ဘယ်အချိန်မှာ စ၍ ရွာခဲ့မှန်းမသိသည့် မိုးက ရွာနေဆဲပင် ဖြစ်လေသည်။ သိပ်ပြီးမဆိုင်လှသော်လည်း ပြောင်းလဲသွားတတ်သည့် သဘောတချို့ဆီ ယနေ့မနက် မိုးအေးအေးထဲမှာ စိတ်လွင့်သွားခဲ့မိသည်။
ကန့်ကော်ပင် အသွင်ပြောင်းခဲ့ပြီ။ သပြေပင်လည်း အသွင်ပြောင်းနေပြီ။
ကန့်ကော်ပင်ကို မြန်မာပြည်မှ သယ်ယူလာသူက ထားဝယ်သူ၊ မွန် တရုတ် စပ် အန်တီချန်ဟုခေါ်သည့် ဒကာမကြီးဖြစ်သည်။ သူမ၏ စင်္ကာပူ သက်တန်း က ၆၀ ကျော်ပြီထင်သည်။ သူမ သမီးက ပြင်သစ်လူမျိုးနှင့် အိမ်ထောင်ကျပြီး သူမမြေးများက ပြင်သစ် စစ်စစ်ကလေးတွေ ဖြစ်နေကြပြီ။
ကန့်ကော်ပင်က ဘာသာရေးနှင့် ဆက်စပ်မှုရှိနေသည်။ ပွင်လတံ့သော ဘု ရားရှင်သည် ကန့်ကော်ပင်ခြေရင်းမှာ သစ္စာအလင်း ပွင့်မည်ဟု ဆိုထား သည်မဟုတ်ပါလား။ ဤက အတန်ကွာဝေးသော ကိစ္စဖြစ်သည်။ ကျွနုပ် သိနိုင်သည့် ကိစ္စမဟုတ်။ သေချာသည်က စင်္ကာပူကို ရောက်လာပြီး ကန့်ကော်၏ အရွက်တို့ ထွားကြိုင်းလာသည်။ မသိလျှင် ကန့်ကော်ပင်မှ ဟုတ်ပါလေစဟု ထင်စရာ ဖြစ်နေသည်။
လွန်ခဲ့သည့်နှစ်တွေက ကန့်ကော်တွေ ပွင့်တော့မှ အရွက်သာမဟုတ် အပွင့်တွေကလည်း နှစ်ဆခန့် ကြီးနေသည်ကို တွေ့ခဲ့ရပြန်သည်။ မြန်မာ တ ချို့က စင်္ကာပူ ကန့်ကော်က မြန်မာကန့်ကော်လောက် မမွှေးဟု ဆိုကြသည်။ အခြား ကန့်ကော်ပင်များကိုတော့ မဆိုလိုပါ၊ ကျောင်းထဲမှာ ကြီးပြင်းလာ သည့် ကန့်ကော်ပင်ကတော့ မြန်မာပြည်မှ သယ်ယူလာသည့် ကန့်ကော်ပင် ငယ်လေးမှ ကြီးထွားလာခြင်းဖြစ်ကြောင်း သေချာသည်။
သို့သော် မြန် မာပြည်မှ သယ်ယူလာသည့် ကန့်ကော်ပင်ငယ်လေးသည် လည်း ဒီက ရေ မြေ တောတောင်သဘာဝအတိုင်း ရှင်သန်နေရကား ဒီမှာ ရှိသည့် ကန့်ကော်တို့အတိုင်း တစ်သွင်တည်း ဖြစ်သွားလေတော့သည်။
စင်္ကာပူမှာ ကြီးသည့်ကန့်ကော်ကို မြန်မာပြည်က ကန့်ကော်နှင့် ဘာကြောင့် အသွင်မတူ ကွဲပြားနေရသနည်းဟု အပြစ်တင်လျှင် မိမိ၏ အတ္တကြီးမားမှု၊ သဘာဝဓမ္မကို သွေဖီမှုကိုသာ အပြစ်ဆိုဖွယ် ရှိပေတော့မည်။
ထို့အတူ လွန်ခဲ့သော နှစ်နှစ်ခန့်က ကျောင်းဝင်းထဲမှာ မရှိသေးသဖြင့် သပြေ ပင် ကိုယ်တိုင်ပင်စိုက်ထားလိုက်သည်။ ယခု နှစ်နှစ်သား သပြေပင်က အနံ ကြီးကွင်းကျယ်စတိုင် ဖမ်းနေပြီဖြစ်သည်။ မသိလျှင် သပြေပင်ဟု မထင်ရေ တာ့။ သူ့အရွက်တို့က သရက်ရွက် အငယ်စား အနုစားလေးများလောက် ရှိနေသည်၊ စိုက်စဉ်ကလို ရှည်မျောမျော အရွက်ငယ်လေးများ သူ့ပင်စည်မှာ မရှိတော့။
စဉ်းစားမိသည်။
ပမာဏ ကြီးထွားလာသည့် ထို သပြေခက်တို့ကို ဘုရားတင်ရန် သင့် မသင့်။
သင်က တင်သည် ဆိုပါစို့၊ ပတ်ဝန်းကျင်က သင့်ကို ဘာကြောင့် သရက် ရွက်တွေကို ဘုရားတင်ထားတာလဲဟု အပြစ်တင်ကောင်း တင်ပေလိမ့်မည်။
အကယ်၍ သူတို့က အပြစ်တင်သော် အဓိက တရားခံက ဘယ်သူဖြစ်နိုင်ပါ သလဲ။
ရေ မြေ တောတောင်သဘာဝလား
အသွင်ပြောင်း သပြေခက်လား
သင် ကိုယ်တိုင်လား
အပြစ်တင်သည့် ပတ်ဝန်းကျင်လား။
အန်တီ ချန်၏ မြေးနှစ်ယောက်သည် ဗုဒ္ဓဘာသာခံယူထားသည်မှ အပ မြန် မာစကား တစ်လုံးမှ မသိတော့၊ အသွင်အားဖြင့်လည်း ယူရိုပီယံ စစ်စစ်။
သို့ဖြစ်လျှင် ယခု စာရေးနေသည့် ရဟန်းကိုယ်တိုင်ကရော????
မထင် မမြင်သာသည့် အတွေး အခေါ်တို့ကို ဘေးဖယ်ထား မည်ဆိုလျင် ပင် ပေါင် ၁၂၀ ဖြင့် ရောက်လာခဲ့သည့် ရဟန်း ယခု ပေါင် ၁၆၀ ရှိနေတာ ကိုတော့ ဖုံးဖိထားလို့ ရအံ့မထင်။
၁၀ နှစ်ကျော်အတွင်း ပေါင်ချိန် ၄၀ ခန့် တက်လာခြင်းမှာ ယခု ရွာနေသော မိုးနှင့် ဆိုင် မဆိုင်တော့ မပြောတတ်တော့ပေ။ ဆိုင်ကောင်း ဆိုင်နိုင်၏။
လူ၊ သဘာဝ၊ အညမည၊ သဟဇာတ နှင့် အဒက်ပတေဘယ်လ်တီ (Adaptability) ။
အနိစ္စ။ မိုးကတော့ အပြင်မှာ ရွာနေဆဲ ဖြစ်၏။