အေးဂျင့်များ က အသက်မပြည့်မီသော မြန်မာ အိမ်ဖော် မိန်းကလေးများ ကို စင်ကာပူထဲ လိမ်လည် ပို့နေ

အသက်မပြည့်မီသော မြန်မာ မိန်းကလေးများ စင်ကာပူတွင် အိမ်ဖော် အဖြစ် အလုပ်လုပ်နိုင်ရန် အသက် လိမ်လည်နေကြကြောင်း သိရသည်။ ပတ်စပို့ အတုများဖြင့် လာရောက်ကြပြီး အချို့ဆိုလျှင် ၁၆ နှစ်သာ ရှိကြသေးသည်။ ၂၀၀၅ ခုနှစ်မှ စ၍ စင်ကာပူ ဥပဒေ အရ အိမ်ဖော် မိန်းကလေးသည် အနည်းဆုံး အသက် ၂၃ နှစ် ရှိရမည်ဖြစ်သည်။ အသက်မပြည့်မီသော မြန်မာ မိန်းကလေးအိမ်ဖော်များ စင်ကာပူ၌ မည်မျှရှိသည်ကို အတိအကျ မသိရ။

စင်ကာပူရှိ မြန်မာသံရုံးကို ဆက်သွယ်ရာ သတင်းစာထွက်ချိန်အထိ ပြန်ကြားခြင်း မရှိခဲ့ပေ။ ပြဿနာကြုံလာလျှင် ထိုမိန်းကလေများကို လူမှုရေး အဖွဲ့အစည်းများက ကူညီစောင့်ရှောက်ထားကြောင်လည်း သိရသည်။ အမည်မဖော်လိုသော စင်ကာပူအေဂျင်စီ လေးခု အဆိုအရ အသက် ၂၀ အောက် မြန်မာ မိန်းကလေး အများအပြားကို မြန်မာနိုင်ငံရှိ အလုပ်အကိုင် ရှာဖွေရေး အေ့ဂျင့်က အသက်အတု၊ ပတ်စ်ပို့ အတုများဖြင့် စင်ကာသို့ လာလို့ရအောင် စီမံပေးလျက်ရှိသည်။

မြန်မာအေးဂျင့်တစ်ယောက်ဖြစ်သူ မချယ်ရီအောင်က "မြန်မာ မိန်းကလေး တွေဟာ ဝင်ငွေပိုကောင်းတယ်ဆိုတာကိုပဲ သိပြီး စင်ကာပူရဲ့ ဥပဒေကို မသိကြ။ အေးဂျင့်များ ပြောတာကိုပဲ ယုံကြည်နေကြသည်" ဟုဆိုသည်။ မြန်မာ အိမ်ဖော် မိန်းကလေး တစ်ယာက်အနေနှင့် ဒေါ်လာ ၄၀၀ မှ ၄၂၀ အထိ ရနိုင်ပြီး မိမိတို့ အိမ်ကို တစ်ချို့ ပြန်ပို့နိုင်သည်။ ခန့်မှန်းခြေ မြန်မာ အိမ်ဖော် မိန်းကလေး တစ်သောင်းခန့် စင်ကာပူ၌ ရှိသည်။

ဝရဓာတု ရတနာရာမ အဖွဲ့၏ အတွင်းရေမှူး ဦးတင်မောင်ဝင်း က မြန်မာပြည်၏ တည်ဆဲ ဥပဒေအရ မိန်းကလေးများ အိမ်ဖော်အလုပ် နိုင်ငံခြား၌ လုပ်ခွင့်မရှိ၊ တိုးရစ် ဗီဇာဖြင့် ရောက်လာပြီး မပြန်ဘဲ အလုပ် လုပ် နေကြခြင်းသာ ဖြစ်သည်ဟု ဖြေကြားခဲ့သည်။

မြန်မာပြည်ရှိ အရာရှိများကို လာဘ်ထိုးလိုက်လျှင် ရသည် ဟု အလုပ်သမားများက ဆိုသည်။ မျိုးမျိုး ဆိုသည့်မိန်းကလေးကို မေးမြန်းကြည့်ရာ သူမအသက် ၁၆ နှစ်သာ ရှိသေးကြောင်း၊ ပတ်စ်ပို့ အတု တစ်ခုရဖို့ ဒေါ်လာ လေးရာ ပေးရကြောင်း၊ သူမ မိခင်နှင့် အေးဂျင့်က မိတ်ဆွေရင်းများဖြစ် ပြီး မည်သူက အသက်ကို မေးမေး ၂၃ နှစ် ဟု ဖြေရန် မှာကြားလိုက်ကြောင်း ဖြေဆိုခဲ့သည်။

Ref: The Straits Time. Home. B 1. Monday, July 23, 2012.


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

ဒွိဟကာရန်

ကျနော့်ကိုထားခဲ့ပါတော့ ဝေနှင်း ရေ။
ကျနော်သွားပါရစေတော့။

မျက်နှာအဆီပြန်နေတဲ့ ကောင်းကင်တစ်ခုကို ပိုင်ဆိုင်ရုံနဲ့
ကျနော့်ဘဝထဲက မော့သောက်ခွင့်မရခဲ့တဲ့ စိတ်ကူးယဉ်မှုတစ်ချို့ဟာ
အပျိုရည်ပျက်မသွားခဲ့ပါဘူး။ တကယ်တော့ ဒါတွေဟာ အခွင့်သင့်တဲ့
ညတစ်ညမှာ မက်ဖို့ဆိုပြီး ထုပ်ပိုးသိမ်းဆည်းထားတဲ့ အိပ်မက်တစ်ချို့ပါ။

ကျနော် အိပ်မက် မမက်တာကြပေါ့ ဝေနှင်းရေ။
ခုတလော ဝေနှင်းရော အိပ်မက်တွေ ပုံမှန်မက်ဖြစ်သေးလား။
ခြေလက်ဆင်းထိုင်နေတဲ့ ကံကြမ္မာကို ဆွဲမထူဖြစ်ခဲ့တာကလွဲရင်
ကျနော့် ပခုံးပေါ်က ဝတ်ကြီးဝတ်ငယ်တွေကလည်း ကျားကိုးစီးစားလို့ မကုန်ပါဘူး။

 


ဒါနဲ့ ဝေနှင်း၊ မြစ်ကမ်းနဘေးမှ ခြေတွဲလောင်းချ ထိုင်ရင်းနဲ့
ဖြတ်စီးသွားတဲ့ရေတွေကို ခြေထောက်နဲ့ကန်ပြီးဆော့ကစားဖူးသလား။
ပျော်စရာကောင်းသလောက် အခန့်မသင့်ရင် တော့ ဖျားတတ်တာပေါ့။

လူတွေက မြေညှိဖို့ပဲ ကြိုစားနေကြတယ်၊
ညီနေတဲ့မြေပေါ်မှာ ဘယ်သူခြေ တွဲလောင်းချ
ထိုင်လို့ရမှာလဲ လို့ ဆရာဇော်ဇော်အောင်ပြောဖူးတယ်။
ဟင့်အင်း၊ ကျနော်ဟာ မြေညှိတဲ့စက် တစ်လုံးဖြစ်ဖို့ အိပ်မက် မမက်ခဲ့ဖူးပါဘူး။

အဲဒါ မဟုတ်ပါဘူး။
ကျနော့် မိတ်ဆွေတစ်ယောက်အတွက် အော်ကြီးဟစ်ကျယ်
ကျနော် မငိုခဲ့ပါဘူး။ တစ်ယောက်မဟုတ် တစ်ယောက်တော့ ငိုနေခဲ့တယ်ဆိုရင်
အဲဒါ ကျနော့်အဖိုးပါ။ သူပျော်လွန်းလို့ငိုမိတာပါလို့ သူ ပြောဖူးတာမှတ်မိပါတယ်။
ငိုတာကိုတော့ ကျနော်မမှတ်မိဘူး။


မငိုပါနဲ့ ဝေနှင်းရယ်။
ငိုရင် မျက်ရည်အပြင် နှာရည်တွေပါကျတတ်လို့ပါ။
ဒါကြောင့် ငိုတယ်ဆိုတာ မကောင်းပါဘူး။ ဝမ်းသာလို့ငိုရင်
နှာရည်တွေ ညာဖက်က ကျတာ များ သတဲ့။ ဟုတ်ချင်မှတော့ ဟုတ်မှာပေါ့လေ၊
ဒါပေမယ့် မကြာမကြာ ငိုတတ်တဲ့အဖိုးစကားမို့ မယုံကြည်ဘဲ နေဖို့ကလည်း အခက်သားလား။

ဒါနဲ့ ကျနော်မေးထားတာကို ဝေနှင်းမဖြေရသေးဘူးနော်။

ထားလိုက်ပါအုံး ဝေနှင်းရယ်။
ဘုရားကိုယ်တိုင်မဖြေခဲ့တဲ့ မေးခွန်းတောင် ဆယ်ခုလောက်ရှိသတဲ့။
မေးခွန်းတိုင်းအဖြေရှိရမယ်လို့ ဘယ်ပညာရှင်မှ ဆိုမထားပါဘူး။
ကျနော် တကယ်ရော မေးဖြစ်ခဲ့သလားမသိဘူးနော်။ ကျနော် မေးဖို့ မေ့နေ ခဲ့တာလည်း
ဖြစ်နိုင်တာပဲ။ မေးဖို့ သတိရခဲ့ရင်တောင် ဘာမေးရမယ်ဆိုတာမသိရင် မေးလို့ဘယ်ရမလဲ နော်။

ဟဲမင်ဝေးက မာက်တွိုင်းကို အကြောင်းသုံးချက်ကြောင့် ကြိုက်တယ်တဲ့။
တစ်က စာရေးကောင်းလို့။ နှစ်က သူ့ကို ဖျော်ဖြေမှု ပေးနိုင်လို့။ သုံးကတော့
မာက်တွိုင်းက သေသွားပြီ မို့ တဲ့။ သူပြောသလိုဆိုရင် တစ်ယောက်ကို တစ်ယောက် ချစ်ဖို့
သေပေးဖို့ များ လိုသလားလို့ စဉ်းစားစရာပဲပေါ့။ ကျနော့်ကို ထားခဲ့ပါ ဝေနှင်းရေ။
ဟဲမင်ဝေး ကြိုက်အောင် ကျနော် ဖျော်ဖြေမှု မပေးနိုင်ခဲ့ဘူး။

ဒါနဲ့ ကျနော်မေးတာကို ဝေနှင်း မဖြေရသေးဘူးနော်။
ကျနော်ဟာ နောက်ဆုံးက လူပါ။ အဲ နောက်ဆုံးက လူလည်း
ကျနော်ဖြစ်ချင်နေခဲ့တယ်။ ကျနော်ကြားဖူးတာက နောက်ဆုံးက လူဟာ
နောက်က ချောင်းရိုက်တာ မခံရဘူး တဲ့။
ဝေနှင်းလည်း ဝေစရာ ရှိရင်တောင် နောက်ဆုံးမှ
ဝေကြည့်ပါလား။ နှင်းတွေက လူတွေလို နောက်က ချောင်းရိုက်တာ ရှိသလားတော့ မသိဘူးပေါ့လေ။

သူတို့ကို လူတွေက ကြည့်လို့မရဘူးဆိုတာကို
နောက်ဆုံးမှ ယုံကြည်သူတွေက နိုင်ငံရေး သမားတွေတဲ့ ဝေနှင်းရေ၊
သားမက်ရဲ့ အောင်မြင်မူကို နောက်ဆုံးမှ ယုံကြည်သူတွေက သူ့ယောက္ခမတွေ တဲ့။
သူတို့ဟာ အုန်းလီး ဖူး ရပ်ရှင်းကို ကိုးကွယ်ကြသူတွေ ဖြစ်လို့နေမှာပေါ့။
ယုံကြည်မှုဆိုတာ ရှေ့က ပန်းဝင်ရင်တောင် ဆုမရ တတ်ဘူးမဟုတ်လား။
ဒါနဲ့ ကျနော်မေးတာကို ဝေနှင်းမဖြေသေးဘူးနော်။

အဲ....ကျနော် မေးဖို့မေ့နေတာလည်း ဖြစ်နိုင်ပြန်ရော။
မေးဖို့မေ့မနေဘူး ဆိုရင်တောင် ဘာမေးရမယ်ဆိုတာ မေ့နေရင် မေးလို့ ဘယ်ရမလဲနော်။
ကျနော် ဝေနှင်းကို တစ်ခုခု မေးမိသလား။ မမေးဘဲ ဖြေလို့ရတာတွေရှိနေတတ်တော့
မေးခွန်းဆိုတာ အမှန်တကယ်လိုအပ်တဲ့ အရာ ဟုတ်မဟုတ် မသေချာပြန်တော့ဘူး။


နိုင်ငံရေးသမား မဟုတ် သားမက်လည်းမရှိဘဲ
ကျနော့်ယုံကြည်မူတွေ နောက်ကျနေတတ်လို့ ကျနော့်ကို ချန်ထားခဲ့ပါ။
ကျနော်တို့ နိုင်ငံက ပူတော့ ကျနော့် အိပ်မက်တွေကလည်း ချွေးတွေနဲ့။
ဒါနဲ့ ရေဆင်းသောက်မိတာပါ။ ဆားငန်ရေ ဖြစ်နေတော့ ဟော်တယ်ခ က တစ်ည ကို ခြောက်သောင်း တဲ့။
ကျနော့်မိတ်ဆွေ ချိန်းထားတဲ့ သမင်ကို ပီဠိယက္ခက အရင် ပစ်ယူသွားလို့ အဲဒီနေ့က သုဝဏ္ဏသာမ မြားဒဏ် မထိခဲ့ဘူး။
ဒီတစ်ခါ ပီဠိယက္ခက သုဝဏ္ဏသာမ လူဆိုတာ ခွဲခြားတတ်တယ်။ အရင် ပီဠိယက္ခထက် လူကဲခတ် သာတာပေါ့နော်။

ဟုတ်တယ် ဝေနှင်း ရေ၊
ဒီခေတ် လူတွေက လူကဲခတ် ပိုကောင်းတယ်။
ယုံအောင် မလိမ်တတ်ရင် အမှန်အတိုင်းပြောတာက ကုသိုလ် ရတာပေါ့။
မြားဒဏ် မထိလည်း သူတို့မိသားစုကတော့ ချစ်ချစ် ခင်ခင်ပါပဲ တဲ့။ ဒါနဲ့ပဲ ချစ်ခြင်းမေတ္တာဆိုတာ
မြားဒဏ်နဲ့ မဆိုင်သလို ဟဲမင်ဝေး ပြောသလို သေခြင်းတရားနဲ့လည်း မဆိုင်ပြန်ဘူး။

ဒါနဲ့ ကျနော်မေးတာကို ဝေနှင်းမဖြေသေးဘူးနော်။
အဲ....ကျနော် မေးဖို့မေ့နေတာလည်း ဖြစ်နိုင်ပြန်ရော။
မေးဖို့မေ့မနေဘူး ဆိုရင်တောင် ဘာမေးရမယ်ဆိုတာ မေ့နေရင် မေးလို့ ဘယ်ရမလဲနော်။

ကျနော် ဝေနှင်းကို တစ်ခုခု မေးမိသလား!


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အိန္ဒိယမှာဆို အသံကျယ်မှ

အိန္ဒိယမှာရောင်းမယ့်ကားတွေအတွက် ကားဟွန်းအမာစား၊ အကောင်းတွေအထူးပြင်ဆင်ထားရကြောင်း၊ အိန္ဒိယကားမောင်းသမားတွေဟာ ရှုပ်ထွေးနေတဲ့ကားလမ်းကြောင့် လမ်းကြောင်းရဖို့ ကားဟွန်းကို အသည်းအသန် တီးနေရကြောင်း ဂျာမန်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ အော်ဒီ ကားကုမ္ပဏီဒါရိုက်တာက ပြောကြားသွားပါတယ်။

"အထူးသဖြင့် အိန္ဒိယအတွက် ကားဟွန်းတစ်မျိုးတီထွင်ထားရပါတယ်" လို့ကားကုမ္ပဏီဒါရိုက်တာ Michael Perchke ကသတင်းစာမှာ မနေ့ကပြော ကြားသွားခဲ့ပါတယ်။

"ဥရောပမှာသုံးတဲ့ကားဟွန်းကိုသာတပ်လို့ကတော့ တစ်ပတ်၊ နှစ်ပတ်ဆိုပျက်ပြီ။ အိန္ဒိယမှာ တစ်ရက်ကားဟွန်းတီးတဲ့ အကြိမ်ရေဟာ ဂျာမနီက တစ်နှစ်နဲ့ ညီပါတယ်"

အိန္ဒိယလူချမ်းသာတွေအတွက် နိုင်ငံခြားလုပ်ကားတွေ ဈေးကွက်ပြိုင်ရာမှာ အဆင်ပြေဖို့ ကားဟွန်းအထူးတီထွင်ထားရကြောင်း သူကပြောပါတယ်။

"နှစ်ပတ်လောက်ဆက်တိုက်တီးလို့ရတဲ့ ကားဟွန်းမျိုးဖြစ်ဖို့ အထူးစမ်းသပ်တီထွင်ခဲ့ပါတယ်။ ကားဟွန်းတည်ဆောက်ပုံ မတူသလို ဆပ်ပလိုင်ယားတွေ လည်းမတူပါဘူး"

အိန္ဒိယ အော်ဒီကားပိုင်ရှင်တွေဟာ အများအားဖြင့် ဒရိုက်ဗာများရှိကြကြောင်း၊ ဒါကြောင့် ကားနောက်ခုံကနေအမိန့်ပေးလို့ရအောင် ဒီဇိုင်းအသစ်ထွင်ထားကြောင်းလည်း သူကပြောကြားခဲ့ပါတယ်။

အိန္ဒိယကားလမ်းတွေဟာ သိပ်မချောမွေ့၊ အပေါက်အပြဲအဝေးပြေးလမ်းမ၊ ရွှံ့နွံတွေနဲ့မြို့တွင်းလမ်း ၊ဒီကြားထဲ နွားလှည်းတွေ၊ နွားတွေ၊ဆိုက်ကားတွေ၊ စက်ဘီးတွေကလည်း လမ်းကြောင်းရဖို့အတင်းတိုးဝင် သွားလာနေကြကြောင်းသိရပါတယ်။

သက္ကရာဇ် 2010 မှာ ကားတိုက်မှုကြောင့်လူ 133,938 ဦးသေဆုံးခဲ့ရပါတယ်၊ National Crime Records Bureau အရ တစ်ရက်မှာ လူပေါင်း 366 ယောက်သေဆုံးရပါသတဲ့။



Slice of life.S,T
AGENCE FRANCE-PRESSE
(အရင်နှစ်ပိုင်းလေးကပဲ ဗုဒ္ဓဂယာကို ဘုရားဖူးကြွတော်မူတဲ့ဆရာတော်တစ်ပါး ကားတိုက်မှုကြောင့် ပျံတော်မူခဲ့ရတာရယ်၊ မြို့တစ်ချို့ဆို မီးပွိုင့်တောင် တစ်မြို့လုံးရှာမတွေခဲ့တာရယ်ကြောင့် ဒါလေးကို တင်ပေးလိုက်ပါတယ်။ ဗုဒ္ဓဂယာကို ဘုရားဖူးသွားကြမယ့် ရဟန်းရှင်လူတွေအတွက် ဂရုစိုက်မိကြစေဖို့ပါ။)


ဆုထားမျက်ချယ်







Copyright © 2012 ကမ်းလက်. All rights reserved.

ت ဈေးကွက်ရှာသူ ت

ဟယ်လို... မဃဒေဝမင်းကြီး
ဆံပင်လေးတစ်ချောင်းဖြူရုံနဲ့
တောထွက်တော်မူမလို့ ဆို

ဒါနဲ့..
တောထွက်ပါပြီတဲ့
ဖြူတဲ့ဆံပင်က ပြန်မည်းလာမလား
ဒီ ဆိုးဆေးလေး သုံးကြည့်ပါလား။

ဆံပင် နီတာတွတ် ဆိုးတဲ့
မင်းသားမင်းသမီးလေးတွေကိုသာမဆူနဲ့
ကျုပ် ဘယ်သူ့ကိုမှ မပြောဘူး။




ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ကွန်ကရစ်လမ်းမကြီးပေါ် ဖြန့်ခင်းနေမိသည့် လူပြောသူပြော ဒီမိုကရေစီ

ကျနော်တို့ ဘလော့ဂ်မှာ တင်ဖို့ ရွေးထားတဲ့ ကမ်းလက်ရဲ့ ပင်တိုင်စာရေးဆရာများထဲက တစ်ယောက်ဖြစ်တဲ့ ဆရာဇင်ဝေသော်ရဲ့ ဆောင်းပါးပါ။ ဒါပေမယ့် ဒီစာမူက The Voice Weekly မှာ ပါလာတော့ ဂျာနယ်လစ်ဇ် သိက္ခာကို စောင့်စည်းတဲ့ အနေနဲ့ Perspective လင့် ကိုပဲ ပေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။ (The Voice ရဲ့ Link ကအလုပ်မလုပ်တော့တဲ့အတွက် ဒီမှာပဲတင်ပေးလိုက်ပါတယ်။)
နေပြည်တော်ဘဝက ဈာန်လျောခဲ့ရတဲ့ ရန်ကုန်ကနေ သရဖူဆောင်းထားတဲ့ နေပြည်တော်အသစ်နဲ့ ကုန်းဘောင်မြို့တော်ကြီးဆီ မြင်းဖြူကြီးတစ်ကောင်လို ထွက်ပြေးသွားတဲ့ အဝေးပြေးလမ်းမကြီးနဲ့ ရေစက်ဆုံရဖို့ အကြောင်းနှစ်ချက်က ဖန်တီးပေးလိုက်တယ်။ လေယာဉ်လက်မှတ်ဝယ်ဖို့ မှတ်ပုံတင်ရုတ်တရက် ရှာလို့မတွေ့တာရယ်၊ မြန်မာပြည်ရောက်တုန်း သူ့ကားကို ကြိုက်သလို၊ ကြိုက်သလောက်သုံးဆိုတဲ့ အကိုကြီးတစ်ယောက်ရဲ့ ရက်ရောမှုရယ်ကြောင့်ပါ။ ကိုယ့်နိုင်ငံနဲ့ (၇) နှစ်ကျော်ကျော် ဝေးကွာနေရသူအဖို့ ရန်ကုန်=မန္တလေးလမ်းမကြီးရဲ့ ဝဲယာရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုခွင့်ရဖို့ အခွင့်ထူးကြီးတစ်ခုပါပဲ။

အဲဒီအဝေးပြေးလမ်းမကြီးကို တစ်ချို့က အဝေးပြေးအမြန်လမ်းမကြီးလို့လည်း ခေါ်ကြတယ်။ တကယ်ဆို ကားကမြန်လို့ရပေမယ့် လမ်းမကြီးကတော့ မြန်လို့မရပါဘူးလို့ ကပ်သီးကပ်သပ်စဉ်းစားမိရင်း Express Way ဆိုတဲ့ အင်္ဂလိပ်စကားကို သတိရမိလို့ ဒီလိုဆိုတော့လည်း ဟုတ်တုတ်တုတ်လို့ တွေးမိတယ်။ ဒီလမ်းမကြီးက တကယ့်ကို အမြန်လမ်းမကြီးပါ။

ဒီလမ်းမကြီးကို ကန့်သတ်ထားတဲ့ အချိန်အတိုင်း အမြန်ပြီးအောင် ခင်းထားရပုံလည်းရတယ်။ ကားလမ်းမတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ မြေတစ်ထပ်၊ ကျောက်ကြမ်းတစ်ထပ်၊ သဲတစ်ထပ်၊ ကျောက်ချော ကတ္တရာတစ်ထပ် ဆိုတာတွေ မတွေ့မိဘူး။ ကားလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ အရွယ်မတိုင်မီ ဇရာဝင်လာလို့ ပေါက်ပြဲစပြုနေကြပြီ။ အချိန်နဲ့အမှီ ပြီးစီးအောင် အမြန်ခင်းထားရလို့ ဒီလမ်းကို အမြန်လမ်းလို့ ခေါ်ရင်လည်း ရနိုင်လိမ့်မယ်လို့ထင်တယ်။

ဒါတင်ဘယ်ကမလဲ၊ အမြန်ခင်းထားတဲ့အတိုင်း အမြန်လည်း ပေါက်ပြဲနေတာမို့ အမြန်လမ်းလို့ ခေါ်မယ်ဆိုရင် ခေါ်လို့ရနိုင်တာပဲ မဟုတ်လား။ ဘယ်လိုပဲ အဓိပ္ပါယ်ကောက်ကောက် ဒီလမ်းမကြီးဟာ အဝေးပြေး အမြန်လမ်းမကြီးပါ။

လမ်းမကြီးက ဖြောင့်ဖြူးနေရုံတင်မကဘူး၊ သစ်ပင်ဝါးပင်ကြီးတွေပါ ရှင်းနေတော့ (နဂိုက မရှိတာလား၊ ခုတ်လှဲပစ်ထားတာလားတော့ မသိဘူး) ဝဲယာကိုသာမက ရှေ့နောက်ကိုလည်း မျက်စေ့တစ်ဆုံး လှည့်ကြည့်ရတယ်။ ကားတစ်စီးနဲ့တစ်စီး တော်တော်အဆက်ကျဲနေတာ သတိထားမိလို့ ကားဆရာကို မေးကြည့်တော့ အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ကားကြီးတွေ မောင်းခွင့်မပြုဘူးတဲ့။ အကြောင်းကတော့ အမြန်လမ်းမကြီးပျက်စီးမှာ စိုးရိမ်ရလို့တဲ့။ ကျွန်တော့်အတွက် တော်တော်ထူးဆန်းတဲ့သတင်း ဖြစ်သွားတယ်။ ဒီလမ်းမကြီးရဲ့ ဥပဒေအရ ကုန်တင်ကားကြီးတွေဟာ နွားလှည်း၊ မြင်းလှည်းစာရင်းထဲ ပါသွားတော့တယ်။ ကုန်တင်ကားကြီးတွေက ငါတို့မသွားလည်း မင်းတို့လမ်းက ပျက်နေပါပြီကွာလို့ စကားများပြောတတ်ရင် ပြောလေမလားလို့ စဉ်းစားမိရင်း ပြုံးမိသေးတယ်။

ဒါတင်မကပါဘူး၊ ကုန်တင်ကားကြီးတွေ တစ်ဝီဝီပြေးနေတဲ့ စင်္ကာပူ-မလေးရှား အဝေးပြေးလမ်းမတွေ၊ မလေးရှား၊ ထိုင်းတို့မှာရှိတဲ့ အဝေးပြေးလမ်းမကြီးတွေကို မဆီမဆိုင်ပြေးလို့ မြင်မိသေးတယ်။

ကျွန်တော်တို့လမ်းမကြီးရဲ့ ထူးခြားချက်က ကွန်ကရစ်တွေ အပြည့်ခင်းထားခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကားတာယာတော်တော်ချမ်းသာတဲ့ နိုင်ငံပေပဲလို့ တွေးမိပြန်သေးတယ်။ ဒီအတွေးဟာ သိပ်ပြီး ယုတ္တိမရှိလှကြောင်း စင်္ကာပူပြန်ရောက်မှ သိခွင့်ရခဲ့တယ်။ မြန်မာပြည်ကထုတ်တဲ့ ဘိလပ်မြေတွေ သုံးစွဲခွင့်ရအောင် ဘိလပ်မြေပဲ ခင်းထားရသတဲ့။ ပြည်တွင်းဖြစ်ကို အားပေးရမှာပေါ့လေလို့ပဲ အောင့်သက်သက်နဲ့ ယောနိသောမနသိကာရ ပွားလိုက်မိပါတယ်။ ပြည်တွင်းဖြစ် ဘိလပ်မြေကို အားပေးသလို ကားတာယာတွေပါ ပြည်တွင်းမှာထုတ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ မဆီမဆိုင်တွေးမိပြန်သေးတယ်။ အဲဒီ ကားတာယာတွေက ဘိလပ်မြေတွေထက် အရည်အသွေး ပိုကောင်းမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပဲပေါ့။

နှစ်လမ်းပြိုင်ကားလမ်းတွေသာ ခင်းထားပေမယ့် လမ်းမကြီးကို ကြည့်ရတာကတော့ လေးလမ်းပြိုင် လမ်းမကြီးအသွင်ကို ဆောင်နေပါတယ်။ လောလောဆယ် ကားအသွားအလာ၊ ကုန်တင်ကားကြီးတွေ မမောင်းရဆိုတဲ့ ဥပဒေနဲ့သာဆိုရင်တော့ လေးလမ်းပြိုင်စရာ မလိုသေးပါဘူး။ နှစ်လမ်းဆိုရင်ပဲ တော်တော်လေး လုံလောက်နေပါပြီ။



လေးလမ်းခင်းမယ်ဆိုရင်လည်း သိပ်မဆိုးလှတဲ့စိတ်ကူးလို့ ပြောရမယ်ထင်တယ်။ အခုမောင်းနေတဲ့ လမ်းတွေပျက်နေတုန်း အသစ်ခင်းမယ့်လမ်းတွေပေါ် ပြောင်းပြီးမောင်းလို့ရတာပေါ့။ ဒီအကြံက အင်တာနေရှင်နယ်တော့ ဖြစ်မှာမဟုတ်ဘူးပေါ့လေ။ အင်တာနေရှင်နယ်မဖြစ်လည်း ကိစ္စတော့မရှိပါဘူး။ ဒီလမ်းမရဲ့ ဖောင်ဒေးရှင်းနဲ့ ဘိလပ်မြေတွေကလည်း အင်တာနေရှင်နယ်မှ မဟုတ်တာပဲ။ ကွန်ကရစ်လမ်းမကြီးရဲ့ဝဲယာမှာ ပေါက်တူးလေးတွေနဲ့ ဘာလုပ်နေမှန်းမသိတဲ့ လက်မောင်းပိန်ပိန် အမျိုးသမီးတစ်ချို့ကိုလည်း မကြာမကြာ တွေရတတ်တယ်။ သူမတို့က မြက်ပင်ကို ပေါက်နေကြတာလား၊ မြေညှိနေကြတာလားဆိုတာ မရှင်းလှပေမယ့် မိုင်ငါးရာကျော်ရှည်တဲ့ လမ်းမကြီးကို ထိန်းသိမ်းဖို့တော့ အဲဒီလက်မောင်းလေးတွေရဲ့ ခွန်အားနဲ့ မလုံလောက်နိုင်ဘူး။

စိတ်မကောင်းစရာကောင်းတာက လမ်းမကြီးပေါ်မှာ ဖြစ်ပွါးခဲ့တဲ့ ကားအက်ဆီးဒင့်ကိစ္စတွေပါပဲ။ ကားသမားတွေကို စေတနာကောင်းကောင်းနဲ့ သတိပေးဖို့ အာဏာပိုင်တွေက ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ နေရာတိုင်းမှာ ပုံတူကားချပ်ကြီးတွေနဲ့ ထင်သာမြင်သာအောင် ပြထားတတ်တယ်။ ကျေးဇူးတင်စရာ ကောင်းတယ်။ ဒါပေမယ့် စိတ်မကောင်းဘူး။

ကျွန်တော်တို့ လူမျိုးတစ်ချို့ဟာ လမ်းမကောင်းကောင်းတွေနဲ့ မထိုက်တန်သေးဘူး။ တဒုန်းဒုန်း ခုန်နေတဲ့ လမ်းပေါ်ကနေ ညက်ညောတဲ့လမ်းပေါ် တင်ပေးလိုက်တော့ ပေါ့လျော့မှု၊ ငိုက်မြည်းမှုတွေ ဖြစ်ကုန်ကြတယ်။ ဒီလိုနဲ့ ရင်ဆိုင်တိုက်စရာ ကားမရှိတာတောင် သစ်ပင်ကို ဝင်တိုက်သူက တိုက်၊ အုတ်ခုံကို ဝင်ဆောင့်သူက ဆောင့်၊ ချောက်ထဲကို မောင်းချသူက မောင်းချ။

ကားသမားတစ်ချို့ဟာ လမ်းဖြောင့်လမ်းကောင်းနဲ့ မထိုက်တန်သေးဘူး။ သဘောမတူရင် တောင်းပန်ပါရစေ။

ကျွန်တော်တို့နဲ့ ဒီမိုကရေစီဆိုတာကရော။

ကျွန်တော်ရေးချင်တဲ့အကြောင်း အခုမှပဲ ရောက်လာပါတော့တယ်။
လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ တောင်းဆိုခွင့်စတဲ့ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေတာတွေကို ပြည်သူကတောင်းလို့ အစိုးရကပေးရင် ရနိုင်တယ်။ ဒါပေမယ့် ဒီမိုကရေစီရဲ့ အနှစ်သာရကတော့ ဘယ်အစိုးရဆီမှာမှ မရှိလို့ ဘယ်အစိုးရကမှလည်း ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီမိုကရေစီဆိုတာ ဖော်ရွေပျူငှာတဲ့ အစိုးရရဲ့ ပုံဆောင်မှုဆိုတဲ့ ဆရာကြီးဆိုကရေးတီးကို ကြိမ်တစ်ချောင်းနဲ့ ထိန်းကြောင်းပေးနေတဲ့ စင်္ကာပူရဲ့ ဒီမိုကရေစီပုံသဏ္ဍာန်က ခပ်ဟဟ ပျက်ရယ်ပြုနေပါတယ်။

တစ်ခါက သမိုင်းနဲ့ အနောက်တက္ကသိုလ်ကြီးတစ်ခုက ဘွဲ့ရထားတဲ့ ဒေါက်တာတစ်ယောက်ရဲ့ လက်ချာကို မှတ်သားခဲ့ရဖူးတယ်။ သူဆွဲလိုက်တဲ့ ကောက်ချက်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ အာရှနိုင်ငံတွေဟာ အနောက်နိုင်ငံတွေလောက် အချိန်မကြာဘူးလို့ ဆိုပါတယ်။ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူတို့ကို ထောက်ပြပါတယ်။ ပြီးတော့ စင်္ကာပူနဲ့ အမေရိကတို့ရဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလကို ထောက်ပြတယ်။ အမေရိကရဲ့ ဒီမိုကရေစီက နှစ်ရာချီပြီး ကြာခဲ့ပေမယ့် စင်္ကာပူရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးကတော့ ဆယ်စုနှစ်တွေ အတွင်းမှာပဲ အလုပ်ဖြစ်သွားခဲ့တဲ့အကြောင်းနဲ့ အဓိကအချက်ကတော့ အာရှတိုက်ရဲ့ မိသားစုဗဟိုပြုယဉ်ကျေးမှု (Family oriented culture) ကြောင့်လို့ ဆိုပါတယ်။

ဒီမိုကရေစီအကြောင်းပြောရင် အိမ်နီးချင်း အိန္ဒိယကလည်း စွာကျယ်စွာကျယ် ထလုပ်တတ်တယ်။ ပထမဆုံး ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ခုအနေနဲ့ပေါ့။

ဒါပေမယ့် နာမည်တူ “ဒီမိုကရေစီ” အောက်မှာ ကွဲပြားနေတဲ့ အသွေးအရောင်တွေ ရှိနေပါတယ်။

စင်္ကာပူရဲ့ ဒီမိုကရေစီက ပြောလို့မရရင် ကြိမ်နဲ့ရိုက်တယ်။ ဘာသာတရားတွေကို နှိုင်းယှဉ်ပြတဲ့ Religious Comparison သင်ခွင့်မရှိဘူး။ လမ်းပေါ်မှာ ဆန္ဒပြခွင့် မရှိဘူး။ ဆန္ဒပြချင်ရင် ခွင့်ပြုမိန့် ယူရတယ်။ သက်မှတ်ပေးထားတဲ့ နေရာမှာပဲ ဆန္ဒပြကြရတယ်။

အိန္ဒိယရဲ့ ဒီမိုကရေစီက လူကို မပြောနဲ့ နွားကိုတောင် ကြိမ်နဲ့ရိုက်ခွင့် မရှိဘူး။ ကမ္ဘာပေါ် ရှိရှိသမျှ ဘာသာတရားတွေအားလုံး အိန္ဒိယမှာ အစပျိုးတယ်လို့ ယုံကြည်ထားကြတော့ ဘာမှ ပြဿနာမရှိဘူး။ အချိန်မရွေး ကြေငြာပြီး ဆန္ဒပြခွင့် ရှိကြတယ်။ အကြီးအသေးပဲ ကွာမယ်၊ နေ့တိုင်း နေရာတိုင်းမှာလိုလို ဆန္ဒပြမှုတွေ ရှိနေတတ်တယ်။

အိန္ဒိယရဲ့ ဒီမိုကရေစီက ပိုပြီး လွတ်လပ်တယ်။ ဒါပေမယ့် လမ်းပေါ်မှာ သွားလာနေတဲ့ နွားတွေက ယဉ်ကြောကို ပိတ်စို့စေတယ်။ နွားချေးတွေနဲ့ လမ်းကို ညစ်ပေစေတယ်။ ထစ်ကနဲဆို လမ်းပေါ်ထွက်ထွက်ပြီး ဆန္ဒပြနေကြတော့ (တစ်ချို့ကိစ္စတွေက ဘာမှ မပြောပလောက်ဘူး) ပြည်သူတစ်ရပ်လုံးရဲ့ နေ့စဉ်လုပ်ငန်းတွေကို ထိခိုက်စေ၊ နွေးကွေးစေတယ်။

အထက်ဖော်ပြပါ ဆရာကြီးရဲ့ အယူအဆကို သဘောမတွေ့မိတော့ဘူး။ နိုင်ငံရေးပညာရှင်တွေရဲ့ အယူအဆအရ ဘယ်နိုင်ငံက ကျင့်သုံးတဲ့ ဒီမိုကရေစီမှ မပြည့်စုံဘူး။ လိုအပ်ချက်တွေနဲ့ ချည်းပဲ။ ဒါပေမယ့် ကျင့်သုံးရင်း၊ ပြင်ဆင်ဖြည့်စွတ်ရင်းနဲ့ ပိုပြီး ရင့်ကျက်တဲ့ ဒီမိုကရေစီဖြစ်အောင် တစ်ဖြည်းဖြည်းပဲ သွားလို့ ရမယ်။ လူထောက်ပြတဲ့ စင်္ကာပူရဲ့ ဒီမိုကရေစီနဲ့ အမေရိကရဲ့ ဒီမိုကရေစီရဲ့ တန်ဖိုးခြားနားချက်တွေဟာ အများကြီးပါ။ ဒီမိုကရေစီဆိုတဲ့ နာမည်တူရုံနဲ့ တန်ဖိုးတူမသွားပါဘူး။

အသောကမင်းကြီးရဲ့ မွေးရပ်မြေမှာ ဆင်းရဲသားဦးရေတွေ၊ အလုပ်လက်မဲ့တွေ၊ အခြေခံပညာ သင်ခွင့်မရတဲ့ ကလေးတွေ တိုးပွားလာတာနဲ့ ဆိုကရေးတီးတို့ ပလေတိုတို့ရဲ့ မွေးရပ်မြေနိုင်ငံကြီး ပုံပျက်ပန်းပျက် ပြိုလဲနေပုံကို ကြည့်ရင်း ဒီမိုကရေစီစနစ်ဆိုတာလည်း လွတ်လပ်တာကလွဲလို့ လိုတရ မန္တာန်တစ်ခု မဟုတ်ဘူးဆိုတာတော့ သဘောပေါက်ထားနိုင်ပါတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီပုံစံက မျက်စိနောက်စရာ ကောင်းသလို စင်္ကာပူရဲ့ ဒီမိုကရေစီပုံစံကလည်း မလွတ်မလပ်နဲ့ ခပ်ကျပ်ကျပ်ပါပဲ။ အမေရိကရဲ့ ဒမိုကရေစီမျိုးဆိုရင်လည်း အဝေးပြေးလမ်းမကြီးပေါ်က ကားအက်ဆီးဒင့်တွေက ခပ်တိုးတိုး သတိပေးနေပြန်ပါရော။

ကျွန်တော်တို့နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဒီမိုကရေစီရဲ့ ပုံသဏ္ဍာန်က ဘယ်လိုများ ဖြစ်လာမှာပါလိမ့်။ ကျင့်သုံးရင်း၊ ပြင်ဆင်ဖြည့်စွတ်ရင်းနဲ့ပဲ ပုံပေါ်လာမယ်လို့ ထင်ပါတယ်။

အာဏာရှင်တွေ အရှုံးပေးရတာက ဒီမိုကရေစီ။
ဒီမိုကရေစီ အရှုံးပေးရတာက နိုင်ငံရဲ့ ယဉ်ကျေးမှု။
နိုင်ငံရဲ့ ယဉ်ကျေးမှု အရှုံးပေးရတာက ဂလိုဘယ် ဆန်လာမှု။

နုနုနယ်နယ် ဒီမိုကရေစီလမ်းမနဲ့ ပတ်သက်လို့ စိုးရိမ်မိတာကတော့ …
၁။ ဖောင်ဒေးရှင်းမကောင်းတဲ့ အဝေးပြေးလမ်းမကြီးလိုဖြစ်မှာ
၂။ အဆင့်မှီသည်ဖြစ်စေ၊ မမှီသည်ဖြစ်စေ ပြည်တွင်းဖြစ် ဘိလပ်မြေကိုပဲ သုံးရမယ်ဆိုတဲ့ သဘာဝမကျတဲ့ အမိန့်တွေ
၃။ ကားလမ်းမပေါ်မှာ ကုန်တင်ကားတွေ မမောင်းရဆိုတဲ့ အဆင့်ခွဲခြားတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေ
၎။ လွတ်လပ်မှုရလေလေ ထိမ်းချုပ်စရာတွေ ပိုများလေလေဆိုတဲ့ ဒီမိုကရေစီရဲ့ တန်ဖိုးကို မျက်ကွယ်ပြုပြီး မေ့မေ့လျော့လျော့နဲ့ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရင်း ကြုံတွေ့ရလာနိုင်တဲ့ ကားအက်ဆီးဒင့်လို ဟာတွေ …

ဒါတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်။

ကားလမ်းမကြီးက ပြင်လို့ လွယ်ပေမယ့် နိုင်ငံတော်ရဲ့ မူဝါဒနဲ့ လူထုရဲ့ စိတ်နေစရိုတ်နဲ့ အပြုအမူက ပြင်ဖို့ ခက်တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မြန်မာတွေ ပြောပြောနေတတ်တဲ့ “ငါတို့ မြန်မာတွေ မညံ့ဘူး” ဆိုတာကို ယုံကြည်ထားမိတယ်။

အဲ … ဒီမိုကရေစီ၊ ဒီမိုကရေစီနဲ့ ကောက်ရိုးပုံဘေး ဆေးလိပ်ထိုင်သောက်တာတော့ မမိုက်လှဘူးပေါ့ဗျာ။


ဇင်ဝေသော်




Copyright © 2012 ကမ်းလက်. All rights reserved.