အမှန်မူ တောင်တန်းသာသနာပြုကာလသည် (၂) နှစ်မျှသာဖြစ်သည်။ သို့သော် ဒေသခံများကို စာနာမိခြင်း၊ ကိုယ့်ရည်ရွယ်ချက်လည်း အထမြောက်ပြီဟု မဆိုနိုင်ခြင်းကြောင့် အနည်းဆုံးတစ်နှစ်တော့ ထပ်နေမည်ဟု ဗော်လန်တီယာ တာဝန်ယူပြီး ငှက်ဖျားပိုး၊ ဝမ်းပျက်ဝမ်လျောပိုးတို့ ပျော်မွေ့ရာ ထိုဒေသသို့ ခရီးတစ်ခေါက်ပြန်ဆန့်ခဲ့ရတော့သည်။
နံပါတ်တစ်ပြုလုပ်ရမည့်ကိစ္စက ဟုမ္မလင်းမြို့နယ် ဥက္ကဋ္ဌ (မ.ယ.က) ၏ အထံမှ ကျောင်းဆောက်ခွင့် ပါမစ်ရရှိရေးနှင့် မြို့နယ်မှ ထိုက်သင့်သော ပံ့ပိုးကူညီမှုပေးရေးပင် ဖြစ်သည်။ မယက ဥက္ကဋ္ဌကလည်း ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ကြောင်း သိရသည်။
မိမိတို့ဖြစ်ပျက်ခဲ့သောကိစ္စက ဟုမ္မလင်းမြို့နယ် ထဲမှာဖြစ်သဖြင့် ဥက္ကဋ္ဌကလည်း တော်တော်အကြိမ်းအမောင်း ခံလိုက်ရရှာသည်ဟု ကြားသိရသည်၊ စိတ်မကောင်းစရာပါ။ သူလည်း ဘာမှတော့ မတတ်နိုင်ရှာပါ။
ထို့ကြောင့် ဟုမ္မလင်းကိုသွားရန် လူပုဂ္ဂိုလ်သာသနာပြုတစ်ယောက်ကို ခေါ်ရ၏။ သူ့နာမည်က ဦးအနူစီးတည်း။ စခန်းမှူး၏အကူအညီဖြင့် စက်လှေတစ်စီးကို မေတ္တာရပ်ကာ (စခန်းမှူးပါ ပါဝင်နေသဖြင့် မေတ္တာရပ်ဟူသောစကား မှန်၊ မမှန်တော့ မသိပေ၊ မေတ္တာတော့ ရပ်ခဲ့ပါ၏။) ဟုမ္မလင်းသို့လိုက်လိုကြောင်းပြောရာ လိုက်နိုင်ကြောင်း သူတို့ကပြန်ပြောကြ၏။
စက်လှေကသေးသဖြင့် မြန်လိမ့်မည်ဟုထင်ပြီး ရွေးချယ်မိကာမှ ရွေးမိသောစက်လှေက ဈေးသည်လှေဖြစ်နေသဖြင့် လုံးဝမှားယွင်းသွားကြောင်း နောက်ကျစွာ သိခဲ့ရတော့သည်။
ထိုဈေးစက်လှေများသည် ချင်းတွင်းမြစ်တစ်လျှောက် ဆန်တက်ရင်း ပစ္စည်းဝယ်လိုသော ရွာများသို့ကပ်ကာ ကုန်ပစ္စည်းများ ချပေးခဲ့ကြ၏။ ပစ္စည်းတန်ဖိုးငွေကို ခန္တီးမှ သူတို့ပြန်ဆုံဆင်းလာတော့မှသာ တောင်းကြ၏။ ဤသည်မှာ ချင်းတွင်းဝဲယာမှ လူတို့၏ ယဉ်ကျေးမှုဖြစ်သည်။
စီးလာသောစက်လှေသည် အသွားက ပစ္စည်းချပေးခဲ့သောရွာတိုင်းကို ဆိုက်ကပ်ကာ ဈေးဖိုးတောင်းလေတော့သည်။ ဆွမ်းစားအမီ ဟုမ္မလင်းရောက်ဖို့ နေနေသာသာ ဈေးဖိုးတောင်းတာနှင့်ပင် ဆွမ်းစားချိန်ရောက်လေတော့သည်။
သို့ဖြင့် ဦးအနူစီး ပြင်ဆင်ကပ်သော ဆွမ်းကို စက်လှေပေါ်မှာ စားလိုက်ရတော့သည်။ ပြီးမှ ဦးအနူစီးကို ပေးလိုက်သည်။ ခရီးစဉ်ဖင့်နှေးသည်မှတပါး ချောမွေ့သောခရီးစဉ်တစ်ခုပင် ဖြစ်လေသည်။
ဈေးဖိုးတောင်းသော စက်လှေကမူမပျက်သော်လည်း အတန်ကြာသောအခါ ဦးအနူစီး မူပျက်လေတော့သည်။ ဝမ်းတွေ စတင်လျှောတော့သည်။ တစ်နာရီခန့်ကြာသော် ဝမ်းသွားတာ ငါးကြိမ်ထက်မနည်းတော့ဟု သိရသည်။ ထိုအခါ စိုးရိမ်စပြုလာရတော့သည်။ ထိုတလောက ချင်းတွင်းဝဲယာ၌ ဝမ်းလျောရောဂါဖြင့်သေဆုံးသူ တော်တော်များများကြားရသည်။ စိုးရိမ်မယ်သာစိုးရိမ်ရသည် ကိုယ်လည်းဘာမှတော့မတတ်နိုင်။ စက်လှေသမားတွေကိုလည်း ဦးအနူစီးဝမ်းလျောနေပါသည်ဟုပြော၍မရ၊ သူတို့အပေါ် မတရားသလိုတော့ ဖြစ်သည်။ အဖြစ်မှန်ကို မပြောမိ။ ပြောမိပါကလည်း ဝမ်းလျောနေသူ တစ်ယောက်ကို လှေပေါ်ဆက်တင်ထားလောက်အောင် သူတို့သဘောမကောင်းလောက်ပေ။
ဆယ်ကြိမ်မျှ ဝမ်းသွားပြီးသောအခါ ဝမ်းလျောရုံသာမက အန်ပါ အန်လာသည်။ သိသမျှဗဟုသုတလေးအရ အခြေအနေတော်တော် ဆိုးနေပြီဆိုတာ သဘောပေါက်လိုက်ရသည်။ ထို့ကြောင့် သူ့ကို ဘာမှမပူရန် အားပေးရသည်။ ကောယားမောင်းခန်းကိုရောက်လျှင် ဤစက်လှေမဆင်းပြီး စက်လှေတစ်စင်းအပြတ်ငှားကာ ဟုမ္မလင်းကို အမြန်ရောက်အောင်သွားပြီး ဆေးကုပေးမည်ဟု ပြောရသည်။ ခပ်နဲ့နဲ့သာကျန်နေရှာသော ဦးအနူစီးက သူဘာမှမဖြစ်ကြောင်း ပြောနေဆဲသာတည်း။
မပြောသော်လည်း အတန်ကြာသောအခါ စက်လှေသမားတို့ သိသွားကြတော့သည်။ ထို့ကြောင့် သူတို့စက်လှေပေါ်မှာ ဆက်လက်မထားနိုင်တော့ကြောင်း ပွင့်ပွင့်လင်းလင်းပင် ပြောလာကြတော့သည်။ မတတ်နိုင်ပေ၊ ဤရောဂါသည် နာရီပိုင်းအတွင်း လူကိုသေစေနိုင်သော ရောဂါဖြစ်ကြောင်း သူတို့လည်း သိကြသည်။ ထို့ကြောင့် ကောယားမောင်းခန်းကို အမြန်မောင်းပေးစေလိုကြောင်း ထိုရောက်ပါက ချပေးပါဟု မေတ္တာရပ်ခံရသည်။ သူတို့လည်း သဘောတူကြပါသည်။
ကေားယားသို့ရောက်သောအခါ ဦးအနူစီးက လမ်းပင်မလျှောက်နိုင်တော့ပေ။ မကြောကတတ်သော စက်လှေသမားတစ်ယောက် အကူအညီဖြင့် သူ့ကိုတွဲချကြရသည်။ ဦးအနူစီးလည်း ကောယားသောင်ပေါ်ရောက်ရော ထိုစက်လှေသည်လည်း ဝန်ထုပ်ကြီးတစ်ခုချထားခဲ့ရသည့်အလား ပေါ့ပါးလွတ်လပ်စွာ တရှိန်ထိုး ထွက်ခွါသွားလေတော့သည်။
ထိုအခါ ကောယားခေါ်သည့် ရှမ်းရွာကြီး၏ သဲသောင်ပေါ်၌ တောင်တန်းသာသနာပြုရဟန်းတစ်ပါးနှင့် ဝမ်းလျှောရောဂါဖြင့် သတိရတချက် မရတချက် နာဂအမျိုးသားကြီး ဦးအနူစီးသာ ကျန်ခဲ့လေတော့သည်။ သူကား သဲသောင်မှာ ခွေခွေလေး လဲလျောင်းလျက်။
ဘာဆက်လုပ်ရမလဲ။ စဉ်းစားရသည်၊ အချိန်မရှိ။
ဦးအနူစီးခေါင်းအောက်သို့ ခရီးဆောင်အိတ်ကလေး ထိုးပေးကာ မှိန်းအနေခိုင်းပြီး ကောယားရွာကြီးထဲသို့ အမြန်သုတ်ခြေတင်လိုက်သည်။ တစ်ယောက်ယောက်အကူအညီဖြင့် စက်လှေတစ်စီး ရှာပေးရန် ထိုစက်လှေဖြင့် ဟုမ္မလင်းသို့ အမြန်စုံရန်ပင်ဖြစ်သည်။ ကောယား၊ မောင်းခန်းတို့ကား ရှမ်းရွာကြီးများဖြစ်ပြီး ဘာသာရေးလည်း အလွန်ကိုင်းရှိုင်းကြသော ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသည်။ ထို့ကြောင့် ဤကိစ္စကိုပြောသောအခါ ဒါဆို ဥက္ကဋ္ဌနှင့်ပြောမှ အဆင်ပြေမည်ဟုဆိုကာ ဥက္ကဋ္ဌအိမ်ကို လိုက်ပို့ကြ၏။ ဥက္ကဋ္ဌဆိုသူနှင့်တွေ့ပြီး ဤကိစ္စကိုပြောကာ အကူအညီတောင်းရ၏။ လူနာက ဘယ်မှာလည်းဟု မေးရာ မြစ်ဘေးကသဲသောင်ပေါ်မှာဟု ဖြေရ၏။ ထိုအခါ စက်လှေငှားဖို့နောက်ထား လူနာကို အရင်သွားကြည့်ရအောင်ဟုဆိုကာ လူတစ်ချို့နှင့်အတူ သောင်ပြင်ပေါ် ထွက်ခဲ့ကြ၏။
ထိုလူစုထဲ၌ ရှမ်းတိုင်းရင်းဆေးကို နားလည်သော ဒကာကြီးတစ်ယောက်လည်းပါသည်။ သူက ဦးအနူစီးကို စစ်ဆေးကြည့်သောအခါ မရတော့၊ လူနာက ဆုံးတော့မည်။ ထွက်သက်သာရှိပြီး ဝင်သက်မရှိတော့ဟု ဆိုလေသည်။
မိမိက လက်မခံ၊
ဘာသက်ပဲရှိရှိ ဟုမ္မလင်းကိုတော့ ရောက်မှဖြစ်မည်။ ဆေးရုံတင်မည်။ စက်လှေငှားဖို့သာ ကူညီကြပါဟု ဇွတ်အတင်းပြောမိ၏။ မှန်သည်၊
ဘာမှမလုပ်ရပဲ ရဲဘော်ရဲဘက်ကြီးတစ်ယောက် အသက်ထွက်တာကို ထိုင်ကြည့်မနေနိုင်၊ ကြိုးစားလျှက်မရသည်ကတော့ ကံပေါ့။ ဤသဘောမျိုးရှိနေခဲ့သည်။
ထိုအခါ ယင်းဒကာကြီးက “အရှင်ဘုရား၊ တပည့်တော်က စေတနာပါ။ လူနာက တပည့်တော်တို့ လှေရှာနေတုန်းမှာကိုပဲ ဆုံးနှင့်နေမှာ၊ သူ့အသက်က မိနစ်ပိုင်းလေးပဲကျန်တယ်။ ဒီမှာဆုံးရင် တပည့်တော်တို့ရွာက သုသာန်မှာ မီးသဂြိုဟ်လို့ရတယ်။ ဥက္ကဋ္ဌကြီးနဲ့ တပည့်တော်တို့ ရပ်မိ၊ရပ်ဖတွေလည်း ကူညီလို့ရတယ်။ အရှင်ဘုရားရဲ့လူနာက ဟုမ္မလင်းအထိ အသက်ခံကို မခံဘူး။ မြစ်အလယ်မှာ လူနာအသက်ထွက်ရင် အရှင်ဘုရား ဒုက္ခကောင်းကောင်း ရောက်မယ်။ ဘယ်သူမှလည်း အကူအညီပေးလို့မရဘူး။ စဉ်းစားပါဘုရား” ဟုလျှောက်ထားတော့မှ သူပြောတာက သဘာဝကျနေ၍ လက်ခံရသည်။ သို့သော် စက်လှေရရေးကိုမူ တောင်းဆိုဆဲပင်တည်း။
သူပြောတာ မှန်သည်။ နှာခေါင်းဝကို လက်ကပ်ကြည့်တော့ ထွက်လေသဲ့သဲ့သာ တိုးထွက်လာပြီး ဝင်လေက မရှိတော့ပေ။
မကြာပါ၊ ၅ မိနစ်ခန့်ကြာသောအခါ အကြောအချဉ်များ တွန့်ဆိုင်းလာပြီး ဦးအနူစီးလည်း အသက်ထွက်သွားလေတော့သည်။
အနိစ္စကား မှန်၏။ အနိစ္စတရားချဉ်းကပ်ပုံကား ရက်စက်လွန်းလှသည်။ တစ်လှေထဲစီး၊ တစ်ခရီးထဲ သွား၊ ခရီးလမ်းခုလတ်ပင် မရောက်လိုက်။ ရိုးသားသော၊ အားကိုးရသော၊ ဘုန်းဘုန်းကို ရန်ရှာချင်ရင် တပည့်တော်ကိုသတ်ပြီးမှ ရန်ရှာလို့ရမယ်ဟု အားပေးခဲ့သော နာဂအမျိုးသားကြီး ဦးအနူစီး၏
သုသာန်က ကောယားဆိုသည့် ရှမ်းရွာကြီးဘေးက ချင်းတွင်းမြစ်သဲသောင်ခုံပေါ်မှာဆိုသည်ကို မည်သူမှ ကြိုတင်မသိခဲ့ကြပေ။
မှန်သောစကားကိုဆိုရမူ ဖခင်သေဆုံးစဉ်ကပင် ကိုယ့်လက်ပေါ်မှာ မဟုတ်ခဲ့သည့်အတွက် ဒီလောက်မတုန်လှုပ်ခဲ့ရပေ။
ဦးအနူစီး၏ ရုပ်အလောင်းက ဝမ်းလျှောပြီးဆုံးတာဖြစ်သဖြင့် လူတော်တော်များများက မကိုင်လိုကြ၊ သူတို့ကိုလည်း အပြစ်တင်လို့မရ။ သို့သော် သူနှင့်သိသူဟူ၍ကလည်း တောင်တန်းသာသနာပြုရဟန်းသာ။ နောက်ပြီး နာဂအမျိုးသားပင်ဖြစ်သော်လည်း ဗုဒ္ဓဘာသာ သာသနာပြုတစ်ယောက်ဟူသော သံယောဇဉ်ကြောင့် ကူညီသူတစ်ချို့တော့ရှိခဲ့သည်။ ရွာတွင်းသို့ မဝင်တော့ပဲ သုသာန်သို့သွားကာ ချက်ချင်း မီးသဂြိုဟ်ကြသည်။
ဦးအနူစီးဘဝက ဆုံးသွားပေပြီ။
သို့ဖြင့် တစ်ပါးတည်း ဟုမ္မလင်းကို သွားခဲ့ရသည်။
သူ့မိသားစုကို ဘယ်လိုရှင်းပြရမည်ပင် မစဉ်းစားတတ်။
ထို့ကြောင့် ဟုမ္မလင်းတပ်မှနေပြီး ထမံသီတပ်သို့ သံကြိုးအရင် ပို့ထားလိုက်သည်။
ကျောင်းအတွက် အထိုက်အလျှောက် အကျိုးရှိသည်ကား မှန်ပါ၏။ သို့သော် ထိုဟုမ္မလင်းခရီးက ရဲဘော်ကြီး တစ်ယောက်ကို ချွေယူသွားခဲ့သည်။ ရင်နာရပါ၏။
ထမံသီသို့ ပြန်ရောက်သောအခါ ထိုသတင်းကို အားလုံးရထားကြပြီးဖြစ်၍ ထပ်မံရှင်းပြစရာ အထွေအထူးမလိုတော့။ သို့သော် တိတ်ဆိတ်စွာ ဝမ်းနည်းနေကြရသည်ကိုကား မည်သူမှ ဖုံးဖိဖို့မကြိုးစားကြ။ ဤရဟန်းကိုယ်တိုင်ပင် မျက်ရည်တစ်ချို့ဖြင့် စက်လှေပေါ်မှ ဆင်းခဲ့ရသည်။
ကျောင်းဖြစ်မြောက်ဖို့သွားခဲ့တဲ့ခရီးမှာ ဆုံးပါးခဲ့ရလို့ ဗိမာန်ကျယ်ကျယ်နဲ့ နတ်သားတစ်ပါးဖြစ်စေဖို့တော့ တောင့်တမိသည်။