဈာန်ကို အနုပညာထဲရောက်အောင် ဆွဲထည့်လိုက်သော စကားဖြစ်သည်။ သဘောတူနိုင်၏။ မတူပဲလည်း နေနိုင်၏။ ပျော်ရွှင်မှုနှင့် သမာဓိသည် ဆက်စပ်နေရကား ပျော်ရွှင်မှု (ပီတိ) မရှိလျှင် သမာဓိရဖို့လည်းမလွယ်၊ သမာဓိမရှိလျှင် စိတ်ပျော်ရွှင်မှုလည်း မရနိုင်ဟု ကောက်ချက်ချနိုင်သည်။ မည်သို့ဖြစ်စေ သမာဓိရှိသူ၊ စိတ်တည်သူသည် အမှန်ပျော်ရွှင်သူများ ဖြစ်ကြ၏။

         မြတ်စွာဘုရားရှင်ကတော့ ပျော်ရွှင်ခြင်း (၁၀) မျိုးကို စာရင်းချပြ၏။
         ၁။ ကာမဂုဏ် ပျော်ရွှင်မှု
         ၂။ ပထမဈာန်( ရူပဈာန်) ပျော်ရွှင်မှု
         ၃။ ဒုတိယဈာန်(    ။    ) ပျော်ရွှင်မှု
         ၄။ တတိယဈာန်(    ။    ) ပျော်ရွှင်မှု
         ၅။ စတုတ္ထဈာန်(    ။    ) ပျော်ရွှင်မှု
         ၆။ ပထမဈာန်(အရူပဈာန်) ပျော်ရွင်မှု
         ၇။ ဒုတိယဈာန်(    ။    ) ပျော်ရွှင်မှု
         ၈။ တတိယဈာန်(    ။    ) ပျော်ရွှင်မှု
         ၉။ စတုတ္ထဈာန်(    ။    ) ပျော်ရွှင်မှု
         ၁၀။ နိရောဓသမာပတ္တိ သုခ- ဟုဖြစ်သည်။
(Nibbana is the highest bliss- နိဗ္ဗာနံ ပရမံ သုခံ  အင်္ဂလိပ်ဆောင်းပါး ဖော်ပြခဲ့ပြီး)

ဤဒေသနာအရဆိုရသော်
၁။ Sensual Level Happiness
၂ မှ ၉ အထိသည် Spiritual Level Happiness
၁၀- သည် ဝိမုတ္တိသုခ Liberational Happiness ဟု ဆိုရမည်ဖြစ်သည်။ 

ထို့ကြောင့် အမှန်တကယ် ပျော်ရွှင်ကြသူများသည် ဗုဒ္ဓဘာသာ ရှုထောင့်အရ-
၁။ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စနည်းသူ
၂။ ကာမဂုဏ်ချမ်းသာ ခံစားခွင့်ရသူ
၃။ အများအကျိုး၊ ကိုယ့်အကျိုးဆောင်ရွက်ရင်း စိတ်ချမ်းသာသူ
၎။ သမာဓိဖြင့် ချမ်းသာသူ
၅။ လွတ်မြောက်ခြင်းဖြင့် ချမ်းသာသူ ဟု ငါးမျိုးကွဲသွားလေတော့သည်။

         ဝိမုတ္တသုခမရမချင်း ရှေးချမ်းသာလေးခုသည် တစ်ခုစီ သီးခြားရပ်တည်နေသည်ဟု ပြောရန်ရှိသည်။
“လောကမရှိပဲ လောကုတ္တရာမရှိနိုင်” ဆိုသော ပီနန်ဆရာတော်ကြီး၏ သြဝါဒကို ကိုးကားလိုက်ချင်၏။ ကာမသုခ ဘာမှန်းမသိပဲ ဝိမုတ္တိသုခ လိုချင်၍မရနိုင်ဟု ဆိုလိုသည်။ ကာမသုခသည် အပြစ်မဟုတ်။ ယင်းကာမသုခကို အလွဲသုံးစားလုပ်မှ အပြစ်ဖြစ်သည်။ စည်းစိမ်ဥစ္စာကုံလုံကြွယ်ဝခြင်းက စွမ်းအား၊ အာဏာ အခွင့်အရေးရှိခြင်းက စွမ်းအား။ ထိုစွမ်းအားတို့ကို အလွဲသုံးစားလုပ်က အကုသိုလ်ဖြစ်သည်။

         သီဟနာဒကတော့ တိုးတက်သော နိုင်ငံတော်ကြီးသား၊ နိုင်ငံကြီးသူများ၊ ကမ္ဘာ့အဆင့်မီသော ပညာရှင်များ၊ ကမ္ဘာ့အဆင့်မီသော ငွေကြေးသုံးစွဲသူများဖြစ်ပြီးမှ လောကုတ္တရာကိစ္စကို ဆွေးနွေးခြင်းသည် ကောင်း၏ဟုထင်သည်။
လောကမရှိပဲ လောကုတ္တရာမရှိ။ ဝိမုတ္တိသုခသည် ကာမသုခကိုခံစား၊ အဆိုးမြင်ကျော်ဖြတ်ရသော ချမ်းသာခြင်းဖြစ်၏။ အဆင့်ကျော်၍ မရ။ ရသည်ဟုဆိုသော် ကောင်းပါ၏။ အငြင်းတော့ မပွားလို။

သီဟနာဒ

Post a Comment