“ ဗုဒ္ဓနှင့် ဂျီးဇက်” (သို့) “အမြင့်မြတ်ဆုံး လူသားနှစ်ယောက်၏ ကတ္တီပါရောင်သဲလွန်စများ”

ဗုဒ္ဓနဲ့ ဂျီးဇက်တို့ဟာ လူသားသမိုင်းရဲ့ အထင်ရှားဆုံးပြယုဂ်နှစ်ခုသာ ဖြစ်ကြပါတယ်။ သူတို့အဆုံးအမတွေက လေးနက်သလို ဒီအဆုံးအမတွေကို လက်ခံကျင့်သုံးနေကြတဲ့ လူ့အဖွဲ့အစည်းတွေမှာ သူတို့ရဲ့လွှမ်းမိုးမှုတွေကလည်း လိုက်ကာထူထူချတာတောင် မလုံပါဘူး။

       သူတို့ဆီမှာ မျှဝေတူညီတဲ့ အချက်တွေအများကြီးပါ။

သူတို့နှစ်ယောက်စလုံးဟာ အိမ်ယာမဲ့အဓိပတိ ဆရာကြီးတွေဖြစ်ကြသလို သူတို့ပြောလိုတဲ့ အကြောင်းအရာတွေကို ခိုင်းနှိုင်းတင်စားမှုတွေ၊ ပုံပြင်သာဓကတွေနဲ့ လူတွေရဲ့နားထဲရောက်အောင် ရိုက်သွင်းနိုင်တဲ့ အရည်အသွေးတွေကလည်း လက်ခုပ်တီးအားပေးလို့ မဝလောက်အောင်ပါပဲ။

ဗုဒ္ဓက အရှင်မြတ်ကိုယ်တော်တိုင် ဗုဒ္ဓဂျန်နရေးရှင်းကြီးရဲ့ ပစ္စုပ္ပန်ပြယုဂ်တစ်ခုလို့ ယုံကြည်တော်မူခဲ့သလို (S II, 106) ဂျီးဇက်ကိုယ်တိုင်ကတော့ ရှိရှိသမျှ ဂျူးသူတော်စင်ကြီတွေရဲ့ ကိုယ်စားလှယ်လို့ ယုံကြည်ထားပြန်တယ်။

       ဒီမှာ - ဒီလူသားနှစ်ယောက်အတူလျှောက်ခဲ့တဲ့ ကတ္တီပါရောင်လမ်းစတစ်ချို့နဲ့ သူတို့ရဲ့ (လူတွေ) ခပ်ဝါးဝါးသာမြင်ရတဲ့ ခြေရာတွေပါ။

ဗုဒ္ဓ ။       ။ သူများတွေ ပြုမူခဲ့တာတွေ၊ ပြုမူဖို့ လွဲခဲ့တာတွေကို အပြစ်ရှာ၊ အပြစ်တင်နေမဲ့အစား ကိုပြုမူခဲ့တာတွေ၊ ကိုယ်ပြုမူဖို့ ပျက်ကွက်ခဲ့တာတွေကိုသာ မြင်အောင်ကြည့်ပါ။ ( Dhp 50) ဂျီးဇက် ။        ။ သူများကို မဝေဖန်နဲ့၊ သင်ဟာဝေဖန်ခံရမှုကနေ လွတ်မြောက်တယ်။ သူမျာကို ဝေဖန်သလို သူတို့က သင့်ကိုဝေဖန်လိမ့်မယ်။ သင်တိုင်းတာတဲ့ အရှည်အဝေးအတိုင်းပဲ သူတို့ကသင့်ကို ပြန်တိုင်းတာလိမ့်မယ်။ ( Matthew-7, 1-2 )

ဗုဒ္ဓ ။       ။ သူရူး၊ သင့်ဆံထုံးနဲ့ ဆိတ်သားရေလည်ဆွဲက ဘာလုပ်လို့ရမတုန်း။ အထဲမှာ ရှုပ်ထွေးပွေလီပြီး အပြင်ပန်းသာလှနေလို့ကတော့-( Dhp-394 ) ဂျီးဇက် ။       ။ ကြည့်စမ်း၊ ဟင်းပေနေတဲ့ခွက်ကိုတော့ ဆေးကြောရဲ့။ ခွက်ထဲမှာကျတော့ အလိုကြီးမှု၊ ကောက်ကျစ်မှုတွေနဲ့ ဖြည့်တင်းလို့။ သင်တို့ အရူးတွေ။( Luke II, 39-40)

ဗုဒ္ဓ ။       ။ နာကျင်အောင်လုပ်၊ အသက်ကိုနှုတ်၊ ခြေလက်တွေကိုဖြတ်ချိုး၊ ခိုး၊ လိမ်၊ မသမာမှုမျိုးစုံ၊ ကျမ်းစားတွေကို ကြိုက်သလိုဖွင့်ဆို၊ ကာမေသုကို အလိုရှိသလောက်ကျင့်သုံး။ ဒါတွေ ကြောင့် သင်ဟာ မသန့်ရှင်းသူဖြစ်နေတာ။ အသားတွေ စားနေလို့ မဟုတ်ဘူး။( Sn- 242) ဂျီးဇက် ။       ။သတ်ဖြတ်၊ ကာမေသုလွန်ကျူး၊ ကိုယ်ကျင့်မလုံ၊ ခိုးယူစားသောက်၊ မှားယွင်းတဲ့ သက်သေတွေထုတ်ပြ၊ ဒါတွေက လူကို မသန့်ရှင်းအောင် ညစ်ထွေးစေတာ။ လက်မဆေးပဲ ထမင်းစားနေလို့ မဟုတ်ဘူး။ (Matthew-15, 19-20)

ဗုဒ္ဓ ။       ။ ငါဘုရားကို ပြုစုမလို့လား။ ဟို ဂီလာနရဟန်းကို ပြုစုလိုက်ပါ။( Vin IV , 301) ဂျီးဇက် ။       ။သစ္စာစကားဆိုမယ်။ အသေးမွှားဆုံးကိစ္စလေးတစ်ခု ငါ့ဘရားသားအတွက် လုပ်ပေးလိုက်။ အဲဒါ ငါ့ကို လုပ်ပေးနေတာ။ (Matthew 25-40)

ဗုဒ္ဓ ။       ။ အတိတ်က နောင်တတွေကိုမသယ်၊ အနာဂတ်ကို တွေးပြီးလည်း မပူပန်၊ ပစ္စုပ္ပန်တည့်တည့်မှာ ရှုမှတ်နေလို့ သူတို့ အသားအရေတွေကလည်း စိုပြေဝင်းလက်နေလေရဲ့။ ( S -15) ဂျီးဇက် ။       ။သင်တို့ မနက်ဖြန်ကို တွေးမပူနဲ့။ မနက်ဖြန် ကိုယ်တိုင်က မနက်ဖြန်အတွက် ပူပင်ပေးလိမ့်မယ်။ (Matthew 6, 34)


ဒါတင်မကဘူး။ ခန္ဓာဝန်ချ ဘဝဇာတ်သိမ်းကြတဲ့နောက်မှာတောင် သူတို့ဟာ ဝတ်တွားမှု အလီလီကို ကိုယ်စီခံယူထိုက်ကြပေရဲ့။ အခါတစ်ပါး ဘုရားရှင်ရဲ့ ရှုချင်စဖွယ် ရူပကာယကို တရှိုက်မောမောဖြစ်နေတဲ့ ရဟန်းတစ်ပါးကိုတွေ့လို့ ဗုဒ္ဓက-

       “အညစ်အကြေးဗရဗွ ဒီခန္ဓာကို ကြည့်နေလို့ သင်ဘာရမတုံး၊ ဓမ္မကို မြင်အောင်ကြည့်။ ဒီတော့မှ သင်ငါဘုရားကို ရှာတွေ့လိမ့်မယ်” (S III, 120)

ဒါတောင် တတိယသင်္ဂါယနာကျတော့ “ဘုရားရှင်ရဲ့ ရူပကာယတော်ဟာ လှပသပ္ပါယ်လွန်းလို့ မျက်နှာတော်ကတောင် နံ့သာနံ့ရတယ်” လို့ ဆိုသူက ဆိုလိုက်သေးရဲ့။ အေဒီတစ်ရာစုမှ ထွန်းကားခဲ့တဲ့ သဒ္ဓမ္ပပုဏ္ဍရိကသုတ်ကဆို ဘုရားရှင်ဟာ အချိန်ရဲ့ အစကတည်းက တည်ရှိလာခဲ့တာ-တဲ့။ (ဘုရားဟောနဲ့ကတော့ လားလားလေးမှ မဆိုင်)

တစ်ခါက ဂျီးဇက်ကို လူတစ်ယောက်က “Good Teacher ” လို့ဆိုတော့ ဂျီးဇက်က ဘယ်သူမှ မဂွတ်၊ ထာဝရဘုရားသခင်သာ ဂွတ်တယ်တဲ့( Luke 18-19)။ ဒီအထောက်အထားကို ဂရုမပြုပဲ ဂျီးဇက်လွန်လို့ နှစ်ပေါင်း(၂၀) အတွင်းပဲရှိသေးတယ် စိန့်ပေါက ဂျီးဇက်ဟာ ထာဝရဘုရား God ကို ဝင်စားသူတဲ့။ လုပ်ချလိုက်သေး။

       ( သူတို့ ရိုးသားမှုတွေကို နောက်လူတွေက ကပျက်ယပျက်လုပ်နေတာတွေလည်း တူညီနေကြလေရဲ့- ဘာသာပြန်သူ)

✰✰✰✰✰✰✰


ဗုဒ္ဓနဲ့ ဂျီးဇက်တို့ကြားမှာ ကတ္တီပါရောင်လမ်းဆုံတွေရှိနေလို့ ကတ္တီပါရောင်လမ်းခွဲမရှိဘူးဆိုရင်တော့ အကြီးမားဆုံး မှားယွင်းမှုပဲ။ ဗုဒ္ဓက ခတ္တိယဆိုတဲ့ ရေပေါ်ဆီလူတန်းစားမှာ မွေးဖွားခဲ့ပြီး၊ ဂျီးဇက်မှာတော့ အောက်ခြေသိမ်း လူတန်းစားဘဝမှာ မွေးဖွားခဲ့ရတယ်။

ဂျီးဇက်ဟာ တသက်လုံးတစ်ကိုယ်တည်းနေခဲ့ပေမယ့် ဗုဒ္ဓကတော့ ဇနီးရဲ့လင်၊ သားရဲ့ ဖခင် ဖြစ်ဖူးလေရဲ့။

ဗုဒ္ဓဟာ ဒေသနာတွေ လူတိုင်းကိုဟောခဲ့တာတော့ မှန်ရဲ့။ ဒါပေမယ့် အရှင့်ရဲ့ဒေသနာတွေက ပညာရှင်တွေဆီ ပိုပြီးဦးတည်နေပြီး ဂျီးဇက်အရှင်ရဲ့ မက်ဆေ့တွေကတော့ သာမန်လူတန်းစားတွေဆီ ပိုပြီးပျံသန်းနေလေရဲ့။ ဗုဒ္ဓဟာ အေးချမ်းတဲ့ နိုင်ငံရေးဝါဒတွေကြားမှာ သာသနာပြုခဲ့ရပေမယ့် ဂျီးဇက်ခမျာမှာတော့ နိုင်ငံရေးကသောင်းကနင်းတွေကြား ကျီးလန့်စာစား သာသနာဖြန့်ခဲ့ရပြန်တယ်။

ဗုဒ္ဓက (၄၅) နှစ်ကြာ ဒေသနာတော် တာဝန်ထမ်းခဲ့သလို ဂျီးဇက်ကလည်း ကျော်လှ (၂) နှစ်ပဲပေါ့။

✰✰✰✰✰✰✰

သဘာဝကို ရှုမြင်လိုကြပုံမှာတော့ ဒီအမြင့်မြတ်ဆုံးလူသားနှစ်ယောက်မှာ တူတာဆိုလို့ မရှိသလောက် ဖြစ်ခဲ့ရတော့တယ်။

ဗုဒ္ဓက ဖန်ဆင်းရှင် God ကို အယုံအကြည် မရှိခဲ့ပေမယ့် ဂျီးဇက်ကတော့ God မှ God ပါပဲ။

ဗုဒ္ဓရဲ့အမြင်က “အဇာတ၊ အဘူတ၊ အကတ၊ အသင်္ခတ (Unborn, Un-become, Unmade, Unconstructed)” (Ud-80) ဖြစ်ပြီး ဂျီးဇက်ကတော့ God ဟာ ထာဝရ၊ တစ်ခါတစ်ခါ “Daddy” နဲ့ အဓိပ္ပါယ်တူတဲ့ “Abba” လို့တောင်မှ ညွှန်းဆိုလေတယ်။

ဗုဒ္ဓက ဓမ္မကို သံသရာထွက်မြောက်ကြောင်းလို့ ရှုမြင်ခဲ့ပေမယ့် ဂျီးဇက်အဆုံးအမတွေကတော့ ငရဲကနေ ကယ်တင်ဖို့။

တရားရှုမှတ်ရာမှာ ဗုဒ္ဓက အရှင်ရဲ့ အဇ္ဈတ္တကို စူးစိုက်ခဲ့ပေမယ့် ဂျီးဇက်ကတော့ ဗာဟိရ ထာဝရဘုရားရှင်ထံ ဆုတွေအထပ်ထပ် ပန်ချွေနေလေရဲ့။

ဂျီးဇက်အတွက် လူသားရဲ့ အဆုံးစွန်ပန်းတိုင်ဟာ ထာဝရဘုရားရှင်ထံ ခိုလှုံခွင့်ရရန်ဖြစ်ပြီး ဗုဒ္ဓကတော့ ဒါတွေဟာ နိဗ္ဗာန်နဲ့စာရင် ဘာမှသိပ်မဟုတ်သေးဘူးတဲ့။

ဒေသနာဖြန့်ဝေရာမှာ ဗုဒ္ဓက သူ့လူမျိုးအတွက်ဆိုပြီး ဘာမှထွေထွေထူးထူး မရှိလှပေမယ့် ဂျီးဇက်ကတော့ သူဟာဘုရားရှင်ရဲ့ အရွေးခံ အစ္စရေးတွေအတွက် စေလွှတ်ခြင်းခံရသူပါတဲ့။ (Matthew 10, 5-6, 15, 24)

ဂျီးဇက်က ထာဝရဘုရားရှင်ဟာ ကမ္ဘာကြီးကို မီးလျှံတွေနဲ့ ဖျက်ဆီးလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပေမယ့် ဗုဒ္ဓကတော့ ဒီကမ္ဘာရဲ့အနာဂတ်ဟောစာတမ်းနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုအတော်နည်ပါးခဲ့ပါတယ်။

ဂျီးဇက်ဟာ သူ့ရဲ့ဒေသနာကို မယုံကြည်သူ၊ သံသယရှိသူတွေအပေါ် ကရုဏာဒေါသော စောခဲ့ပေမယ့်၊ ဂေါတမဆိုတဲ့ ဗုဒ္ဓကို ကောင်းကောင်းသိထားသူတွေအတွက်တော့ ဒါကနည်းနည်းအံသြစရာပါ။

အမြတ်ဆုံးလူသားနှစ်ယောက်ကို ဒီလိုဖြန့်ဖြေကြည့်လိုက်တော့ တူတာတွေရော၊ မတူတာတွေရော၊ မျဉ်းပြိုင်တွေရော၊ မျဉ်းဖြတ်တွေပါ တွေ့လာရပြန်ပါတယ်။ အရှင်တွေပြုစုခဲ့တဲ့ ဘာသာတရားတွေကိုကြည့်ရင် ဒီအရှင်တွေရဲ့ ကျေးဇူးတရားတွေ၊ ကွဲလွဲမှုတွေကို တလေးတစား နားလည်ထားကြရမှာ ဖြစ်ပါတယ်။

တကယ့်ကို ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာမိတ်ဆွေတွေ အတူတကွများ တွေ့ဆုံပေါင်းသင်းရမယ်ဆိုရင် ဗုဒ္ဓရဲ့အောက်ပါစကားလေးကို အလေးထားဆက်ဆံတယ်ဆိုပြီး ပိုပြီးဟာမိုနီဖြစ်တဲ့ အဖွဲ့အစည်းလေးဖြစ်အောင် ဖန်တည်းထားလိုက်နိုင်ပါတယ်။

“Those things about which there is no agreement, Let us put aside. Those things about which there is agreement, let the wise bring up, discuss and examine” (D. I, 164)

ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဘရားသား စစ္စတားတို့-

စကားလုံးအထားအသို၊ အဓိပ္ပါယ်ပြန်ဆိုမှုတွေများ လွဲချော်ခဲ့ရင် တောင်းပန်ပါတယ်။ အကောင်းဆုံးတော့ ကြိုးစားမိပါတယ်။ ဒီထက်ပိုပြီး ဒီလူသားတွေကို ကြည်ညိုချင်သပဆိုရင်တော့-

1) Two Masters One Message, Roy Amore, 1978.
2) A Guide to Buddhism A to Z, S. Dhammika.

ကို ဖတ်ရှုကြပါ။ ကျွန်တော်က ခံစားရသလို ပြန်ဆိုသူမျှသာပါ။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

နိမိတ်ပုံကို မျှားယူခြင်းနှင့်

(၁)
       တစ်ခါက ပြည်မှမိတ်ဆွေရဟန်းက သူ့ဆရာတော်၏ အတ္ထုပ္ပတ္တိကို ရေးပေးရန်ပြောသည်။ ရေးချင်သလို ရေး၍ရလျှင် ရေးပေးမည်ဟု ဖြေလိုက်သည်။ ရပါ၏။ ဆရာတော်က စာဖတ်တော်မူ၏။ ခေတ်မီတော်မူ၏။ သင်ကြိုက်သလိုသာရေး၍ ပူဇော်လေဟုဆို၏။

       ဆရာတော်က သက်တော်(၈၀) ပင် ရှိပြီဟုထင်၏။( ထင်၏ဟူသည် သေသေချာချာ မမှတ်မိတော့ဟူလို) နည်းနည်းတော့ လက်တွန့်မိ၏။ ကောင်းမှ ကောင်းပါ့မလား။ ဆရာတော်၏ ဘဝဖြစ်စဉ်ကို ဖတ်လည်းဖတ်၊ မိတ်ဆွေရဟန်းနဲ့လည်း ဆွေးနွေးလိုက်သောအခါ တော်တော်ကြီးကြည်ညိုသွားမိ၏။

       ထို့ကြောင့် ဆရာတော်ကို “ မြစ်ရှင်တစ်စီး” ဟု သုံးလိုက်၏။ အတ္ထုပ္ပတ္တိတလျှောက်လုံး ဘွဲ့အမည်ကိုပင် ရှောင်ကာရေးပြီး မြစ်ရှင်တစ်စီးဟု ထပ်တလဲလဲသုံးလိုက်သည်။ ဆရာတော်ကို ပြလော့။ ပြင်တော့ မပြင်တတ်တော့ပေ။ ဆရာတော် သဘောကျတော်မူလျှင် ပုံသာနှိပ်ပေတော့ဟု မိတ်ဆွေကိုပြောမိသည်။

       ဆရာတော် သဘောကျတော်မူသတတ်။ ငါ့အတ္ထုပ္ပတ္တိက သူများနှင့်မတူဟုပင် မိန့်တော်မူသည် ဆို၏။ အမောပြေ၏။

       
(၂)
       တစ်ခါက ဖြစ်သည်။ မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ အမေရိကရောက်စဉ်ကဖြစ်၏။ ဓမ္မာစရိယပြီးသော သံဃာတိုင်း ဆရာတော်ကိုသိသော်လည်း လူပုဂ္ဂိုလ်များက ဆရာတော်၏ အတ္ထုပ္ပတ္တိကို မသိကြ။ ထို့ကြောင့် အဖွဲ့တစ်ဖွဲ့က ထိုဆရာတော်၏ အတ္ထုပ္ပတ္တိကိုရေးပေးရန်လျှောက်၏။ ရေးလို၏။ အလွန်ကြည်ညိုထိုက်သော ဆရာတော်ကြီးပေပဲ။ သို့သော် မိမိက မစိုးရိမ်ထွက်မဟုတ်။ စေ့ငုစွာ မသိ။ ထို့ကြောင့် အချက်အလက်တို့ကို ဖုန်းဖြင့်ဆက်သွယ်ခိုင်းရ၏။ ထို့နောက် ရေး၏။

       ဆရာတော်ကြီးကို “သုံးဖက်မြင် ပန်းချီကား” 3D ဟု ညွှန်းဆို ပူဇော်လိုက်၏။ ကွဲခွင့် ရှိ၏။ လွဲခွင့် ရှိ၏။ ထိုသုံးဖက်ကား အဘယ်နည်း။ ကြိုက်သလိုကြည့်၍ ကြိုက်သလိုမြင်နိုင်၏။ ရေးအပြီး ဆရာတော်ကြီးကိုပြရန် ဆရာတော်သဘောကျတော်မူက သဘောရှိ ဒူးသာ ဒူးကြပေတော့ဟု ပြောလိုက်သည်။

       “ သုံးဖက်မြင် ပန်းချီကား” ဟူသည့် ဝေါဟာရကို ဆရာတော်ကြီးနှစ်ထောင်းအားရတော်မူ၏ဟု ကြားသိရ၏(တဆင့်လျှောက်ထားခံရခြင်း-ဟူလို)။ သို့ဖြစ်လျှင်ဖြင့် မဆိုင်သူတို့ ဆိုလိုရာဆိုစေ ဒူးကြစို့ဟု ဒူးလိုက်ကြ၏။

       ကဗျာဆရာ၊ စာရေးဆရာတို့ကြား၌ “ ပုံရိပ်” နှင့် “ နိမိတ်ပုံ” ဟူသော ဝေါဟာရတို့ သုံးစွဲကြသည်ကို မကြာမကြာတွေ့ရ၏။ တကယ်ဆိုသော် ပုံရိပ်(သို့) နိမိတ်ပုံသည် သုံးကောင်း၏။ ဘုရားရှင်၏ ဒေသနာတော်၌ ပုံရိပ်များစွာ သုံးစွဲထားသည်ကို တွေ့ရ၏။

       အထူးသဖြင့် ဓမ္မပဒဂါထာတော်တော်များများ၌ ပုံရိပ်များဖြင့် ပြသွားတော်မူ၏။ ကုသိုလ်ကို အရိပ်ဟု၊ အကုသိုလ်ကို လှည်းဘီးဟု ဆိုတော်မူ၏။ အနုပညာ ဆန်၏။ နက်နဲ၏။ ကုသိုလ်ကို လှည်းဘီးလုပ်မရ၊ အကုသိုလ်ကို ထီးလုပ်လို့မရ။ ပုပ္ဖဝဂ်ဆိုလျှင် တစ်ဝဂ်လုံး ပန်းနိမိတ်ပုံတို့ဖြင့် မြွတ်ဟတော်မူခဲ့၏။

       ကမ္ဘာ့အနောက်ခြမ်းသို့ ပြန့်သွားသောဒေသနာတော်များတွင် ဓမ္မပဒဂါထာများသည် နံပါတ်တစ်ဟု ဆိုစမှတ်ပြုကြ၏။ တို၏။ ထိ၏။ သုခုမဆန်သော နိမိတ်ပုံများပါ၏။ ထို့ကြောင့်ဟု ထင်သည်။

       ဆရာကြီး ဆာ အက်ဒွင်အာနိုး၏ အာရှတိုက်အလင်းရောင်သည်လည်း နိမိတ်ပုံတို့ဖြင့် ဖောင်းကြွနေ၏။ မှန် မမှန် အတိအကျမသိရသော်လည်း သမ္မာကျမ်းစားပြီးလျှင် ဒုတိယ အရောင်းရဆုံးဟု ဆိုကြ၏။

       သို့သော် အမြင်ခြင်းကား မတူကြ။

       မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသကို “3-D” ဟု သုံးမိသည့်အတွက် ငေါက်ငမ်းခြင်းလည်း ခံရဖူး၏။ ဆရာတော်ကြီးကို မလေးမစား ခိုင်းနှိုင်းသည်ဟူသော အကြောင်းပြချက်နှင့် ဖြစ်၏။

       မတတ်နိုင်တော့။

       မိမိအထင်မှာတော့ ဆရာတော်သည် ရှုထောင့်သုံးဖက်မှ ကြည်ညို၍ရ၏။ မိမိကြည့်မိသော ရှုထောင့်အပေါ်မူတည်၍ ဆရာတော်ကြီး၏ပုံရိပ်လည်း ကွဲလွဲသွားနိုင်သည်။

       ဘာမှတော့ မဟုတ်။ ပုံရိပ်နှင့် ပတ်သက်၍ ဒုက္ခရောက်ရသည့်အကြိမ် မနည်းတော့။ ဘဝကိုယ်တိုင်ကပင် ဒုက္ခအစုအဝေးဖြစ်နေသည့်အတွက် ထိုဒုက္ခထပ်ပိုးလိုက်ခြင်းကြောင့်တော့ ထူးထူးခြားခြား လေးမသွား။ ယုံကြည်ရာလေးကို လုပ်လိုက်ရသဖြင့် ပေါ့ပါးသလိုလိုပင် ခံစားမိသေး၏။

သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

ဖျားနာခြင်းဖြင့် ဆရာဝန်များကို ကူညီပါ

ဆရာဝန်တွေကို စော်ကားသလို ဖြစ်နေတဲ့ aphorism ဖြစ်နေတဲ့အတွက်တော့ စိတ်မကောင်းစရာပါ။ ဒါပေမယ့် ဒါတွေက တကယ် ဖြစ်နေသလား မသိဘူး။ ကိုယ့်မိသားစုထဲမှာ ဆရာဝန်ရှိနေရင်တော့ တစ်မျိုးပေါ့။ နို့မို့တော့ ဆရာဝန်တို့၊ ရှေ့နေတို့၊ ရဲတို့ဆိုတာတွေကလည်း လူထုထဲမှာ မဖြစ်လို့သာ တွေ့နေကြရတာ မဟုတ်လား။


အခုတလော တွေ့ကြုံနေရတဲ့ သတင်းတွေအရတော့ ဆရာဝန်တွေကို အားနာစရာပါ။


စီးပွားရေးသမားတွေ ဈေးကွက်ချဲ့တာကတော့ သိပ်မဆန်းတော့ပါဘူး။ အိုင်တီရှိုးတို့၊ စင်္ကာပူအိတ်(စ်)ပိုတို့၊ ဈေးပွဲတော်တို့ဆိုရင် ကိုယ့်ပစ္စည်းကို လူသိဖို့ ကြေငြာရတဲ့ ပွဲတွေ မဟုတ်လား။ ဒီအတွက် ကုန်ပစ္စည်းပိုင်ရှင်မှာရော၊ စားသုံးသူမှာပါ အကျိုးတစ်စုံတစ်ရာ ရှိတယ်ဆိုတာ ငြင်းလို့ မရပါဘူး။


စီးပွားရေးဈေးကွက်ဆင်းသလို ပညာရေးဈေးကွက်ဆင်းတာလည်း မကြာမကြာ တွေ့ရတယ်။ အမေရိကန်၊ ဥရောပနဲ့ ဩစလေးလျ တက္ကသိုလ်ပါမောက္ခကြီးတွေ ကမ္ဘာကို ဆင်းပြီး ကျောင်းသား ရှာကြတယ်။ ဖွဲ့ဖြိုးတဲ့နိုင်ငံတွေမှာ တက္ကသိုလ်ကွန်ပတ်(စ်)တွေ ဖွင့်ကြ၊ ကောလိပ်တွေ ဖွင့်ကြ၊ အင်စတီကျူ(တ်)တွေ ဖွင့်ကြ လုပ်ကြတယ်။ ဈေးကွက်ကတော့ ဈေးကွက်ပါပဲ။ ဒါပေမယ့် ပညာရေးဈေးကွက် ဆိုတော့ ကျယ်ပြန့်လေ ကောင်းလေမို့ ကျောင်းသား (ပြည်သူ) တွေရော တက္ကသိုလ်တွေပါ ကျေးဇူးတွေ ရကြပါတယ်။


ကာစတန်မာ၊ အလုပ်သမား ရီခရု (Recruit) လုပ်တာ၊ ကျောင်းသားရီခရုလုပ်တာတွေက မဆန်းလှပေမယ့် လူနာရီခရု လုပ်တာကတော့ ခပ်ဆန်းဆန်းပါပဲ။ ဆန်းလို့လည်း မီဒီယာသမားတွေက ရေးကြတာ နေမှာပေါ့လေ။


ဘကြီးက ဆေးသက် ပိုရင့်တယ်

ဒါနဲ့ အခုတလော ကြားသိနေရတဲ့ သတင်းစကားလေးတွေကို စဉ်းစားရင်း “ဘကြီးက ဆေးသက်ရင့်တယ်” ဆိုတဲ့ စကားလေးကို သတိရမိတယ်။ ဘကြီးဆိုသူက ဆရာဝန်မဟုတ်ပေမယ့် ဗိန္ဓောဆေးအကြောင်း၊ ဓာတ်ကြီးလေးပါးအကြောင်း တော်တော် သိပုံရပါတယ်။ ဒါနဲ့ ဆေးခန်းကို သွားပြီး ဆရာဝန်မလေးနဲ့ တွေ့တယ်။ တွေ့တယ်ဆိုရင် ဘကြီးဖြစ်နေတာက ဘယ်လို၊ ဒါ့ကြောင့် ဘာဆေးထိုးရမယ်ဆိုတာ ဆရာဝန်မလေးက မပြောခင် သူကပဲ စွတ်ပြောနေတယ်။


ဒါနဲ့ ဆရာဝန်မလေးက _


“ဘကြီး… ဘကြီးက ဆရာဝန်လား၊ ကျမက ဆရာဝန်လား” ဆိုတော့ “ဘကြီးက ဆေးသက် ပိုရင့်တယ်” လို့ ဖြေခဲ့တယ်တဲ့။


နောက်ပြောင် ရှေ့ပြောင် မလိုအပ်တော့

ဒီကြားထဲ ဝမ်းသာစရာ (အထူးသဖြင့် နောက်ပြောင် ရှေ့ပြောင်သမားတွေ အတွက်ပေါ့) သတင်းတစ်ပုဒ်က ဂျပန်က ဆရာဝန်တွေ ဒီကိစ္စကို ဖြေရှင်းနိုင်တော့မယ်တဲ့။


သူတို့က အမွှေးအမြှင်မရှိတဲ့ ကြွတ်ကိုယ်ပေါ်မှာ လူဆံပင် ပေါက်စေနိုင်တဲ့ ဟိုမုန်းဓာတ်နဲ့ စမ်းသပ်ခဲ့တာပါ။ ဟုတ်တယ်၊ ကြွက်လေးပေါ်မှာ လူဆံပင်တွေ ပေါက်နေတဲ့ ပုံကလေး တွေ့ရတယ်။ ဒီနည်းပညာကို အခြေခံပြီး ခေါင်းပြောင်နေတဲ့ လူတွေကို ကူညီဖို့ သူတို့ ဆက်လက် ကြိုးစားကြလိမ့်မယ်။ ငွေကြေးကုန်ကျမှုလည်း သိပ်များမယ့် သဘောမရှိပါဘူး။


ဒါပေမယ့် ခက်တာက ဒီကိစ္စ လူထုဆီကို ရောက်လာမှာက နောက်ငါးနှစ် ခွန်နှစ်နှစ်ကာလလောက် ကြာမှာလို့ သိရပါတယ်။ ခေါင်းပြောင်တာက သေနိုင်တဲ့ရောဂါဆိုး မဟုတ်ပေမယ့် ဖြစ်နိုင်ရင်တော့ လူတိုင်း ဆံပင်ထူထူထဲထဲလေး ဖြစ်နေချင်တာပေါ့။ ဒါ့ကြောင့် ပြောင်ပြီးသားလူတွေအတွက် ငါးနှစ် အနည်းဆုံးတော့ စောင့်ကြရဦးမယ့် သဘောပါပဲ။ ဒီနောက်တော့ နောက်ပြောင်၊ ရှေ့ပြောင်စရာ မလိုတော့ပါဘူး။ တကယ် ဖြစ်၊ မဖြစ်တော့ စောင့်ကြည့်ရမှာပေါ့။


ဒီသတင်းက ဆရာတော်၊ သံဃာတော်တွေနဲ့တော့ သိပ်မဆိုင်လှဘူး။ သူတို့ကတော့ ခေါင်းပြောင်လေလေ ခေါင်းရိတ်ရ သက်သာလေလေ၊ ဘရိတ်ဓားအကုန် သက်သာလေလေ မဟုတ်လား။ ဒါ့ကြောင့် ဆံပင်ညှပ်ဆိုင်တွေက ဖောက်သည် နည်းလေလေ ဘုန်းကြီးများများ ဝတ်မှာ ကြောက်လေလေလို့ ရီစရာပြောတာ ကြားဖူးပါတယ်။


ထားပါတော့၊ အခုဖြစ်နေတာက လူနာရီခရုလုပ်တဲ့ ကိစ္စပါ။


မြန်မာပြည်က လူလတ်တန်းစား သူဋ္ဌေးတွေကတော့ ဘန်ကောက်ကို သွားပြီး ဆေးကုရတာကိုပဲ ဖက်ရှင်တစ်ခုလို ဖြစ်နေတယ်လို့ ကြားရဖူးတယ်။ ဘန်ကောက်သွား ဆေးကုလာတာဆိုတဲ့ သတင်းကိုလည်း မမေးဘဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်ကြသတဲ့။ ဒါကို သိထားတဲ့ လူတွေကလည်း ဘန်ကောက်က ပြန်လာတဲ့ လူတွေ ဒီစကား စလို့ မရအောင် တစ်ခြားစကားတွေ စွတ်ပြောတတ်ကြသတဲ့။ ဒါပေမယ့် မလွတ်ဘူးလို့ ဆိုပါတယ်။ ဘဏ်တွေအကြောင်း ပြောရင်းနဲ့ “ဘဏ်ဆိုလို့ ပြောရဦးမယ်။ တို့တောင် ဘန်ကောက်က ဆေးကု ပြန်လာတာ မကြာသေးဘူး” စသဖြင့် မရ၊ ရအောင် စကားစပ် ပြောတတ်ကြသတဲ့။ ထားပါတော့။


စင်္ကာပူက နာမည်ကြီး ပုဂ္ဂလိကဆေးရုံတွေက နာမည်ကြီးကင်ဆာ အထူးကုဆရာဝန်တွေ အင်ဒိုနီးရှား သွားပြီး လူနာရှာကြသတဲ့။ ဒါနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားဆရာဝန်များအဖွဲ့ချုပ်က တော်တော် မကြေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ ကျန်းမာရေး ဟောပြောပွဲဆိုရင် ကြားလို့ ကောင်းပေမယ့် “To recruit wealthy patiences” ဆိုတဲ့စကားကြောင့် ကြားရတာတော့ တစ်မျိုးလေး ဖြစ်သွားတာပေါ့။


စဉ်းစားစရာတွေ အမျိုးမျိုးပဲ။


စင်္ကာပူက နိုင်ငံသေးတော့ ကင်ဆာဝေဒနာရှင် မလုံလောက်လို့လား။


မသေထိုက်ဘဲ ကင်ဆာကြောင့် ဆုံးပါးသွားရတဲ့ ရောဂါသည်တွေကို သနားလို့လား။


ဒါပေမယ့် ရှိုင်ရယ်အီးဂဲ(လ်)လို၊ ပါ့ကွေ့လို၊ မောင့်အဲလစ်ဇဘက်လို ဆေးရုံတွေမှာ အခန်းငှါးခကတင် တစ်ရက်ကို ဒေါ်လာငါးရာကျော်လောက် ရှိနေတာ၊ ပိုက်ဆံမရှိရင်တော့ …။


ဒါနဲ့ ခပ်နောက်နောက် ရှေးစကားပုံလေးကို သတိရပြီး “ဖျားနာခြင်းဖြင့် ဆရာဝန်များကို ကူညီပါ _”။ ။


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

ပြောရေးဆိုခွင့်


တစ်ညနေမှာ မတ်ရဲ့အဖေက မတ်ကိုကျောင်းလာကြိုတယ်။ကျောင်း
ကပွဲအတွက် မတ် အရွေးချယ်ခံရတယ်ဆိုတာသိတဲ့ သူ့ဖေဖေက
"သား ဘယ်အခန်းကနေ ပါဝင်ကပြခဲ့ရသလဲ"
"အိမ်ထောင်သက် အနှစ် နှစ်ဆယ်ရှိတဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့ရပါတယ်"
"ကောင်းပါလေကွယ်၊နောက်တစ်ခါဆိုရင် သားကို စကားပြောရတဲ့အခန်းမှာ ထည့်ပေးကြမှာပါ။"



ကမ်းလက်
 







Copyright © 2012 ကမ်းလက်. All rights reserved.

သွေး ၊ သစ္စာ

ကျုပ်အကြောင်းကိုပြောပြရမယ် ဟုတ်လား၊ သိပ်ပြီးစိတ်ဝင်စားစရာကောင်းလှမယ်တော့မဟုတ်ပါဘူး။

ဘယ်ကနေ စ ပြောရမလဲ။

မွတ်သိပ်လွန်းလှတဲ့ ညနေတစ်ခုက စ ရလိမ့်မယ်ထင်တယ်။ မဟုတ်ပါဘူး၊ဘယ်သူကမှ ကျုပ်ကိုထောင်ထဲ ထည့်လိုက်တာမဟုတ်ပါဘူး၊ ပြောရရင် ခင်ဗျားတို့ရယ်ကြလိမ့်မယ်။ အဲဒီ ထောင်ထဲကို ကျုပ်ကိုယ်တိုင်စိတ်လိုလက်ရဝင်ခဲ့တာပါ။ ကျုပ်ပြောခဲ့ပြီးပါပကော။ မွတ်သိပ်လွန်းလှတဲ့ညနေတစ်ခုပါဆို။

ဘာမှထွေထွေ ထူးထူးစဉ်းစားနေစရာမလိုပါဘူး၊ တစ်ခုခုတော့စားရမှာပဲ၊ အငတ်တော့ထားမှာမဟုတ်ဘူးဆိုပြီး ထောင်ထဲကိုကျုပ်ကိုယ်တိုင်စိတ်လိုလက်ရဝင်ခဲ့တာ။ မလုပ်ခဲ့ပါဘူး၊ လူအထင်ကြီးအာင် နိုင်ငံရေးလုပ်လို့ဘာလို့တွေမပြောပါရစေနဲ့။

အဲဒီ ထောင်ထဲမှာ ကျုပ်အရင်ရောက်နှင့်သူတစ်ရောက်ရှိနေတယ်၊ သူရှိနေတော့ စိတ်ပူစရာမရှိတော့ဘူး၊ သူကိုမှီခိုစားနေလိုက်ရင် ရတာပဲ။ ပြဿနာက ဒီမှာစ တာ၊ ကျုပ်လည်းမစားရတာကြာပြီဆိုတော့ ဆာဆာနဲ့စားလိုက်တာ တော်တော်လွန်သွားတယ်။ ကျုပ်ခန္ဓာကိုယ်က နှစ်ဆလောက်ဖြစ်သွားပြီး ပေါင်ချိန်တွေတက်လာလိုက်ချက်က...။ ဒါနဲ့ပဲ ဝင်တုန်းက လျောလျောလျူလျူ၊ပြန်ထွက်မယ်ဆိုတော့ ထွက်လို့မရတော့ဘူး။

ပျင်းပျင်းနဲ့ ခဏတဖြုတ်မှေးလိုက်တယ်။ ထောင်ထဲမှာဆိုပေမယ့် ရာသီဥတုအားလုံးက စိုစိုပြေပြေပါ။ အိပ်ရာထတော့ ဘာလုပ်ရမှန်းမသိတော့ဘူး။ အိပ်တာကြာတော့ ကျောကအပူသားလားဗျ။ အပြင်ထွက်လမ်းသလားလို့ကလည်းမရဘူးလေ။ ဒါနဲ့ ထောင်ထဲမှာပဲ တောင်ရောက်မြောက်ရောက် လမ်းသလားနေလိုက်မိတယ်။

ကိုယ့်ခြေသံကို ကိုယ်မကြားရပေမယ့် နည်းနည်းတော့ ဆူညံသွားပုံရတယ်၊ ကျုပ်မိတ်ဆွေက ကျုပ်ကို ခပ်တင်းတင်းကြည့်တယ်။ ကံကောင်းတယ်လို့ပြောရမယ်။ ဒီလူက သူတော်ကောင်းကြီးပဲဗျ။ သူမကျေနပ်လို့ တစ်ခုခု လုပ်မယ်ဆို ကျုပ်ကတော့အသေပဲ။ ပြောပြီးပါပကော ၊ဝ လာတော့လှုပ်ရှားရတာလေးလံလာတယ်လို့လေ။ အရင်လို မသွက်လက်တော့ဘူးဗျာ။

အဲဒီရက်တွေတုန်းက ကျုပ်တို့ တစ်မျိုးလုံးကို တွေ့ရာသင်္ချိုင်း ကြေညာထားကြတာ။ ပုန်းစရာမြေမရှိ၊ တကယ့်ကိုအကျပ်အတည်းကာလပါ။ ဒါကြောင့်ပြောတာ ဒီလူက သူတော်ကောင်းကြီးလို့။

ကျုပ်လည်း ဆပ်ပါနည်းနည်းထပ်စား၊ နည်းနည်းထပ်အိပ်ပေါ့။ ခက်တာက ညပိုင်းရောက်တော့ မိန်းမနဲ့ကလေးတွေကိုသတိရလာတယ်။ ခပ်ချွဲချွဲပြောရရင် လွမ်းတယ်ပေါ့ဗျာ။ ပြည်ထဲရေးနဲ့ဝမ်ရေးတို့ထက် လွမ်ရေးခက် ဆိုတာ အလကားဆိုထားတာမဟုတ်ဘူး နော်၊ တကယ်မှန်တယ်။ ဒါနဲ့ ထွက်ပေါက်လေးများတွေ့မလားဆိုပြီး မနားတမ်ရှာနေမိတော့တာပါပဲဗျာ။

ကျုပ်အတွက်တော့သင်္ခန်းစာအကြီးစားကြီးရခဲ့တာပါ။ ကျုပ်ထင်တာက စားစရာ အိပ်စရာ နေစရာရှိရင် ဘဝဟာပြည့်စုံပြီ၊ဒီလိုမဟုတ်ဘူးဗျ။ ဝေးမှ၊ မရှိမှ တန်ဖိုးကိုသိရတာက လွတ်လပ်မှုနဲ့ ချစ်ခြင်းမေတ္တာ ပါပဲ။ ကျုပ်လည်းထောင်ကထွက်နိုင်ဖို့အရေး အသည်းအသန် ကြိုးစားတော့တာပဲ။

ဒီတော့မှ အဲဒီလူက "ဟေ့ကောင်၊ဗိုက်ဝရင်လည်းအေးအေးဆေးဆေးနေကွာ၊ ကျန်တာတွေအကုန် ငါ သည်းခံနိုင်တယ်၊ မင်းအသံကိုတော့သည်းမခံနိုင်ဘူး" "စိတ်မရှိပါနဲ့ဗျာ၊ မိန်းမနဲ့ကလေးတွေကိုသတိရလို့ပါ၊ သူတို့ အေးအေးချမ်းချမ်း၊ ဘေးကင်းရန်ကင်းမှရှိကြရဲ့လား လို့ စိုးရိမ်လို့ပါ" "ဒါဆို မင်းအိမ်ပြန်ပေါ့" "ပြန်ဖို့ပဲဗျ၊ ပြန်မရလို့ အခက်တွေ့နေတာ" "ဝင်လာတဲ့အပေါက်ကပြန်ထွက်ပေါ့ကွ"

"ခင်ဗျားပြောတော့လွယ်လိုက်တာ၊ ကျုပ်ကိုလည်းကြည့်ပါအုံး" ဆိုတော့မှ သူက "အေး၊ ငါသဘောပေါက်ပြီ" ဆိုပြီး ထောင်တံခါးလေး ဟ ပေး တယ်။ ကျုပ်လည်း နောက်တောင်လှည့်မကြည့်တော့ဘဲ တချိုးတည်း လစ်ခဲ့တော့တာပဲ။

ဟုတ်တယ်လေဗျာ။ ဒါမျိုးကြုံရတဲ့သူတိုင်း အသက်နဲ့ပြန်ထွက်လာနိုင်တာတော်တော်ရှားပါတယ်။ ကျုပ်တွေ့ခဲ့ရတဲ့လူက တကယ့်သူတော်ကောင်းကြီးဖြစ်နေလို့သာပါ။

ပြောပြီးပါပကော၊ ခင်ဗျားတို့စိတ်ဝင်စားမှာ မဟုတ်ဘူးလို့လေ။အခု အိပ်ချင်နေကြပြီမဟုတ်လား။ တရားရှုမှတ်နေတဲ့ယောဂီတစ်ယောက်ရဲ့ ခြင်ထောင်ထဲ ဝင်မိတဲ့ ခြင်တစ်ကောင်ရဲ့ဘဝက ဘယ်လောက် ဆွဲဆောင်မှုရှိနိုင်မှာတဲ့ လဲ ဗျာ။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.