အဟောင်းကိုချစ်တာ သိပ္ပံနည်းကျတယ်

သိပ္ပံနည်းကျတွေ ခေတ်စားလွန်းတော့ လေ့ကျင့်ခန်းလုပ်တာ၊ အစားအစာ စားတာ၊ အိပ်တာ၊ အိပ်ယာရွေးတာ၊ ရေကူးတာ- ဒါတွေအားလုံး သိပ္ပံနည်းကျဆိုပြီး လိုက်လုပ်ကြတယ်။ တရားထိုင်တာလည်း သိပ္ပံနည်းကျပဲ။

ဒီတစ်ခေါက် ရွာကိုပြန်တော့ ရွာက ကဗျာဆရာကပြောတယ်။
“ဒီခေတ်ကောင်လေးတွေက ခင်မောင်တိုးတို့၊ မဇ္ဈိမလှိုင်းတို့ကို မသိကြတော့ဘူး။ ဒီခေတ်က ဂျောက်ဂျက်တို့ ခေတ်လေ ကွာ။ လေးဖြူတို့တောင် အဖိုးကြီးစာရင်းထဲ သွင်းထားကြပြီ” တဲ့။

ပြီးတော့ သူက ဆက်ပြောတယ်။
“ ဒါပေမယ့် ကာရာအိုကေခန်းတွေမှာတော့ ခင်မောင်တိုးတို့က ရှိကိုရှိနေရတယ်ကွ။ ကာရာအိုကေကိုသွားတဲ့လူတွေက အသက်လေးဆယ်က အထက်တွေများတယ်လေကွာ။ ဒီအရွယ်ရောက်တော့ ကိုယ်ပိုင်စီးပွါးရေးလည်းရှိ၊ သုံးနိုင်စွဲနိုင်သူတွေ လည်း ဖြစ်တတ်ကြတယ်မဟုတ်လား။ ဟဲ….ဟဲ တို့အရွယ်တွေပေါ့ကွာ။ ခင်မောင်တိုးမှ ခင်မောင်တိုးအုပ်စုတွေ” တဲ့။

ဟုတ်ပါတယ်။ တွံတေးသိန်းတန်၊ မာမာအေးတို့နဲ့ ကြီးပြင်းလာခဲ့ရသူတွေက စိုင်းထီးဆိုင်တို့၊ ခင်မောင်တိုးတို့ဆို နားထောင်လို့ မရတတ်ဘူး။ ဘယ်လိုသီချင်းတွေလဲလို့ ပြောတတ်ကြတယ်။ စိုင်းထီးဆိုင်၊ ခင်မောင်တိုးတို့နဲ့ ကြီးပြင်းခဲ့ရသူတွေ ကျပြန်တော့ ဇော်ဝင်းထွဋ်တို့ လေးဖြူတို့ကို အသည်းထဲစွဲသွားဖို့ ခက်နေပြန်ရော။

အဲ ကျွန်တော်တို့နားထဲကျပြန်တော့ ဂျောက်ဂျက်တို့အုပ်စုကပေါ့ရွှတ်ရွှတ်ပဲပေါ့။
ကျွန်တော်ပြောချင်တာက ကိုယ်ကြီးပြင်းခဲ့ရတဲ့ တေးသီချင်း၊ အဆိုတော်၊ တီးဝိုင်းတွေကို စွဲစွဲမြဲမြဲ နားထောင်တတ် ကြတယ်ဆိုတာ သိပ္ပံနည်းကျတယ်ဆိုတာပါ။

အမေရိကန် သိပ္ပံပညာရှင်၊ စာရေးဆရာ၊ ပါမောက္ခ ဆာပိုး(လ်) စကီး (Sapolsky) က နယူးယောက်မဂ္ဂဇင်းမှာ ဆောင်းပါးတစ်ပုဒ် ရေးထားပါတယ်။ သူပြောတာက သူဟာအသက်အရွယ်ရလာတာနှင့်အမျှ အနုပညာခံစားမှုနယ်ပယ် ကျဉ်းလာပါသတဲ့။ အထူးသဖြင့် တေးဂီတတွေကို ခံစားတဲ့နေရာမျိုးမှာပေါ့။သူက သိပ္ပံပညာ ရှင်ဖြစ်လေတော့ ဒီကိစ္စက တကယ်ပဲ ယေဘုယျဖြစ်တတ်တဲ့သဘောလားဆိုတာသိဖို့ သုတေသနပြုခဲ့တယ်။

သူက အသံလွှင့်ဌာနပေါင်းစုံရဲ့ မန်နေဂျာတွေ အရာရှိတွေကို ချဉ်းကပ်ပြီး ဘယ်လိုတေးဂီတတွေကို နားထောင်တတ်ပါသလဲ၊ အဲသလို နားထောင်တဲ့တေးဂီတတွေဟာ ဘယ်အရွယ်မှာ စတင်နှစ်ခြိုက် ခဲ့တာလဲ ဆိုတဲ့ မေးခွန်းတွေကို မေးတာပါ။ အဲဒီမှာ သူသိလိုက်ရတဲ့အချက်က အသက် ၂၀- နဲ့အောက်မှာ အသဲစွဲကြိုက်ခဲ့တဲ့ သီချင်းတွေရှိခဲ့ရင် အဲဒီလူဟာ အဲဒီသီချင်းတွေကိုပဲ ခံစားတတ်ပြီး အဲဒီသီချင်းတွေကိုပဲ တသက်လုံး စွဲစွဲမြဲမြဲ နားထောင်သွား တတ်ကြပါသတဲ့။ အခြားနှစ်သက်တဲ့ သီချင်းတစ်ချို့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အသဲထဲစွဲပြီး တသက်လုံးတော့ နားမထောင်ကြပါဘူး။

အဲဒီကနေဆက်ပြီး နောက်ထက်တွေ့ရှိခဲ့ရပြန်တာကတော့ အသက် ၃၅- နှစ်နဲ့ အထက်မှာ စတင်ရင်းနှီးပြီး နှစ်ခြိုက်တဲ့ ဂီတကိုတွေ့ရင်း ခံစားတတ်လာတဲ့ လူတွေထဲမှာ ၅- ရာခိုင်နှုံးအောက်လျော့တဲ့လူတွေပဲ ဆက်ပြီး နားထောင်တတ်ကြပါသတဲ့။

သူက အစားအစာနဲ့ ဖက်ရှင်တွေမှာလည်း သုတေသနပြုခဲ့ပါတယ်။
အမေရိကကို စူရှီစတင်ပေါ်ပြူလာဖြစ်နေတဲ့အချိန်မှာ အသက် ၃၅- နှစ်နဲ့အထက်မှာရှိတဲ့ လူတွေထဲက (၉၅) ရာခိုင်နှုန်းဟာ စူရှီကို တို့လို့တောင် မကြည့်ကြဘူးတဲ့။ အဲသလိုပါပဲ ဖက်ရှင်အသစ်အဆန်း ပေါ်လာတဲ့အချိန်မှာ အသက် (၂၅) နှစ်နဲ့အထက်မှာရှိနေတဲ့ လူတွေရဲ့ (၉၅) ရာခိုင်နှုန်းက ဖက်ရှင်အသစ်ကို မဝတ်ကြတော့ပါဘူးတဲ့။

ဒါက အခုသိပ္ပံဖြစ်သွားပါပြီ။ ဒါပေမယ့် ထူးဆန်းလှတဲ့ ကိစ္စရယ်လို့တော့ ပြောဖို့ခက်ပါတယ်။ အသစ်အဆန်းတစ်ခုခုဆိုရင် လူကြီးတွေထက် လူငယ်တွေက ပိုပြီးစိတ်ဝင်စားတတ်ကြတာ မဟုတ်လား။ အသက်(၃၅) နှစ်ဆိုတဲ့ အရွယ်ဟာ မြူးဇစ်အသစ်၊ အစားအစာအသစ်၊ ဖက်ရှင်အသစ်တွေကို လုံးဝလက်မခံနိုင်တော့ဘူးဆိုရင်တော့ သိပ်သဘာဝတော့ မကျဘူးပေါ့။ ဒါပေမယ့် သူတို့ဟာ အသစ်ကို လူငယ်တွေလိုတော့ တစွဲမက်မက်သိပ်မရှိကြတော့ဘူး။

ဒါတွေမှမဟုတ်ပါဘူး၊ အသက်အရွယ်ရလာတာနှင့်အမျှ သူတို့ဖတ်တဲ့ စာပေအမျိုးအစားတွေကလည်း နည်းသထက်နည်း၊ ကျဉ်းသထက်ကျဉ်းလာတတ်ပါတယ်။ စာဆိုရင်အစုံဖတ်တယ်ဆိုတဲ့ လူတွေတောင်မှ အရွယ်ထောက်လာရင် စာရွေးပြီး ဖတ်လာကြပါတယ်။

ဒီကိစ္စမျိုးတွေမှာ နယ်ကျဉ်းလာတာက ပြဿနာကြီးမဟုတ်ပေမယ့် အသစ်ကိုလက်ခံတာ၊ မခံတာအသာထား အိုးပန်းမိုင်းဖြစ်ဖို့တော့ အလွန်အရေးကြီးတယ်လို့ ပြောရမယ်ထင်ပါတယ်။

၁၉၉၀- နှစ်တွေတုန်းက ကန်တပ်ကီ( Kentucky) တက္ကသိုလ်က ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပါမောက္ခ ဒေးဗစ် စနိုးဒန် ( David Snowdon) က ဒီကိစ္စအတွက် နှစ်ရှည်လများ သုတေသနပြုခဲ့တယ်။ သူ သုတေသနပြုခဲ့တာက အသက်ကြီးပြီး အတိတ်ကို သတိမရတော့တဲ့ သီလရှင်တွေကိုပါ။

သူတွေ့ရှိတာကတော့ တက္ကသိုလ်တစ်ခုခုက ဘွဲ့ရသီလရှင်တွေဟာ ပညာရေးနဲ့လည်း အဆက်မပြတ်ဘူးဆိုရင် အခြားသီလရှင်တွေထက် ပိုပြီးကိုယ်အားကိုယ်ကိုးဆန်တယ်။ ပိုပြီး တက်ကြွတယ်လို့ ဆိုပါတယ်။

ဒါအပြင် ပညာလည်း ဆက်လက်ဆည်းပူးမယ်၊ စိတ်ဝင်စားစရာ အသစ်အသစ်တွေကိုလည်း ပိုပြီးလိုက်စားမယ်ဆိုရင် သူတို့စိတ်တွေကလည်း ပိုပြီးလန်းဆန်း တက်ကြွနေပါသတဲ့။

ဒါကိုကြည့်ရင် အသက်အရွယ်ရလာတဲ့လူတွေဟာ ဂီတ၊ အစားအစာ၊ ဖက်ရှင်စတာတွေကို ခေတ်နဲ့အညီ မီအောင်မလိုက်နိုင်ဘူးဆိုရင်တောင် အိုးပင်းမိုင်း(ဒ်) ဖြစ်နေပြီး စိတ်ဝင်စားစရာအသစ်တွေ၊ အတွေ့အကြုံအသစ်တွေကို ရှာဖွေ လက်ခံနိုင်ဖို့တော့ ကြိုးစားထားသင့်တာပေါ့။ ဦးနှောက်ကို အလုပ်ပေးထားတော့ အာရုံကြောဆိုင်ရာ ရောဂါတွေ သက်သာစေတယ်လို့ သိပ္ပံက ပြောတယ်မဟုတ်လား။

ဘာပဲပြောပြော မာမာအေးမှ မာမာအေး၊ ခင်မောင်တိုးမှ ခင်မောင်တိုးဆိုလိုလည်း ခေတ်မမီလို့ ရှက်စရာမဟုတ်တော့ဘူးလေ။
ဒါလည်း သိပ္ပံနည်းကျပဲဥစ္စာ။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အမှန်တကယ် ပျော်ရွှင်ကြသူများ (၁)

ဗုဒ္ဓခေတ်က လွတ်မြောက်ရာကို ရှာဖွေကြသောခေတ်ဖြစ်သည်။ အယူအဆ အကျင့်စရိုက် မတူကြသော်လည်း အားလုံးလိုလိုက ဝိမုတ္ထိကို ရှာဖွေနေကြခြင်းဖြစ်၏။ ယနေ့ ခေတ်က ဝိမုတ္ထိထက် ပျော်ရွှင်မှုကို ရှာဖွေသောခေတ်ဖြစ်သည်။

စာအုပ်များ၊ ဆောင်းပါးများ များစွာရှိသည်။ “ပျော်ရွှင်သော ဘဝကို - ” ဘာညာဘာညာ စသော ခေါင်းစဉ်များဖြင့် ဖြစ်သည်။ ထိုအခါ သိပ္ပံပညာရပ်ကလည်း မလွဲမရှောင်သာပျော်ရွှင်ခြင်းအကြောင်းတရားကို စူးစမ်း သုတေသနပြုလာကြတော့သည်။ စာပေ၊ စာအုပ်များ၌သာမက ပျော်ရွှင်ခြင်း၏ သော့ချက်များကို အင်တာနက်ထဲရှာဖွေကြည့်ပါက တစ်သက်လုံးဖတ်၍ မကုန်နိုင်လောက်သည့် လမ်းညွှန်ချက်များတွေ့  ရပေမည်။ အားလုံးကိုဖတ်ပါက ပျော်စရာအချိန်ပင် မရှိနိုင်တော့။

တစ်ချို့ ကမူ သီအိုရီများကို မယုံကြည်ကြ။ ကြည်နူးကျေနပ်စရာကောင်းသောစာ၊ ကာတွန်း၊ ရုပ်ရှင် စသည်ကြည့်လိုက်ခြင်းက တစ်ခဏတော့ပျော်ရွှင်မှုရပြီး စိတ်ဖိစီးမှုကိုလျော့ကျသည်ဟု ယုံကြည်ကာ ထိုထို စာ၊ ကာတွန်း စသည်တို့ ကို ရှာဖွေကြည့်ရှုကြ၏။

တစ်ခါက အတန်းထဲမှာ ပြောဖူးသည်။
“ဘယ်အချိန်မှာ ငါမပျော်တာလဲ” ဆိုသည့်မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြရန်ဖြစ်သည်။ သူတို့ ကိုလည်း ဘယ်လိုအခါမှာ မပျော်မရွှင်ဖြစ်သလဲဟု မေးကြည့်ရာ အဖြေ အများကြီးကွဲထွက်သွားသည်။

ကျောင်းသားက "အိမ်စာတွေများတဲ့အခါ"၊ "စာမေးပွဲကျတဲ့အခါ" စသည်ဖြေပြီး လူကြီးများက "အလုပ်ပရက်ရှာများတဲ့အခါ"၊ "စီးပွားရေးမကောင်းတဲ့အခါ" စသဖြင့် ဖြေဆိုကြသည်။ သူတို့ အဖြေများလည်း မှန်ပါသည်။ သို့ သော် ယေဘုယျတန်ဖိုးကိုမူ မရောက်ပေ။

ထို့ ကြောင့် အဘိဓမ္မာနှင့်ကပ်၍ ပြောမိသည်။
“လွယ်လွယ်လေးပါ။ စိတ်တိုနေရင် စိတ်ထဲအလိုမကျရင် မပျော်ဘူး” ဟုဖြစ်သည်။

ဒေါသသည် ပျော်ရွှင်ခြင်း၏ ဆန့် ကျင်ဖက်ဖြစ်၏။ အဘိဓမ္မာဆန်ဆန်ဆိုလျှင် ဒေါသ၌ သောမနဿ သဘောမရှိ။ ထို့ ကြောင့် ဒေါသ၏ အပေါင်းအပါများဖြစ်ကြသည့် ဣဿာ မစ္ဆရိယ ကုက္ကုစ္စ တို့ ဖြစ်ခိုက် လူတစ်ယောက် မပျော်ပိုက်နိုင်တော့ပေ။

အနည်းငယ်ချဲ့ လို၏။
အခြားသော အကုသိုလ်များက အကုသိုလ်ပင်ဖြစ်တန်စေ ပျော်ရွှင်မှုကိုပေး၏။ ဥပမာ မောဟ မသိခြင်းဖြစ်သည်။ လူ့ ဘဝ၌မသိပျော် ပျော်နေရသော အခိုက်အတန့် များစွာရှိသည်။ သိလိုက်မှ စိတ်ညစ်ရသည်။ လောဘ။ ပျော်ရွှင်ခြင်း၏ အဓိကသော့ချက်ကပုထုဇဉ်များအတွက် လောဘသဘောတရား ဖြစ်သည်။ လောဘနှင့် သောမနဿသဘောတိုက်ရိုက်ထိစပ်နေသည်။ ဆိုလိုသည်မှာ လောဘမူစိတ် တို့ ၌ သောမနဿဝေဒနာက ဦးဆောင်တက်လာသည်။ အပြစ်ကင်းသော ပျော်ရွှင်မှုတော့ မဖြစ်နိုင်။ သို့ သော် ပျော်ရွှင်မှုကတော့ ပျော်ရွှင်သာဖြစ်၏။

လောဘ၊ ဒေါသ၊ မောဟ ဟူသော အကုသိုလ်ဗိုလ်ချုပ်ကြီးသုံးယောက်အနက် ပျော်ရွှင်မှုကို လုံးဝမပေးနိုင်သော ဗိုလ်ချုပ်ကတော့ ဒေါသပင်ဖြစ်သည်။ ဒေါသဖြစ်ခိုက် ထိုပုဂ္ဂိုလ် လုံးဝမပျော်နိုင်။ ထို့ ကြောင့် အဘိဓမ္မာ သဘောတရား အရ ပျော်ရွှင်သောဘဝနှင့် မပျော်ရွှင်သောဘဝကို တိုင်းထွာကြည့်ရန် ဒေါသ၊ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ တို့ သာရှိတော့သည်။ ဒေါသဖြစ်ခိုက် ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဖြစ်ခိုက် မပျော်။

ဒေါသအကြောင်းကို အနည်းငယ်ချဲ့ လိုသည်။
ဒေါသဖြစ်ကြောင်းတရားဆယ်ပါးရှိ၏။ ပုဂ္ဂိုလ်နှင့်ဆိုင်၏။ ကာလသုံးပါးနှင့်ဆိုင်၏။
အတိတ်နှင့်စပ်၍ 
၁။ သူ ငါ့အကျိုးမဲ့ကို ပြုဖူးပြီ။
၂။ သူ ငါ့မိတ်ဆွေတွေရဲ့ အကျိုးမဲ့ကို ပြုဖူးပြီ။
၃။ သူ ငါ့ရန်သူရဲ့ အကျိုးစီးပွားကို ဆောင်ဖူးပြီ။
ပစ္စုပ္ပန်နှင့် စပ်၍ 

၎။ သူ ငါ့အကျိုးမဲ့ကို ပြုဆဲ။
၅။ သူ ငါ့မိတ်ဆွေတွေရဲ့ အကျိုးမဲ့ကို ပြုဆဲ။
၆။ သူ ငါ့ရန်သူရဲ့ အကျိုးစီးပွားကိုဆောင်ဆဲ။ ဟု သုံးမျိုးပြသည်။
အနာဂတ်နှင့် စပ်၍ 

၇။ သူ ငါ့အကျိုးမဲ့ကို ပြုလုပ်လိမ့်မည်။
၈။ သူ ငါ့မိတ်ဆွေတွေရဲ့ အကျိုးမဲ့ကို ပြုလုပ်လိမ့်မည်။
၉။ သူ ငါ့ရန်သူရဲ့ အကျိုးစီးပွားကို ပြုလုပ်ပေးလိမ့်မည်။ ဟုဖြစ်ပြီး နောက်ဆုံး
၁၀။ အဋ္ဌာန ကောပ ဆိုသည့် စိတ်တိုရမည့်ကိစ္စမဟုတ်သည်တို့ ကို တိုနေခြင်းဖြစ်သည်။ ဥပမာ မိုးမပြတ်ရွာမှု၊ နေပူမှု၊ မီးပွိုင့်၏အချိန်ကြာသည်ဟု ထင်မှု၊ ဘတ်စ်ကားနှေးမှု စသည်တို့ ဖြစ်သည်။

ဤဆယ်ချက်ကို လက်တွေ့ ကျကျကြည့်လျှင် တစ်မှ ခြောက်အထိသည် သဘာဝကျသည်။ ပုထုဇဉ်တိုင်း ဒေါသဖြစ်နိုင် သည့်ကိစ္စတို့ ဖြစ်သည်။ သို့ သော် နှစ် သုံး နှင့် ငါး ခြောက်တို့ ကတော့ ဣဿာ မစ္ဆရိယ သဘောပါဝင်နေသည်။ ခုနှစ်၊ ရှစ်၊ ကိုး အကြောင်းတရားတို့ ကတော့ ရင့်ကျက်သော ပုထုဇဉ်များမှာ မရှိတော့ပေ။ သူက အနာဂတ်ကိစ္စဖြစ်နေသဖြင့် ကြိုတင်ဒေါသဖြစ်နေခြင်းသည် သဘာဝသိပ်မကျတော့။ စိတ်ပညာ သိပ္ပံက ပါရာနွိုက်ဟုပင် သုံးစွဲထားသည်။

နောက်ဆုံး အဋ္ဌာန ကောပ ကတော့ အူလည်လည်အနိုင်ဆုံး ဒေါသဖြစ်သည်။ ခက်သည်က ထိုအကြောင်းကိုပင် မကျော်လွှားနိုင်ဖြစ်နေကြရသည်။ အားလုံးကို ပြန်ကြည့်လျှင် မိမိနှင့် ပတ်သက်၍ဖြစ်ရသောဒေါသက တစ်၊ လေး၊ ခုနှစ် နှင့် တစ်ဆယ်တို့ သာဖြစ်သည်။ သူများကိစ္စကို စိတ်ဝင်စားမှု နည်းမည်ဆိုလျှင် နှစ်၊ သုံး၊ ငါး၊ ခြောက်၊ ရှစ်၊ ကိုး တို့ ကိုရှောင် ရှားနိုင်သည်။

မှန်သည်ဟုထင်သည်။ သူများကိစ္စကိုဝင်မပါတတ်သော ပုဂ္ဂိုလ်များ ဒေါသဖြစ်ကြိမ်နည်းပြီး ပို၍ ပျော်ရွှင်သောဘဝကို ရရှိတတ်ကြသည်။

ဣဿာ မစ္ဆရိယ
ဒေါသဖြစ်ပြီး ဣဿာ မစ္ဆရိယကို ကြည့်ချင်သည်။ လူတိုင်း နားလည်နေသည့် ဤစကားနှစ်လုံးကို ဘာသာမပြန်တော့။ ရှုပ်သွားမှာ စိုးရသည်။ ဣဿာ မစ္ဆရိယဖြစ်ခိုက် မပျော်။

ဤ၌ ဒေါသနှင့် ဣဿာ မစ္ဆရိယတို့ အကြား ခြားနားချက်ဖြစ်နေသည်။ အဘိဓမ္မာသဘောအားဖြင့် အားလုံးသည် အကုသိုလ်သာဖြစ်သည်။ သို့ သော် လက်ရှိဘဝ၌ ဒေါသထက် ဣဿာ မစ္ဆရိယက ပို၍ အောက်တန်းကျသလို သတ်မှတ်ကြ၏။ ဤသတ်မှတ်ချက်က ကမ္ဘာက သတ်မှတ်သည့် ဆိုရှယ် အက်သစ်သဘောဖြစ်သည်။

ဒေါသဖြစ်စရာ ကြုံခိုက် အထိုက်အလျှောက် ဒေါသဖြစ်သည်ကို နားလည်ထားနိုင်ကြသော်လည်း သူတစ်ပါး တိုးတက်အောင်မြင်မှုကို ဣဿာ မစ္ဆရိယ ပွားနေခြင်းကိုမှု နားလည်ပေး အလွန်ခက်ခဲသည်။ ယေဘုယျကို ခြုံကြည့်လျှင် အနောက်တိုင်းလူများက အရှေ့တိုင်းသားများထက် ဣဿာ မစ္ဆရိယနည်းကြသည်။ တစ်ယောက်ကို တစ်ယောက် ဣဿာ မစ္ဆရိယထက် ပိုသာအောင်ကြိုးစားတတ်ကြသည်။ သို့ သော်တရားရိပ်သာများ အရှေ့တိုင်းမှာ ပိုပေါသည်ကိုကား အငြင်းပွား၍မရ။

ဣဿာ မစ္ဆရိယသည် ဆင်းရဲမွဲတေမှု၊ ဘဝ အာမခံချက်မရှိမှုစသည်တို့ နှင့် ဆက်စပ်သည်။ ဆင်းရဲသူတိုင်း ဣဿာ မစ္ဆရိယကြီးသည်ဟု ဆိုရန်မဖြစ်သော်လည်း ဆင်းရဲသော လူ့ အဖွဲ့ အစည်းသည် ဣဿာ မစ္ဆရိယကို ထင်ထင် ရှားရှားပြတတ်သောာ သဘောပို၍ ရှိလေသည်။ မည်သို့ ဖြစ်စေ ဣဿာ မစ္ဆရိယတို့ လည်း ကိလေသာများသာဖြစ်သဖြင့် ထိန်းသူနှင့် မထိန်းသူသာကွာပြီး ပုထုဇဉ်နှင့် ကိလေသာကား လက်ပွန်းတတီးတော့ ရှိနေပေမည်။

အချုပ်ဆိုလျှင် ဣဿာ မစ္ဆရိယ ထူပြောခြင်းသည် ဆိုရှယ်အက်သစ်အရ အထင်သေးစရာဖြစ်သလို ပျော်ရွှင်မှုကိုလည်း တိုက်ရိုက်ထိခိုက်စေသည်။

ကုက္ကုစ္စ
ကုက္ကုစ္စဖြစ်နေလျှင်လည်း မပျော်နိုင်တော့။
ယနေ့ ခေတ်လူသားများ ကုက္ကုစ္စ ကိစ္စကို တော်တော်ခံနေကြရသည်။ စာပေအရ ကုက္ကုစ္စ ဖြစ်ကြောင်း နှစ်ချက်သာရှိသည်။
၁။ ပြုသင့်သည်ကို မပြုခဲ့မှု
၂။ မပြုသင့်သည်ကို ပြုခဲ့မှု ဖြစ်သည်။

စိတ်ရောဂါ အကြီးစားတစ်ခုဖြစ်သည်။ နောင်တများစွာရှိသူသည် ပျော်ရွှင်သောဘဝကို မရနိုင်။ တနည်း နောင်တရခိုက် ထိုပုဂ္ဂိုလ်၏စိတ် ပျော်ရွှင်မနေ။

ဒကာတစ်ယောက်က ယနေ့ ကြုံတွေ့ နေရသော မိသားစုပြဿနာတစ်ခုခုကို တွေးတွေးဆဆ ပြောပြသည်။

“ မိဘတွေက ကလေးငယ်ငယ်ကတည်းက ကလေးထိန်းကျောင်း(Child Care) ကို ပို့ လိုက်တော့ ကလေးတွေကြီးလာတော့လည်း မိဘတွေကို ငယ်ငယ်နဲ့ လူကြီးဂေဟာကို ပို့ လိုက်တော့တယ်။ ဒါက ကံတစ်ပတ်လည်တာပါပဲ” ဟု ဆိုသည်။

သူ့ အတွေးမဆိုးဟု ထင်သည်။
ကုက္ကုစ္စ ဟူသည် အလုပ်က မှားခဲ့သော်လည်း အမှားမှန်းလည်း သိမှဖြစ်နိုင်သည်။ အမှားကို အမှန်ထင်နေသမျှ ကုက္ကုစ္စ ဖြစ်ခွင့်ပင် ကြုံလိမ့်မည်မဟုတ်။ ကြောက်စရာကောင်းသည်။ စစ်စစ်ပေါက်ပေါက်တွေးလျှင် အမှားကင်းသူမရှိ။ ထို့ ကြောင့် ထို ကုက္ကုစ္စကင်းမည့် ပုထုဇဉ်လည်းမရှိ။ သို့ သော် ကုက္ကုစ္စ အထူအပါးတော့ ကွဲနေလိမ့်မည်။ ဤသည်မှာ မိမိအမှားအပေါ် ပြန်လည် သုံးသပ်မည့် ယောနိသော မနသိကာရပင် ဖြစ်သည်။

ကုက္ကုစ္စ ကို ယေဘုယျရှောင်နိုင်သောနည်းကတော့ ဝတ္တရားကျေပြွန် မှုနှင့် ကျေနပ်လောက်အောင် တွေးတော ဆင်ခြင်မှုဖြစ်သည်။

ဝတ္တရားကျေပြွန်လျှင် ဆိုရှယ်နှင့်စပ်သော ကုက္ကုစ္စ နည်းမည်။
သေသေချာချာတွေးတောပြီးမှလုပ်လျှင် ဆုံးဖြတ်ချက်မှားယွင်းမှုနှင့် ပတ်သက်သော နောင်တ နည်းမည်။ မှားသွားလျှင်ပင် အဖြေရှိလျက် မှားခြင်းမဟုတ်။ ဥာဏ်မမီ၍ (သို့ ) မရှောင်နိုင်၍ မှားလိုက်ရသည်ဟု ဖြေဆည်ရာ တွေ့ နိုင်သည်။

ဤကုက္ကုစ္စက ဓမ္မာပဒမှာပင် တိုက်ရိုက်ပါသည်။ ကုက္ကုစ္စနှင့်ပျော်ရွှင်မှုသည် တိုက်ရိုက်ဆန့် ကျင်သည်။

ဣဓ မောဒတိ ပေစ္စ မောဒတိ (ဤဘဝမှာလည်း ပျော်ရွှင်၊ နောင်ဘဝမှာလည်း ပျော်ရွှင်)
ဣဓ သောစတိ ပေစ္စ သောဒတိ (ဤဘဝမှာလည်း ပူပန်၊ နောင်ဘဝမှာလည်း ပူပန်)
ဟု ဂါထာနှစ်ပုဒ်တွဲလျက် မိန့် ခဲ့သည်။

ထို့ ကြောင့် ကုက္ကုစ္စပါး သူလည်း ပို၍ ပျော်ပါးသောဘဝကိုရနိုင်သည်။

ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ နည်းသူသည် အခြားသူများထက် ပို၍ ပျော်ရွှင်ဖွယ် ဘဝကို ရနိုင်သည်။

အနောက်တိုင်း စိတ်ပညာက မည်သို့ ဆိုစေ အရှေ့တိုင်း စိတ်ပညာကတော့ “ဒေါသဖြစ်ခိုက် သင် မပျော်” ဟု ခပ်တိုတိုသာ ဆိုလေသည်။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

ဘာပဲပြောပြော မြန်မီး တော့ မကြိုက်

Mr Song ဆိုတဲ့ တရုတ် တစ်ယောက်ရှိတယ်။ သူက တေး သီချင်း ထုတ်လုပ်တဲ့သူ တဲ့။ ဟောင်ကောင်မှာလည်း ရှိတယ်၊ Mr To Ba တဲ့ ( တူးဘား လို့ အသံထွက် ) သူက ကား ပြင်ဆရာ။ အဲသလို နာမည်တွေနဲ့ လူတွေ တွေ့ဆုံ ရတာဟာ အံ့ဩ စရာ မဟုတ်ဘူးလား။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးဖို့ အချိန်ဆွဲနေတဲ့ ရီပတ်ဘလီကန် အမတ် နှစ်ယောက် ရှိဖူးတယ်။ သူတို့ နာမည်တွေက Doolittle နဲ့ De Lay တဲ့။ ( Do little ) ။ ယူကေ က ဦးနှောက် အထူးကု ဆရာဝန်ကြီးရဲ့ နာမည်က Mr Brain။ ကမ္ဘာကျော် ပြေးခုန်ပစ် အားကစားသမား ရှိသေးတယ်၊ Stepanova တဲ့။ အစ္စရေးက တင်းနစ်ကစားသမား အမျိုးသမီး နာမည်ကလည်း Smashanova တဲ့။ အမေရိကန်၊ တက္ကဆက် က သုဘရာဇာ ကုမ္ပဏီ ရဲ့ နာမည်ကလည်း Boxwell Brothers တဲ့။ ( Box-well ကောင်းကောင်း ထုတ်ပိုးတတ်တယ်)။ Dr Payne လို့ ခေါ်တဲ့ သွား ဆရာဝန်တွေ အများကြီးရှိတယ်။ အမေရိကန် သွား ဆရာဝန် ကတော့ Dr. Chip Silvertooth တဲ့။

အိန္ဒိယမြောက်ပိုင်းမှာ Butt ဆိုတဲ့ နာမည်က ပေးတာများပေမယ့် ကမ္ဘာ မှာလည်း ဒေါက်တာ Butt တွေ အများကြီး။ တစ်ချို့ဆိုရင် စာရိတ္တ ပြုပြင်ရေး သမားတွေ။ အမေရိက မှာ ရှိတဲ့ တရုတ် မျက်စိ အထူးကု ဆရာဝန်က Dr. Look ။ ကောလိပ်က ပါမောက္ခ တစ်ယောက်ရဲ့ နာမည်ကတော့ သူတို့မို့ ပေးရဲတယ်၊ Dr. Failor တဲ့။ အထူးခြားဆုံးက အာမခံ ကုမ္ပဏီက အရောင်း စာရေးရဲ့ နာမည်။ ကြားဖူအောင် မှတ်ထားကြ။ Justin Case တဲ့။ ( Just in case )

ဒါတွေဟာ တိုက်ဆိုင်မှု သက်သက်ပဲလား။

မန်ချက်စတာ တက္ကသိုလ်က သုတေသန ပညာရှင် Jen Hunt ကတော့ မဟုတ်နိုင်ပါဘူး လို့ ဆိုပါတယ်။ New Science မဂ္ဂဇင်းကလည်း Nominative Determinism ဆိုတဲ့ ဝေါဟာရ နဲ့အတူ နာမည်တွေက သူတို့ အလုပ်အကိုင်တွေ အပေါ်သက်ရောက်မှု ရှိကောင်း ရှိနိုင်တယ် လို့ ဆိုပါတယ်။

သူတို့က အခုမှ လေ့လာပေမယ့် အာရှကတော့ နာမည်က လူ အပေါ် လွှမ်းမိုးမှု ရှိတယ် ဆိုတာ ယုံကြည်ခဲ့ကြတာ ရှေး ပဝေသဏီ ကတည်း ကပါ။ တောင် အာရှက နာမည်တွေကိုကြည့်။ ဘီယာနဲ့ အဖျော် ယမကာ ရောင်းတဲ့လူ၊ သူ့ နာမည်က Bottlewalla ။ (walla ဆိုတာ job )။ ကား အရောင်း စာရေး နာမည်က Tyrewalla။ ထီး ရောင်း တဲ့လူက Brollywalla။ နောက် ကောင်မလေး တစ်ယောက်ရဲ့ နာမည်က Jasmine Sodabottlepopbottleopenerwalla တဲ့။ နာမည် ရှည်လို့ မဖြတ်လိုက်ကြပါနဲ့။ အဲဒါ တစ်လုံးတည်း၊ သူမရဲ့ ဆန်း နိမ်း ပါ။ သူမ အဖိုး၊ အဖွားတွေ ဘာ လုပ်ကိုင်ကြတယ် ဆိုတာ မပြောတော့ဘူး။ ဟောင်ကောင်မှာ ထူးထူး ခြားခြား နာမည် နှစ်ခု ရှိသေးတယ်။ Truly Man. He Man တဲ့။ အဲဒါ တကယ့်ကို နွဲ့နွဲ့ နှောင်းနှောင်း မိန်းကလေး နှစ်ယောက်။ အမေရိကန် မလေး ရဲ့ နာမည်ကို ကြည့်ဦး၊ Tiny Bimbo တဲ့။ ကောင်ကလေး ကို ကျတော့ Ferlon တဲ့။ ( ဒါလေးတွေက မစ္စတာ ဂျင်မ် ဆီက ယူထားတာပါ။)

ငါလား ငါ့ အမေလား
ဒါနဲ့ စကားမစပ် ဂါနာ နွယ်ဖွား မန်စီးတီး နဲ့ အီတလီတိုက်စစ်မှူး ဘာလိုတယ်လီ ဟာ အမြဲတမ်း တစ်ခု မဟုတ် ပြဿနာရှိနေတတ်တယ်။ ထားပါတော့ ပရီးမီးယားလိဂ် ရာသီဦးတုန်းက မန် ယူနိုက်တက်ကို ဂိုးသွင်း အပြီး သူ့ ရင်ဘတ်မှာ ရေးထားတဲ့ စာကို လှန်ပြတယ်။ "Why I always me " တဲ့။ သူ ဘာပြောပြော မန် စီးတီး ပရိသတ်ကတော့ မန် ယူနိုက်တက်ကို သွင်းတဲ့ ဂိုးပဲ မြင်ကြပါတယ်။ ပျော်မဆုံး မော်မဆုံး။ အခု လာပြန်ပြီ။ "These goals for you, Mum" တဲ့။ ရင်ဘတ်မှာတော့ ရေးမထားပါဘူး။ Why I always me နဲ့ စာရင်တော့ These goals for you, Mum က ပရိတ် ရဲ့ ရင်ကို ပိုထိတယ်။ ဖေးဘရိတ် ဂျာမဏီ ကို မထင်မှတ်တဲ့ ဂိုး နှစ်ဂိုး နဲ့ မြူးနစ် ပြန်ပို့ လိုက်တယ်။ အီတလီက စပိန် နဲ့ ဗိုလ်လု ပွဲကို စောင့်နေလေရဲ့။ ပြောချင်တာက These goals for you, Mum ပဲ ဖြစ်ဖြစ် Dad ပဲ ဖြစ်ဖြစ် အီတလီ ပရိသတ် သိတာကတော့ သူသွင်း တဲ့ ဂိုး နှစ်ဂိုး ပါဘဲ။

ဘားမား လား၊ မြန်မာလား။
လာပြန်ပြီ နောက် ကိစ္စတစ်ခု၊ ဒါကမှ ကိုယ်နဲ့ဆိုင်တာ။ ဘားမား လား၊ မြန်မာလား။ အော်ဖစ်ရှယ်လီ ပြောင်းထားပေမယ့် အရှေ့ အုပ်စုက မြန်မာပြီး အနောက်အုပ်စုကတော့ ဘားမား ပဲ။ စစ်တပ်က မြန်မာ၊ NLD က ဘားမား။ အဲဒီအထဲမှာ အပါးနပ်ဆုံးက ဟီလာရီ ကလင်တန်။ ဘားမား လည်းမခေါ် မြန်မာ လည်း မသုံး "This country" တဲ့။ ဒီပလိုမက်တစ် ပိုင်တယ်။ လှတယ်၊ မဆိုးဘူး။ ပြဿနာတော့ ရှိတယ်။ နာမည်ပြောင်းတာ ဝါသနာ ပါတဲ့ နိုင်ငံ ဆိုတော့ နောက် အစိုးရ တက်လာရင် "That country " လို့ ပြောင်းလိုက်မှ ဒုက္ခ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဒါကိုမသိဘူး။      ။

ဘယ်လို ပြောင်းပြောင်း အဆိုးဆုံးက မြန်မီး။ စင်ကာပူက ဘယ်က ခွင့်ပြုချက် ယူပြီး သုံးထားတာလဲ မသိဘူး။ မြန်မီး တဲ့။ အူကြောင်ကြောင် နဲ့၊ လုံးဝ မကြိုက်ဘူး။ ဒါပေမယ့် ဘာမှ မတတ်နိုင်ဘူး၊ စင်ကာပူ နဲ့ မကင်းနိုင်တော့ မြန်မီး နေရတာပဲ။ ဘုရားက ရယ်စရာ မမိန့်တတ်ဘူး ဆိုပေမယ့် ပြုံးစရာလေးတွေတော့ တစ်ခါ တစ်ခါ မိန့်တော်မူတတ်တယ်။ နာမသိဒ္ဓိဇာတ် ထဲမှာ ပါ။ ဦးသက်ရှည်ကြီး စောစောသေ၊ ဒေါ်ချမ်းသာကြီး မွဲပြာကျ။ ကိုဗလ က ပိန်တာရိုး တဲ့။ မိန့်မယ်သာ မိန့်တာ ဘုရားရှင်က အရှင်မြတ်ရဲ့ အမည်ကိုမေးတော့ "ဇိန" တဲ့။

ဒါကြောင့် Why I always me ပဲ ဖြစ်ဖြစ်၊ These goals for you, Mum ပဲ ဆိုဆို လိုနေတာကတော့ အနိုင် ဂိုး ပါ။
အဲ ဒါနဲ့ မြန်မီး တော့ မကြိုက်ဘူး၊ ပြောပေးကြပါအုံး (စာလုံးမဲကြီးနဲ့)။      ။




ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

မျှော်နေသူနဲ့ ပြန်ချင်သူတို့ မတွေ့သမျှရယ်…

မနှစ်က အိန္ဒိယကို သွားတော့ အင်ဒီရာဂန္ဒီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းထဲကနေ ထွက်ထွက်ချင်းပဲ ဖုန်းထဲကို မက်ဆေ့ဂ်ျတစ်ခု ရောက်လာတယ်။ အဲဒီမက်ဆေ့ဂ်ျက ပြည်ပနိုင်ငံတွေမှာ (အထူးသဖြင့်တော့ အမေရိကန်ပေါ့) အခြေချနေထိုင်နေကြတဲ့ ဒိတ်ဒိတ်ကြဲ အိန္ဒိယန်း ပညာတတ်တွေကို စာရင်းပြုစုထားပြီး မွေးရပ်မြေကို မေ့နေကြတဲ့အတွက် ခပ်နာနာလေး ဝေဖန်ထားတဲ့ မက်ဆေ့ဂ်ျပါ။ သူတို့ ကောက်ယူထားတဲ့ စာရင်းဇယားများအရ နာဆာရဲ့ နည်းပညာရှင်တွေထဲမှာ အိန္ဒိယန်းလူမျိုး (၁၂) ရာခိုင်နှုန်း ပါဝင်ပြီး အမေရိကရဲ့ ဒေါက်တာတွေထဲမှာ (၁၆) ရာခိုင်နှုန်းက အိန္ဒိယန်းတွေ ဖြစ်ပါသတဲ့။

သူတို့ ကောက်ယူထားတဲ့စာရင်းက ဘယ်လောက်ခိုင်မာသလဲဆိုတာ မသိရပေမယ့် အိန္ဒိယန်းတွေ အိုင်တီမှာ တော်တာ ကတော့ လူတိုင်း သိနေတဲ့ ကိစ္စပါ။

အဲဒီမက်ဆေ့ဂ်ျလေးက “ဒိတ်ဒိတ်ကြဲ ပညာတွေတတ်ပြီး ရူးကြောင်ကြောင် (ခပ်ရိုင်းရိုင်း Stupid လို့ကို သုံးထားပါတယ်) ပုဂ္ဂိုလ်တွေသာ အိန္ဒိယကို ပြန်လာကြမယ်ဆိုရင် နယူးဒေလီဟာ နယူးယောက်ကို အချိန်မရွေး စိန်ခေါ်နိုင်တယ်” လို့ အဆုံးသတ် ထားပါတယ်။

အိန္ဒိယဆိုတာကလည်း (၁၅) ရာခိုင်နှုန်းလောက် ရှိတဲ့လူတွေက ပိုက်ဆံထားစရာ မရှိလောက်အောင် ချမ်းသာပြီး ကျန်တဲ့ (၈၅) ရာခိုင်နှုန်းလောက်က ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲတဲ့နိုင်ငံပါ။ အဲ့သလိုပါပဲ၊ (၂၀) ရာခိုင်နှုန်းလောက်သာ ရှိတဲ့လူတွေက ပညာတွေ သိပ်တော်နေကြပေမယ့် ကျန်တဲ့ (၈၀) ရာခိုင်နှုန်းလောက်ကတော့ အခြေခံပညာသင်ဖို့တောင် ရုန်းကန်နေကြရဆဲပါပဲ။

တရုတ်ပြည်ကလည်း ဒီကိစ္စအတွက် တစ်စခန်း ထလာပြန်ပါတယ်။ အမေရိကမှာ အခြေချ နေထိုင်နေကြတဲ့ ပညာတတ် တရုတ်လူမျိုးတွေ တရုတ်ပြည်ကြီးထဲ ပြန်လာဖို့ အရေးတကြီး စည်းရုံးရေးတွေ လုပ်နေတဲ့အကြောင်း ဒီနေ့ (၂၄၊ ၀၅၊ ၂၀၁၂) ထုတ် စထရိတ်တိုင်း သတင်းစာမှာ ဖတ်လိုက်ရပြန်တယ်။ ဒီအစီအစဉ်ကို အစပျိုးခဲ့တာ နှစ်နှစ်ကျော် ကြာပြီလို့လဲ ဆိုထားပါတယ်။

နယူးဒေလီရဲ့ အိပ်မက်မျိုးလိုပါပဲ၊ ပီကင်းကလည်း တရုတ်လူမျိုးပညာရှင်တွေ အားလုံးသာ ပြန်လာရင် ပီကင်းဟာ နယူးယောက်ကို အချိန်မရွေး စိန်ခေါ်နိုင်မယ်ပေါ့။

ဒီသတင်းနှစ်ခုကို ဆက်စပ်မိပြီး တစ်ခါက နိုဘယ်လ်ဆုရ ဂျပန်ဆရာဝန်တစ်ယောက် ပြောတာကို သတိရမိတယ်။ ပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆု ဖြစ်တဲ့အတွက် ဂျပန်တစ်နိုင်ငံလုံး ဂုဏ်ယူမဆုံး ဖြစ်နေကြချိန်မှာ အဲ့ဒီဆရာဝန်ရဲ့ စကားကြောင့် အားလုံး အောင့်သက်သက် ဖြစ်သွားကြရတယ်။ သူပြောတာက “သူသာ အမေရိကတက္ကသိုလ်မှာ တက်ပြီး ပညာသင်ကြားခွင့် မရခဲ့ဘူးဆိုရင် ဒီနိုဘယ်လ်ဆုလည်း ရနိုင်စရာ အကြောင်းမရှိပါဘူး” တဲ့။

နိုင်ငံတစ်ခုကို သယံဇာတနဲ့ တည်ဆောက်တာထက် စာသင်ခန်းမထဲမှာ တည်ဆောက်ဖို့ ကြိုးစားရမယ်ဆိုတဲ့ အခြေခံအသိ နောက်ကျခဲ့ကြတဲ့ အာရှနိုင်ငံတွေဟာ အခုတော့ အမြင်မှန်တွေ ရလာပြီး စာသင်ခန်းထဲက ထွက်ပြေးသွားတဲ့ နိုင်ငံတော်အသစ်တွေဆီ အသည်းအမည်း လိုက်ဖမ်းနေကြတယ်။ ကျွန်တော်ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ ပီကင်းနဲ့ နယူးဒေလီဟာ နယူးယောက်ကို ဘယ်တော့မှ ကျော်တက်မှာ မဟုတ်ဘူးလို့။ အကြောင်းက ရှင်းရှင်းလေးပါ။ နယူးယောက်က ပီကင်းနဲ့ နယူးဒေလီ ယဉ်ကျေးမှုကို မွေးစားလိုက်နိုင်ပြီး ပီကင်းနဲ့ နယူးဒေလီက နယူးယောက် ယဉ်ကျေးမှုကို မွေးစားဖို့ ကြိုးစားကြမှာ မဟုတ်သေးလို့ပါ။

အာရှထဲက တစ်နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံကလည်း စာသင်ခန်းထဲက ထွက်ပြေးသွားတဲ့ နိုင်ငံတော်သစ်ကို လိုက်ဖမ်းဖို့ ကြိုးစားနေကြောင်း ဝမ်းမြောက်ဝမ်းသာ သိခွင့်ရခဲ့တယ်။ သမ္မတကြီးကို ရင်ထဲကနေ နှစ်နှစ်ကာကာ ကျေးဇူးတင် မိပါရဲ့။

ပညာတတ် မြန်မာလူမျိုးတွေ မြန်မာပြည်ထဲ ပြန်ဝင်လာပြီး နိုင်ငံတော် ထူထောင်ရာမှာ တစ်တပ်တစ်အား ပူပေါင်း ပါဝင်ကြဖို့ သမ္မတကြီးက ဖိတ်ခေါ်တယ်။

ကျွန်တော့်အထင် ပြောရရင် မြန်မာလူမျိုး တော်တော်များများဟာ မျိုးချစ်စိတ် သိပ်ပြင်းထန်ကြပါတယ်။ ပါးစပ်ပြောလား၊ တကယ်လားဆိုတာ ခွဲခြားရ ခက်လှပေမယ့် ပြုပြင်ပြောင်းလဲလာတဲ့ နိုင်ငံတော်ဆီ ခြေစုံပစ်ဝင်ဖို့ ကြိုးစားသူတွေ အများအပြား ရှိနေပါတယ်။

သေချာတဲ့ စာရင်းဇယားကတော့ စင်္ကာပူလူမျိုးအဖြစ် ခံယူကြတဲ့အထဲမှာ မြန်မာတွေဟာ ရာခိုင်နှုန်း အနည်းဆုံးထဲမှာ ပါဝင်ပါတယ်။ ပညာတတ် မြန်မာတွေဟာ အမြဲနေထိုင်ခွင့် (ပီအာ) ကိုသာ ယူပြီး ပီအာကနေ စီတီဇင်ပြောင်းသူဟာ (၁၂) ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ မနှစ်က သိခဲ့ရပါတယ်။ စီတီဇင်ပြောင်းလိုက်ရင် ရလာမယ့် အခွင့်အရေးတွေကို မျက်ကွယ်ပြုပြီး ပြောင်းလဲလာမယ့် နိုင်ငံတော်ဆီ မျက်စောင်းထိုးနေကြတဲ့ မြန်မာတွေ သိပ်မနည်းလှပါဘူး။

တရုတ်လူမျိုးတွေကတော့ သူများနိုင်ငံသားအဖြစ် ခံယူကြတဲ့အထဲမှာ ထိပ်ဆုံးမှာ ရှိကြပါတယ်။ စင်္ကာပူလူမျိုးအဖြစ် ခံယူကြတဲ့အထဲမှာ တရုတ်ပြည်မကလူတွေဟာ (၉၀) ရာခိုင်နှုန်းတောင် ကျော်နေပါသတဲ့။ တရုတ်လောက် မများလှပေမယ့် အိန္ဒိယန်းတွေကလည်း သူများနိုင်ငံသားအဖြစ် ခံယူဖို့ မြန်မာတွေလောက် ကပ်စေးမနည်းကြပါဘူး။

တရုတ်၊ အိန္ဒိယန်းတွေနဲ့ နှုန်းယှည်ကြည့်ရင် မြန်မာတွေရဲ့ နိုင်ငံချစ်စိတ်က ပိုအားကောင်းပါတယ်။ ဒါ့ကြောင့် သမ္မတကြီးအတွက် မျှော်လင့်ချက်လည်း သိပ်ရှိပါတယ်။ (၈၈) ကာလမတိုင်မီကတော့ တစ်ယောက်စ၊ နှစ်ယောက် စလောက်ပဲ နိုင်ငံတော်က ဆုံးရှုံးခဲ့တာပါ။ (၈၈) ပြီးတဲ့နောက် ဆုံးရှုံးလိုက်ရတာက စာသင်ခန်းတွေ အခန်းလိုက် ဆုံးရှုံးခဲ့ရ ပါတော့တယ်။ (၈၈) နောက်ပိုင်း မောင်းထုတ်ခံလိုက်ရတဲ့ ဦးနှောက်တွေက အုံနဲ့ ကျင်းနဲ့မို့ တော်တော် ကြေကွဲ စရာ ကောင်းပါတယ်။

စာရင်းဇယားနဲ့ အတိအကျ မတင်ပြနိုင်ပေမယ့် (၈၈) မျိုးဆက် လူလတ်တွေဟာ လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်နေတာ တော်တော်များများ တွေ့ရတယ်။ အဆင်မပြေတဲ့ နိုင်ငံတော်ကို သူတို့ တတ်နိုင်တဲ့ဘက်က ပံ့ပိုးရင်းနဲ့ သူတို့ကိုယ်ပိုင် မိသားစုဘဝလေးတွေ တည်ဆောက်ဖို့တောင် မသိချင်ယောင် ဆောင်ထားရတဲ့ မျိုးဆက်တွေပါ။

အဲ့ဒီမျိုးဆက်တွေကို စည်းရုံးဖို့ ဒေါ်စု၊ အန်တီစု၊ အမေစု မပါလို့တော့ မရပါဘူး။ သူတို့ရဲ့ ခပ်ဖျော့ဖျော့ အိပ်မက်တွေကို ဒေါ်စုဆီမှာ ယုံယုံကြည်ကြည် ပေးထားရင်း ခရီးဆက်နေကြပါတယ်။ ဒေါ်စုကို အမှီပြုပြီး အနောက်က ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေထက် ဒေါ်စုကို အမှီပြုပြီး ပြည်တွင်းထဲ ဝင်လာကြမယ့် (၈၈) ဦးနှောက်တွေကို ပိုပြီး တန်ဖိုးထားတယ်လို့ ပြောရင် ကျွန်တော့်ကိုများ ဝိုင်းဆဲကြမလား မသိဘူး။ (၈၈) မျိုးဆက်ဟာ အခုဆိုရင် (၄၀) ကျော်တွေပါ။ ပညာရှိတယ်၊ အရွယ်ရှိတယ်၊ အတွေ့အကြုံရှိတယ်၊ စိတ်ဓာတ်ရှိတယ်။ နိုင်ငံအသီးသီးမှာ သူ့နယ်ပယ်နဲ့သူ အထိုက်အလျောက် နေရာရထားသူတွေ ဖြစ်တယ်။ အထူးသဖြင့်တော့ အင်ဂျင်နီယာနဲ့ နည်းပညာအိုင်တီဆိုင်ရာတွေမှာပါ။

နောက်ပြီး တန်းဖို့ ဖြတ်မရတဲ့ စိတ်ဓာတ်ရေးရာ အမြတ်က နောက်လူငယ်တွေ လေးစားတဲ့ ကိုမင်းကိုနိုင်တို့လို လူတွေ ရှိနေခြင်းပဲ။ လူငယ်တွေကို ပြုပြင်ပေးရာမှာ သူတို့ဟာ အဓိက မောင်းနှင်အားတွေ ဖြစ်နေလိမ့်မယ်။

တရုတ်ကလည်း တရုတ်ပညာရှင်တွေကို ပြန်လာဖို့ခေါ်၊ အိန္ဒိယကလည်း ခေါ်၊ မြန်မာကလည်း ခေါ်။ ဒီသုံးဦးထဲမှာ မြန်မာဟာ မျှော်လင့်ချက် အကောင်းဆုံးလို့ ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် တရုတ်၊ အိန္ဒိယန်းတွေက သူတို့ သဘောနဲ့သူတို့ ထွက်သွားကြတာ ဖြစ်ပြီး မြန်မာတွေကတော့ အခြေအနေအရ ထွက်ခဲ့ရတာ ဖြစ်နေလို့ပါပဲ။ ကျွန်တော်ပြောခဲ့ သလို နိုင်ငံခြားသား ခံယူသွားတဲ့ မြန်မာအရေအတွက်ဟာ သူများထက် နည်းနေတာလည်း ပါဝင်ပါတယ်။

ဒါပေမယ့် အဓိက ပြဿနာတစ်ခုတော့ ရှိတယ်။

ဆိုပါတော့၊ NUS မှာ၊ အောက်စ်ဖို့ဒ်မှာ၊ မန်ဆာချူးဆက်အင်စတီကျုမှာ အင်ဂျင်နီယာပညာနဲ့ ဒေါက်တာဘွဲ့ ယူထားတဲ့ ကျောင်းသားတစ်ယောက်၊ သူ့ကို မြန်မာပြည်က အလုပ်ပေးမထားနိုင်ဘူး။ သူသင်ထားတဲ့ ပညာရပ်တွေကို အသုံးချနိုင်ဖို့ မြန်မာပြည်က အဆင်သင့် မဖြစ်သေးဘူး။ သူ့အယူအဆနဲ့ ပြည်တွင်းက အင်ဂျင်နီယာတွေရဲ့ အယူအဆတွေ တူနေမှာ မဟုတ်ဘူး။

ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေကနေ အင်တာနက်ဆိုင်ရာ၊ စတဲလိုက်ဆိုင်ရာ ဒေါက်တာဘွဲ့ ရထားတဲ့ ကျောင်းသား တစ်ယောက်၊ သူ့အတွက်လည်း မြန်မာပြည်က အဆင်သင့် သိပ်မဖြစ်သေးဘူး။ မဖြစ်သေးဘူးဆိုတာ သူသင်ထားတဲ့ ပညာရပ်ရဲ့ (၂၀) ရာခိုင်နှုန်းလောက် သုံးရင်ကိုပဲ ရနေပြီ။ နိုင်ငံတော်ဟာ သူ့ကိုလည်း ရာနှုန်းပြည့် အသုံးမချနိုင်ပြန်ဘူး။

ပြီးတော့ အော်ဒစ် - စာရင်းစစ်ပညာ၊ မြန်မာပြည်မှာ အဓိက အားနည်းတာက အိုင်တီနဲ့ စာရင်းစစ် ပညာတဲ့။ နိုင်ငံခြားတက္ကသိုလ်တွေက ကျောင်းပြီးထားတဲ့ စာရင်းစစ်ပညာရှင်တွေအတွက် စနစ်ကျတဲ့အလုပ် ပြည်တွင်း ထဲမှာ ရှိကို မရှိသေးဘူး။ ထားပါတော့ - ဒါဆိုရင် ဒီပြဿနာက မုန့်လုံး စက္ကူကပ် ဖြစ်တော့မယ်။ နိုင်ငံတော်က ပညာရှင်တွေကို ပြန်ခေါ်တယ်။ ပညာရှင်တွေကလည်း ပြန်လာချင်တယ်။ ဒါပေမယ့် နိုင်ငံတော်က သူတို့နဲ့ ထိုက်တန်တဲ့ အလုပ်ကို ဖန်တီး မပေးနိုင်ဘူး။ ဒီလို ပညာရှင်တွေ ပြန်ဝင်မလာဘူးဆိုရင် ဒီလို အလုပ်တွေ ဖန်တီးပေးဖို့ အစိုးရမှာလည်း အခက်တွေ့နေလိမ့်မယ်။ ဒါဆို ဘယ်လို ကွန်ပရိုမိုက် (ဇ်) လုပ်ကြမလဲ။ မြန်မာပညာရှင်တွေ ပြန်မလာရင် နိုင်ငံခြား ပညာရှင်တွေရဲ့ အကူအညီ ယူကြရတော့မယ်။ ဒါဆိုရင် မလိုအပ်တဲ့ နစ်နာမှုတွေ ဖြစ်တော့မယ်။

ကျွန်တော့်ဝန်းကျင်က အင်ဂျင်နီယာနှစ်ယောက်အကြောင်း ပြောချင်ပါတယ်။ တစ်ယောက်က မြန်မာဖြစ် ပြီး နောက်တစ်ယောက်က စင်ကာပိုရီးယန်းပါ။ ဘွဲ့ရတဲ့ တက္ကသိုလ်တွေကြည့်ရင် မြန်မာလူမျိုး အင်ဂျင်နီယာရဲ့တက္ကသိုလ်က အပြတ်အသတ် သာတယ်။

မြန်မာအင်ဂျင်နီယာက စင်ကာပူချန်ဂီလေဆိပ်မှာ အလုပ်လုပ်ပြီး စင်ကာပိုရီးယန်း အင်ဂျင်နီယာက ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ လုပ်တယ်။ စင်္ကာပူက မြန်မာအင်ဂျင်နီယာကို ဒေါ်လာလေးထောင်လောက်နဲ့ ခပ်နှိမ်နှိမ်ပေးပြီး ခိုင်းတယ်။ မြန်မာက စင်ကာပိုရီးယန်း အင်ဂျင်နီယာဆိုပြီး ဈေးမြင့်မြင့်ပေးပြီး ခေါ်ရတယ်။ လူမှုရေးရော ငွေရော ကျွန်တော်တို့ ရှုံးတယ်။

နိုင်ငံတော် တည်ဆောက်ရာမှာ အစိုးရဘက်ကရော ပညာရှင်တွေဘက်ကပါ အလျော့အတင်း လုပ်စရာတွေ ရှိပါလိမ့်မယ်။ ပညာရှင်တွေဘက်ကလည်း လုံးဝပြည့်စုံမယ့် အနေအထားကို မစောင့်ဘဲ ကိုယ်တိုင် ပြောင်းလဲမှုထဲကို အနင့်နာခံ စီးမျောမယ်ဆိုရင် ...

အစိုးရဘက်ကလည်း မျိုးချစ်စိတ်နဲ့ ပညာရှင်တွေဟာ ငွေကို အရေးမစိုက်ပေမယ့် ဘာမှ မသိတဲ့ လူတစ်ယောက်က လက်ညိုးထိုး ခိုင်းမှာကိုတော့ ခံမှာမဟုတ်ဘူးဆိုတာ လက်ခံထားရင် ...

မျှော်နေသူနဲ့ ပြန်ချင်သူတို့ တွေ့ဆုံနိုင်ပါတယ်။

ချယ်ရီပင်အောက်မှာ ဆုံကြပါစို့လား ... နိုင်ငံတော်သမ္မတကြီးနဲ့ ရောင်းရင်းတို့ ...


ဇင်ဝေသော်
(24-May-2012)









Copyright © 2012 ကမ်းလက်. All rights reserved.

မရေရာဘူး

"အမှောင်ညထဲ ကြွေကာပျက်
မလင်းလက်တော့တဲ့ ကြယ်များ အကြောင်း"

နိမိတ်ပုံတွေ ယောက်ယက်ခတ်နေတဲ့ မောင်မောင် ဇော်လတ် ရဲ့ ဒီ စာသားလေး နှစ်ကြောင်း ကို လေးဖြူက ကွဲအက်အက် ငြီးတွားလိုက်တော့ ...
ကြယ်စင်ဟာ အမှောင်ကို ရှက်ရွံ့တတ်သလား။
ဟင့်အင်း။ အမှောင် သက်သက်ကြောင့် တော့ သိက္ခာနဲ့ ကြယ်စင်ဟာ
နောက်ဆုတ်ဖို့ အကြောင်း မလုံလောက်ပါဘူး။ မိုးတိမ်တွေ ကြောင့်လား၊
အခြား အကြောင်းတရားတွေကြောင့်လား။ မလင်းလက်တော့ ဘူးတဲ့ ။

ဝေဝါးခွင့် မရလောက်အောင် လေးဖြူက ဆက်ပြီ ငြီးတွားတယ်
"ပင်လယ်အရောက် အကုန်ကွယ်ပျောက်
စမ်းချောင်းနဲ့ ရေပွက်လေး အကြောင်း"
တဲ့ ။

ကိုနေဝင်း တို့၊ ကိုတိုကြီး တို့ မဇ္ဈိမလှိုင်း ကြီးစိုးခဲ့တဲ့ ၇၀ နဲ့ ၈၀ တွေမှာ နေမင်း ရဲ့ ပုံရိပ်တွေ ထပ်တလဲလဲ ထင်ဟပ်စေသလို (ဥပမာ နေဝင်ညကို ကူးဖြတ်ပြီးမှ.....နေမင်း ပြုံးမယ့် နေ့ စသည် ...)

လေးဖြူကတော့ လမင်းတွေ၊ ပင်လယ်တွေနဲ့ သူ့ ဂီတခရီးကို မွေးမြူခဲ့တယ်။ ကန္တာရ လမင်း၊ ပင်လယ်အော်သံ တဲ့။ သူ့ရဲ့ ပါဝါ ၅၄ ကတော့ တက္ကသိုလ်ရိပ်သာလမ်းဆီ လက်ညှိုး တည့်တည့် ထိုးနေသလိုမို့ ၅၄ ကတော့ကျန်းမရေး ကောင်းခဲ့ဟန်မတူ ဘူး။ ပါဝါ တဲ့။ လမ်းမှာ ကြွေဆုံးသွားခဲ့တယ်။

အခု သူ ထပ်ပြောနေပြန်တယ်။ ပင်လယ်ရောက် အကုန်ကွယ်ပျောက် တဲ့။
ပင်လယ် ဆိုတာ ဆားငန် ရေတွေ ဝါးမြိုထားတဲ့ အဆုံးမရှိရေပြင် ဖြစ်နိုင်သလို တစ်ထွာစာ လူ့ဝမ်းဗိုက်ဟာလည်း သမုဒ္ဒရာ ပါပဲ။
သူတို့လို အနုပညာရှင်တွေဟာ ရေငန်အကြောင်းတော့ ပြောနေကြမှာ မဟုတ်ပါဘူး။

စ မိတဲ့ အတွေးကို မောင်မောင်ဇော်လတ် က အနားယူခွင့် ပေးမထားဘူး။
"စမ်းချောင်းနဲ့ ရေပွက်လေး အကြောင်း" တဲ့။
ပင်လယ်ရောက် အကုန်ကွယ်ပျောက် တာ စမ်းချောင်း၊
ရက်ရက်စက်စက် ဆက်ပြောလိုက်တာက ရေပွက်လေး တဲ့။
ဘယ်သူ ရေပွက်လည်း၊ ဘယ်သူ ရဲ့ ရေပွက်လည်း ......

"လေထုထဲ ပြယ်ကာပျက် ပန်းပွင့်များရဲ့ ရနံ့ များ အကြောင်း"
ပန်းရနံ့ဟာ လေထဲမှာ ပျံ့တတ်သလား၊ ပျက်တတ်သလား။ ရီယယ်လစ်စတစ် သမားကို ခပ်တင်းတင်း ငြင်းဆိုထားတယ်။
ပန်းရနံ့ ဟာ လေညာ ကို မသွားဆိုတဲ့ စကား လား။ ဒါဆို လေညာ အရပ်က ဘယ်မှာ လဲ....
ဒီအတွေးကို လေးဖြူက ကွဲအက်အက်အသံနဲ့ တရွတ်ဆွဲ ခေါ်သွားပြန်ရော

"အချိန်တွေထဲ အကုန်ပြိုလဲ ထားခဲရမယ့် အတိတ်များ အကြောင်း" တဲ့။

လေ အစုန်မှာ ပျံ့ဦးတော့ တစ်စစီ ကွဲလွင့် သွားရတဲ့ ဒီ ရနံ့ဟာ ဝေးကွာခြင်း နဲ့အတူ ပျက်လွင့် ခြင်းပါ ခေါ်ဆောင် သွားခဲ့တယ်။ အချိန်တွေထဲ ပြိုလဲရင်း နေရစ်တော့မယ် အတိတ်များ။

သူ ဟာ ငြီးတွားရုံတင် မကတော့ဘဲ အလိုမကျ၊ အပြစ်တင်သံ ပါ ခပ်ဝါးဝါး စွက်လာတယ်။
"တိုးတိုးလေး ကြားတယ် အသံများဟာ ကြေကွဲ လို့
တိတ်တိတ် ဆိတ်ဆိတ်နဲ့ သိနားလည် ငိုကြွေးဖို့ "
တဲ့။

ကြေကွဲနေတဲ့ အသံတွေ။ တိုးတိုးလေး။ ဘာဖြစ်လို့ ကျယ်လောင်စွာ မကြေကွဲ ကြတာလဲ။ သူတို့ ဘာမှ မပြောခဲ့ကြဘူး။
ကျယ်လောင်စွာ ကျေကွဲခွင့် မရှိတာလား။ သူတို့ ဘာမှ မပြောခဲ့ကြဘူး။
ရအောင် ကြေကွဲကြမယ် ဆိုရင်ကော၊ သူတို့ ဘာမှ မပြောခဲ့ကြဘူး။
တိတ်တိတ်လေး ငိုကြွေးဖို့ပဲ သိတော့သတဲ့။ Suffer in silence ကို သူ ပြောခဲ့တာ။
ကြီးလွန်းတဲ့ အားကိုလား၊ နည်းလွန်းတဲ့ အားကိုလား။
ရက်စက်လွန်းတဲ့ မြေခွေးကိုလား၊ နူးညံ့လွန်းတဲ့ သိုး ကိုလား။ သူတို့ ဘာမှ မပြောခဲ့ကြဘူး။

သူ့ရဲ့ ကန္တာရလမင်း အိပ်မက်ရှည်ကိုတော့ ငြီးတွားခြင်း အငွေ့အသက် တစ်ချို့ နဲ့ အသက် ပြန်သွင်းသွားခဲ့တယ်။
"မရေရာဘူး မသေချာဘူး မပြီးဆုံး ဘူး...
မသေချာဘူး မရေရာဘူး မပြီးဆုံး ဘူး...
မထင်နိုင်ဘူး မမြင်နိုင်ဘူး ဘာမှ မရှိဘူး...
ဟူး... ရပ်တန့်လို့ မရ ဘူး..."
တဲ့။

ဟုတ်တယ်။ မရေရာပေမယ့် ရပ်တန့်လို့ မရဘူး။

ပန်းခရမ်းပြာတို့၊ လွန်ခဲသော နေ့ တို့ ခပ်ဝါးဝါး ဝေးလွင့်စဉ်မှာ လေးဖြူရဲ့ ပင်လယ်အော်သံ (မရေရာဘူး) ဟာ အကျယ်လောင်ဆုံး ကြားလိုက်ရတဲ့ ရင်ခတ်သံ စစ်စစ်ပါပဲ။

ကျနော်တို့ ၈ လ ပြည့် အတွက် ရင် အထိဆုံး ကိုလေးဖြူရဲ့ မရေရာဘူး ကို ပုဂ္ဂလိက ဆန်ဆန် ခံစားမိပါတယ်။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.