တတိယအကြိမ်မြောက် လောကချမ်းသာ သဲပုံစေတီတည်ထားကိုးကွယ် ပူဇော်ပွဲ နှိုးဆော်လွှာ

တတိယအကြိမ် သဲပုံစေတီတော်ပူဇော်ပွဲ

ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့...
သာသနာတော်နှစ် ၂၅၅၆ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခု တပေါင်းလဆန်း (၄) ရက် ၊ ခရစ်သက္ကရာဇ် ၂၀၁၃ ခု မတ်လ (၁၅)ရက် သောကြာနေ့ မင်္ဂလာညနေ ၆ နာရီခန့်မှ စ၍ မတ်လ (၁၇)ရက် တနင်္ဂနွေနေ့မနက် ၉ နာရီခန့်အထိ စင်္ကာပူနိုင်ငံ ပင်လယ်ကမ်းခြေတွင် အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) ၊ စင်္ကာပူရောက် မြန်မာ ပရဟိတအသင်း ကြီးများနှင့်တကွ စင်္ကာပူ မြန်မာဗုဒ္ဓ ဘာသာဝင်များစုပေါင်း၍ မဟာလေးဆူဓါတ်ပုံ ရွှေတိဂုံပုံတူ ဉာဏ်တော်တစ်ဆယ့်ရှစ်တောင်ရှိ "လောကချမ်းသာ" သဲပုံစေတီတော် တတိယအကြိမ်မြောက် တည်ထားကိုးကွယ် ပူဇော်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ပါသည်။

သဲပုံစေတီ တည်ထား ကိုးကွယ်လိုသော ဗုဒ္ဓဘာသာဝင် သူတော်ကောင်း များသည် သောကြာနေ့ ညနေ (၆) နာရီမှစ၍ စင်္ကာပူနိုင်ငံ ပင်လယ်ကမ်းခြေ ( East Coast Park - Sand Castle ) တွင် လာရောက်စုရုံးကြပြီး Rock 14 မျက်နှာစာ ကျွန်းဦး သောင်ဦး မြေပြန့် နေရာတွင် ဗိသုကာပညာရှင်ကိုးမျိုးဝင်းခိုင်နှင့် တာဝန်ရှိအကျိုးတော်ဆောင်များ၏ ညွှန်ကြားချက်အရ ပင်လယ်သဲသန့်များကို စုပုံသွန်းလောင်း ကြမည်ဖြစ်ပြီး စေတီတည်ခြင်းကိစ္စကို ဆရာတော် ဦးသုနန္ဒာလင်္ကာရ ကြီးမှူး၍ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းမှ မိမိတို့နိုင်ရာ သဲ တစ်ဆုပ် ရေတစ်ပုံး ၀င်ရောက်ပူဇော် သွန်းလောင်းကြရမှာဖြစ်ပြီး သဲပုံစေတီကို ပန်းဆီမီး ရေချမ်းရေမွှေး အမွှေးနံသာတို့ဖြင့် စိတ်တိုင်းကျ ပူဇော်ကြကာ စနေနေ့ ညနေ (၇) နာရီခန့် အချိန် စေတီတော် တည်ပြီးသောအခါ အနေကဇာတိ သံသာရံ အစချီသော ဥဒါန်းဂါထာဖြင့် ဆရာတော်များ ရွတ်ဖတ်ပူဇော်ပြီး ဒကာဒကာမများမှ မေတ္တာသုတ် ၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ နိဒ္ဒေသ ပါဠိတော်ကြီးတို့ကို စေတီတော်ရင်ပြင် ပင်လယ်ကမ်းစပ် ကျွန်းသောင်တော်ဦး မြေပြန့်ခင်းသာတွင် ဓမ္မဖြင့်ပူဇော်ပြီး မိမိတို့ နှစ်သက်ရာ သမထ ၊ ၀ိပဿနာ တရားများကို ဆန္ဒရှိသ၍ တညလုံး ပူဇော်သွားကြမည်ဖြစ်ပါသည်။

သဒ္ဓါကြည်လင် ပါရမီရှင် တို့အနေဖြင့် စေတီတည်သူများနှင့် ပရိတ်သတ်များကို မိမိတို့တတ်အားသရွေ့ စတုဒိသာ ကျွေးမွေးနိုင်သည်ဖြစ်ပါ၍ ကြုံတောင့်ကြုံခဲ သဲပုံစေတီ တည်ထားကိုးကွယ် ပူဇော်ပွဲကြီးကို ပါဝင်ဆင်နွှဲ နိုင်ကြပါစေရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် သူတော်ကောင်းအပေါင်းတို့ ………..

ကျင်းပမည့်နေရာ ။ ။ East Coast Park - Sand Castle, Car Park E2, Rock no - 14, near PIT 52E, Singapore.
လမ်းညျွန်မြေပုံ
Sand Pagoda Map

စတင်မည့်နေ့ရက် ။ ။ ၁၅-၃-၂၀၁၃ (သောကြာနေ့)
(ညနေ ၆း၀၀ နာရီမှ စတင်၍ လုပ်အားအလှူဒါနများဖြင့်ကုသိုလ်ပြုနိုင်ကြပါသည်။)

ပူဇော်ပွဲနေ့ရက် ။ ။ ၁၆-၃-၂၀၁၃ (စနေနေ့)
(ညနေ ၇း၀၀ နာရီခန့်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ကျင်းပပါမည်။)
**၁၇-၃-၂၀၁၃ မနက် ၉ နာရီခန့်တွင် သဲပုံစေတီတော်မြတ်ပူဇော်ပွဲအား ရုပ်သိမ်းပါမည်။

အကျိုးတော်ဆောင်များ
ဦးအံ့ထူးနိုင် - 90254909 ၊ ဦးစည်သူအေးကို - 91083678 ၊ ကိုဇော်မျိုးမင်း - 90479374 ၊ ကိုအောင်သက်ခိုင်- 91699975 ၊ ဒေါ်ခင်စန်းယု - 82986297 ၊ မသန်းလဲ့ခိုင် - 92770249
(မိမိတို့နှစ်သက်ရာ ပန်း ရေချမ်း ဆီမီး ထီး တံခွန် ကုက္ကား များကို မိမိတို့အစီ အစဉ်ဖြင့် ယူဆောင်လာ၍ လှူဒါန်း ပူဇော်နိုင်ပါသည်။ စတုဒိသာများကိုလည်း ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါသည်။ ပစ္စည်းများသယ်ယူပို့ဆောင်ရန်အတွက် ယာဉ်အလှူရှင်များအားလည်းဖိတ်ခေါ်အပ်ပါသည်။)

အသေးစိတ်အချက်အလက်များသိရှိရန် www.abhidhammafoundation.org

 အဘိဓမ္မာအသင်းဝင်တစ်ဦး

Post a Comment