မေး ။ ။ ဖော်ကျွန်းမဂ္ဂဇင်းရဲ့ ထိပ်တန်းကုမ္ပဏီ (၅၀၀) စာရင်းမှာ ဥရောပနိုင်ငံ သေးသေးလေးတွေက ကုမ္ပဏီတွေ တော်တော်များများ ပါနေတာ တွေ့ရတယ်။ ဖင်လန်က နှစ်၊ ဆွီဒင်က ခြောက်၊ ဆွစ်ဇာလန်က ဆယ့်လေး ကုမ္ပဏီတောင် ပါနေတယ်။ စင်္ကာပူက လုံးဝ မပါဘူး။
ဖြေ ။ ။ အရင်ဆုံး သူတို့ရဲ့အားသာချက်ကို ပြောပြမယ်။ သူတို့မှာ ဥရောပတစ်တိုက်လုံး ဈေးကွက်ရှိတယ်။ ဒီတော့ သူတို့က နယ်ပယ်ကျယ်တယ်။ အခြေ ပိုခိုင်တယ်။ ဥရောပနိုင်ငံသားတွေ အားလုံးဟာ ပက်စ်ပို့ဒ် မပါဘဲ ဥရောပနိုင်ငံတိုင်းကို သွားလို့ရတယ်။ မင်းက ဆွီဒင်လို့ ပြောတယ်။ တကယ် စီးပွားရေးလုပ်နေသူတွေက ဆွီဒင်လူမျိုးတွေချည်း မဟုတ်ဘူး။ အနောက်ဥရောပသားတိုင်း စီးပွားရေး ဝင်လုပ်လို့ ရတယ်။ သူတို့ နောဒစ်နိုင်ငံသားတွေ အားလုံးက အပြန်အလှန် ပြောင်းလဲခွင့် ရှိကြတယ်။ ဒိန်းတွေ၊ ဆွီဒီတွေ၊ နော်ဝေးဂျီးယန်းတွေက လူမျိုးစု တစ်စုတည်းရယ်။ အိုင်ယာလန်ဆိုရင်လည်း အဲ့ဒီနိုင်ငံတွေက အခြေချနေထိုင်သူတွေနဲ့ စင်္ကာပူထက်တောင် လူမျိုးစုံသေးတယ်။ ပြီးတော့ ဂျူးလူမျိုး အိုင်းရစ်တွေက အများကြီး။ သူတို့က အရည်အချင်းကို အဲ့သလို လူတွေဆီက ရွေးယူတာ။ အဲ့ဒါ အဓိက အားသာချက်ပဲ။ ငါတို့ စင်္ကာပူက အင်ဒိုနီးရှားက ပိတ်လိုက်၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်က ပိတ်ဆို့လိုက်နဲ့ ဘယ်မှာလဲ ဈေးကွက်။
စင်္ကာပူမှာ ဒီလိုပြဿနာတွေနဲ့ ရင်ဆိုင်နေရတော့ ဒီကိစ္စတွေအကြောင်းပြောရင် အစကို ပြန်သွားပြီး ပြောဖို့လိုတယ်။ စီးပွားရေးပညာရှင်တွေ၊ လေ့လာသုံးသပ်သူတွေ ရောက်လာပြီး တစ်ခြားကို ပြန်သွားကြတယ်။ သူတို့က ပြောတယ်။ ငါတို့က စီးပွားရေးသမားကြီးတွေ မွေးထုတ်မပေးနိုင်ဘူးတဲ့။ စီးပွားရေးနဲ့ အမီလိုက်ဖို့ လုံလောက်တဲ့ စီးပွားရေးသမားတွေ ဘယ်လိုလုပ် မွေးထုတ်ပေးနိုင်မှာလဲ။ ဟောင်ကောင်တို့၊ ထိုင်ဝမ်တို့လည်း မတတ်နိုင်ဘူး။ အခြေခံ အရင်းအမြစ်တွေ မရှိဘဲ R & D စီးပွားရေးတွေမှာ သူများနဲ့ ယှဉ်ပြီး ဘယ်အလုပ်လုပ်နိုင်မှာလဲ။
တို့သာ ဂျူးတွေဆိုရင်တော့ စွမ်းကောင်းစွမ်းနိုင်လိမ့်မယ်။ ဂျူးတွေက ကမ္ဘာပေါ်မှာ ဦးနှောက်စွမ်းရည် အကောင်းဆုံး လူမျိုးတွေ။ "The Economic" ဖတ်တုန်းက တွေ့လိုက်ရတယ်။ ရုရှားကဂျူးတွေ အစ္စရေးကို ပြန်သွားကြတော့ လူတွေက သူတို့ကို လိုက်ရှာကြည့်ကြတယ်တဲ့။ လူတစ်ယောက် လက်ဆွဲအိပ်ကြီးကြီးကို သယ်ယူလာတယ်ဆိုရင် သူ့မှာ ဘေ့(စ်)ဂစ်တာကြီး ရှိတယ်တဲ့။ သေးတဲ့အိပ်နဲ့ လူဆိုရင် သူ့မှာ တယောပါတယ်။ ဒီထက် အိပ်ကသေးမယ်ဆိုရင် ထရမ်းပက် ပါလာသူတဲ့။ လူတစ်ယောက်က အိပ်ကို ပါမလာဘူးဆိုရင်တော့ သူက စန္ဒရားဆရာလား၊ သိပ္ပံပညာရှင်လားပဲတဲ့။ သူတို့ဆီမှာ မှတ်တမ်းနုတ်တွေပဲ ပါတယ်။ တကယ် အရည်အချင်းရှိတဲ့လူတွေ။ ရုရှားက ရူးလို့ သူတို့ကို မောင်းထုတ်တာ။ အဲ့ဒီ ဂျူးတွေက ရုရှားကို ကောင်းကောင်း အလုပ်အကျွေး ပြုထားနိုင်တယ်။
ကံကောင်းလို့ ငါတို့စနစ်က မှန်သွားတယ်။ တံခါးဖွင့်ရအောင်၊ အဲ့ဒီအထဲက အကောင်းဆုံးတွေကို ရွေးယူရအောင်လို့ ပြောခဲ့ကြတယ်။ အခု တရုတ်ပြည်ဆိုရင် စက်မှုစီးပွားရေးမှာ ဂျပန်တွေ၊ ကိုရီးယားတွေလို လုပ်ယူလို့ ရတယ်။ တရုတ်တွေက မရူးဘူး။ သူတို့မှာ ဦးနှောက်အရည်အသွေး ရှိတယ်ဆိုတာ သိကြတယ်။ သူတို့ဆီက အတော်ဆုံးလူတွေကို ထိပ်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေ၊ သုတေသနဌာနတွေမှာ ကောင်းကောင်း လေ့ကျင့်ပေးနေကြတာ။
သူတို့ ဘာလုပ်ကြမလဲ။
သူတို့ဘာသာသူတို့ ချန်ပီယံဆိုတဲ့ကားတွေ ထုတ်ကြမလား။ မဟုတ်ဘူး။ သူတို့က MNC တွေကို ဝင်လာဖို့ ဖိတ်ခေါ်တာ။
ကောင်းပြီ။ ခင်ဗျားတို့ကား မော်ဒယ်အဟောင်းတွေကို ယူခဲ့။ ဒီက အင်ဂျင်နီယာတွေ၊ ဒီဇိုင်နာတွေ၊ အလုပ်သမားတွေကိုသာ ငှါးပြီး အလုပ်လုပ်လို့ ပြောတယ်။ တရုတ်တွေက သူတို့ဘာသာ သူတို့ဆိုရင် Hyundai တို့ Toyota တို့ကို မယှဉ်နိုင်ဘူး။ နိုင်ငံပေါင်းစုံက စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ ထိပ်တန်းဦးနှောက်တွေနဲ့ဆိုရင် မကြာခင် သူတို့ Lexus တို့၊ မာစီးဒီးတို့ ထုတ်လုပ်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ Jumbo လေယာဉ်ကြီးတွေတောင် ထုတ်လုပ်လာကြဦးမှာ။
မေး ။ ။ ဒီလိုဆိုရင် စင်္ကာပူက ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် အမြဲတမ်း နိုင်ငံခြားကုမ္ပဏီကြီးတွေကို မှီခိုနေရမှာပေါ့။
ဖြေ ။ ။ အတိအကျပဲ။
မေး ။ ။ ဒါဆိုရင် ကျွန်တော်တို့က MNC (Multi National Company) အပြည်အပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေရဲ့ လက်အောက်ခံ စီးပွားရေးအနေနဲ့ပဲ ရှိနေတော့မှာပေါ့။
ဖြေ ။ ။ ငါက မင်းတို့အိမ်နီးချင်းနိုင်ငံတွေကို ကြည့်မိဖို့ လက်ညှိုးထိုးပြတာ။ ကောက်ချက်ကတော့ မင်းတို့ဘာသာမင်းတို့ ဆွဲယူကြပေါ့။ တို့က ဥရောပထဲမှာလား၊ ပစိဖိတ်သမုဒ္ဒရာ ရပ်ဝန်းထဲမှာလား။ ပစိဖိတ်ထဲမှာဆိုရင်တော့ အသေကောင်ပဲ။ တို့က ဖီဂျီဆိုပါစို့။ ဖီဂျီကို ခု ဘယ်သူ လေယာဉ်နဲ့ သွားသေးသလဲ။ ဟိုတုန်းကတော့ ဩစတေးလျသွားဖို့ ဖီဂျီကနေတဆင့် သွားကြရတယ်။ အခု ဖီဂျီကိုသွားတယ်ဆိုတာကတော့ ဈေးပေါပေါနဲ့ ရက်ရှည်ရှည် ဟောလီးဒေးထွက်ဖို့လောက်ပဲ ရှိတော့တယ်။ ဒီတော့ အခု ဖီဂျီဆိုတာက အမေရိကန်တွေ ဟောလီးဒေးသွားတဲ့ နေရာအဆင့်မှာပဲ ကျန်တယ်။ သဲသောင် ဖွေးဖွေးတွေ၊ ဆက်ဆံရလွယ်ကူတဲ့လူတွေ၊ အုန်းပင်အုန်းသီးတွေ၊ တိုးရစ်တွေကို ကောင်းကောင်း ဆားဗစ်ပေးတဲ့ အမေရိကန်ပိုင်တဲ့ ဟိုတယ်တွေ ... ဒါတွေပဲ ရှိတယ်။
တို့က စင်္ကာပူ၊ လူနှစ်သန်းလောက် ဈေးကွက်ရှိတယ်။ ပထမမျိုးဆက်ရဲ့ သက်တမ်းအတွင်းမှာပဲ လှေကားထောင် တက်ခဲ့ကြတယ်။ တို့ ဘယ်လို ကြိုးစားခဲ့ကြရသလဲ။ ပြင်ပကမ္ဘာကို သေသေချာချာ အကဲခတ်ပြီး ကြည့်။ ဒါ တို့ သွားရမယ့်လမ်း။ စွမ်းအားအမြင့်ဆုံးကို ရအောင်ညှစ်ထုတ်ယူပြီး ရောက်အောင် သွားကြရမယ်လို့ ကြုံးဝါးခဲ့ကြတယ်။ ဒီအဆင့်ထက်မြင့်အောင် ဘာဆက်လုပ်ကြရမလဲ။
တရုတ်နဲ့ အိန္ဒိယတို့ အကြီးအကျယ် မလုပ်လောက်တဲ့ စီးပွားရေးနယ်ပယ်တွေမှာ အာရုံစူးစိုက်ပြီး အလုပ်လုပ်ကြမယ်။ အဲ့သလို ဘောင်ကျဉ်းကျဉ်းလေးထဲမှာ အောင်မြင်ခဲ့ကြတယ်။ အဲ့ဒီအရည်အချင်းတွေမှာ တရုတ်တို့၊ အိန္ဒိယတို့က တို့ကို မယှဉ်နိုင်ဘူး။ ဥပမာ... ယုံကြည်စိတ်ချရမှု၊ သိပ္ပံဆိုင်ရာအသိပညာတွေ လုံခြုံစွာ သိမ်းဆည်းပေးနိုင်မှု၊ သန့်ရှင်းမှု၊ တရားဥပဒေစိုးမိုးမှုတွေပဲ။ ဒီအရည်အချင်းတွေကို မီဖို့ တရုတ်နဲ့ အိန္ဒိယအဖို့ အချိန် တော်တော် လိုနေလိမ့်ဦးမယ်။
တကယ်လို့ ဂျိုဟိုးမှာသာ Shenzhen ( ဟောင်ကောင် တစ်ဖက်ကမ်းက အထူးစီးပွားရေးဇုန် ရှန်ဇန်း (သို့) ရှင်ကျန့် ) ရှိရင် "ကောင်းပြီ၊ ထိုင်ပြီး ဆွေးနွေးကြရအောင်၊ တို့ သူတို့နဲ့ ဝင်ပေါင်းကြမလား" လို့ ပြောမိမှာပဲ။ ငါ ရီစရာ ပြောနေတာ မဟုတ်ဘူး။ Shenzhen ကိုသွားလို့ အားလုံး အကောင်းချည်းလို့တော့ ပြောမရဘူး။ ကောင်းတာတွေ တော်တော်များများ ရှိမယ်။ Shenzhen က မင်ဒရင်းစကား ပြောတာ၊ ကင်တိုနီး မပြောဘူး။ ၁၉၈၀ - ခုနှစ်မှာ တိန့်ရှောင်ဖိန်လည်း တံခါးဖွင့် ပေးလိုက်ရော အထူးစီးပွားရေးဇုန်အနေနဲ့ ချက်ချင်းတိုးတက်လာခဲ့တယ်။ ရွာသေးသေးလေး တစ်ရွာကနေ လူဦးရေ (၇) သန်းရှိတဲ့ စီးပွားရေးမြို့တော်ကြီးဖြစ်ဖို့ နှစ်နှစ်ဆယ်ကျော်လေးပဲ ကြာလိုက်တယ်။ ဟောင်ကောင်က လူတွေ အဲ့ဒီကို သွားပြီး ဆံပင်ညှပ်ကြ၊ လက်သည်းညှပ်ကြ၊ ရိုးရာဝတ်စုံတွေ ချုပ်ကြ လုပ်ကြတယ်။ ဟောင်ကောင်က စက်ချုပ်သမားတွေက သူတို့ကို မယှဉ်နိုင်ဘူး။
မေး ။ ။ စင်္ကာပူမှာ ပြည်တွင်းဖြစ် ကုန်ထုတ်လုပ်မှု အားနည်းတာနဲ့ ပတ်သက်လို့ လူထုမြင်နေတာက စင်္ကာပူအစိုးရက အပြည်အပြည်ဆိုင်ရာကုမ္ပဏီကြီးတွေကို အားပေးသလို ပြည်တွင်းစက်မှုလုပ်ငန်းရှင်တွေကို အားမပေးလို့ လို့ ဖြစ်နေတယ်။
ဖြေ ။ ။ မဟုတ်ပါဘူး။ လုံးဝ မမှန်ဘူး။ အမေရိကန်တွေရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးသမားတွေက အစိုးရရဲ့ ထောက်ပံ့မှုကို တောင်းခံမနေကြဘူး။ Silicom Valley မှာဆိုရင်လည်း သူတို့ ကားသိုလှောင်ရုံတွေ၊ တင့်ကားတွေ တည်ဆောက်ပြီး သူတို့စီးပွားရေး သူတို့ ရှာကြတာပဲ။ အစိုးရရဲ့ အထောက်အပံ့ကို လိုချင်တာနဲ့ တပြိုင်နက် သူတို့ကို စီမံကွပ်ကဲမှု သင်တန်းတွေ ပေးရတော့မယ်။ ချေးငွေတွေ ထုတ်ချေးရတော့မယ်။ သူတို့က ဒီကိစ္စတွေမှာ မတော်ဘူး။ ဒီတော့ သူတို့ဘာသာ သူတို့ပဲ လုပ်ကြတယ်။
ငါ အခုပြောတာကိုလည်း မမေ့နဲ့။ ထိပ်တန်းကို ရောက်နေတဲ့လူတွေဟာ စီးပွားရေးမှာသာ လာဘ်မြင်တာ မဟုတ်ဘူး။ သူတို့ စိတ်ဓာတ်ခွန်အားတွေက သိပ်ကောင်းတယ်။ Bill Gates ၊ Michael Dell ၊ John Chambers တို့ကိုကြည့်။ ငါ သူတို့နဲ့ တွေ့ဖူးတယ်။ တော်တော် စွမ်းနိုင်တဲ့လူတွေ။
အဲ့သလို စွမ်းနိုင်တဲ့လူတွေ တို့မှာ ဘယ်ရှိလို့လဲ။ ဘယ်မှာ သွားရှာမလဲ။ အသေးစားနဲ့ အလတ်စား စီးပွားရေးလောကထဲမှာ ရှာမှာလား။ မရဘူး။ အဲ့ဒီလောကထဲမှာ ဒုတိယတန်းစားနဲ့ တတိယတန်းစားတွေပဲ ရှိတယ်။ ပထမတန်းစားတွေက သူတို့ဆီမှာ (ငါတို့ဆီမှာ) အလုပ် မလုပ်ဘူး။ ဒါက ငါတို့ ကံကြမ္မာပဲ။ ဟုတ်တယ် မဟုတ်လား။
မလေးရှားရော ဘယ်လို လုပ်ခဲ့သလဲ။ သွင်းကုန်တွေအားလုံး ပိတ်။ မင်းတို့လာပြီး Petronas (ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီ) မှာ လာလုပ်၊ ပြီုးရင် Proton (ကားကုမ္ပဏီ) ကို လာလုပ်လို့ ပြောကြတယ်။ သူတို့ ပရိုတွန်ကားတွေ စလုပ်တော့ jurgen Schrempp (မာစီးဒီးကားကုမ္ပဏီဥက္ကဋ္ဌ) က ငါ့ကို ပြောဖူးတယ် "ပျက်စီးပြီ" တဲ့။ အမှန်ပေါ့။ လုံးဝ ပျက်စီးသွားတာပဲ။ စီးပွားရေးအတူလုပ်ဖို့ တံခါးလည်း ဖွင့်ပေးထားသေး၊ ကိုယ့်ဟာကိုလည်း အသေးစားထုတ်ကုန်တွေ ခွဲပြီး ထုတ်ချင်သေး။ ဒါမျိုးလုပ်လို့ ရမလား။
ထိုင်းကိုလည်း ကြည့်။ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ Detroit ဖြစ်နေတယ်။ စပယ်ယာပတ်ပစ္စည်းလေးတွေ သူတို့ဆီမှာလုပ်၊ ကားတွေကို သူတို့ဆီမှာဆင်။ ဒါမျိုးလောက်နဲ့ သွားယှဉ်လို့ ဘယ်ရမှာလဲ။ သူတို့ ပရိုတွန်ကို အကာအကွယ်ပေးဖို့ဆိုပြီး မလေးရှားတွေက သွင်းကုန်တွေအားလုံး ပိတ်ဆို့၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေးစာချုပ်ကို ဆိုင်းငံ့ထား ... တဲ့။ အဲ့ဒါ သူတို့ လူမျိုးရေးသိက္ခာကိစ္စ။ သူတို့ ပရိုတွန်ကို ကာကွယ်နိုင်ရဲ့လား။ Volkswagen က ဝယ်ယူဖို့ ပြောတယ်။ သူတို့က ငြင်းတယ်။ မလေးလူမျိုးပဲ ဦးစီးရမယ်တဲ့။ အဲ့ဒီ စီးပွားရေးက အခုထိ အရှုံး မရပ်သေးဘူး။ ငါဆိုရင် "ဒီကုမ္ပဏီကို ဖြုတ်လိုက်တော့။ ဒီကုမ္ပဏီက အောက်ခြေကနေ ဘယ်တော့မှ တက်လာမှာ မဟုတ်ဘူး။ အရှုံးနဲ့ လုံးခြာလိုက်နေမယ့်စက်ရုံပဲ" လို့ ပြောမိမှာပဲ။