ပဉ္စသီခနဲ့ အင်တာဗျူး


လူ့ပြည်မှာရှိနေတဲ့ သံသယနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိနေလို့ကာယကံရှင်ဖြစ်တဲ့ ပဉ္စသီခနဲ့ တွေ့မေးမှပဲ ကိစ္စပြတ်တော့မယ်ဆိုပြီး အင်တာဗျူးခွင့် ရက်ချိန်းယူခဲ့ပါတယ်။ သူကလည်းတာဝတိံသာမှာ ဟော့(တ်)နေတဲ့ စောင်းသမားဆိုတော့ တော်တော်လေးစိတ်ရှည်ရှည် စောင့်ခဲ့ရပါတယ်။ 
ဆိုပါတော့ ။ ဒါကကျနော်သူ့ကို ဗျူးခဲ့တာတွေပါ။ 


ဦးကိုမောင်။         ။ စောင်းဆရာကြီး -  အားလုံး အိုကေပဲ မဟုတ်လား ။
ပဉ္စသီခ   ။           ။ ပွဲဆက်များတာကလွဲလို့ အိုကေပါတယ်ဗျာ ။ ဒါနဲ့ ခင်ဗျားက -
ဦး         ။           ။ ကျနော်က ဦးကိုမောင်ပါ။ ဆရာကြီးရဲ့ နာမည်ကတော့ လူ့ပြည်မှာတောင် ဟိုးလေးတကြော်ပဲဗျို့။
ပဉ္စ        ။           ။ ရတနာသုံးပါးရဲ့ကျေးဇူး ၊ ဘသိကြားရဲ့ကျေးဇူးကြောင့်ပါဗျာ ။
ဦး         ။           ။ ဒါနဲ့ သူရိယ၀စ္စသာရော ကျန်းမာရဲ့မဟုတ်လား။
ပဉ္စ        ။           ။ ကျန်းမာပါ့ဗျာ။ ကျေးဇူးပါပဲ။ ဒါနဲ့ ခင်ဗျားမေးချင်တယ်ဆိုတာက … ။ စိတ်မရှိပါနဲ့ဗျာ ။ 
   ပွဲဆက်များနေလို့ မြန်မြန်လေး ။
ဦး         ။           ။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ခါနီးမှာ ခင်ဗျား စောင်းကြိုးညှိခဲ့တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ        ။           ။ မှန်ပါတယ်။ ဒါများ အဆန်းလုပ်လို့ဗျာ။ ခင်ဗျားတို့လူ့ပြည်က ဂစ်တာသမားတွေလည်း
ဂစ်တာမတီးခင် ကြိုးညှိရတာပဲ မဟုတ်ဘူးလား။ ကျုပ်လည်း စောင်းမတီးခင် စောင်းကြိုးတော့  ညှိရတာပေါ့ဗျာ။
ဦး         ။           ။ ခင်ဗျားက သိဒ္ဓတ္ထမင်းသားကို စောင်းကြိုးညှိပြရင်း လမ်းပြပေးခဲ့တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ        ။           ။ မဆီမဆိုင်ဗျာ။ ကျုပ်ဘာသာကြိုးညှိတာပါ။ ပြီးတော့ တီးတာပါ။ ကျုပ်လိုစောင်းသမားနတ်က
သိဒ္ဓတ္ထမင်းသားကို ဘယ်လိုလုပ် ပညာပေးနိုင် လမ်းပြပေးနိုင်မှာလဲဗျာ။ စဉ်းစဉ်းစားစားလည်းလုပ်ကြပါဦး။
ဦး         ။           ။ ဒါဆို “လျော့လွန်းတော့ပတ်၊ တင်းလွန်းတော့ပြတ် “ ဆိုတဲ့ လက်ဆင်ပေးခဲ့တာ မဟုတ်ဘူးပေါ့။
ပဉ္စ        ။           ။ အပ်ဗဆိုလုတလီ နိုးပါဗျာ။
ဦး         ။           ။ သိဒ္ဓတ္ထမင်းသားကတော့ ခင်ဗျား စောင်းကြိုးညှိတာကိုကြားပြီး မလျော့မတင်းကျင့်လို့
                         ဘုရားအဖြစ်ကိုရောက်သွားခဲ့တယ်နော်။
ပဉ္စ        ။           ။ သိဒ္ဓတ္ထမင်းသားက အားလုံးပြည့်စုံနေပြီ။ ဘုရားဖြစ်ဖို့ပဲ ကျန်တော့တာဗျ။ ကျုပ်ကတော့ ညှိပြတာ
  မဟုတ်ဘူး ။ ဘုရားအလောင်းကြားတာကတော့ ဟုတ်တယ်။ ကျုပ်စောင်းသံမကြားလည်း    အခြား တစ်ခုခုကိုကြားပြီး ဘုရားဖြစ်မှာပဲ။ ပညာရှင်တွေဆိုတာ ရေစီးတာ လေတိုက်တာကို မြင်ပြီးလည်း အသိတွေရတတ်တယ်လေဗျာ။
ဦး         ။           ။ ဒါတော့ ဟုတ်ပါတယ်ဗျာ။



ပဉ္စ        ။           ။ ဒါဆို ခင်ဗျားကို ကျုပ်မေးမယ်။ နယူတန်ဆိုတဲ့လူကြီး ပန်းသီးကြွေတာကိုကြည့်ပြီး
                         ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိသွားခဲ့တယ်မဟုတ်လား။
ဦး         ။           ။ ဟုတ်ပါတယ်။
ပဉ္စ        ။           ။ ဒါဆို ပန်းသီးက နယူတန်ကိုပညာပေးဖို့ သစ်ပင်ပေါ်ကနေ ကြွေကျလာတာလား။
ဦး         ။           ။ ဒီလိုတော့ မဟုတ်ဘူးပေါ့။
ပဉ္စ        ။           ။ ဒါဆိုရှင်းရောပေါ့။ ပန်းသီးကနယူတန်ကိုပညာပေးတာမဟုတ်ဘူး။ နယူတန်ကိုယ်တိုင်ကဒါကိုသိတာ။
ပန်းသီးမဟုတ်ပဲ ထန်းသီးဖြစ်လည်းနယူတန်ကတော့ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိမှာပဲ။ ကျုပ်ဖြင့်     အံ့ဩလို့မဆုံးဘူးဗျာ။ ကျုပ်ပာဘာသာ စောင်းကြိုးညှိတာကို  ။ငရဲတွေကြီးကုန်တော့မှာပဲ…။
ဦး         ။           ။ ကျေးဇူးပါပဲဗျာ။ ရှင်းသွားပါပြီ ၊ ခွင့်ပြုပါဦး။
ပဉ္စ        ။           ။ ကောင်းပါပြီဗျာ။ နောက်မရှင်းတာရှိလည်း လာခဲ့ဦးပေါ့။

ကဲ- ဒါပါပဲဗျာ။

ပဉ္စသီခကတော့ ဒီလိုဖြေခဲ့ပါတယ်။ အသံသွင်းခဲ့ပေမယ့် နတ်အသံက ရက်ကော်ဒါထဲမ၀င်၊ 
ဓါတ်ပုံရိုက်ခဲ့ပေမယ့် ဓါတ်ပုံကလည်း ကင်မရာထဲမ၀င်မို့ သက်သေတော့ မရှိဘူးပေါ့ဗျာ။ 
ယုံချင်မှသာ ယုံပါ။ 


ဦးကိုမောင်


















Copyright © 2011 ကမ်းလက်. All rights reserved.

ဒိုင်မင်းရှင်း

 ၁။ ဘောလုံးဒိုင်မင်းရှင်း
အသက် ၄၀ ဝန်းကြင်နဲ့ အထက်က ဘောလုံးစိတ်ဝင်စားတဲ့လူတွေဆိုရင် အီတလီဘောလုံးသမား
ဒီကာနီယို ဆိုတဲ့  ဘောလုံးသမားကိုသိကြပါတယ်။ ဝက်စ် ဟမ်း အသင်းမှာကစားခဲ့တယ်။
နောက်တန်းသမားအားလုံးကို ကျော်ဖြတ်ပြီး ဂိုးသွင်းမယ်လည်းလုပ်ရော ဂိုးသမားက ဒဏ်ရာရပြီး လဲနေတယ်။
သူ့ဘာသာသူ ဒဏ်ရရာရတာပါ။ ဒီကာနီယိုနဲ့မဆိုင်ပါဘူး။ ဒါပေမယ့်ဒီကာနီယိုက ဂိုးမရှုးတော့ပဲ ဘောလုံးကို ဘေးကန်ထုတ်လိုက်တယ်။
အဲဒါနဲ့ပတ်သက်လို့ စကားသံ နှစ်သံထွက်တယ်၊
    (က) သူတော်ကောင်း၊
    (ခ)  အရူး တဲ့။

နောက်တစ်ယောက်က မန်ယူ က လူးဝစ် နာနီ။ တစ်ဖက်ဂိုးသမားနောက်မှာ သူကလဲနေတာ၊
ဒိုင်က ဂိုးသမားကို ကန်ဖို့ ခရာမှုတ်ပြီးပြီ။ဂိုးသမားက ဘောလုံးကိုတည်ပြီး ကန်ဖို့နောက်ဆုတ်အားယူတယ်။
ဒါကိုသိတဲ့ လူးဝစ် နာနီက ဂိုးသမားအရင်ဦးအောင်ယူပြီး ဂိုးသမားတည်ပေးတဲ့  ဘောလုံးနဲ့ အလွယ်တကူ ဂိုးရှုးသွားတယ်။ ဒီကိစ္စမှာလည်း စကားသံ နှစ်သံထွက်တယ်။
    (က) အချောင်သမား
    (ခ) ဥပဒေဘောင်ထဲကနေ အခွင့်အရေး ရအောင်ယူတတ်သူ တဲ့။

၂။ စီးပွားရေး ဒိုင်မင်းရှင်း
၁၉ ရာစုက မက်ကောလစ်စတာ စတဲ့ အမေရိကန်သူဌေးကြီးတွေကို မသန့်ရှင်းတဲငွေ၊
လူမည်းတွေအပေါ် ခေါင်းပုံဖြတ်ပြီးရတဲ့ငွေတွေနဲ့ ချမ်းသာသူ စသဖြင့်ပြောကြတယ်။
သူတို့က တက္ကသိုလ်တွေ၊ဆေးရုံတွေထောင်တော့လည်း ဒီအပြစ်တွေကျေအောင် လုပ်နေတာလို့ ဆိုကြပြန်တယ်။ သူ့တို့ကို
    (က)တစ်ချို့ကအက်သစ်ကယ် မဖြစ်တဲ့နည်း သူဌေးဖြစ်လာသူ လို့ဆိုကြတယ်၊
    (ခ)တစ်ချို့က စီးပွားရေး လာဘ်မြင်သူ တဲ့။

၂၀၊၂၁ ရာစုရောက်ပြန်တော့ ဘီးလ်ဂိတ်တို့လို လူတွေကိုပဲ
    (က)အက်သစ်ကယ် မဖြစ်တဲ့နည်း သူဌေးဖြစ်လာကြသူတွေ လို့ဆိုကြပြန်တယ်၊
    (ခ )တစ်ချို့ကတော့ စီးပွားရေး လာဘ်မြင်သူ တဲ့။

၃။ နိုင်ငံရေး ဒိုင်မင်းရှင်း
မြန်မာပြည်မှာ ဦးနုအစိုးရတက်လာတယ်၊မဆိုးဘူး  ဦးနုအစိုးရအစွမ်းလား၊ဗြိတိရှလက်ကျန်လား
အာရှမှာတော့ အကောင်ကြီးကြီး ခြင်္သေ့ပဲ။ အမျိုးမျိုးပြောကြတယ်။
    (က)ဘာသာရေးက ကြည့်တော့ ဆဋ္ဌသင်္ဂါယနာပါ တင်သွားနိုင်တယ်။
    (ခ )တစ်ချို့အမြင်က မြန်မာပြည် ဖျက်ဆီးသွားတာ   ဦးနုအစိုးရတဲ့။

စင်ကာပူက လီကွမ်းယု။ တံငါရွာကနေ ထိပ်တန်းမြို့တော်တစ်မြို့ဖြစ်အောင် လုပ်ခဲ့တယ်၊
သူက တကယ့်ကို Perfectionist။ ဝန်ကြီးတိုင်း အိမ်ထောင်ရှိရမယ် ၊အိမ်ထောင်ရေးဖောက်ပြန်မှု ကင်းရမယ်၊
အသေးအမွှားက အစ ပါဖက်ြဖစ်နေရမယ်။
    (က)သူ့ကိုတော့ ဒီမိုရေစီ အာဏာရှင် တဲ့။
    (ခ )တစ်ချို့ကတောဘုရားသခင်လွှတ်လိုက်တဲ့ ဂေါ့ဒ် တဲ့။

၎။ ဘာသာရေး ဒိုင်မင်းရှင်း
ဆွာမိ ဝိဝေကာနန္ဒက ပြောတယ်၊ ဂျီးဇက် ခရိုက်က ဂျူး၊ သူ့ကိုသဘောမတူတဲ့ သူ့လူမျိုး ဂျူးတွေက သူ့ကို ကားစင်တင်ခဲ့တယ်။

ဗုဒ္ဓ ဟာ ဟိန္ဒူတဲ့၊ ဒါပေမယ့် ဟိန္ဒီတွေက ကားစင်မတင်တဲ့အပြင် ဗုဒ္ဓ ကို အထွတ်အမြတ်ထားပြီး
ကိုးကွယ်ခဲ့တယ် တဲ့။

(ကွဲလွဲခွင့်ရှိလို့ ကွဲလွဲရရင် ဗုဒ္ဓ က ခတ္တိယ အနွယ်ဖြစ်တဲ့အတွက် သူ့နောက်မှာ စစ်တပ်ကြီးတွေရှိတယ်။အထူးသဖြင့် ခတ္တိယ တွေနဲ့ အဲဒီခေတ်က စူပါပါဝါ မဂဓအရှင် ဗိမ္ဗိသာရတို့ကဗုဒ္ဓ ကိုထိရင်လက်ပိုက်တော့ကြည့်မနေလောက်ဘူး။ ဗုဒ္ဓ ကို အထွတ်အမြတ်ထားပြီး ကိုးကွယ်တာကိုတော့ ကိုယ့် နိုင်ငံသားမဟုတ်ပေမယ့် ဂုဏ်ယူမိပါတယ်။)
နောက်ဆုံးဝါကျသာ ကျနော့်စကားပါ။    ။


ဇင်ဝေသော်









Copyright © 2011 ကမ်းလက်. All rights reserved.

ချော်နေသော ခွေးသွားစိတ်တစ်ခုအကြောင်း

 
လမ်း” အကြောင်းကို စဉ်းစားနေမိ၏။ လူသည် လမ်းလျှောက်၏။ တိရိစ္ဆာန်တို့ လမ်းလျှောက်၏။ ကဗျာဆရာတို့ကမူ အတွေးများပင် လမ်းလျှောက်သည်ဟု ဖွဲ့ညွှန်းကြ၏။ ထိုလမ်းက အဘယ်နည်း။ လမ်းအကြောင်းကို ဖြစ်ကတတ်ဆန်းမေး၍ ဖြစ်ကတတ်ဆန်း ဖြေကြ၏။ အမှန်မူ လမ်းသည် အရေးကြီး၏

          လူစွမ်းကောင်းများနှင့် ရေသည် သူ့လမ်းသူဖောက်သည်ဟု ဆိုကြ၏။ ထိုလမ်းသည် မည်သို့သောလမ်းနည်း။ ရေသည်လမ်းကို ဖောက်၏။ ကမ်းကို ထွင်၏။ သို့သော် ထိုရေဖောက်သော လမ်းသည် ပို၍ပို၍နိမ့်သော ရပ်ဝန်းတစ်ခုခုဆီသို့ ဦးတည်နေတတ်၏။ လူစွမ်းကောင်းတို့လည်း လမ်းဖောက်ကြ၏။ ထိုလမ်းကား နိမ့်ရာရပ်ဝန်းသို့ တသမတ်တည်း ဦးတည်နေခြင်းမဟုတ်။ လမ်းဖောက်တာချင်းတူသော်လည်း လူဖောက်သောလမ်းနှင့် ရေဖောက်သောလမ်း တူ၍မရ။

          အချို့ကလမ်းဖောက်၍ အချို့က လမ်းလျှောက်၏။ ဆင်သွားရာလမ်းဖြစ်သည်ဟု ဆိုကြပြန်၏။ သို့သော် ထိုဆင်သည် တောင်သူတစ်ယောက်၏ စိုက်ခင်းထဲလမ်းလျှောက်မည်ဆိုသော် ကြေကွဲဖွယ်ကောင်း၏။ ထိုလမ်းကား အရင်းအနှီးများ၏။ အမှန်ဆိုသော် သွားရန်အခွင့်ရှိက လမ်းမရှိသော်လည်း လျှောက်ရတတ်ပြန်၏။ စိုက်ခင်းထဲက ဆင်တစ်ကောင်မဖြစ်ဖို့တော့ အရေးကြီးသည်။


          နေပူပူ၌ လမ်းလျှောက်ဖူး၏။ ထိုအခါ အာနန္ဒဟု အမည်ရသည့် လူတစ်ယောက်ကလာ၍ ထီးမိုးပေး၏။ ထိုထီးကို သူက ကိုင်၏။ ကိုယ်က သူကိုင်ထားသော ထီးအရိပ်ကို ခိုလှုံ၍ လမ်းလျှောက်မိ၏။ မတရားဘူးထင်သဖြင့် သူကိုင်ထားသောထီးကို ကိုင်လိုက်၏။ သူကကိစ္စမရှိဟု ဆိုသည်။ ထိုကိစ္စမရှိဟူသော အဓိပ္ပါယ်ကို တိတိကျကျနားမလည်။ နှစ်ယောက်ဆောင်းသောထီးကို နှစ်ယောက်ကိုင်ခွင့်ရှိသလားဟု မေးမိ၏။ ရှိတော့ ရှိ၏။ သို့သော် ကိစ္စမရှိ။ မလိုအပ်ဟု ဆိုလိုဟန်တူသည်။

          ပန်းခင်းလမ်း၊ ခရောင်းလမ်းစသဖြင့် မြန်မာစကားရှိပြန်၏။ ပန်းခင်းသောလမ်းကို ကြည့်ရတာ အဆင်ပြေသော်လည်း တကယ်တမ်းလျှောက်သောအခါ ကသိကအောက်နိုင်၏။ ပန်းသည် လမ်းဖြစ်သင့်သောအရာမဟုတ်။ အကောင်းဆုံးလမ်းကတော့ အတွေ့အကြုံကိုခင်း၍ လျှောက်ရသော လမ်းသည် အကောင်းဆုံးဖြစ်လိမ့်မည်။ ခရောင်းလမ်းကလည်း ချော်လဲဖို့ရာခိုင်နှုန်းများ၏။ (၄၂) မိုင်ဝေးသောလမ်းတစ်ခု လျှောက်ဖူးသည်။ ထိုလမ်းမျိုးကိုလျှောက်မှ ခန္ဓာ၏လေးလံမှုက ပို၍ ထင်ရှားစေသည်။ မည်သို့ဖြစ်စေ ထိုခန္ဓာနှင့်လူသည် ခန္ဓာကို ထားခဲ့၍မရ။ ထို့ကြောင့် သူသည် လေးလံစွာပင် ဆက်လျှောက်နေရဦးမည်။
          “လမ်း” နှင့် “ခရီး” အတူတူပဲလားဟု တွေးရန်ရှိလာပြန်၏။ ထပ်တူမကျသော်လည်း ဆင်တူရိုးမှားတော့ရှိသည်။ စာပေအရဆိုလျှင်မူ တခြားစီသာဖြစ်၏။ လမ်းက မဂ္ဂ ဖြစ်ပြီး ခရီးက သံသရာဖြစ်၏။ ရှိစေတော့။ အလွန်အမင်း လေးနက်သွားမှာ စိုးရိမ်၏။

          ထိုလမ်းကိုအချို့က တစ်ယောက်တည်းလျှောက်ပြီး အချို့ကအဖော် (အနည်းဆုံးနောက် တစ်ယောက်) ဖြင့် လျှောက်သည်။ လူသည် မကြာမကြာ တစ်ယောက်တည်း ရန်ဖြစ်နေတတ်၏။ နှစ်ယောက် (သို့) သုံးယောက်ဆိုလျှင် ရန်ဖြစ်ဖို့ ကြိမ်ဖန်ပိုများနိုင်၏။ ဤအယူအဆသည် တဖက်သတ် ဆန်သွား၏။ တုတ်တစ်ချောင်းတည်း ရပ်တည်ရခက်သောအခါ အခြားတုတ်တစ်ချောင်းဖြင့် ထောက်ကန် ပေးရ၏။ ထိုအခါဟန်ချက်ညီသွား၏။ စာပေအရ အညမညနှင့် သဟဇာတ သဘောတို့ဖြစ်သည်။ ရှိစေတော့။ အလွန်လေးလံသွားမှာ စိုးရိမ်သည်။

          ဘုရားရှင်၏ လေးသင်္ချေကြာခရီးကို ငဲ့စောင်းကြည့်မိ၏။ အများအားဖြင့်တော့ အဖော်နှင့် လျှောက်ခဲ့တာများသည်။ တစ်ယောက်တည်းလျှောက်သောဘဝက အရေအတွက်နည်းလွန်း၏။ အဘယ့်ကြောင့်နည်း။ တစ်ယောက်တည်းလျှောက်ခြင်း၊ အဖော် ( အနည်းဆုံးနောက်တစ်ယောက်) နှင့် လျှောက်ခြင်းတို့၌ အားနည်းချက်၊ အားသာချက်တို့ ကိုယ်စီရှိနိုင်၏။ ပြဿနာကို အနှုတ်၊ အစားလက္ခဏာတို့ဖြင့် ချုံ့လိုက်နိုင်လျှင် အရာခပ်သိမ်းသည် အဆင်ပြေနိုင်လောက်၏။ ပြဿနာကို အပေါင်း၊ အမြှောက်လက္ခဏာ တပ်မည်ဆိုလျှင် အဆင်မပြေနိုင်။ ဘဝသည် စက်ဆုတ်ဖွယ်ဖြစ်၏။ ဘဝသည် ကြေကွဲဖွယ်လည်း ဖြစ်၏။

          အာနန္ဒာ၏ ထီးအရိပ်ကို သတိရသည်။ထီးအရိပ်ပေးဖူးသော အာနန္ဒာသည် ဘုရားရှင်၏ ကိုယ်ရေးအရာရှိ အရှင်အာနန္ဒာ မဟုတ်။ တရုတ်တစ်ယောက် ဖြစ်သည်


          ဖုန်ထူသော၊ လူလိုက်များသောလမ်းကို ဘုရားရှင်က ကာမသုခလ္လိကလမ်းဟု မိန့်တော်မူ၏။ ခပ်ညံ့ညံ့လမ်းတည်း။ သို့သော် ထိုလမ်းက ကျော်ခွ၍မရ။ ဟန်ဆောင်ပြီး ရှောင်နေ၍မရ။ ဟန်ဆောင်၍ ရ၏၊ ရှောင်၍ မရ။ ထိုလမ်းမှတဆင့် ပို၍မြင့်မြတ်ရာကို သွားလို့တော့ရ၏။ ဟန်ဆောင်သူသည် မိအေးနှစ်ခါနာ ဖြစ်၏။

          ကြမ်းရှသော၊ လူအလိုက်နည်းသောလမ်းကို အတ္တကိလာမထမလမ်းဟု ဘုရားရှင်က မိန့်၏။ အစွန်းရောက်သူတစ်ချို့ လျှောက်၏။ သိပ်မညံ့လှ။ ဟီနဟု ဘုရားရှင်က မမိန့်၊ ဒုက္ခ ၊ အနရိယ ၊ အနတ္တသံဟိတဟုသာ မိန့်သည်။ ခက်ထန်၏။ အထီးကျန်၏။

          ( ဒုက္ခ- ဆင်းရဲ၊ အနရိယ- မမွန်မြတ်၊ အနတ္တသံဟိတ- အကျိုးမဲ့)
          ( ဟီန- ယုတ်နိမ့်သည်)
          လျှောက်သည် မလျှောက်သည်အပထား၊ လမ်းကား ဧကန်ရှိ၏။ ထိုကား မဂ္ဂဆိုသည့် မဂ္ဂင်ရှစ်ပါးတည်း။ ဤလမ်းက စိတ်ချရ၏။ သို့သော် စိတ်ချရသည့်လမ်းတို့ကို လူကရှောင်ခွါခွါလုပ်၏။ အလယ်အလတ်လမ်းစဉ်ဟုဆိုသော်လည်း လျှောက်သူအရေအတွက်က အလယ်အလတ်မျှပင် ရှိမည်မထင်။ ရှိသော် ကောင်းပါ၏။ ဤကိစ္စကို အငြင်းမပွါးလို။

          သီဟနာဒကား ထိုလမ်း၏ ပလက်ဖောင်းပေါ်တွင်ရပ်ကာ လမ်းအကြောင်းကို တွေးတောနေ၏။ အမှန်မူ လမ်းဟူသည် တွေးတောခြင်းထက် လျှောက်လိုက်ခြင်းက ပိုကောင်း၏။ တစ်ချိန်ချိန်မှာတော့ လျှောက်ကိုလျှောက်လိုက်ဦးမည်ဟု ကြုံးဝါးနေ၏။ ထိုစဉ် နေ့၊ လ၊ ရက်တို့ကလည်း ပြန်၍ကြုံးဝါးကြပြန်၏။ လူက ကြုံးဝါးလိုက်၊ အချိန်က လူကို ကြုံးဝါးလိုက်ဖြင့် ကြုံးဝါးသံတို့ကား ပွက်လောညံနေ၏။

         ထိုလမ်းကား အလယ်အလတ်လမ်းတည်း



          အလယ်အလတ်ဖြစ်သဖြင့် တစ်ယောက်တည်းလည်း လျှောက်လို့ရ၏။ အဖော်နှင့်လည်း   လျှာက်လို့ရ၏။ တောမှာလည်း လျှောက်လို့ရ၏။ မြို့မှာလည်း လျှောက်လို့ရ၏။ ရေသောက်ရင်း လျှောက်လို့ရ၏။ အရက်သောက်ရင်းတော့ လျှောက်လို့ရမည်မထင်။ အရက်သောက်ရင်းလည်း လျှောက်လို့ရသည်ဟု လူတစ်ချို့ပြောသံ ကြားဖူး၏။ မထင်လှ။ သို့သော် အငြင်းမပွါးလို၊ ရသော် ချီကျူးပါ၏။ သေချာသည်က မူးနေလျှင်တော့ ခြေလှမ်းမှန်မည်မထင်။

                ထိုလမ်းကား အလယ်အလတ်လမ်းတည်း။

          ထို့ကြောင့် အဖော်နှင့်လျှောက်မည့်သူများအတွက် အဖော်ကောင်းရရန် ဆုတောင်းပေးပါ၏။ တစ်ဦးတည်း လျှောက်လိုသူများအတွက် တဲအိမ်၊ တဲကျောင်းကလေးများ တွေ့ပါစေဟု ဆုတောင်းချင်၏။ အဖော်နှင့်လျှောက်ပြီးဖြစ်နေသူများ အဆင်ပြေစေရန် ဆုတောင်းမိ၏။ တစ်ဦးတည်းလျှောက်နေသူများ အထီးကျန်မှု မခံစားရပါစေနဲ့ဟု ဆုတောင်းချင်၏

          ထိုစကားများဆိုစဉ်-

          အချိန်၏ ကြုံးဝါးသံကို ပီပီပြင်ပြင်ကြီး ကြားလိုက်ရ၏။
          ထိုစဉ် စိုက်ခင်းထဲကဆင် မဖြစ်ရန် ခြေလှမ်းပြင်မိ၏။






သီဟနာဒ


















Copyright © 2011 ကမ်းလက်. All rights reserved.

အမြင်

"ယနေ့ ရောင်းရသောငွေသည် မနက်ဖြန်အတွက် အရင်းဖြစ်သည်"
ဒါလေးကြည့်ပြီး မဆိုးဘူး ထင်မိတုန်း
"ယနေ့ ရောင်းရသောငွေသည် မနေ့ကအကြွေး ဆပ်ရန်ဖြစ်သည်" တဲ့။ ။

သူထောင်တာကကြောင်ပါ၊ ကြောင်မှ တောကြောင်၊
လက်ခမောင်းခတ်မှာ စိုးလို့ ၊
မိတာကလည်း သူထောင်တဲ့ကြောင်ပဲ ၊
ဒါကို မသိဘဲပြောကြသေးတယ်
"ယုန်ထောင် ကြောင်မိ" တဲ့ ။ ။

သူက 'အ' လို့ လိုက်လျောတာမိတာကို
လူတစ်ချို့က အားနာလို့ လို့ထင်တတ်ကြသေးတယ်၊ ခက်ပုံက။ ။



ဇင်ဝေသော်










Copyright © 2012 ကမ်းလက်. All rights reserved.

☺ တူနိုင်ပေါင် ☺

 
ညီမလေး…. ရေ
ရှေးတုန်းက (တကယ့်ကိုရှေးတုန်းက) သမ္မတကြီးက ပရောဖက်ဆာကြီးကို ဆုချမယ်၊ ဘာဆုယူမလည်းလို့မေးသတဲ့။ ဒါနဲ့ မယားကြောက်ရတဲ့ ပရော်ဖက်ဆာကြီးက အိမ်ပြန် တိုင်ပင်ပါရစေဦးခင်ဗျာလို့ ပြောသတဲ့။

အိမ်ပြန်ရောက်လို့ သူ့မိန်းမကို ဘာလိုချင်သလဲ လို့မေးတော့ ရှင်ကရော ဘာလိုချင်နေလို့လဲလို့ သူ့ကိုပြန်မေးသတဲ့။

ဒါနဲ့ ပုဏ္ဏားကြီးက
" ငါကတော့ စူပါမားကတ်ကြီး တစ်ခုလိုချင်တယ်" တဲ့။

ဒါနဲ့သားကိုမေးတော့
" ဘရန်းနယူး ပိုရှေးတစ်စီး" လို့ဖြေသတဲ့။

ချွေးမကိုမေးပြန်တော့
" ကျွန်မကတော့ ပြင်သစ်ထုတ်ပဲ တင်တဲ့ဖက်ရှင်စတိုး " ကိုတောင်းဆိုသတဲ့။


နောက်ဆုံး အိမ်က မေ့(ဒ်)ကိုမေးတော့
" ကျွန်မဖြင့် ဝေါရှင်း မက်ရှင်း ရရင်တော်ပါပြီ " လို့ဆိုသတဲ့။

အဲသလို မတူတဲ့ အလိုတွေကို သမ္မတကြီးထံတင်ပြတော့ သမ္မတကြီးကပြုံးသတဲ့။ ပြုံးစရာကောင်းတဲ့အထဲမှာ ဝေါရှင်းမက်ရှင်းက ပြုံးစရာ အကောင်းဆုံးဖြစ်နေသတဲ့။
 လူဆိုတာ ကိုယ်လိုရာကို တောင်းကြတာပဲပေါ့ကွယ်။

ဒါပေမယ့် တကယ်ဇာတ်တော်ထဲမှာတော့ (ဘုရားဟောထဲမှာတော့)
ပုဏ္ဏားပရော်ဖက်ဆာကြီးက ရွာစားဆု
ပုဏ္ဏားကတော်က နို့စားနွားမတစ်ရာ
သားကတော့ အာဇာနည်မြင်း ကတဲ့ရထားကြီး
ချွေးမကတော့ ပတ္တမြားနားတောင်း
ခုဇ္ဇာဆိုတဲ့ ကျွန်မကတော့ ငရုတ်ဆုံ တဲ့ကွဲ့။

ညီမလေး နားရှုပ်မှာစိုးလို့ နည်းနည်း  အက်ဒစ်လုပ်လိုက်တာ။
တကယ်လည်း ကိုယ်ကြိုက်တာ ကိုယ်ကြိုက်ဖို့၊ ကိုယ်လိုတာကိုပဲ သိဖို့က အရေးကြီးတာပဲ မဟုတ်လား။

ဒါနဲ့ ညီမလေးကို မေးလာရင်ကော ဘယ်လိုဖြေမှာလဲ။ 


ဆယ်လူလာဖုန်းယူ၊ ပါဂျဲရိုးကားကို ကိုယ်တိုင်မောင်း၊ အဲကွန်းတပ်ထားတဲ့ တောအုပ်ထဲက ကျောင်းဆီ စားစရာတွေအပြည့်ထည့်ပြီး တောထွက်ပြီလို့ တီဗွီကတော့ မကြေညာလိုက်ပါနဲ့ကွယ်။ 


ဇင်ဝေသော်












Copyright © 2011 ကမ်းလက်. All rights reserved.