ကမ်းလက် တစ်နှစ်ပြည့် အမှတ်တရ

အသက် တစ်နှစ်ကို စိတ်လည်ပြန် ကြည့်မိတော့
မျက်မှောက်ပြုနိုင်ခဲ့တဲ့ လောကီသစ္စာ တချို့ တွေ့ရတယ်
မျက်မှောက်ပြုခဲ့ရတဲ့ လောကဓံ တချို့ တွေ့ရတယ်
တမြုံ့မြုံ့ ဝါးရင်း ကျေနပ်ရတဲ့ လောကဓံက
စက်တင်ဘာ နဲ့ အောက်တိုဘာ အထိ ခပ်စိမ်းစိမ်းပါပဲ။

နာဝင်မချိုတဲ့ အမှန်တရားတွေ လူငယ်တွေနားမှာ ချိုခဲ့လို့  ကျေနပ်ရတုန်း
စင်္ကာပူ လာသင့် မသင့်က ဘဝတချို့ကို ပြောင်းစေသလို " ကမ်းလက် " လည်း ဘဝ ပြောင်းခဲ့တယ်။
သိပ်ကြိုက်တဲ့ စာကို ဘာသာပြန်ဖို့ လက်မတွန့်ပေမယ့်
ဖြစ်နိုင်ရင်တော့ ကိုယ်တိုင်ပဲ ချရေးလိုက်ချင်တယ် လေ။

စင်္ကာပူ လာသင့် မသင့်မှာ မုဒိတာတွေ အသွား အပြန် ညီခဲ့တယ်
ပြည်တွင်းက ညီ ညီမတို့က ပွင့်လင်းရာသီအတွက် မုဒိတာ  စကားထားခဲ့ချိန်
စင်္ကာပူက အကို အမ တို့က ခံစားချက်တူတော့ မုဒိတာ လက်ခုပ် တီးကြတယ်
ကမ်းလက်က ( အတ္တကြီးတယ်ပြောပြော ) ပင်ကိုယ်ရေးတဲ့ စာမို့ ပို ကျေနပ်နေမိတယ်။

အမှတ်တရ တင်ဖို့ကိုတော့
ဟိုး   ၂၀၀၇ ဆီ စိတ်လွင့်သွားတယ်။

ရွှေဝါရောင် လှိုင်းကြီးတွေ တရိပ်ရိပ် တက်လာတော့
ရွှေဝါရောင် လှိုင်းကြီးတွေ စင်္ကာပူကို ရိုက်ခတ်လာတော့
( စင်္ကာပူရဲ့ ချိုသာတဲ့ အရပ်သား ဆူးတွေကြောင့် )
မိတ်ဆွေတချို့ အနောက်ရွာထဲ ရောက်သွားခဲ့တယ်
မိတ်ဆွေတချို့  အိမ်ပြန်ရောက်သွားခဲ့တယ်
မိတ်ဆွေတချို့  ခေါင်းဖော် ကူးခတ်နေကြတယ်။

အားလုံးအတွက် အမှတ်တရ ၂၀၀၇ ရဲ့ ရင်ခုန်သံကို ပြန်ငှားလိုက်ပါတယ်။

" ကျနော်တို့ အမျိုးသာရေး လုပ်တယ် "
ကိုယ့်ထမင်းဖိုးထဲက ငွေကိုထုတ်
ငုတ်တုတ်အိပ်နေသူ တွေကို လိုက် နှိုး
လူအမျိုးမျိုး စိတ်အထွေထွေ
သူခိုး ယိုးခံရတဲ့ အခါတွေတောင်ရှိတယ်
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။

ရမ်ဘိုကို ဂုဏ်ပြုဖို့
လွတ်လပ်ရေး သူရဲကောင်းတွေကိုဂုဏ်ပြုဖို့
ရုပ်ရှင်ရုံကို လေလံဆွဲ
ပင်နီဆူလာထဲ လက်မှတ်ရောင်းတော့
မင်းတို့ဟာက ဈေးရင်းအတိုင်း ဟုတ်လို့လားတဲ့..
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။

သံဃာတွေ ခွေးဆွဲတော့
ကပ်ပေါက်ထဲက ကြောက်ကြောက်နဲ့ချောင်းကြည့်
ကဲကြည့်….. ဒီဘုန်းကြီး နဲ့ ဒီလူတွေ
ကိုယ့်ထမင်းကို အေးအေးစားနေတာ မဟုတ်ဘူးတဲ့
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။

မိန်းမက ပီအာ
ယောက်ျားက စီတီဇင်
ဒီမိုကရေစီရရင် ရွှာပြန်ချင်သတဲ့
အိပ်မွှေ့ချခံထားရတဲ့ မင်းလောင်းကို အိပ်ရင်းနဲ့ထိုင်စောင့်ကြ
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။

မဖမ်းမိသေးတော့ တောလား ၊ လျှိုလား
ဖမ်းမိတော့ အင်းစိန်လား ၊ အိုးဘိုလား
သေသွားမလား ၊ မသေမရှင်လား
တို့သေသွားရင်တောင်
တို့မသာကိုလိုက်မပို့ရဲတဲ့
တို့ ချစ်သူကြီးတွေရှိတယ်
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ်

လွတ်လပ်ရေးဟာ တန်ဖိုးကြီးတယ်
ကိုယ့်နံရိုးကို ဆွဲထုတ်
ပုလွေလိုလည်း မှုတ်ရဲမှ
ဘီလူးစောင့်တဲ့ ညောင်ပင်
ဓားထမ်းပြီးလည်း ၀င်ရဲမှ


ငါတို့လက်ဖျံရိုးတွေ ကိုစီး
ငါတို့ အကြောတွေနဲ့သီပြီး
ပြည်တော်ဝင်သီချင်းတီးခတ်နိုင်ဖို့
ကျနော်တို့ အမျိုးသားရေးဆက်လုပ်မယ် ။


ဇင်ဝေသော် (AOAB) Association Of All Buddhists



ရွာအနောက်ခြမ်းက အသံများ(၃)

The Life of the Buddha

ယခု သကျမုနိ ဘုရားရှင်အကြောင်း ဆွေးနွေးချင်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဝင်ဆန်ဆန် အသေးစိတ်တော့ မပြောလိုပါဘူး။ ဇာတ်လမ်း၊ ဇာတ်ကွက်တွေနဲ့ ဗုဒ္ဓဝင်ကတော့ ရှေးကရော အခုရော ရေးခဲ့ဖူးကြလှပါပြီ။ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ကို အခြေခံပြီး ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ဖော်ပြနိုင်မယ့် အချက်တစ်ချို့ကိုသာ ဆွဲထုတ်ဆွေးနွေးသွားမှာပါ။

ရှေ့ကအခန်းနှစ်ခန်းမှာ အိန္ဒိယရှေးဟောင်းကိုးကွယ်မှု၊ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုနဲ့ အားရီးယန်းတွေအကြောင်း ဆွေးနွေးခဲ့ပြီးပါပြီ။ မြောက်ပိုင်းဂင်္ဂါလွင်ပြင်နဲ့ နီပေါတာရိုင်း (Tarai) တို့ဟာ အဲဒီခေတ်က အိန္ဒိယရဲ့ အသက်သွေးကြောသဖွယ် ဖြစ်ခဲ့တဲ့ မဓယဒေသဟာ ဒီယဉ်ကျေးမှုနှစ်ခုအားပြိုင်ရာ၊ ပေါင်းစည်းရာဖြစ်လာခဲ့တယ်။ ဒါဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး။ အာရီးယန်းတွေ ဖြစ်တဲ့ ရသေ့၊ ရဟန်းတွေက သူတို့ အားရီးယန်းအကျင့်တွေကို သင်ကြားပို့ချကြဖို့ အာရီးယန်းတွေနဲ့အတူ အရှေ့ဘက်ကို ခြေဦးလှည့်ကြတယ်။

ဒီလို အင်အားကြီးယဉ်ကျေးမှုနှစ်ခု ထိပ်တိုက်ရင်ဆိုင်တွေ့ကြုံမှုဟာ ဘာသာယဉ်ကျေးမှုအသစ်တစ်ခု ပေါ်ပေါက်လာဖို့ တွန်းအားတစ်ခုဖြစ်ခဲ့ပါတော့တယ်။ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်နဲ့ အဆုံးအမတစ်ချို့ကို ဒီလိုသမိုင်းအထောက်အထား ရှုထောင့်တွေကနေ ကြည့်နိုင်ပါတယ်။ ရှေ့မှာပြောခဲ့သလိုပါပဲ လူမှုရေး၊ စီးပွါးရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ဘီစီခြောက်ရာစုလူတွေကို တိတိကျကျသက်ရောက်စေခဲ့ပြီး ဘာသာရေးယုံကြည်မှု အမြင့်ဆုံးကို ရောက်ရှိစေခဲ့တယ်။

ဒီလိုအပြောင်းအလဲတွေကို သင်ခန်းစာယူကြပြီး သူတို့ရဲ့ဘေးကင်းလုံခြုံမှုတို့နဲ့ ပတ်သက်လို့ မရေမရာမှုတွေ ခံစားလာကြရတယ်။ ဒီနောက် ဘာသာရေးဘက်ကို ခြေဦးပြန်လှည့်လာကြတယ်။ ဘာသာရေးယုံကြည်မှုက တည်ငြိမ်မှု ကိုဖြစ်စေပြီး စိုးရိမ်ကြောင့်ကြရမှုတွေကို အထိုက်အလျှောက်ငြိမ်းအေးစေနိုင်ပါတယ်။ ဒီလိုခေတ်အခြေအနေ မျိုးတွေဟာ ဘာသာရေးပြောင်းလဲမှု၊ ဘာသာရေးအားပြိုင်မှုတွေ အမြဲတမ်းဖန်တည်းပေးတတ်ပါတယ်။

ဘီစီခြောက်ရာစုက အိန္ဒိယမှာ ဘာသာတရားပေါ်ပေါက်ခဲ့သလို၊ တရုတ်ပြည်မှာလည်း ပေါ်ပေါက်ခဲ့တာပါပဲ။

ဘုရားဗုဒ္ဓဝင်ကနေအခြေခံပြီး အရေးအကြီးဆုံး ဘာသာရေးတန်ဖိုးသုံးခု ပေါ်ထွက်လာခဲ့တယ်။
၁။ ကာမဂုဏ်ကိုခွါပြီး တောရိပ်ခိုလှုံခြင်း
၂။ မေတ္တာနဲ့ ကရုဏာ
၃။ ပညာတို့ ဖြစ်ကြပါတယ်။

ဒီအချက်သုံးချက်ကို နေရာတိုင်းမှာတွေ့ရပြီး နိဗ္ဗာန်ရောက်ရေးမှာလည်း ဒါတွေဟာ အရေးအကြီးဆုံးအချက်တွေ ဖြစ်နေခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အဓိက အကုသိုလ်မူလတွေက လောဘ၊ ဒေါသ၊ မောဟတို့ဖြစ်ပြီး လောဘကို ကာမဂုဏ်မှစွန့်ခွါခြင်း၊ ဒေါသကို မေတ္တာနှင့် ကရုဏာ၊ မောဟကို တရားထိုင်ရှုမှတ်ခြင်းဖြင့် လွန်မြောက်နိုင်တယ်လို့ တွဲစပ်ပြထားပါတယ်။

သိဒ္ဓတ္ထမင်းသားဟာ (၇) နှစ်သားအရွယ်ကတည်းကကိုပဲ လယ်ထွန်မင်္ဂလာပွဲကို တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ လယ်ထွန်မင်္ဂလာပွဲကိုကြည့်ရင်း သိန်းငှက်ရဲ့အစာဖြစ်ရရှာမယ့် တီကောင်ကိုတွေ့ခဲ့တယ်။ အဲဒီကတည်းက သတ္တဝါတွေဟာ ကိုယ့်ရှင်သန်ရေးအတွက် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်စားသောက်နေကြရတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ အလောင်းတော်ဟာ နုစဉ်ဘဝကတည်းကပဲ ဒီလို ဒုက္ခသုက္ခတွေကို ရှုမြင်လာခဲ့ရတော့ ဘုရားဖြစ်လို့ ဒေသနာတွေကို ဟောရာမှာလည်း ဒုက္ခသစ္စာကို ဦးတည်ထားပါတော့တယ်။

နိမိတ်ကြီးလေးပါးကို မြင်ပြန်တော့ ရှောင်လွှဲမရတဲ့ အိုမှု၊ နာမှု၊ သေမှုတွေကို တွေခဲ့ရတယ်။ ဒါတွေနဲ့ ကင်းကွာဖို့ဆိုရင် ပရမတ္တသစ္စာကို ဆိုက်မှရမယ်။ ဒီအခါမှာ တောထွက်ခြင်းကိစ္စ ပေါ်ပေါက်လာခဲ့တော့တယ်။

ဒီလို နုနယ်တဲ့အရွယ်မှာ တောထွက်ခြင်းဟာ အဆင်မပြေတဲ့ဘဝကို စိတ်ဓာတ်တွေကျပြီး တောထွက်(ဖြစ်လေ့ဖြစ်ထ ရှိတဲ့) မှုမျိုး မဟုတ်ဘူးဆိုတာတော့ သတိရနေဖို့ အရေးကြီးပါတယ်။ အကောင်းဆုံး ကာမဂုဏ်တွေကို ခံစားနေရင်းနဲ့ အတွင်းက ပုန်းလျှိုးကွယ်လျှိုး ဒုက္ခအစစ်တွေကို ကျော်မြင်တော်မူခဲ့တယ်။ ဒီအမြင်ကပဲ သိဒ္ဓတ္ထမင်းသားကို တောထွက်ဖို့ တွန်းအား ပေးလိုက်တာပါ။

မေတ္တာနဲ့ ကရုဏာကို ကြည့်ကြပါစို့။ စိတ်ဝင်စားစရာအကောင်းဆုံး အဖြစ်အပျက်ကတော့ ဒဏ်ရာရနေတဲ့ ငန်းတစ်ကောင်အကြောင်းပါ။ ဘုရားဖြစ်တော်စဉ်အရ သိဒ္ဓတ္ထမင်းသားနဲ့ ဒေဝဒတ္တတို့ ဥယျာဉ်ထဲလမ်းလျှောက်နေကြတယ်။ ဒေဝဒတ်က ငန်းကို လေးနဲ့ပစ်တယ်။ သူတို့နှစ်ယောက်လုံး ငန်းဆီကိုပြေးသွားကြတယ်။ အပြေးပိုမြန်တဲ့ သိဒ္ဓတ္ထမင်းသားက ငန်းကိုရသွားခဲ့တယ်။

သိဒ္ဓတ္ထမင်းသားက ဒဏ်ရာရနေရှာတဲ့ ငန်းကိုပွေ့ယူပြီး အနာသက်သာအောင် ပြုစုပေးတယ်။ ဒေဝဒတ္တက သူပစ်လိုက်တဲ့ငန်းမို့ သူသာပိုင်ကြောင်း အခိုင်အမာပြောတယ်။ သူတို့နှစ်ယောက်ဟာ အဲဒီငန်းကိုယူ၊ တရားသူကြီးဆီ သွားရောက်ပြီး ဆုံးဖြစ်ချက်ကို ခံယူကြတယ်။ တရားသူကြီးက သိဒ္ဓတ္ထမင်းသားပိုင်စေလို့ ဆုံးဖြတ်တယ်။ အကြောင်းကတော့ ပြုစုစောင့်ရှောက်သူသာ ငန်းကိုပိုင်သင့်ပြီး ညှင်းပန်းနှိပ်စက်သူ မပိုင်သင့်ဆိုတာပါပဲ။

ဒီဇာတ်လမ်းလေးက နုနယ်တဲ့မင်းသားရဲ့ မေတ္တာနဲ့ ကရုဏာကို လှလှပပ ပုံဖော်ပေးပါတယ်။ ဘုရားဖြစ်ပြီးတဲ့ နောက်မှာလည်း မေတ္တာ၊ ကရုဏာရဲ့ ပုံရိပ်တွေက အများကြီးပါ။ အခါတစ်ပါးမှာ တိဿဆိုတဲ့ ဂိလာနရဟန်းကို ဘုရားရှင်ကိုယ်တိုင် ပြုစုပေးခဲ့ပါတယ်။ တိဿရဲ့ရောဂါက ရွံရှာစရာ ပြည်ပုပ်တွေနဲ့ရောဂါပါ။ ဒါကို ဘုရားရှင်က စံပြအနေနဲ့ သန့်ရှင်းပေးခဲ့ပါတယ်။

အခု အရေးအပါဆုံးဖြစ်တဲ့ ပညာကိစ္စကို ကြည့်ကြပါစို့။
လွတ်လပ်ရေးတံခါးတွေကို ဖွင့်ပေးတာ ပညာ၊ ဒုက္ခအားလုံးရဲ့ အဓိကတရားခံ မောဟကို ပယ်သတ်တာ ပညာပါ။

သစ်တစ်ပင်ရဲ့ အကိုင်းအခက်တွေ၊ ပင်စည်တွေကို ဖြတ်တောက်လိုက်ပေမယ့် အမြစ်က ကျန်နေသေးတော့ ဒီသစ်ပင်က ပြန်လည်စည်ပင်လာသလို ကာမဂုဏ်ခွါ တောထွက်ခြင်းနဲ့ လောဘကို နှိမ်နင်းနိုင်တယ်။ မေတ္တာ၊ ကရုဏာနဲ့ ဒေါသကိုနှိမ်နင်းနိုင်တယ်ဆိုပေမယ့် မောဟဆိုတဲ့ အမြစ်ကတွယ်နေသေးတော့ တဏှာနဲ့ ဒေါသက တဖန်ပြန်ပြီး စည်ပင်လာပြန်တယ်လို့ ရှင်းလင်းစွာ ပြသခဲ့တယ်။

အဓိကအကျဆုံးပညာကို ဘာဝနာနဲ့ပဲရနိုင်တယ်လို့ မှတ်သားရင် မှန်နိုင်ပါတယ်။ သကျမုနိအရှင်ရဲ့ ဗုဒ္ဓဝင်အရ စွန်နဲ့ တီကောင်ကိုကြည့်ရင်းနဲ့ သံဝေဂရပြီး ဝင်သက်ထွက်သက်ကို တရားမှတ်လိုက်တာ ပထမဈာန်အထိပင် ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါက ဘုရားရှင်ရဲ့ဘဝမှာ ပထမဆုံးတရားရှုမှတ်တဲ့ သာဓကတစ်ခုပါပဲ။

နောက်တော့ အလောင်းတော်ဟာ တောထွက်ပြီး ပရမတ္တသစ္စာကို ရှာခဲ့တယ်။ ရှေးဦးပိုင်းမှာ အာဠာရ ကာလာမနဲ့ ဥဒကရာမပုတ္တဆိုတဲ့ ဆရာတွေရှိခဲ့တယ်။ ဒီဆရာကြီးနှစ်ပါးဟာ အိန္ဒုယဉ်ကျေးမှုရွှေခေတ်လို့ခေါ်ရင်ရတဲ့ ဘီစီ(၆)ရာစုမတိုင်ခင်ကာလရဲ့ တရားရှုမှတ်ခြင်း၊ စိတ်ကိုထိန်းသိမ်းခြင်းတို့ရဲ့ သာဓကတွေလို့ ပြောရင်ရပါတယ်။

ဆရာနှစ်ဆူဆီကရခဲ့တဲ့တရားက အခိုက်အတန့် အေးငြိမ်းစေနိုင်ပေမယ့် ဒုက္ခကို အမြစ်ဖြတ်မပြစ်နိုင်ဘူးဆိုတာ ဂေါတမအလောင်း သိခဲ့တယ်။ ဒါဟာ အရေးကြီးပါတယ်။ အိန္ဒုယဉ်ကျေးမှုက ပေါက်ပွါးပေးလိုက်တဲ့ ဘာဝနာအမှုဟာ အဆုံးကိုမရောက်လေတော့ ဘုရားရှင်က ဘာဝနာနဲ့ပတ်သက်လို့ ရှေ့အကျင့်ဟောင်းကိုမှီပြီး နယူးဒိုင်မင်းရှင်း ထပ်ဖြည့်ခဲ့ရပါတယ်။ အဲဒီ အမြင်သစ်ဟာ ဗုဒ္ဓဘာသာကို အခြားအခြားသော အိန္ဒိယဂိုဏ်းတွေထဲကနေ ကွဲသွားအောင် ခွဲထုတ်ပေးလိုက်တာပါ။

အကျဉ်းချုပ်ပြောရရင် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူစတဲ့ အိန္ဒိယဘာသာတွေကြားက ခြားနားမှုဟာ ဗုဒ္ဓဘာသာကဆိုလိုက်တဲ့ ဘာဝနာဟာ သူတစ်ခုတည်း အလုပ်မဖြစ်ဆိုတဲ့အချက်ပါ။

ဗုဒ္ဓဘာသာရှုထောင့်အရ တရားထိုင်ခြင်းဟာ ခဲတံချွန်ခြင်းနဲ့တူတယ်လို့ ဆိုနိုင်ပါတယ်။ ဆိုပါတော့ ခဲတံက ဘာအတွက် ချွန်သလဲ။ စာရေးဖို့ပါ။ ဒီလိုပါပဲ၊ တရားရှုမှတ်ခြင်းမှာလည်း ဦးတည်ချက်ရှိကို ရှိရပါမယ်။ အဲဒါ ပညာပါ။

တရားထိုင်ခြင်းနဲ့ ပညာကို မီးတုတ်အကူအညီနဲ့ ပန်းချီကားကိုကြည့်ခြင်း ဥပမာတင်စားလို့ရပါတယ်။ မှောင်ထဲက ပန်းချီကားကိုကြည့်ဖို့ မီးတုတ်လိုပါတယ်။ မီးတုတ်အလင်းက မကောင်းရင်၊ မီးတုတ်မီးက လေကြောင့် မငြိမ်သက်ရင်၊ မီးတုတ်ကိုင်ထားတဲ့လက်က မငြိမ်ရင် ပန်းချီကားကို ရှင်းရှင်းလင်းလင်း မတွေ့ရဘူး။

ဒီလိုပါပဲ၊ အမှန်တကယ်ဖြစ်နေတဲ့ အဝိဇ္ဖာအမှောင်ကို ဖောက်ခွင်းဖို့အတွက် စိတ်ဓာတ်မခိုင်ရင်၊ စိတ်ပြန့်လွှင့်ရင်၊ သာယာမူးယစ်ခြင်းအနှောက်အယှက်၊ ခံစားမှုပြင်းပြခြင်း အနှောက်ယှက်၊အပေါ်ယံ ပညာရပ်ဆိုင်ရာ အနှောက်အယှက်တွေ ရှိနေရင် မဖြစ်နိုင်တော့ပါဘူး။

ပညာနဲ့ပတ်သက်လို့ နောက်တွေ့ရတဲ့ ဒိုင်မင်းရှင်းတစ်ခုကတော့ အလယ်လမ်းစဉ်ကို တွေ့ရှိခဲ့ခြင်းပါ။ အလယ်လမ်းစဉ်ဆိုတာ ဗုဒ္ဓဘာသာရဲ့နှလုံးသည်းပွတ်ပါ။ အဓိပ္ပါယ်တွေကလည်း အမျိုးမျိုးရှိပါတယ်။ ဒီနေရာမှာဆွေးနွေးလို့ မလုံလောက်နိုင်ပါဘူး။

မှန်တာပေါ့၊ ဗုဒ္ဓဝင်ထဲမှာ အခြားတန်ဖိုးရှိတဲ့ အချက်အလက်တွေ အများကြီးရှိမယ်။ ဒါပေမယ့် ကျွန်တော် ဆွေးနွေးလိုတာက ဝိဇ္ဖာ၊ စရဏနဲ့ ပတ်သက်တဲ့ သင်ခန်းစာယူမိဖို့ပါ။ နာမည်တွေ၊ မြို့ပြတွေနဲ့ပြည့်နေတဲ့ ဗုဒ္ဓဝင် မဟုတ်စေချင်ပါဘူး။ ဒါမှ ဘုရားရှင်ကို စံပြထားပြီး အတူလိုက် ကျင့်နိုင်ကြမှာပါ။ ဒီလို သဘောပေါက်မှလည်း ဘုရားရှင်ကို ပိုပြီးသဘောပေါက်စွာ နားလည်ကြည်ညိုနိုင်မှာပါ။ တကယ်တော့ ဗုဒ္ဓဝင်ဟာ ကာမဂုဏ်ခွါ၊ မေတ္တာ၊ ကရုဏာနဲ့ ပညာ ဒီသုံးမျိုးပါ။

Peter Della Santina-



ဆုထားမျက်ချယ်

မြန်မာ နှင့် ဘားမား

မြန်မာ နှင့် ဘားမားကလည်း လိပ်ခဲ တည်းလည်း ရှိနေဆဲဖြစ်ဟန်တူသည်။ ကမ်းလက်ပေါ် တက်လာသည့် ဖေစ့်ဘွတ် လိပ်စာ များတွင်ကား မြန်မာဟု သိပ်မတွေ့ရ ဘားမားဟုသာ တွေ့နေရသည်။ ထိုအချက်ကို ထောက်ဆပြီးလူငယ်များကြားတွင် အဖွဲ့ချုပ်က သိသိသာသာ အသာစီး ရနေသည်ဟု သွယ်ဝိုက်၍ ကောက်ချက် ချနိုင်သည်။ ထို့ကြောင့် လက်လှမ်းမှီသမျှ မြန်မာ ဘားမား  နှင့် ပတ်သက်ပြီး သဲလွန်စ ရှာကြည့်မိသည်။

ဆဋ္ဌသင်္ဂါယနာ ပါဠိတော်စာအုပ်ကြီးများ နိဒါန်း၌ကား မရမ္မ ရဋ္ဌ ဟုတွေ့ရသည်။ ဦးနု၏ အစိုးရ လက်ထက်က ပေးသော နာမည် ဖြစ်ဟန်တူသည်။ မှားက ပညာရှင်တို့ ထောက်ပြကြပါစေ။

သို့သော်ရှေးကျသောတွေ့ရှိမှု အထာက်အထားများ အရ
 ဗြဟ္မဒေသ (Brahma Desh ) ဗမာနိုင်ငံ
 ဗြဟ္မ= မြင့်မြတ်သော။ ဒေသ= နေရာ၊ တိုင်း၊ နိုင်ငံ။  ဗြဟ္မဒေသ ကို  ဗြဟ္မာ့ပြည် ဟုတော့ မပြန်ဆိုသင့်။

ဤစကားကို အရမ်းကာရော ပြောသည်ဟု မမှတ်ထင်စေလိုပါ။ အိန္ဒိယန်းများ ရေးသားထားသည့် ကျမ်းစာအချို့၌ ဗမာ နိုင်ငံကို ဖော်ပြရာ( ဗြဟ္မဒေသ ) ဟု ကွင်းစ ကွင်းပိတ်များဖြင့် ပြတတ်သည်။ အဓိပ္ပါယ် ထိမိလှသလို ဖြစ်နိုင်ခြေလည်း ရှိသည်ဟု ယုံကြည်မိသည်။ မြန်မာ နိုင်ငံသည် အိန္ဒိယ တရုတ်  နိုင်ငံကြီး နှစ်ခု ကြား၌ တည်ရှိသည် မှန်သော်လည်း ပုဂံခေတ်မှ စ၍  မြန်မာတို့ ယဉ်ကျေးမှု၊ ဘာသာစကား နှင့် ဘာသာတရား အပေါ် အိန္ဒိယ လွှမ်းမိုးမှုက များခဲ့သည်။ ပါဠိ ဘာသာစကား လွှမ်းမိုးမှုက များခဲ့သည်။ ဗူးသီးပေါင်းကြော် လွှမ်းမိုးမှု မရှိ။

မြို့ ရွာ အမည်များကို မှည့်ခေါ်ရာတွင် သထုံခေတ်၌ သုဝဏ္ဏ ဘုမ္မိ၊ ပုဂံခေတ်ဦး၌ အရိမဒ္ဒန၊ တမ္ပဒီပ စသော ပါဠိ ဝေါဟာရများ ကို တွင်တွင်သုံးစွဲခဲ့သည်။ ထိုယဉ်ကျေးမှုက ကုန်းဘောင်ခေတ် အထိ ရှိနေဆဲဖြစ်သည်။ ရတနာပူရ ( ရတနာပုံ၊ ရွှေမန္တလေး ) ၊ အမရပူရ ( အမရပုံ ) ဟု မခေါ်ကြ၊ တောင်မြို့ ဟု ခေါ်ကြသည်။ ((( ဘာမှန်း မသိ၊ မစဉ်းစားတတ်။ ရတနာပူရ ကို  ရတနာပုံဟု ခေါ်လျှင် အမရပူရကိုလည်း  အမရပုံဟု ခေါ်သင့်သည်။ )))

ယင်းတို့ကို ထောက်ဆလျှင် ယခု ဗမာ ဟူသော ဝေါဟာရသည် လူမျိုးကို ခေါ်ဝေါ်သော အမည်ထက် ဒေသကို  ခေါ်ဝေါ်သောအမည် ဖြစ်ကြောင်း ယူဆနိုင်သည်။
Asoka, The Great  ဟူသော စာအုပ်၌ ဗမာနိုင်ငံကို  Brahma Desh (  ဗြဟ္မဒေသ ) ဟု အတိအလင်း သုံးစွဲထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဗမာ၏ ဝေါဟာရကို ခြေရာခံကြည့်ရာ Brahma Desh  (  ဗြဟ္မဒေသ ) ကသာ သဘာဝကျပြီး ဤအမည်သည် ဗြိတိရှတို့က မြန်မာကို အသံမထွက်တတ်သောကြောင့် Burma ဟု အသံထွက်ခဲ့သည်ဟူသော ပါးစပ် ရာဇဝင်စကားကို ပြန်လည် သုံးသပ် သင့်ကြပေပြီ။

Brahma မှ Burma ဖြစ်လာသည်။ ဤ အထောက်အထားတို့ အရ Burma က လှသည်။ ခန့်သည်။ မဟာဆန်သည်။ မြန်မာကြီးက ဘာတွေက မြန်ပြီး ဘာကြီးက မာနေသည် မသိ။ အနည်းငယ် ( များများလည်း ဖြစ်ဖွယ်ရှိ ) မော်ဒန်နိုက်ဇ် ဖြစ်လွန်း၏။


သီဟနာဒ

No Entry ၊ No Exit

(No Entry @ No Exit)
ပထမလူ ။        ။ တော်တော်ဆိုးတဲ့ လူတွေဗျာ။ တံခါးတွေအားလုံး ပိတ်ထားကြတယ်။ ဝင်ခွင့်မရှိ၊ နိုး အင်ထရီတဲ့။
ဒုတိယလူ ။        ။ သူတို့ကို ကျေးဇူးတင်လိုက်ပါဗျာ။
ပထမလူ ။        ။ ဘာ့ကြောင့် ကျေးဇူးတင်ရမှာလဲဗျ။
ဒုတိယလူ ။        ။ တချို့လူတွေက အားလုံးကို အထဲထဲ ထည့်ပြီး သော့ပိတ်ထားကြတာဗျာ။ 
                         ထွက်ခွင့် မရှိ။ No Exit တဲ့။ အဲ့ဒါကမှ ပိုဆိုးတာ။


ဇင်ဝေသော်

စီးပွားရေး ပဉ္စလက် ( ၄ )

စီးပွားရေးကို မြန်နိုင်သမျှ မြန်အောင်လုပ်၊ ပြီးတော့ ရအောင်ထိန်းပေါ့။ တိုးတက်အောင် လုပ်လို့ ရပါလျက်နဲ့ မလုပ်ခဲ့ဘူးဆိုရင်တော့ ငါတို့က အရူးတွေပေါ့။ စင်္ကာပူလူမျိုးတချို့က စီးပွားရေး နှေးကွေးတာရဲ့ အပြစ်ကို မသိကြဘူး။ စီးပွားရေးနှေးကွေးနေရင် အလုပ်တွေလျော့၊ လစာတွေလည်း လျော့သွားတယ်။ အကုန်လျော့သွားတာ။

မေး ။     ။ လူတွေ ပြောနေကြတာက စီးပွားရေး အတက်အကျ ဟန်ချက်ပျက်နေတဲ့ အကြောင်းပါ။ အနောက်က သုညအဆင့်လောက်အထိ ကျဆင်းသွားပြီး အရှေ့က နိုင်ငံတချို့က မှတ်တမ်းတင်ရလောက်အောင် ထိုးပြီးတက်နေတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ မစ္စတာလီရဲ့အမြင်က ဘယ်လိုပါလဲ။ စီးပွားရေးကဏ္ဍကြီး ဖရိုဖရဲ ဖြစ်သွားနိုင်မလား။ ကမ္ဘာတစ်ဝှမ်းလုံး ဒေသဆိုင်ရာ နိုင်ငံရေးပါဝါတွေ အကြီးအကျယ် ပြဿနာတက်သွားလောက်သလား။

ဖြေ ။    ။ အနောက်နိုင်ငံတွေရဲ့စီးပွားရေး သုညလောက်အထိ ထိုးကျသွားတယ်လို့တော့ ငါ မထင်ဘူး။ ဂျာမဏီဆိုရင် ၃/၄ ရာခိုင်နှုန်းလောက်အထိ ပုံမှန်ပဲ တက်နေတာပဲ။ ၂၀၁၀ - ခု၊ စက်တင်ဘာလတုန်းက အမျိုးသားနည်းစနစ်နဲ့ စီးပွားရေးလေ့လာမှုအဖွဲ့ ခန့်မှန်းချက်အရ ၂၀၁၀ - မှာ ပြင်သစ်ရဲ့ စီးပွားရေး ၁.၆ ရာခိုင်နှုန်း တက်လာမယ်လို့ ဆိုကြတယ်။ ဖွံ့ဖြိုးစ စီးပွားရေးတွေ ချက်ချင်းကြီး တိုးတက်လာတယ်ဆိုတာက သူတို့က ကုန်ထုတ်မှု ကုန်ကျစရိတ်နည်းတာ၊ လူဦးရေများတာ၊ ငတ်မွတ်နေတဲ့ ဒေသတွင်း ဈေးကွက်ထဲကို ရုတ်တရက် ဝင်လိုက်တာမို့ပါ။ ဒီတော့ စီးပွားရေး အတက်အကျ ဟန်ချက်ပျက်နေတာက ရာစုအထိ မကြာဘူးဆိုရင်တောင်မှ ဆယ်စုနှစ် တော်တော်များများတော့ ကြာမယ့် သဘောပါပဲ။
ဒါတွေကြောင့် ဘာဖြစ်လို့ ကမ္ဘာ့ဂျီအိုပေါ်လစ်တစ်က အခက်တွေ့နေရမှာတုန်း။

မေး ။     ။ ငွေကြေးစစ်ပွဲ (Currency War) နဲ့ ပတ်သက်ပြီး မစ္စတာလီရဲ့ မှတ်ချက်ကို သိပါရစေ။

ဖြေ ။    ။ ငွေကြေးစစ်ပွဲအကြောင်းက အနောက်တိုင်း မီဒီယာတွေ ဖွထားတာပါ။ အဓိကပြဿနာက တရုတ်ပြည်ရဲ့ ငွေလဲလှယ်နှုန်းက အရင်အတိုင်းပဲ ရှိနေတော့ အမေရိကန်ဒေါ်လာဈေး ကျသွားတယ်။ တရုတ်ငွေက ဒီ့ထက်နည်းနည်းမှ နှုန်းထားမတိုးလာဘူးဆိုရင် တရုတ်အစိုးရနဲ့ အမေရိကန်အစိုးရကြားမှာ ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်။

မေး ။     ။ ဒီ ဈေးကွက်ဟန်ချက်ပျက်နေမှုကို အခြေခံပြီး တရုတ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေး ဘယ်လို ရှိလာနိုင်မလဲ။

ဖြေ ။    ။ အမေရိကန်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ တရုတ်မှာ အမြဲတမ်း ပြဿနာ ရှိနေလိမ့်မယ်။ အမေရိကန်တွေက တရုတ်ဟာ လာမယ့် နှစ် (၂၀) အတွင်း ပြည်တွင်းထုတ်လုပ်မှုကဏ္ဍမှာ သူတို့ကို ကျော်တက်လာနိုင်တယ်လို့ မြင်ထားကြတယ်။ အင်တာနေရှင်နယ်အရေးမှာ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ကြားမှာ အမေရိကန်တို့အသံတွေ ပိုကျယ်လာလိမ့်မယ်။

မေး ။     ။ စင်္ကာပူရဲ့ စီးပွားရေးအကျပ်အတည်းက ထွက်လာနိုင်တာနဲ့ ပတ်သက်လို့ အံ့ဩတကြီး ဖြစ်မိပါသလား။ ဒီအတွက် စီးပွားရေးပေါ်လစီ ချမှတ်သူတွေကို ဘယ်လောက် ဂုဏ်ပြုသင့်ပါသလဲ။ ပြီးတော့ ကမ္ဘာ့စီးပွားရေးကပ်ကနေ ထွက်လာနိုင်တဲ့ တက်သစ်စ စီးပွားရေးတွေကို ဘယ်လို ချီးကျူးသင့်ပါသလဲ။ အထူးသဖြင့်တော့ အာရှနိုင်ငံတွေပေါ့။

ဖြေ ။    ။ စင်္ကာပူ စီးပွားရေးကပ်က ထွက်လာနိုင်ခဲ့တဲ့ အမြန်နှုန်းက ငါ ခန့်မှန်းထားတာထက် နည်းနည်းပဲ ပိုသာတယ်။ စင်္ကာပူရဲ့ဘဏ်တွေ၊ အခြေခံအဆောက်အဦးတွေက ဘာမှ မဖြစ်ဘူး။ အာရှရဲ့စီးပွားရေးလှေတွေကို ဆယ်ယူနိုင်တဲ့ တက်သစ်စဆိုတာနဲ့ ပတ်သက်လို့တော့ ငါမသိဘူး။ တရုတ်နဲ့ အိန္ဒိယက သူတို့အိမ်နီးချင်းတချို့ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်။ အားလုံးကိုတော့ မဟုတ်ဘူး။

မေး ။     ။ စီးပွားရေးခန့်မှန်းမှုကော်မတီတွေက ရဲရဲတင်းတင်း ထုတ်ပြန်ထားတဲ့ ခန့်မှန်းခြေတွေ ရှိပါတယ်။ အဲ့ဒီအထဲမှာ တစ်ခုကတော့ လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဒေါ်လာသန်းတစ်ရာအထက် ပိုပြီး လည်ပတ်လာမယ့် SME တွေ တစ်ထောင်ကျော်အထိ တိုးပွားလာနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီအချက်ကို အခြေခံပြီး စင်္ကာပူရဲ့ စီးပွားရေးမောင်းနှင်အားတွေ ဖြစ်ကြတဲ့ MNC တွေကို မစ္စတာလီရဲ့ အမြင်တွေ ပြောပြလိုက်ရင် မကောင်းဘူးလား။

ဖြေ ။    ။ ငါတို့ SME တွေ တိုးတက်လာဖို့ တို့ ကြိုးစားသင့်တာပေါ့။ တဖြည်းဖြည်းနဲ့ သူတို့ထဲက တချို့ဟာ ကမ္ဘာ့ဈေးကွက်ထဲကို ဝင်ပြိုင်နိုင်ပြီး စင်္ကာပူပိုင် MNC တွေ ရလာနိုင်တာပေါ့။

မေး ။     ။ စီးပွားရေးကပ်ဆိုက်၊ ပြီးတော့ ပြန်ကောင်းလာ။ ဒါပေမယ့် လူတွေက ဒီသင်္ခန်းစာကို အလွယ်တကူပဲ မေ့ပစ်လိုက်ကြတယ်လို့ ပြောနေကြတယ်။ ဒီစီးပွားရေးကပ်ကနေ စင်္ကာပူလေ့လာသင့်တဲ့ သင်္ခန်းစာတွေက ဘာတွေပါလဲ။ ပြီးတော့ ဘယ်ဟာကဖြင့် မဖြစ်မနေ ပြောင်းလဲရမယ့် အချက်လို့ ထင်ပါသလဲ။

ဖြေ ။    ။ ဒီစီးပွားရေးကပ်ဆိုက်မှုကနေပြီး စင်္ကာပူ ယူနိုင်တဲ့သင်္ခန်းစာ တစ်ခုမှ မရှိဘူး။ စီးပွားရေးကပ်တိုင်းမှာ မတူညီတဲ့ အကြောင်းတရားတွေကို အခြေခံနေတာချည်းပဲ။ ပုံသေကားချ တွက်ဖို့ လုံးဝ မလွယ်ဘူး။

မေး ။     ။ Integrated resorts က မစ္စတာလီ မျှော်လင့်ထားတာထက် ပိုပြီးများ အကျိုးသက်ရောက်မှု ရှိပါသလား။ ဒါ့ကြောင့် ဖြစ်လာမယ့် အပြစ်တွေအတွက်ရော မစိုးရိမ်မိဘူးလား။ ပြီးတော့ စင်္ကာပူရဲ့ စီးပွားရေးအတွက် ဒီလို စီမံကိန်းကြီးမျိုး ရှိပါသေးသလား။ ရှိရင် ဘယ်လို စီမံကိန်းမျိုးပါလဲ။

ဖြေ ။    ။ Integrated resorts ဆီက မျှော်လင့်တာက နိုင်ငံခြားသား များများလာဖို့နဲ့ ကာစီနိုနဲ့ နှစ်ခုကနေ ဝင်ငွေ တိုးလာဖို့ပဲ။ ဒါ့ကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေအတွက်တော့ အတက်နိုင်ဆုံး ကာကွယ်ပေးထားတာပဲ။ စင်္ကာပူလူမျိုးနဲ့ စင်္ကာပူ အမြဲနေထိုင်ခွင့်ရသူတိုင်းအတွက် ဝင်ကြေး ဒေါ်လာတစ်ရာ တောင်းထားတယ်။ လောင်းကစားနဲ့ ပတ်သက်ပြီး အကျင့်ပျက်ရှိတဲ့ လူတစ်ယောက်ကို ဘယ်သူ့မိသားစုဝင် တစ်ယောက်ယောက်နဲ့မှ အတူမလာဖို့ တားမြစ်ထားတယ်။ ဒါပေမယ့်ကွာ ခန့်မှန်းမထားတာလေးတွေလည်း ဖြစ်လာနိုင်တာပေါ့။

စင်္ကာပူစီးပွားရေးအတွက် စီမံချက်ကြီးတွေကတော့ ရှိနေမှာပေါ့။ အချိန်သာ အတိအကျ ပြောလို့မရတာ။

မေး ။     ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီအသံတွေ မကြားခဲ့ရဘူး။ အခုပြောနေကြ၊ ဝေဖန်နေကြတာက စင်္ကာပူရဲ့ စီးပွားရေးတက်နှုန်းက သိပ်မြန်လွန်းနေတယ်။ ဒီအတွက် ပြန်ပေးရတဲ့ လျော်ကြေးက နိုင်ငံခြားသား အလုပ်သမားတွေ၊ နိုင်ငံခြားသားပညာရှင်တွေ အများကြီး ခေါ်ယူထားရတယ်။ သူတို့နဲ့ ပတ်သက်ပြီး လူမှုရေးပြဿနာတချို့ ရှိလာတယ်။

အစိုးရရဲ့ ချမှတ်တဲ့မူလို့ ထင်ရတဲ့ ဒီ "စီးပွားရေးတိုးတက်မှု မြန်နိုင်သမျှမြန်" ဝါဒဟာ ရေရှည်မှာရော ထိန်းထားနိုင်ပါ့မလား။

ဖြေ ။    ။ စီးပွားရေးကို မြန်နိုင်သမျှ မြန်အောင်လုပ်၊ ပြီးတော့ ရအောင်ထိန်းပေါ့။ တိုးတက်အောင် လုပ်လို့ ရပါလျက်နဲ့ မလုပ်ခဲ့ဘူးဆိုရင်တော့ ငါတို့က အရူးတွေပေါ့။ စင်္ကာပူလူမျိုးတချို့က စီးပွားရေး နှေးကွေးတာရဲ့ အပြစ်ကို မသိကြဘူး။ စီးပွားရေးနှေးကွေးနေရင် အလုပ်တွေလျော့၊ လစာတွေလည်း လျော့သွားတယ်။ အကုန်လျော့သွားတာ။

စီးပွားရေး သက်သက်နှေးအောင်လုပ်ပြီး မင်းလစာ အဖြတ်ခံမလား။ ဒါဆို မင်းအရူးပေါ့။ မဟုတ်ဘူးလား။ တိုးတက်အောင်လုပ်လို့ ရတယ်။ မင်းက မလုပ်ဘူး။ ဒါဆို တစ်ခုခု မှားနေပြီပေါ့။

မေး ။     ။ တချို့ စင်္ကာပူးရီးယန်းတွေက နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး လူမှုရေး၊ စီးပွားရေးတွေ တက်ရတာတွေကို သိပ် သဘောမကျကြဘူး။ ဒီလိုဆိုရင်တော့ စီးပွားရေးနှေးကွေးနေတာကမှ တော်သေးတယ်လို့တောင် ပြောနေကြတယ်။

ဖြေ ။    ။ ကောင်းပြီ။ ဒါဆို တို့လူမျိုးတွေက ဘာ့ကြောင့် မကျေမနပ် ဖြစ်နေရတာလဲ။ MRT တွေ၊ ဘက်(စ်)ကားတွေပေါ်မှာ နိုင်ငံခြားသားတွေနဲ့ ပြည့်နေလို့။ ဒီလိုနဲ့ တို့လူမျိုးတွေက နိုင်ငံခြားသားတွေဟာ သူတို့နေရာကို ဝင်လုနေကြတယ်လို့ထင်ပြီး မကျေမနပ် ဖြစ်နေကြတာ။ စင်္ကာပူလူမျိုးတွေ ဆေးဆိုင်သွားမယ်၊ ကော်ဖီဆိုင် သွားမယ်။ အဲ့ဒီမှာရှိတဲ့ နိုင်ငံခြားသား အလုပ်သမားက အင်္ဂလိပ်စကား မပြောတတ်ရင် မကြိုက်ကြဘူး။ ဆိုပါတော့ အဲ့ဒီဆိုင်တွေမှာ နိုင်ငံခြားသားတွေ မရှိဘူး။ ဒါဆို သူတို့စားစရာတွေ ဘယ်သူ လာချပေးမှာလဲ။ သူတို့စားထားတဲ့စားပွဲကို ဘယ်သူ သန့်ရှင်းရေး လုပ်မှာလဲ။ ကော်ဖီဆိုင်တွေကော ဆက်ဖွင့်နိုင်ဦးမလား။

အမှန်တော့ ငါတို့လူမျိုးတွေက စီတီဇင်အသစ်တွေကို ကြည့်ပြီး "သူတို့ကလေးတွေက ငါတို့ကလေးတွေရဲ့ ကျောင်းတွေ၊ စကောလားရှစ်တွေ၊ အလုပ်တွေကို လုယူကြတော့မှာ" လို့ ပြောနေကြတာ။ စီတီဇင်အသစ်တွေရဲ့ ကလေးတွေက တအားကြိုးစားကြတာ။ သူတို့ စင်္ကာပူရောက်စက အင်္ဂလိပ်လို သိပ်မတတ်ကြဘူး။ လေးငါးနှစ်လည်း ကြာရော အဲ့ဒီကလေးတွေက အတန်းထဲမှာ ထိပ်ရောက်သွားကြတယ်။

ဒီ့အပြင် နိုင်ငံခြားသား အလုပ်သမား အများစုဟာ ဝါ့(ခ်)ပါမစ်သမားတွေ၊ အလုပ်ကြမ်း လုပ်ကြရတယ်။ ပြီးတော့ သူတို့က PR ဖြစ်ဖို့၊ စီတီဇင်ဖြစ်ဖို့ အဆင့် မမီဘူး။ ဒီတော့ သူတို့ တွေးပူတာက ဒီ အလုပ်ကြမ်းသမားတွေကြောင့် လုံခြုံရေးနဲ့ လူမှုရေးပြဿနာတွေ ဖြစ်မှာကိုပဲ။ သူတို့က သူတို့ကို မှီခိုမယ့်သူတွေကိုလည်း ခေါ်ခွင့်မရှိဘူး။

တို့လူမျိုးတွေ အမှန်တကယ် မပျော်မရွှင် ဖြစ်နေတာက စီတီဇင်အသစ်တွေရဲ့ ကလေးတွေနဲ့ သူတို့ကလေးတွေကြားက အားပြိုင်မှုပဲ။

မေး ။     ။ နိုင်ငံခြားသားတွေက အလုပ်တွေ၊ ကျောင်းနေရာတွေ ဝင်ယူတဲ့ကိစ္စကို အသာထားပြီး နောက်ပြဿနာတစ်ခုက ဈေးနှုန်းချိုတဲ့ နိုင်ငံခြားသား လုပ်သားတွေက ဝင်ငွေနည်းသူတွေကို သွားပြီး ထိခိုက်စေတယ်။ ဒီလိုနဲ့ လူချမ်းသာ၊ လူဆင်းရဲ ကွာဟမှုက ပိုပြီး ကျယ်ပြန့်လာတယ်။

ဖြေ ။    ။ ဒါက တစ်ကမ္ဘာလုံး ဖြစ်နေတဲ့ကိစ္စပဲ။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ပထမအဆင့်မှာ သန်းပေါင်းများစွာရှိတဲ့ အလုပ်သမားတွေကို ဈေးချိုချိုနဲ့ ခိုင်းလို့ရတယ်။ ဒါက ဒီအတိုင်းပဲ အမြဲ ဖြစ်နေမလား။ နောက် အနှစ် (၃၀) ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံက လူတွေဟာ ပိုပြီး ပညာတတ်၊ ပိုပြီး လစာကောင်းလာတော့မယ်။ တရုတ်ပြည်ရဲ့ ပညာရေးစစ်တမ်းမှာ ပညာမတတ်သူဦးရေ တစ်နှစ်ထက်တစ်နှစ် လျော့လျော့လာနေတယ်။ သူတို့အဆင့်အတန်းကို သူတို့ မြှင့်လာကြပြီ။ ပြီးတော့ သူတို့နဲ့တန်တဲ့အဆင့်ကို ရောက်သွားကြလိမ့်မယ်။ ငါ ဆိုလိုတာက ဒီနေ့တရုတ်ပြည်နဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က တရုတ်ပြည်ကို နှိုင်းယှည်ကြည့်။ အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင် အရေအတွက်ကိုကြည့်။ တက္ကသိုလ်ရောက်တဲ့ အရေအတွက်ကိုကြည့်။ ကြာလာရင် ဝင်ငွေခြားနားမှုက တစ်သက်လုံး ကွာဟနေမှာ မဟုတ်ဘူး။

ဝင်ငွေများသူနဲ့ နည်းသူတွေကြားမှာ သူတို့လက်ခံနိုင်လောက်တဲ့ အနေအထားမျိုး ရောက်အောင် ဟန်ချက်ထိမ်းထားရတယ်။ ဝင်ငွေ သိပ်ကောင်းတဲ့လူဆီက အခွန်တွေ နင်းကန်ယူနေရင် သူက ထွက်သွားမှာ။ ဘာလို့ နေမှာတုန်း။ နိုင်ငံခြားသားတွေဆိုရင် သေချာပေါက် လစ်မှာပဲ။ အခွန်တွေ တိုးတောင်း၊ ဒီလူတွေက ဟောင်ကောင်စတဲ့ အခြားတစ်နေရာရာကို သွားနေ၊ ပြီးရင် မကောင်းပြောနေကြမှာပေါ့။

ငါတို့လူမျိုးတချို့တောင် ဒီလောက် အခွန်မပေးရတဲ့နိုင်ငံကို သွားမယ်ဆိုတာမျိုးတွေ ပြောနေကြပြီ။ ဒီတော့ ဒီဟန်ချက်ကို ညီအောင်ထိမ်းထားမှ ရမယ်။ စင်္ကာပူတိုးတက်ဖို့ သူတို့လိုတယ်။ သူတို့ကိုလည်း ခံစားခွင့်ပေးထားမှ သူတို့က ကျေကျေနပ်နပ်နဲ့ အလုပ်လုပ်ကြမှာပေါ့။

ပြီးတော့ အရေးကြီးတဲ့ကဏ္ဍတွေမှာ သုံးစွဲနိုင်ဖို့ ဘက်ဂျက်ညီအောင် ညှိရတာတွေလည်း ရှိလာပြန်တယ်။ ရေခွန်၊ မီးခွန်တွေ၊ ဝန်ဆောင်မှုအခွန်တွေ၊ ပညာရေး၊ ကျန်းမာရေး၊ အိမ် - စတာတွေ အများကြီးပေါ့။ ဒီထက်ပိုပြီး အရေးကြီးတာက လာမယ့်မျိုးဆက်တွေအတွက် ပိုပြီး ညီညီမျှမျှ ဖြစ်နိုင်ဖို့ လုပ်ပေးရတယ်။

ဘယ်သူ၊ ဘယ်ကျောင်းသားမှ နောက်ကျ ကျန်နေခဲ့တာ မဖြစ်စေရဘူး။ မင်းမိသားစုက ဘာပဲဖြစ်နေနေ တစ်ယောက်ယောက်၊ အဖွဲ့အစည်းတစ်ခုခုက မင်း ရသင့်ရထိုက်တဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေ အပြည့်အဝရဖို့ ကူညီနေကြမှာပဲ။ ဒီကြားထဲ မင်း ကိုယ်တိုင်ကျောင်းထွက်တာ၊ ကျောင်းက အထုတ်ခံရတာတွေ ဖြစ်လာရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲပေါ့။ သိပ်တော့ မရှိတော့ပါဘူး။ မိဘတွေကလည်း သဘောပေါက်လာကြပြီ။ သူတို့အိမ်နီးချင်းကလေးတွေက ပညာတွေတတ်လို့ လစာတွေကောင်း၊ အိမ်ကောင်းကောင်းတွေမှာ ရွေ့ပြီနေ - စတာတွေ တွေ့နေကြရပြီလေ။

ပြီးရင် အိမ်ဈေးတွေ တက်လာလိမ့်မယ်လို့ ငါတို့က တွက်ဆထားတော့ သူတို့ အနားမယူခင် အိမ်ဝယ်နိုင်အောင် ထိုက်သင့်တဲ့ငွေပမာဏကိုလည်း ထုတ်ချေးပေးရတယ်။ သူတို့ဝယ်စဉ်က ဒေါ်လာ နှစ်သိန်းလောက် ကျမယ်ဆိုရင် သူတို့လည်း အနားယူရော အဲ့ဒီအိမ်က ဒီထက် အများကြီး ပိုတန်သွားပြီ။ အိမ်မြေဈေးတွေက တန်းဖိုး တက်ကိုတက်နေရမယ်။ ဘာ့ကြောင့်လည်းဆိုရင် စီးပွားရေးကလည်း တက်နေတယ်။ အစိုးရကလည်း အခြေခံအဆောက်အအုံတွေနဲ့ လူ့ပတ်ဝန်းကျင်ကို ပိုကောင်းအောင် ပုံမှန် လုပ်ဆောင်ပေးနေလို့။

တို့မှာ မြေပေါ်မြေအောက် ရထားတွေ ပိုပို များလာလိမ့်မယ်။ လှပတဲ့ ဥယျာဉ်ပန်းခြံတွေ၊ ရေမြောင်းတွေ များလာမယ်။ ဒါက တိုးတက်လာတဲ့ နိုင်ငံတော်ဆီက လူတိုင်းလူတိုင်း ခံစားရအောင်လို့ တမင် ရွေးချယ်ချမှတ်ထားတဲ့ အစိုးရရဲ့ ပေါ်လစီပဲ။

မေး ။     ။ လူတန်းစား၊ အရည်အချင်းကွာခြားမှုက တခြားနိုင်ငံတွေနဲ့စာရင် စင်္ကာပူမှာက ပိုများနေတယ်။ ဥပမာ ... ဂျပန်။ သူတို့က နိုင်ငံခြားသားတွေ အများကြီး ဝင်ခွင့်ပြုတဲ့ တံခါးဖွင့်ဝါဒကို မကျင့်သုံးကြဘူး။

ဖြေ ။    ။ မှားနေပြီ။ ဂျပန်က ငါတို့ယူတဲ့ မော်ဒယ် မဟုတ်ဘူး။ ဂျပန်မှာ အခက်အခဲတွေ ဖြတ်စရာ ရှိတယ်။ ကလေးမွေးဖွားနှုန်း လျော့ကျမှု၊ သက်ကြီးရွယ်အိုတွေ ပိုများလာမှုတွေ ရှိတယ်။ သူတို့က နိုင်ငံခြားသား လက်မခံချင်ဘူး။ ရှင်နိုဖိုဘစ်ရှိတယ်။ သူတို့ ဒုက္ခ အကြီးအကျယ် တွေ့ဦးမယ်လို့ ငါ ထင်တယ်။

ဘာ့ကြောင့်များ မင်းက ဂျပန်နဲ့ သွားနှိုင်းရတာလဲ။ လူ့အဖွဲ့အစည်း၊ လူ့ယဉ်ကျေးမှု တခြားစီ၊ ငါတို့နဲ့တူတာ ဘာမှ မရှိဘူး။ နှိုင်းခြင်းနှိုင်းရင် စင်္ကာပူကို ဟောင်ကောင်၊ ကွာလာလမ်ပူ၊ မနီလာ၊ ဂျကာတာတို့နဲ့ နှိုင်းသင့်တယ်။ ဒါမှ ငါတို့ ပတ်ဝန်းကျင်ရယ်။


ဇင်ဝေသော်
Zin Wai Thaw