မရောင်ရာဆီလူးရပေဦးတော့အံ့။
မြတ်စွာဘုရားရှင်သည် ဝိတ်ထိန်းဖို့မှာကြားတော်မူခဲ့လေသလော။ တိတိကျကျပြောရန်ကား ခက်၏။ သို့သော် ယင်းအလွန်ဝရောဂါဟုဆိုသော Obesity သည် ယနေ့လူချမ်းသာနိုင်ငံကြီးများ၌ ဝမ်းမီလျံတန်သော ဆိုလူးရှင်းတစ်ခုဖြစ်နေပေတော့သည်။ ထို့ကြောင့် ဒိုက်ယက်နှင့်ဆိုင်သော အမှာစကားတော်တစ်ချို့ လက်လှမ်းမီသ၍ ထုတ်ကြည့်မိတော့သည်။
မာတိကာနိဒါန်းကိုကျက်စဉ် ထန်းသီးလုံးခန့်ပမာဏရှိသော နို့ဂဏာဆွမ်းကို လေးဆယ့်ကိုးလုတ် မရုတ်လွေးလွေး ဘုန်းပေးတော်မူသည်ဟု ဆို၏။ ထန်းသီးလုံးခန့်ရှိသော ဆွမ်းလုတ်(၄၉) လုတ်သည် အလွန်များသော ပမာဏပင်ဖြစ်ချေ၏။ ဤပမာဏအတိုင်းသာဆိုသော် ယနေ့ဗုဒ္ဓဘာသာတို့အာရုံ၌ ပေါ်ထင်နေသော မြတ်စွာဘုရားရှင်၏ ရူပကာယတော်သည် အတန်ငယ်ပိန်သွယ်တော်မူသည်ဟုသာ ဆိုရချေတော့အံ့။
(၄၉) လုတ်ကိစ္စကို ဘာမှမမိန့်သော်လည်း “ထန်းသီးလုံးခန့်” ဟူသော စကားကိုမူ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးကား သဘောတွေ့တော်မမူချေ။ ထန်းသီးလုံးခန့်မဖြစ်သင့်၊ ထန်းစေ့ခန့်မျှသာဖြစ်သင့်သည်ဟု မဟာဗုဒ္ဓဝင်ကျမ်း၌ ဆုံးဖြတ်တော်မူ၏။ သဘာဝယုတ္တိ၊ အာဂမယုတ္တိရှိရှိ ရှေးစကားကိုပယ်တော်မူခဲ့၏။ ထိုစကားအရ မြတ်စွာဘုရားရှင်၏ ရူပကာယတော်သည် မပိန်၊ မဝ ကြည်ညိုဖွယ်ကို ဆောင်နိုင်ပေတော့၏။
ပြုံးရယ်ဖွယ်စကားတစ်ခွန်း ကစ္စည်း သဒ္ဒါကျမ်း၌ တွေ့ရ၏။
“
ဒေဝဒတ္တော ဒိဝါ နဘုတ္တော တူလော” ဟု ဖြစ်သည်။ ဒေဝဒတ်ကား နေ့အခါ၌ မစား၊ သို့သော် ဝဖြိုး၏ဟု အဓိပ္ပါယ်ရလေသည်။
သူ့ကိုယ်သူ ခေါင်းပါးချိုးခြံသောအကျင့်ရှိသူဟု ကြွေးကြော်သော ဒေဝဒတ်ကို ဂရမ္မဆရာက လက်ဆော့၍ သော့လိုက်သော အသောစကားဖြစ်လေသည်။ ဘုရားရှင်နှင့်ကား ဘာမှမဆိုင်ပေ။ ဘုရားရှင်က နေ့အခါ၌ အစာမဘုန်းပေးဟုလည်း မမိန့်၊ ဝဖြိုးသောခန္ဓာကိုယ်ရှိသည်ဟု စာပေ၌လည်းမတွေ့ရ။ ဤကိစ္စကို ဒေဝဒတ်အထံသို့သာ ဘော်လီဘောပုတ်ရပေတော့အံ့။
“ စတ္တာရော ပဉ္စ အာလောပေ အဘုတွာ ဥဒကံ ပိဝေ” ဟူသော စကားတော်ကိုလည်း တွေ့ရပြန်၏။ အဝအတင်းကြီးမစားဘဲ ဆွမ်းလေးငါးလုတ်ခန့်လျှော့စားပြီး ရေသောက်ရန်မှာကြားထားသော ဒိုက်ယက်နှင့်ဆိုင်သည့် စကားတော်ဖြစ်၏။ ငိုက်မြည်းခြင်း၊ အဝလွန်ခြင်း စသည်တို့ကို ကာကွယ်ရန်ဟုတဆိုက ငြင်းရန်ခက်၏။
ဤသည်ကိုပင် စာတတ်ပေတတ် ညောင်ကန်ဆရာတော်ဗုဓ်က ခပ်သောသော ယူဆတော်မူခဲ့ပေသတတ်။ “ အဘုတွာ” ဟူသော ပါဠိပုဒ်၌ပါသော “အ” ကို ပဋိသေဓ (သို့) နက်ဂေးတစ်ပါတီကယ်အနေဖြင့် မယူဆပဲ “ အပိုအလွန်” ဟူသော အနက်ကိုယူတော်မူပြီး “ ဆွမ်းလေးငါးလုတ်ခန့် (စားသင့်သည်ထက်) ပိုစားပြီးမှ ရေသောက်ရာ၏ဟု ဘာသာပြန်ခဲ့သည်ဟု ကြားဖူး၏။ အတည်စကားဟုတ်ဟန်တော့မတူပေ။ “ သဒ္ဒါတတ်တော့ ဆော့” ဟူသည့် စကားအတိုင်းသာ ဖြစ်နိုင်၏။
မည်သို့ဆိုစေ ထိုအာဟာရနှင့်ပတ်သက်ပြီး အဝလွန်ရောဂါနှင့် ဝိတ်ချရေးကား လူတော်တော်များများ ပြောနေကြရသော စကားဖြစ်တော့၏။ စားချင်ရင်များ နင်းကန်စားပြီး အဝလွန်လာသောအခါ အစာစားချင်စိတ်နည်းပါးအောင် ထိန်းချုပ်လာကြ၏။ ဆိုက်ကိုကျင့်စဉ်ကုသထုံးကို သုံးလာကြ၏ (Psychotherapy) ။ ဒိုက်ရက်နှင့်ပတ်သက်ပြီး ပညာရှင်များထံ နည်းခံလာကြ၏။ နောက်ဆုံးခွဲစိတ်ကုသမှုများပင် လုပ်လာကြတော့၏။ အမှန်မူ အနည်းငယ်သော လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အစားလျှော့စားခြင်းဖြင့် ဤကိစ္စကို ထိန်းထားနိုင်ပေသည်။
မြတ်စွာဘုရားကမူ “ မြူးရွယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါ” ဟု ဆင်ခြင်ကြရန်မှာတော်မူခဲ့၏။
ယနေ့ အစာစားခြင်းကို ငဲ့စောင်းကြည့်သောအခါ အမှန်ဆာ၍စားသည်က ရှားလှ၏။
ပျင်း၍စားသည်ဟု တစ်ချို့ကဆို၏။ ကြော်ငြာကောင်း၍ စား၏။ အပျော်သဘော စား၏။ တီဗွီကြော်ငြာကို စမ်းသပ်ကြည့်လိုသဖြင့် စား၏။ မစားဖူးသောအစာဖြစ်သောကြောင့် စား၏။ ဖလေဘာအသစ်ပါဝင်သောကြောင့် စား၏။ ဤသည်တို့ကား ယနေ့လူများ အစာစားခြင်း၏ အကြောင်းတရားတို့တည်း။ ဤနည်းဖြင့် လူကြီးရော၊ ကလေးပါ အဝလွန်ရောဂါ စွဲကပ်လာကြပေတော့၏။
ဘုရားရှင်လက်ထက်က ပသေနဒီကောသလမင်းကြီးသည် အလွန်အစားမက်၏။ ဝဖြိုးသောခန္ဓာကိုယ် ရှိသည်ဟုလည်းဆို၏။ မြတ်စွာဘုရားထံရောက်ခိုက် အစားလွန်ထားသဖြင့် အသက်ကိုပင် မနိုင်မနင်းရှူနေရရှာသည်ဟု ဆို၏။ ထိုအခါ မြတ်စွာဘုရားရှင်က-
“ လူတစ်ယောက်သည် သတိနှင့်ယှဉ်ပြီး မျှမျှတတစားသုံးမည်ဆိုလျှင် နာမကျန်းမှုကိုလည်း ပယ်ဖျောက်နိုင်၏။ အရွယ်တင်၏။ အသက်ကိုလည်း ရှည်စေ၏” ဟု မိန့်၏။
စားပိုးနင့်နေရှာသော ပသေနဒီကောသလကြီးက ထိုစကားတို့ကို ကောင်းကောင်းမကြားလိုက်ရရှာ။ ထို့ကြောင့် တူဖြစ်သူကို ထပ်ပြောပြရန် ခိုင်းခဲ့ရသည်ဟု စာပေကဆို၏။
ပသေနဒီကား ဘုရားစကားကို နားထောင်၏။ ထို့နောက် on a diet လုပ်ကာ ဝိတ်တွေကျလာပြီး ဘောဒီလည်း စလင်းဖြစ်သွားသည်ဟု ဆိုလေ၏။
ဘုရားရှင်၏ အဆုံးအမတော်များအနက် အိုဘီးစီးတီးကို အထိရောက်ဆုံးထိန်းချုပ်နိုင်ဆုံး အဆုံးအမမှာ သတိနှင့်စားခြင်းပင် ဖြစ်ပေလိမ့်မည်။ အမှတ်ဖြင့်စားနေသောအခါ အမူအယာလည်းနှေး၏။ ဝါးမှု၊ မြိုမှုလည်း နှေး၏။ အစားအသောက်အပေါ် တွယ်မက်သော ရသတဏှာကိုလည်း ပါးလျစေ၏။ အနည်းဆုံး မိမိဘာစားနေသည် ဘယ်လိုစားနေသည်ကို သိ၏။ ပသေနဒီကောသလကိုပေးခဲ့သော “ သတိနှင့်စား” ဟူသော စကားသည် လိုက်နာရခက်သော်လည်း မဆာပဲစားတတ်ကြသော ယနေ့ခေတ်လူတစ်ချို့အတွက် အလွန်ပင်ထိရောက်နိုင်သည်ဟု ထင်မိသည်။
ပို၍အံ့သြဖွယ်ကောင်းသည်မှာ ပသေနဒီကောသလကို ဘုရားရှင်မိန့်မှာရာ၌ ပေါ့စတစ်များဖြင့် မိန့်တော်မူခြင်းတည်း။ ဤသည်မှာ ၂၀-၂၁ ရာစု ဆိုက်ကော်လော့ဂျစ်တို့ ပြောနေကြသည့် သူတပါးကို အကြံပေးရာ၌ နဂေးတစ်ထက် ပေါ့စတစ်က ပို၍ထိရောက်ကြောင်းပင် ဖြစ်လေသည်။
ဝိတ်လျော့ခြင်း၏ အကျိုးကျေးဇူးများကား-
၁။ တနုတဿ ဘဝန္တိဝေဒနာ- ခန္ဓာကိုယ် ဝေဒနာကိုလျော့ပါးစေ၏။
၂။ သဏိကံ ဇာရတိ- ဇရာ အလာနှေး၏၊ အရွယ်တင်၏။
၃။ အာယု ပါလယ- အသက်ကိုစောင့်ရှောက်၏။ အသက်ရှည်စေ၏။
ဤအချက်တို့သည် မော်ဒန်ဆေးသိပ္ပံက မငြင်းနိုင်သော ဗုဒ္ဓ၏လမ်းညွှန်ချက်များပင် ဖြစ်ချေတော့၏။
ထို့အပြင် ရှစ်ပါးသီလစောင့်ထိန်းသူ၊ ရဟန်း၊ သာမဏေ၊ သီလရှင်တို့ ဝိကာလကိုရှောင်ကြဉ်ကြ၏။ နေ့လွဲညစာစားခြင်းမှ ရှောင်ကြဉ်ခြင်းသည် အဝလွန်ခြင်း အိုဘီစီးတီး အဝလွန်ခြင်းကို ကာကွယ်ရန်ဟုတော့ မဆိုလိုပေ။ စာပေ၌လည်း မတွေ့ရ။ သို့သော် ညစာမစားခြင်းသည်လည်း အဝလွန်ခြင်းကို သေချာပေါက် ဟန့်တားထားနိုင်ပေလိမ့်မည်။
မယောင်ရာဆီလူးကိစ္စကို ရှင်း၏။
မြန်မာလူမျိုးတို့တွင် ထမင်းနပ်မှန်အောင်ပင် ကြိုးစားရှာနေရသော မိသားစုများ များစွာရှိနေပေသေး၏။ ထိုပုဂ္ဂိုလ်တို့အတွက် ယခုရေးမိသော အဝလွန်ခြင်း အိုဘီးစီးတီးသည် အလွန်ပင်အားနာစရာကောင်းလှပေ၏။ မတတ်နိုင်။ ရေးရန်ရှိက ရေးရပေတော့အံ့။
တစ်နေ့က ကျန်းမာရေးမကောင်းသဖြင့် ဆရာဝန်ထံသွားရ၏။ ဆရာဝန်က အရပ်နှင့် အလေးချိန်ကို စစ်၏။ ယခုအထိတော့ အိုဗာဝိတ်မဖြစ်သေး။ ဖြစ်ရန်အလားအလာကား ရှိ၏ဟုဆို၏။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ရန် ပြော၏။ ဘယ်သို့သော လေ့ကျင့်ခန်းလုပ်ရမည်နည်းဟုမေးရာ “ရေကူး” ဟု ခရစ်ယာန်ဆရာဝန်က ပြော၏။ ရဟန်းရေမကူးရဟုဆိုရာ “ ပြေး” ဟု ဆိုပြန်၏။ ပြေး၍လည်း မရဟုဆိုပြန်ရာ “ ဂျော့ဂင်” လုပ်ဟု ပြောပြန်၏။ ဂျော့ဂင်လည်း လုပ်လို့မရ လမ်းလျှောက်ရုံသာ လုပ်လို့ရသည်ဟုဆိုသောအခါ လမ်းလျှောက်ခြင်းကား အက်ခ်ဆာဆိုက်ဟု ဆိုရန်ခက်၏ဟု ငြီးငြူလေတော့၏။
ဆေးခန်းကပြန်မှ တစ်ယောက်တည်း စဉ်းစားမိ၏။
သူပေးသောလေ့ကျင့်ခန်းများက ထမင်းသုံးနပ်စားသောသူများအတွက် ဖြစ်၏။ ရဟန်းကား နှစ်ထပ်မျှသာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း (လမ်းလျှောက်ခြင်း) လေးမျှဖြင့် လူချမ်းသာရောဂါ Obesity ကို ကာကွယ်ထားနိုင်ပေသည်။
ဤကား ဝိကာလ၏ကျေးဇူးဟုဆိုသော် မှားအံ့မထင်။
ဘုရားရှင်သည် Obesity ပြဿနာကို ကြိုတင်သိမြင်တော်မူသည်ဟု ထင်၏။