မြန်မာ နှင့် ဘားမားကလည်း လိပ်ခဲ တည်းလည်း ရှိနေဆဲဖြစ်ဟန်တူသည်။ ကမ်းလက်ပေါ် တက်လာသည့် ဖေစ့်ဘွတ် လိပ်စာ များတွင်ကား မြန်မာဟု သိပ်မတွေ့ရ ဘားမားဟုသာ တွေ့နေရသည်။ ထိုအချက်ကို ထောက်ဆပြီးလူငယ်များကြားတွင် အဖွဲ့ချုပ်က သိသိသာသာ အသာစီး ရနေသည်ဟု သွယ်ဝိုက်၍ ကောက်ချက် ချနိုင်သည်။ ထို့ကြောင့် လက်လှမ်းမှီသမျှ မြန်မာ ဘားမား နှင့် ပတ်သက်ပြီး သဲလွန်စ ရှာကြည့်မိသည်။
ဆဋ္ဌသင်္ဂါယနာ ပါဠိတော်စာအုပ်ကြီးများ နိဒါန်း၌ကား မရမ္မ ရဋ္ဌ ဟုတွေ့ရသည်။ ဦးနု၏ အစိုးရ လက်ထက်က ပေးသော နာမည် ဖြစ်ဟန်တူသည်။ မှားက ပညာရှင်တို့ ထောက်ပြကြပါစေ။
သို့သော်ရှေးကျသောတွေ့ရှိမှု အထာက်အထားများ အရ
ဗြဟ္မဒေသ (Brahma Desh ) ဗမာနိုင်ငံ
ဗြဟ္မ= မြင့်မြတ်သော။ ဒေသ= နေရာ၊ တိုင်း၊ နိုင်ငံ။ ဗြဟ္မဒေသ ကို ဗြဟ္မာ့ပြည် ဟုတော့ မပြန်ဆိုသင့်။
ဤစကားကို အရမ်းကာရော ပြောသည်ဟု မမှတ်ထင်စေလိုပါ။ အိန္ဒိယန်းများ ရေးသားထားသည့် ကျမ်းစာအချို့၌ ဗမာ နိုင်ငံကို ဖော်ပြရာ( ဗြဟ္မဒေသ ) ဟု ကွင်းစ ကွင်းပိတ်များဖြင့် ပြတတ်သည်။ အဓိပ္ပါယ် ထိမိလှသလို ဖြစ်နိုင်ခြေလည်း ရှိသည်ဟု ယုံကြည်မိသည်။ မြန်မာ နိုင်ငံသည် အိန္ဒိယ တရုတ် နိုင်ငံကြီး နှစ်ခု ကြား၌ တည်ရှိသည် မှန်သော်လည်း ပုဂံခေတ်မှ စ၍ မြန်မာတို့ ယဉ်ကျေးမှု၊ ဘာသာစကား နှင့် ဘာသာတရား အပေါ် အိန္ဒိယ လွှမ်းမိုးမှုက များခဲ့သည်။ ပါဠိ ဘာသာစကား လွှမ်းမိုးမှုက များခဲ့သည်။ ဗူးသီးပေါင်းကြော် လွှမ်းမိုးမှု မရှိ။
မြို့ ရွာ အမည်များကို မှည့်ခေါ်ရာတွင် သထုံခေတ်၌ သုဝဏ္ဏ ဘုမ္မိ၊ ပုဂံခေတ်ဦး၌ အရိမဒ္ဒန၊ တမ္ပဒီပ စသော ပါဠိ ဝေါဟာရများ ကို တွင်တွင်သုံးစွဲခဲ့သည်။ ထိုယဉ်ကျေးမှုက ကုန်းဘောင်ခေတ် အထိ ရှိနေဆဲဖြစ်သည်။ ရတနာပူရ ( ရတနာပုံ၊ ရွှေမန္တလေး ) ၊ အမရပူရ ( အမရပုံ ) ဟု မခေါ်ကြ၊ တောင်မြို့ ဟု ခေါ်ကြသည်။ ((( ဘာမှန်း မသိ၊ မစဉ်းစားတတ်။ ရတနာပူရ ကို ရတနာပုံဟု ခေါ်လျှင် အမရပူရကိုလည်း အမရပုံဟု ခေါ်သင့်သည်။ )))
ယင်းတို့ကို ထောက်ဆလျှင် ယခု ဗမာ ဟူသော ဝေါဟာရသည် လူမျိုးကို ခေါ်ဝေါ်သော အမည်ထက် ဒေသကို ခေါ်ဝေါ်သောအမည် ဖြစ်ကြောင်း ယူဆနိုင်သည်။
Asoka, The Great ဟူသော စာအုပ်၌ ဗမာနိုင်ငံကို Brahma Desh ( ဗြဟ္မဒေသ ) ဟု အတိအလင်း သုံးစွဲထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဗမာ၏ ဝေါဟာရကို ခြေရာခံကြည့်ရာ Brahma Desh ( ဗြဟ္မဒေသ ) ကသာ သဘာဝကျပြီး ဤအမည်သည် ဗြိတိရှတို့က မြန်မာကို အသံမထွက်တတ်သောကြောင့် Burma ဟု အသံထွက်ခဲ့သည်ဟူသော ပါးစပ် ရာဇဝင်စကားကို ပြန်လည် သုံးသပ် သင့်ကြပေပြီ။
Brahma မှ Burma ဖြစ်လာသည်။ ဤ အထောက်အထားတို့ အရ Burma က လှသည်။ ခန့်သည်။ မဟာဆန်သည်။ မြန်မာကြီးက ဘာတွေက မြန်ပြီး ဘာကြီးက မာနေသည် မသိ။ အနည်းငယ် ( များများလည်း ဖြစ်ဖွယ်ရှိ ) မော်ဒန်နိုက်ဇ် ဖြစ်လွန်း၏။

Post a Comment