ကုန်းဘောင် ငလျင် နဲ့ မှတ်စုတို


မန္တလေး၊ ရွှေဘို၊ မုံရွာ၊ မိုးကုတ် စတဲ့ မြန်မာပြည် အလယ်ပိုင်းမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် အသက်ဆုံးပါးရရှာသူ၊ ပျက်စီးဆုံးရှုံးမှုများအတွက် မိသားစု များနဲ့ အတူ ဝမ်းနည်းပါတယ်။
( ကမ်းလက် )

ဒါနဲ့ ဆက်စပ်ပြီး သတင်းစာ ဆောင်းပါးတစ်ပုဒ်ထဲကနေ ရေးကူးထားမိတဲ့ မှတ်စု အတိုလေးကို မျှဝေချင်ပါတယ်။ ကြာပါပြီ၊ ခုနှစ် မှတ်မထားလိုက်မိပါ။

" ၇.၆ စကေး ရှိတဲ့ ငလျင် ကာလီဖိုးနီးယားမှာ လှုပ်တော့ လူ
ူပေါင်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။
  ၇.၆ စကေးပဲ ရှိတဲ့ ငလျင် ကက်ရှမီးယားမှာ လှုပ်တော့ လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါတွေကိုကြည့်ရင် သဘာဝဘေးခြင်း တူနေရင်တောင်ဆင်းရဲတဲ့ နိုင်ငံတွေမှာ အဆပေါင်း များစွာ ပိုသေတယ် ဆိုတာ တွေ့ရှိရပါတယ် " တဲ့။
အဆောက်အဦတွေ အဆင့် မမီ ခြင်း ၊ လူဦးရေ ထူထပ်ခြင်း၊ သတင်း အချက် အလက် နောက်ကျခြင်း ( သို့ ) မှားယွင်းခြင်း၊ ကယ်ဆယ်ရေး မရှိ ( သို့ ) နှေးကွေးခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ဒီတာဝန်က ကျန်ရစ်သူတွေရဲ့ တာဝန်သိ ပခုံးတွေပေါ်မှာ..............
စာနာစွာဖြင့်


ဇင်ဝေသော်

သူတို့ချန်ထားခဲ့သည့် ပုံရိပ်များ


တစ်ခါက ကမ္ဘာသိ ဆရာတော်ကြီးတစ်ပါး တနင်္ဂနွေနေ့ တရားဟောရန် ကြွရောက်လာခဲ့သည်။ ထိုဆရာတော်ကြီးကား K. Sri Dhammananda ဆိုသည့် ကွာလာလမ်ပူ အခြေစိုက် သီရိလင်္ကာ ဆရာတော်ကြီးပင် ဖြစ်သည်။ ဆရာတော်ကြီး၏ “What Buddhists Believe” သည် မာစတာပိစ်ဟု ခေါ်ရလောက်အောင် ကောင်းလည်းကောင်း၍ အုပ်ရေပေါင်း များစွာလည်း ကမ္ဘာပြန်နှံ့ခဲ့သည်။
ထိုဆရာတော်ကြီးသည် ကျော်သည်နှင့်အညီ အလွန်လည်း တော်သည်ဟု ထင်သည်
။ ကျောင်း ရောက်လာခိုက်
“ဦးဇင်းက ဗမာလား” “Are you a Burmese?”
“မှန်ပါတယ်ဘုရား” ဟု ပြန်လျှောက်စဉ်
“မင်္ဂလာပါ” ဟု အရင်ဆုံး ဗမာလို နှုတ်ဆက်သည်။
ထို့နောက်
“ဒီကျောင်းကို တရားဟောဖို့ ရောက်တော့ ရောက်ဖူးပါတယ်။ ဒါပေမယ့်မေ့ကုန်ပြီ။ ဒီကျောင်းအတွင်းတရားဟောရာမှာ ဆောင်ရ ရှောင်ရမယ့် အချက်တွေရှိရင် ဦးပဉ္စင်းက ကြိုတင်လျှောက်ထား အသိပေးပါဦး” ဟု အင်္ဂလိပ်လို ဆက် မိန့် လာသည်။

ရိုးသားစွာ ဆိုပါအံ့။ ဤစကားမျိုး မကြားခဲ့ဖူးရိုး အမှန်ပင် ဖြစ်ပါသည်။ ကမ္ဘာသိ ဆရာတော်တစ်ပါးထဲမှ မဆိုထားလင့်၊ မြန်မာသိ ဆရာတော် များထံမှပင် မိမိတို့ တရားဟောမည့် ကျောင်း (နေရာ၏) ဆောင်သင့်၊ ရှောင်သင့်သော အချက်တို့ကို ကြိုတင်မေးတာ မဖြေခဲ့ရဖူးပေ။ ကမ္ဘာကျော်သည့် ဆရာတော်တို့သည် ကမ္ဘာ့စံညွှန်းနှင့်လည်း ညီညွှတ်ပေ၏ဟုသာ သဘော ပေါက်လိုက်ရသည်။ ကမ္ဘာ့စံညွှန်းဟု ဆိုလိုက်သဖြင့် ဗုဒ္ဓဘာသာအဆုံးအမတို့ကို ကျော်ခွရာ ရောက်ပေလိမ့်မည်။ အမှန်မူ ဤကိစ္စတို့သည် ကျောင်းနေရဟန်း (အာဝါသိက) နှင့် ဧည့်သည် ရဟန်း (အာဂန္တုက) တို့ ရှိသင့်သည့် အပြန်အလှန် ဝတ္တရားတို့သာ ဖြစ်ကြပါသည်။

ထိုဆရာတော်ကြီးက
“တို့ကို တရားချီးမြှင့်ဖို့ ပင့်ထားတာကတော့ (၁၀) နာရီကနေ (၁၁) နာရီအထိကွ၊ (၁၁) နာရီမှာ မင်းတို့ ဘုရားဆွမ်းကပ်ရှိတယ် မဟုတ်လား။ ဒါဆို ပြင်ဖို့ဆင်ဖို့ အချိန်ရအောင် တရားပွဲကို (၁၀း၅၀) နာရီလောက်မှာတော့ ရပ်မှ ကောင်းမယ် ထင်တယ်” ဟု သူ့ဘာသာ ဆက်လက်မိန့်သည်။

“မှန်လှပါ။ (၁၀) မိနစ်ဆိုရင် အချိန် လုံလောက်ပါတယ်ဘုရား” ဟု ကျေးဇူးတင်စွာ ပြန်လျှောက်ထားမိသည်။ ဆက်ဟောနေမည်ဆိုလည်း ဤသို့သော ဆရာတော်ကြီးမျိုးကို ဘာမှ လျှောက်ကြတော့မည် မဟုတ်ပါ။ သို့သော် လူမှုရေး ကျမ်းကျေသော ထိုဆရာတော်ကြီးက တရားကို မိနစ် (၅၀) ဖြင့် ပြောချင်တာ ခြုံငုံမိအောင် ပြောဟောခဲ့ပြီး (၁၀) နာရီ၊ မိနစ် (၅၀) တွင် တရားပွဲ သိမ်းလိုက်တော့သည်။

သူတစ်ပါးတို့၏ အချိန်ဇယားကို တန်ဖိုးထားသော ထိုဆရာတော်မျိုးအတွက် နာမည်ကြီးတာကပင် နည်းနေသေးသည်ဟု တွေးလိုက်မိတော့သည်။ ကမ္ဘာ့လူထုထဲဝင်ရန် ကမ္ဘာ့စံညွှန်းလို၏။ ငါ ဟောချင်သလောက်ဟော၊ ငါ အဆုံးသတ်ချင်တဲ့ အချိန်သတ် လုပ်၍မရ။ အခြား အခြားသော အက်တီဗီတီများ ကမောက်ကမ ဖြစ်သွားနိုင်သည်။

နောက်ထပ် ကြုံတွေ့ရသော ဆရာတော်ကြီးကား မဟာယာန ဆရာတော် တစ်ပါးဖြစ်သည့် မြန်မာတို့နှင့် အကျွမ်းတဝင်ရှိသော စင်္ကာပူ ရွှေကျောင်းဆရာတော် ချီပါစောပင် ဖြစ်သည်။ မဟာယာနဟု ဆိုသော်လည်း ထိုဆရာတော်က ထေရဝါဒရဟန်းတော်များနှင့် ပို၍ နီးနီးကပ်ကပ် ရှိသည်ဟု ထင်သည်။ မြန်မာပြည်မှာ လှူသလို ထိုင်း၊ သီရိလင်္ကာတို့မှာလည်း တော်တော် လှူဒါန်းသည်။ သူအများဆုံး လှူသောနေရာမှာ သီရိလင်္ကာဟု ထင်သည်။

ထိုဆရာတော်နှင့် ပတ်သက်၍လည်း အထင်တကြီး တော်တော် ဖြစ်ခဲ့ရသည်။
အခမ်းအနားတစ်ခုမှာ သူက တရုတ်လို မိန့်ပြီး သူ့တပည့် ရဟန်းတော်ကို အခြားဘာသာဖြင့် ဘာသာပြန်ပေးဖို့ ခေါ်လာခဲ့သည်။ သို့သော် အရေးထဲ အရာပေါ်ဆိုသလို လူ့ရှေ့ရောက်ပါမှ ဘာသာပြန်ဖို့ ခေါ်လာခဲ့သော ရဟန်းက အိုးနင်းခွက်နင်း ဖြစ်နေလေတော့သည်။ မိမိတို့ ကြုံတွေ့နေကျ မြင်ကွင်းက ဤသို့ဖြစ်လျှင် ဆရာက တပည့်ကို ဆူပူငေါက်ငမ်းခြင်းတို့ ဖြစ်သည်။ အချို့ဆိုလျှင် ကြမ်းရှသော စကားများပင် ပါလာတတ်သေးသည်။ ပရိသတ်လည်း စိတ်ညစ်ရ၊ တပည့်လည်း သိက္ခာကျ၊ ဆရာကိုယ်တိုင်လည်း သိက္ခာကျ ဖြစ်ရသည်။

ချီပါစောကား ဤသို့ မဟုတ်။ အေးငြိမ်းသော မျက်နှာအသွင်အပြင် လုံးဝ မပျက်၊ တပည့်ကို ကြိုးစားကြည့်ဖို့သာ ချိုချိုသာသာ အားပေးနေသည်။ မတတ်နိုင်တော့သည့် နောက်ဆုံး နောက်တစ်ခါဆိုရင် ဒီထက် ပိုကောင်းအောင် ပြင်ဆင်ခဲ့ပေါ့ဟုသာ ပြုံးပြုံးဖြင့် မိန့်လိုက်တော့သည်။

ချီပါစော လူရှေ့တွင် ပြသွားသော ပုံရိပ်က တော်တော်လှသည်။ သူ့လိုဆရာတော်ကြီး တစ်ပါးက ဒေါသတကြီးဖြင့် တပည့်ကို ငေါက်ငမ်းနေလျှင် ကမ္ဘာ့ပရိသတ်အလယ်မှာ လွန်စွာ အရုပ်ဆိုးသွားနိုင်သည်။ ယခုမူ ပြင်ဆင်မှု အားနည်းခဲ့သော တပည့်ကို အပြုံးဖြင့် ခွင့်လွှတ်ပြသွားခဲ့သည်။  ချီပါစော ဆရာတော် ဒေါသနည်းခြင်းလား။ ပရိသတ်ရှေ့မှာ ရှိနေသင့်သော ပုံရိပ်ကို စနစ်တကျ လေ့ကျင့်ထားခြင်းလား။ မသိပါ။ နှစ်ခုစလုံး ဖြစ်နိုင်ပါသည်။ အဆိုးမြင်ဝါဒဖြင့်အဆုံးစွန်အထိ တွေးကြည့်မည်ဆိုလျှင် လူ့ရှေ့မှာ ပြုံးပြုံးဖြင့် ခွှင့်လွှတ်ခဲ့ပြီး လူကွယ်ရာရောက်မှ ငါ့ကို အရှက်ခွဲတဲ့ကောင်ဆိုပြီး ခပ်နာနာ ဒဏ်ခတ်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ဤသို့အထိတော့ မထင်ပါ။ ရှိပါစေတော့။

မည်သို့ဆိုစေ။ ဒေါသမကင်းသော ပုထုဇဉ် ရဟန်းတစ်ပါးအနေနှင့် အရုပ်ဆိုးလှသော ဒေါသပုံရိပ်ကြီး လူထုရှေ့ ချမပြခြင်းကပင်အထင်ကြီးစရာ ကောင်းလွန်းလှပေသည်။ ကမ္ဘာကျော်သည်ဟုမဆိုနိုင်စေ၊ ရွှေကျောင်းဆရာတော်လည်း အာရှတော့ ကျော်ပါသည်။ ကျော်သင့်သော Public Image လည်း သူ့မှာ ရှိနေသည်။ အထင်ကြီးလေးစား ကြည်ညိုမိ၏။

နောက် တစ်ခုကား ၂၀၀၀၊ ၂၀၀၁ ခန့် မဟာသန္တိသုခကျောင်းတော်ကြီး အာဏာ အသိမ်း မခံရခင်က ဖြစ်သည်။ ရဟန်းတော် ၂၁ ပါး၊ ဆရာလေး ၅ ပါးတို့ သင်တန်းတက်နေသည့် ပထမပတ် သင်တန်း တစ်ဝက်လောက်ဟု ထင်သည်။ ဆရာလေး ၅ ပါးတွင် မဟာယာန ဘိက္ခုနီ တစ်ပါးလည်း ပါဝင်သည်။ တစ်နေ့ ထို မဟာယာန ဘိက္ခုနီ၏ အသိ ထိုင်ဝမ်မှ မဟာယာန ရဟန်းငယ်တစ်ပါး အလည်ကြွရောက်လာခဲ့ပြီး မိမိတို့ အင်္ဂလိပ်စာလေ့လာ နေပုံကို အကဲဖြတ်ပြီး မြန်မာ ရဟန်း၊ ဆရာလေးများ အင်္ဂလိပ်စာ သင်ကြားရာ ကိုယ်တိုင် လေ့လာဖို့ အထောက် အကူ ရေဒီယို ကက်စက်ပင် အများအားဖြင့် မရှိကြသည်ကို တွေ့ရှိသွားလေတော့သည်။
ထိုအခါ အားလုံးအတွက် သူ လှူချင်သည်ဟုဆိုကာ သူ၏ ဓမ္မမိတ်ဆွေ မဟာယာန ဘိက္ခုနီ၊ ကျောင်းထိုင်ဆရာတော်နှင့် တိုင်ပင်လေတော့သည်။ အားလုံးအတွက် လှူမည်ဆိုသဖြင့် ခပ်ပေါပေါ တရုတ်ဖြစ် ရေဒီယို ကက်စက်သာ ဖြစ်လိမ့်မည်ဟု ထင်နေမိသည်။ မဟုတ်ပေ၊ ဂျပန်ဖြစ်၊ စီဒီပါ ဖွင့်လို့ရသည့် ဈေးအကြီးဆုံး ရေဒီယို ကက်စက်များ အလုံး ၂၈ လုံး ( သံဃာစေ့ အပြင် ဆရာသုံး၊ ကျောင်းသုံးဖို့ အတွက်ပါ ) ချက်ချင်း သွားဝယ်ပြီး လှူဒါန်းလေတော့သည်။ ထိုစဉ်ကပင် ၂ သောင်းကျော် တန်သည်ဟု သိရသည်။ ငမွဲ သီဟနာဒကား ထိုအခါရောက်မှ ဂျပန်ဖြစ်ကို သုံးဖူးသဖြင့် ကျေးဇူးလည်း တင်မဆုံး၊ ဂျပန် ပစ္စည်းကိုလည်း ချီးမွမ်းမဆုံး ဖြစ်ခဲ့ရသည်။

ဤမျှ ငယ်ရွယ်သော ရဟန်းက ဤမျှ လှူဒါန်းနိုင်သလား ဟုလည်း သူ့ငွေ၊ သူ့ စေတနာကို အံ့ဩမဆုံးဖြစ်မိသည်။ နောက်မှ သိရသည်မှာ အဖွဲ့က တစ်နှစ်အတွက် သုံးစွဲရန် ခွင့်ပြု ထားသော ဝတ္ထုငွေ ပမာဏ ရှိသည်။ ထို အတိုင်အတာ အတွင်း သူ သုံးစွဲခွင့်ရှိသည် ဟု ဖြစ်လေသည်။
ခွင့်ပြုငွေ အားလုံး ဤမှာ သုံးလိုက်လျှင် သူ့အတွက် အနည်းငယ် ကျပ်တည်းသွားလိမ့်မည် ဟူသော သသခါင်္ရိက စိတ်တွန့်၊ စိတ်ရွံ့ သူ့မှာ မရှိ။ သူက ပိုက်ဆံ ချမ်းသာတာကိုး ဟု အချို့က တွေးကောင်း တွေးနိုင်၏။ ပိုက်ဆံ ရှိခြင်းနှင့် လှူခြင်းက တိုက်ရိုက် မဆက်စပ်ပါ။ ပိုက်ဆံ ရှိ၍ လှူသည် မဟုတ်၊ စေတနာ သဒ္ဓါ ရှိ၍သာ လှူခြင်းဖြစ်သည်။

ကိုယ်တိုင် အလှူခံသူများတွင် ပါဝင်နေ၍ ပြောခြင်း မဟုတ်ပါ။ ဘာအတွက် ညာအတွက် စသည် အလှူခံပြီး ပြန်လည်လှူဒါန်းတတ်ကြသည်ကိုသာ အတွေ့များပြီး မိမိအတွက် အလှူငွေကို ဤလို ရက်ရက် ရောရော လှူသည်က ကြုံရခဲ၏။ မရှိဟု မဆိုလို။

ထိုမှနောက် လူတစ်ယောက်၏ တန်ဖိုးသည် အမည်နာမတွေနဲ့ ( ထေရဝါဒ၊ မဟာယာန စသည် ) မဆိုင်၊ သင်္ကန်း အရောင် အသွေးနဲ့ ( အညို၊ အဝါ၊ မီးခိုးရောင် စသည် )လည်း မဆိုင် ရဲဝံ့စွန့်လွှတ်ခြင်း၊ အသင်္ခါရိက ဆန်ခြင်းသာ ဖြစ်သည်ဟု သဘောပေါက်မိသည်။ ထိုရဟန်းငယ် ပေးခဲ့သော ပုံရိပ်က ယနေ့ မိမိဘဝ အတွက် အတောက် အပ ရှိနေသလို အထောက် အပံ့လည်း များစွာ ရှိနေဆဲဖြစ်၏။ ထို ရဟန်းငယ်က မိမိတို့အောက် များစွာ ငယ်၏။

သင့်မှာ ခွင့်ပြုငွေ တစ်နှစ်လျှင် ဒေါ်လာ ၅ ထောင်ရှိ၏။ ဒေါ်လာ ၄ ထောင် လှူပြီး ၁ ထောင်ဖြင့် ကျပ်ကျပ် တည်းတည်း မျှတ နိုင်ပါ၏ လား ဟု ကိုယ်တိုင် မေးမိသောအခါ ( အများအားဖြင့် ) သသင်္ခါရိက ဆင်ခြေများ တက် တက် လာတတ်၏။

ဘာမှ ထူးထူးခြားခြား မရည်ရွယ်ပါ။ ကြုံတွေ့ခဲ့ရ၊ ကြုံတွေ့နေရသော ဤအဖြစ်အပျက် တို့သည် လူထုအမြင်မှာ တော်တော်ကောင်းသော Public Image များ ဖြစ်သည်ဟု ခံစားမိ၍သာ ရေးသားမိခြင်း ဖြစ်ပါသည်။

မြန်မာရဟန်းတစ်ပါး ဖြစ်သဖြင့် အားနည်းချက်များ ကိုယ့်ဆီမှာလည်း ရှိကြောင်း ဝန်ခံပါသည်။ သို့သော် ဝိုင်း၍ မကူကြ၊ မပြောကြလျှင် မိမိတို့ ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု ခံစားမိ၍သာ (စကား ရိုင်းရိုင်းဆိုရလျှင်) ပက်လက်လှန်၍ တံတွေး ထွေးခြင်း ဖြစ်သည်။ ကိုယ့်အပေါ် ပြန်ကျဖို့ ရာခိုင်နှုန်းတော့ များပါ၏။
အတွင်းကောင်းဖို့ လိုသလို အပြင်လှဖို့လည်း လိုလာပါသည်။




သီဟနာဒ

တစ်လစာ ဖုန်း အခွန် 11 thousand trillion euros


တယ်လီဖုန်းခ ဆောင်မယ့် အမျိုးသမီးက အရေးတကြီး ဖုန်းဆက်တော့ ရုံးဝန်ထမ်းက ဖြေတယ်
" ဟယ်လို၊ ဒီလ ပေးဆောင်ရမယ့် တယ်လီဖုန်းခက သိပ်များလွန်းနေလို့ပါ "
" ဆောရီးပါရှင်၊ များလည်း ပေးဆောင်ရမှာပါ "
" မဟုတ်သေးပါဘူး၊ တစ်ခုခု မှားနေလို့ ဖုန်းဆက်တာပါ "
" ကွန်ပျူတာက မမှားနိုင်ပါဘူး ရှင် "
" တစ်လစာ ဖုန်း အခွန် က 11 thousand trillion euros ကျတယ်လို့ ဖော်ပြထားပါတယ် "
" စိတ်မကောင်းပါဘူးရှင်၊ ဒါကို ပြင်လို့ မရပါဘူး "
" ရှင်တို့ အရူးတွေပဲ၊ ဒီလောက်များတဲ့ ဖုန်းအခွန် တကမ္ဘာလုံး ဘယ်သူမှ မဆောင်နိုင်ဘူး "
" ကိစ္စမရှိပါဘူး၊ အရစ်ကျ ပေးသွားလို့ ရပါတယ် "

ပုံပြင်လို့ မထင်ကြပါနဲ့၊ ပြင်သစ်က Solenne San Jose of Bordeaux ဆိုတဲ့ အမျိုးသမီးရဲ့ တစ်လစာ ဖုန်း အခွန် က 11 thousand trillion euros ဖြစ်နေလို့ ဝန်ထမ်းကို ရှင်းပြရတာ ၄၅ မိနစ် ကြာသွားတယ်လို့ ပြင်သစ် သတင်းဌာန တစ်ခုဖြစ်တဲ့ Sud Ouest က ဖော်ပြထားပါတယ်။
( ဒီ သတင်းရဲ့ မော်ရယ်က အခွန် နဲ့ ကွန်ပျူတာကို မယုံနဲ့ တဲ့။ )

ပဲရစ် မရောက်သော လမ်း

Pakistan နိုင်ငံ၊ Lahore မြို့ကနေ ပဲရစ်မြို့ကို ထွက်တဲ့ လေယာဉ်ပေါ်မှာ အမျိုးသမီး ခရီးသည်တစ်ယောက် တရေးတမော အိပ်ပျော်သွားခဲ့ပါတယ်။ သူမအိပ်ပျော်တာ နည်းနည်းကြာသွားတော့ ပဲရစ်မြို့ လေယာဉ်ဆိုက်ချိန်မှာ မဆင်းလိုက်ရပါဘူး။ ဒါနဲ့ လေယာဉ်က ပြင်သစ်ကနေ အီတလီ၊ အီတလီကနေ Pakistan နိုင်ငံ၊ Lahore မြို့ကို ပြန်ဆိုက်ရောက်ခဲ့ပါတယ်။
သူမအိပ်ရာက နိုးလို့ ပဲရစ်ထင်ပြီး ဆင်းမယ်လုပ်တော့မှ သူမရဲ့ နေရာ Lahore မြို့ကို ပြန်ရောက်နေတယ်ဆိုတာ သိရပါသတဲ့။ သူမကို မနှိုးရကောင်းလာလို့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေယာဉ်ဝန်ထမ်းတွေကို အပြစ်တင်နေတုန်း သူမ ဖောင်ဖြည့်ထားတာတွေ၊ လေယာဉ်လက်မှတ် အချက်အလက်တွေက မညီလေတော့ တာဝန်ရှိသူတွေက သူမကို ချက်ချင်း ပြည်ဝင်ခွင့် မပေးဘူးလို့ သိရပါတယ်။
Express News၊Pakistani TV show
( ဒီ သတင်းရဲ့ မော်ရယ်က အသွား အပြန် လက်မှတ်မပါမှ လေယာဉ် ဝန်ထမ်းတွေက အိပ်ပျော်နေရင် နှိုးတယ် တဲ့ )

အမှာ။ ။ အက်ဒမင် ခွင့်ယူထားလို့ အဆင်မပြေတာတွေ ခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်။


 ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့် များ ( ၆ )

" ယန္တယား တခုလုံးကို စီးပွားရေးတွက် တွက် ထားတဲ့ စင်ကာပူ..."

ဒီမှာလည်း အကောင်းရော အဆိုးရော မြင်မိပါတယ်။ ဒီ ကွန်မင့်ဟာ စင်္ကာပူနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ် မရှိ မှန်တယ်လို့လည်း ထင်ပါတယ်။ သိပ်ပြီး တိုးတက်ချင်တော့ ဈေးတွက်တွက်ပြီး အလုပ်လုပ်ကြရတယ်၊ ဒီ အားနည်းချက်ကြောင့် ဘယ်မှာသွားထိသလဲ ဘာတွေကို ကြည့်ရမလဲ ဆိုရင် အနုပညာ၊ စာပေ၊
အားကစား နဲ့ ယဉ်ကျေးမှု စတဲ့ ကဏ္ဍတွေမှာ အားနည်းသွားတော့တယ်။ နိုင်ငံသစ်ကလေး မို့ လို့ ပြောရင်တော့ ရတာပေါ့။ နိုင်ငံကသာသစ်တာ ဒီမှာ နေနေကြတဲ့ လူတွေက အသစ်တွေ မဟုတ်ကြပါဘူး။ သူလို ကိုယ်လို အာရှသားတွေပဲ။

အရင်ဆုံး ဈေးတွက် တွက်ပြီး အင်္ဂလိပ်စာ ရုံးသုံးလုပ်တော့ တရုတ်လူမျိုးတွရဲ့ အနုပညာ နဲ့ စာပေအမွေ ကောင်းကောင်း မရတော့ဘူး။ ဒါနဲ့ ပတ်သက်လို့ တရုတ်ဘွဲ့ရ ပညာတတ်တွေက အခုအထိ မကျေကြသေးဘူး။ စာပေနဲ့ယဉ်ကျေးမှုပါ ကိုယ်ပိုင်အမွေ မကျန်တော့လိုပ့ါ။ စင်္ကာပူရီးယန်း မလေးနဲ့ အိန္ဒိယန်းတွေက သူတို့ စာပေနဲ့ ယဉ်ကျေးမှု စတာတွေကို အပြောက်မခံဘူး။ လက်သိပ်ထိုး ထိန်းသိမ်းကြတယ်။

တိုးတက်တဲ့ နိုင်ငံတွေထဲ အနုပညာ နဲ့ ဖန်တီးမှုမှာ စင်္ကာပူ တော်တော်ညံ့ပါတယ်။ လူဦးရေ ကြောင့်လို့ ပြောနိုင်ပေမယ့် တကယ့် ပါရမီရှင်တွေဟာ နိုင်ငံ သေးသေးလေးထဲကနေလည်း ထွက်လာနိုင်တာပဲ။ အဓိက ကတော့ လူတွေရဲ့ မိုင်း ( ဒ် ) ဆက်ပါ။ လူဦးရေကြောင့်လို့ ပြောချင်ပြော စင်္ကာပူမှာ ကမ္ဘာသိတဲ့ အနုပညာရှင် ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့လို မရှိဘူး။ တကယ်စွမ်းရင် တရုတ် ပရိဿတ်က ကမ္ဘာနဲ့အဝှမ်း ရှိနေတာပဲ။ မရေမရာ၊ အာမခံချက်မရှိတဲ့ အနုပညာလို ကဏ္ဍတွေမှာ အားမပေးတဲ့ မိဘတွေက ၉၀ ရာခိုင်နှုန်းလောက် ရှိမယ်။

အခုတော့ အစိုးရကပါ စပြီး ဒီအားနည်းချက်ကို ဖြည့်ဖို့ ဆော်အောနေတာတွေ ကြားရ ဖတ်ရတယ်။ ဒါပေမယ့် သူတို့ မိုင်း ( ဒ် ) ဆက်ကို ချက်ချင်း ပြင်လို့ မရတော့ဘူး။
လီကွမ်းယု ပြောခဲ့ပါရော လား။ သုတေသန လုပ်မယ့် ကျောင်းသား စလုံးတွေထဲမှာ မရှိဘူး တဲ့၊ ဘာကြောင့်လဲ ဆိုတော့ ဆရာဝန်လုပ် ရှေ့နေလုပ်ရတာလောက် ပိုက်ဆံ မဝင်လို့ တဲ့။ သုတေသနဆိုတာကလည်း ဘရိတ် သရု မဖြစ်သေးရင် ငွေရဖို့ မသေချာလှဘူး။

စာပေရေးသားမှုမှာလည်း ဂျာနယ်လစ်လို ပညာရပ်ပိုင်းတွေမှာ တော်ပေမယ့် ဒီထက် ပါရမီနဲ့ အားစိုက်မှုလိုတဲ့ ရသစာပေလိုမျိုးတွေမှာ သိပ်မစွံပါဘူး။ ကျန်တာတွေ နောက်ထား မြန်မာတွေရဲ့ စာပေနဲ့ ပတ်သက်တဲ့ အဆင့်က အတော်မြင့်တယ်လို့ ယုံကြည်ပါတယ်။
အားကစားမှာလည်း တရုတ်ပြည်မကြီးရဲ့ ဒုတိယတန်းစားတွေကို မွေးပြီး ပြိုင်ပွဲတွေ ဝင်ရတယ်။ ဘောလုံး ဆိုရင်လည်း လူ အထိုက်အလျောက်သိတဲ့ ဖန်ဒီ အာမက်တို့ အလန် ရှာ တို့က စင်္ကာပူရီးယန်း မလေး အသိုင်းအဝိုင်းထဲကပါ။ လူ အများစု တရုတ်တွေထဲက မပါဘူး။ ပရော်ဖက်ရှင် အနေနဲ့ မိဘတွေက အားလည်း မပေးကြဘူး။ ဝင်ငွေ ပုံမှန် တွက်လို့မှ မရတာပဲ။

နောက်ထပ် အရွယ်နဲ့ မလိုက်တဲ့ ဖိအားက ကလေးတွေရဲ့ ပညာရေး။ နှစ် နှစ်လောက်က စ လို့ ပညာရေး ပရက်ရှာတွေနဲ့ နေကြရရှာတယ်။ မျက်မှန်ပါဝါ ထူထူလေးတွေနဲ့။ ပြီးတော့ ပရက်ရှာတွေကြောင့် စင်္ကာပူမှာ စိတ်ရောဂါသည်တွေလည်း များတယ်။

ထားပါတော့ တော်တော်များများဟာ စီးပွားရေး ပုံသဏ္ဍာန်နဲ့ လည်ပတ်နေတာလို့ ပြောရင်ရပါတယ်။

စင်္ကာပူဖက်က နေရေးတာမဟုတ်ပါဘူး။ လူတိုင်းဟာ စီးပွားရေး တွက် တွက်တတ်ပါတယ်၊ တွက်လည်း တွက်ရပါမယ် ။ ဟင်းချက်စရာဝယ်တဲ့ အိမ်ရှင်မက စလို့ ကုမ္ပဏီတစ်ခုလုံးကို လည်ပတ်နေသူအထိ တွက်ရပါတယ်။ ဟင်းချက်စရာ ဝယ်တဲ့နေရာမှာတောင် ပစ္စည်းမှန် ဈေးမှန်ဆိုတာ သိပါလျက်နဲ့ ဈေးချိုနိုင်သမျှ ချိုအောင် ဆစ်တော့ ဆစ်နေကြတာမဟုတ်လား၊ ဒါဟာ အမြတ်ရရေး၊ မရှုံးရေး အခြေခံ ပြယုဂ်ပါ။ စင်္ကာပူလို မြေဆင်းရဲ သယံဇာတ မရှိတဲ့ နိုင်ငံလေးက စီးပွားရေးတွက် တွက် မထားရင် ဒီလိုလည်း ဖြစ်မလာနိုင်ပါဘူး။

ကျနော်တို့ဆီ ပြည်ပက စီးပွားရေးလာလုပ်ကြမယ့် စီးပွားရေးသမားတိုင်းဟာလည်း ဒီလိုပဲ ရှိမှာပါ။ လက်ရှိ မြန်မာပြည်ကိုပဲ ကြည့်ပါ။ ပြည်ပက စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကိုလည် လိုချင်တယ်ပြည်တွင်းစီးပွားရေးသမားတွေ သူတို့နဲ့မယှဉ်နိုင်မှာကိုလည်း စိုးရိမ်တယ် ဒါကိုဈေးကွက်စနစ်နဲ့ညီမျှအောင်ကည့်ပြီးဆုံးဖြတ်ကြရမှာပါ။ ရှုံးမယ်လို့ သေချာပေါက် တွက်ထားရင် ဘယ် စီးပွားရေးသမားမှ မလာပါဘူး။ မြန်မာပြည်က စီးပွားရေး ကောင်းလာလို့ နိုင်ငံခြားသားတွေ လာပြီး အလုပ်လုပ်လာကြမယ်ဆိုရင် တိုးတက်တဲ့ နိုင်ငံတွေက အလုပ်ရှင်တွေကို ပိုပြီး နားလည်လာနိုင်ကြမှာပါ။

( အများအားဖြင့် ) သူတို့ နစ်နာရင် ပြည်သူက ဆန္ဒပြတယ်၊ အစိုးရက သူတို့ ရှုံးမှာကို မလုပ်ဘူး။ ကုမ္ပဏီ ပိုင်ရှင်က အရှုံးခံပြီး အလုပ်သမားကို လစာပေးမထားဘူး၊ အလုပ်သမားကလည်း ဒီထက်သာတာတွေ့ရင် အလုပ်ပြောင်းတယ်။ နေရာပဲကွာတယ် အရှုံးမခံချင်တာကတော့ အတူတူပါ။
စီးပွားရေးတွက် တွက်တဲ့နေရာမှာ ပညာသားပါရင် စီးပွားရေးကျွမ်းကျင်သူ ဖြစ်ပြီး ပညာသားမပါရင်၊ မရိုးမသားဆိုရင် အမြတ်ကြီးစား ဖြစ်သွားပါတယ်။ မျှော်လင့်ချက် တစ်ခုခုမှ မရှိဘဲ အရှုံးခံသူတော့ မရှိနိုင်ပါဘူး။ တံခါးဖွင့် စီးပွားရေး ဆိုတာ တကယ်တော့ ဘယ်သူ ပိုလည်သလဲ၊ ပို ပါးနပ်သလဲ ( အရင်းအနှီး ပိုရှိသလဲ ) ဆိုတာ ကမ္ဘာနဲ့ချီပြီး ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲပါ။ ကြိုက်သည် ဖြစ်စေ မ ကြိုက်သည် ဖြစ်စေ ဈေးကွက် စီးပွားရေးက တွက်မှကို ရပါတယ်။ တစ်။ မရှုံးရေး။ နှစ်။ အမြတ် ရရှိရေး။ သုံး။ မြတ်နိုင်သမျှအမြတ် ရရှိရေးပါ။ ပြီးတော့မှ လှူချင် လှူပေါ့။

ပြည်ကြီးတရုတ်တွေနဲ့စာရင် စင်္ကာပူတရုတ်၊ မလေးတရုတ်တွေက အများကြီး အက်သစ်ကယ် ပိုဖြစ်ပါတယ်။ ဆက်ဆံကြည့်ပါ။
ဒါပေမယ့် တိုးတက်ဖို့ အတွက် ဘာသာစကားကို အလျော်ပေးလိုက်ရတာမျိုးကတော့ နည်းနည်း အရင်းများသွားသလား ထင်ရပါတယ်။ သူ့ အနေအထားနဲ့ သူပေါ့လေ။


လေးစားလျက်
ဇင်ဝေသော်

အိုင်တီ ရောဂါဆန်း

တချိန်က ဆိုရင်တော့ လူတစ်ယောက်က အိပ်ပျော်နေရင်း လမ်းလျှောက်နေမိတာ၊ မနက် မိုးလင်းတော့ ညက သူ လုပ်ခဲ့မိတာတွေကို ဘာမှ မမှတ်မိဘဲ ဖြစ်နေတတ်တာမျိုးသာ ကြုံတွေ့ရတတ်ပါတယ်။ အခု တွေ့ရှိရတဲ့ ရောဂါဆန်းက အိပ်ပျော်နေရင်း ဖုန်း မက်ဆေ့ဂ်ျ ပို့မိတာ၊ ကွန်ပျူတာရှေ့မှာ တစ်ယောက်ယောက်နဲ့ ချတ်တင်း လုပ်နေမိတာ မျိုးတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အိုဟိုင်ယို Sleep medicine Institute က Dr. Markus Schmidt နဲ့ Melbourne Sleep Disorders Centre Dr. David Cunnington တို့က ဒါမျိုးတွေ အခု ပိုပြီး ကြုံတွေ့လာရတယ် လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ သူတို့ပေးတဲ့ အကြံဉာဏ်ကတော့ ဒီလိုဖြစ်တတ်သူတွေ အနေနဲ့ အိပ်ခန်းထဲမှာ ဟင်းဖုန်းတို့ လက် ( ပ် ) တော့ ( ပ် ) တို့ မရှိပါစေနဲ့ ပါတဲ့။

Multi-tasking

Multi-tasking ဆိုတာ ကွန်ပျူတာသက် ဝေါဟာရ အသစ် တစ်ခုပါ၊ တချိန်တည်းမှာ အလုပ်များစွာ လုပ်တတ်၊ လုပ်နေရတတ်တဲ့ ခေတ်သစ် လူ့ဘဝကို ဖော်ညွှန်းပါတယ်။ အာရုံမတူတဲ့ သာမန် အလုပ်နှစ်ခုကို တပြိုင်တည်း လုပ်နိုင်ပေမယ့် အရေးတကြီးကိစ္စတွေမှာ ဒါမျိုး ပြုလုပ်ခြင်းဟာ ပိုပြီး အလုပ်နှေးကွေးစေသလို အမှားလည်း ပိုများတယ်လို့ မွန်တယ်ရီယယ် တက္ကသိုလ် ဒေါက်တာ Pierre Jolicoeur က ဆိုပါတယ်။

တချိန်တည်းမှာ အလုပ်များစွာ လုပ်တာက မြန်မြန်ပြီးလွယ်တယ် လို့ ထင်ရင် စမ်းကြည့်ဖို့ လေ့ကျင့်ခန်းလည်း ပေးထားပါတယ်။
အေ ဘီ စီ ၂၆ လုံးကို သီးသန့်ရေး၊ ဂဏန်း ၂၆ လုံးကိုလည်း ၁ ကနေ ၂၆ အထိ ရေးပါ။ ပြီးရင် ရောပြီး အေ ၁၊ ဘီ ၂၊ စီ ၃ စသည် ပြီးသည်အထိ ရေးပါ တဲ့။

အက္ခရာနဲ့ ဂဏန်း ရောပြီး ရေးသူက အက္ခရာ နဲ့ ဂဏန်း သီးသန့် ခွဲပြီး ရေးသူထက် အချိန် နှစ်ဆ ပိုကြာသလို အမှားလည်း ပိုများတယ်လို့ ဆိုပါတယ်။


ဇင်ဝေသော်