၂၀၁၄ ခုနှစ် အဘိဓမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် (စင်္ကာပူ)


ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့...
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာန မှ ကျင်းပပြုလုပ်သော အဘိဓမ္မာ (ရိုးရိုး) ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် နှင့် ၀ိသုဒ္ဓိမဂ်စာမေးပွဲဆိုင်ရာ ၀င်ခွင့်လျှောက်လွှာများကို မင်္ဂလာဝိဟာရကျောင်း (30 Jalan Eunos Singapore 419495) တွင် ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

✍ စာမေးပွဲကျင်းပမည့်ရက် ✍
အဘိဓမ္မာပထမဆင့် (ဒီဇင်ဘာလ (၅) ရက်၊ သောကြာနေ့)
အဘိဓမ္မာဒုတိယဆင့် (ဒီဇင်ဘာလ (၆) ရက်၊ စနေနေ့)
အဘိဓမ္မာတတိယဆင့် (ဒီဇင်ဘာလ (၇) ရက်၊ တနင်္ဂနွေနေ့)
စာမေးပွဲကျင်းပမည့်အချိန် ။ ။ စင်ကာပူစံတော်ချိန် မွန်းလွဲ ၁:၃၀ မှ ညနေ ၅:၃၀ အထိ
ကျင်းပမည့်နေရာ ။ ။ မင်္ဂလာဝိဟာရကျောင်း ၊ ဒုတိယထပ် ၊ Chew Quee Neo Hall
 2014-Abhidhamma-Exam-dates
လျှောက်လွှာများ (နမူနာကြည့်ရန်)
အဘိဓမ္မာ နှင့် ၀ိသုဒ္ဓိမဂ် စာမေးပွဲကြေငြာချက်
အဘိဓမ္မာစာမေးပွဲ ၀င်ခွင့်တောင်းပုံစံ
အဘိဓမ္မာ (ရိုးရိုး)အဘိဓမ္မာ (ဂုဏ်ထူးဆောင်)၀ိသုဒ္ဓိမဂ် ၀င်ခွင့်လက်မှတ်

ဖြေဆိုသူတစ်ဦးလျှင် ဝင်ခွင့်တောင်းခံလွှာ နှင့် ဝင်ခွင့်ကဒ် (၁)စုံ ဖြည့်ရပါမည်။

ဝင်ခွင့်တောင်းခံလွှာ ၀င်ခွင့်ကဒ်
လျှောက်လွှာထုတ်ယူနိုင်သည့်နေ့ရက်နှင့် အချိန်
နေ့ရက် ။ ။ အောက်တိုဘာ ၁၈၊ ၁၉ ၊ ၂၅ ၊ ၂၆
အချိန် ။ ။ ညနေ (၅း၀၀) နာရီမှ ည (၉း၀၀) အထိ
**မှတ်ချက်**
အောက်တိုဘာ ၁၉ ရက် တနင်္ဂနွေနေ့တွင် နေ့လည် (၁၂း၀၀) မှစတင်ထုတ်ယူနိုင်ပါသည်။

ဖောင်ဖြည့်ရာတွင် လိုအပ်သည့် အချက်အလက်များ
၁။ ဖြေဆိုမည့်သူအမည်
၂။ ဖြေဆိုမည့်သူ၏ အမျိုးသားမှတ်ပုံတင်အမှတ်
၃။ ဖြေဆိုမည့်သူ အလုပ်အကိုင်
၎။ ဖြေဆိုမည့်သူ၏ အဘအမည်
၅။ ဖြေဆိုမည့်သူ၏ နေရပ်လိပ်စာ အပြည့်အစုံ (စင်္ကာပူလိပ်စာ)
၆။ သင်တန်းဆရာတော်အမည်နှင့် သင်တန်းလိပ်စာ
၇။ ၂-လက်မပတ်လည် ဓာတ်ပုံ (၄) ပုံ
၈။ အီးမေးလ်လိပ်စာ
၉။ ဖုန်းနံပါတ်
(ဝင်ခွင့်ကဒ်တွင် ဓာတ်ပုံနှစ်ပုံကပ်၍ ဓာတ်ပုံအလွတ် (၂) ပုံ၏ နောက်ကျောတွင် ဖြေဆိုမည့်သူ၏အမည်၊ အဘအမည်၊ ဖြေဆိုမည့်စားမေးပွဲကို ထင်ရှားစွာ ရေးသားပေးပို့ရမည်။)

လျှောက်လွှာနောက်ဆုံးအပ်ရမည့်နေ့
အောက်တိုဘာ (၂၆) ရက်၊ တနင်္ဂနွေနေ့ ည ၉း၀၀ နာရီ။

စုံစမ်းရန်

အရှင် စက္ကပါလ (8191 0822)
ဦးအံ့ထူးနိုင် (9025 4909)
ကိုဇော်မျိုးမင်း (9047 9374)

စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (2)


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ - (2)

နှစ်ဆယ်ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်တွေအတွင်း အနောက်မဟုတ်တဲ့ နိုင်ငံအများအပြားဟာ အနောက်နိုင်ငံတွေ၊ ရုရှား၊ အစ္စရေးနဲ့ တရုတ်ဆီကနေ ခေတ်မီလက်နက်တွေ ၀ယ်ယူတပ်ဆင်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ အလွန်ခေတ်မီတဲ့ လက်နက်ဆန်းများ ထုတ်လုပ်နိုင်ရေးအတွက် သူတို့လက်ဖြစ် အထောက်အကူပစ္စည်းများကိုလည်း တီထွင် နိုင်ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဒီအတိုင်းပဲ ဆက်ရှိနေပြီး (၂၁) ရာစု ဦးပိုင်းနှစ်တွေမှာ အရှိန်အဟုန် ပိုကောင်းလာစရာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၂၁) ရာစုထဲမှာလည်း အနောက်၊ အထူးသဖြင့် ဗြိတိန်၊ ပြင်သစ်တို့ရဲ့ ပံ့ပိုးမှုနဲ့ အမေရိကန်ကသာလျှင် တစ်ကမ္ဘာလုံးနီးပါးကို စစ်ရေးအရ၀င်ရောက်ဖက်စွက်နိုင်ပါလိမ့်မယ်။ နောက်ပြီး ကမ္ဘာ့နေရာ အားလုံးနီးပါးကို လေယာဉ်နဲ့ ဗုံးသွားကျဲနိုင်တဲ့ အစွမ်းမျိုးလည်း အမေရိကန်တွေမှာသာရှိပါလိမ့်မယ်။ (ဟန်တင်တန်)
*******************************************************************

အစ္စလာမ်နဲ့ တရုတ်တို့ဟာ အနောက်ယဉ်ကျေးမှု အစဉ်အလာတွေနဲ့ အများကြီးကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သူတို့စိတ်ထဲမှာလည်း သူတို့ယဉ်ကျေးမှုတွေက အနောက်ထက် လုံးဝသာတယ်လို့ ခံယူထားကြတယ်။ အနောက်နဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့နှစ်ဦးစလုံးရဲ့ အင်အားနဲ့ ယုံကြည်မှုက တိုးပွားလာနေပြီး သူတို့နဲ့ အနောက်ကြားက တန်ဖိုးနဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေက ပိုများလာနိုင်သလို ပိုလည်းတင်းမာ လာနိုင်တယ်။ အစ္စလာမ်မှာ ပဓာနနိုင်ငံမရှိတဲ့အတွက် သူတို့နဲ့ အနောက်ရဲ့ ဆက်ဆံရေးကလည်း တစ်နိုင်ငံချင်းစီကို မူတည်ပြီး မတူကွဲပြားနေမယ်။ ဒါပေမဲ့ ၁၉၇၀ ခုနှစ်တွေကစလို့ အနောက်ဆန့်ကျင်ရေးဝါဒကတော့ ပုံမှန်လိုလို ရှိနေခဲ့တယ်။ အစ္စလာမ်စာအုပ်ကြီးဝါဒ အားကောင်းလာခဲ့တော့ မွတ်စလင်နိုင်ငံတွေမှာလည်း အနောက်ယိမ်းတဲ့ အစိုးရတွေထက် အနောက်ဆန့်ကျင်တဲ့ အစိုးရတွေ ပိုပိုများလာတယ်။ အစ္စလာမ်မစ်အုပ်စုတွေနဲ့ အနောက် အုပ်စုတွေကြားက အရပ်သားစစ်ပွဲတွေလည်း ဖြစ်ပွားနေတယ်။ စစ်အေးကာလအတွင်းမှာ လုံခြုံရေးအတွက် ပူးပေါင်းခဲ့တဲ့ မွတ်စလင်နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေကလည်း (စစ်အေးပြီးဆုံးသွားတော့) အားလျော့လာနေတယ်။ ကိစ္စတစ်ခုချင်းစီအပေါ်အခြေခံပြီး မတူညီတဲ့ အလေးထား ဆောင်ရွက်မှုတွေဟာ အနောက်နဲ့ ဆက်စပ်ပြီး အနာဂတ်ကို ပုံဖော်ရာမှာ ဒီစီဗီလိုက်ဇေးရှင်းတွေ ဘယ် ခန်းကဏ္ဍက ပါဝင်မလဲဆိုတဲ့အချက်ဟာ အဓိကကျတဲ့မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ (၂၁) ရာစုထဲက နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး မူဝါဒတွေဟာ အနောက်တိုင်း ရဲ့ တန်ဖိုးတွေနဲ့ အကျိုးစီးပွားကိုပဲ ရောင်ပြန်ဟပ်စေမှာလား၊ ဒါမှမဟုတ် အစ္စလာမ်နဲ့ တရုတ် စီဗီလိုက်ဇေးရှင်းတွေ ပုံဖော်ပေးလိုက်တဲ့အတိုင်းပဲ ဖြစ်လာမှာလား။

နိုင်ငံတကာဆက်ဆံရေး ယထာဘူတ၀ါဒအရ ဆိုရင်တော့ အနောက်တိုင်းလွှမ်းမိုးထားမှုနဲ့ အင်အား ချိန်ခွင်လျှာ ညှိယူဖို့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအချင်းချင်း ပူးပေါင်းကြလိမ့်မယ်လို့ ညွှန်ပြနေပါတယ်။ တချို့ဒေသတွေမှာ ဒီအတိုင်းလည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်ကြည့်ရင် အနောက်ဆန့်ကျင်ရေး မဟာမိတ်ဖွဲ့မှုဟာ မဝေးတဲ့အနာဂတ်မှာတော့ ဖြစ်ပေါ်လာမယ့်သဘော မရှိလှသေးပါဘူး။ အစ္စလာမ်နဲ့ တရုတ် စီဗီလိုက်ဇေးရှင်းနှစ်ခု အကြားမှာလည်း ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုအဆောက်အဦ၊ ဓလေ့ထုံးစံ၊ နိုင်ငံရေး၊ ဘ၀နေထိုင်နည်းတွေမှာ အခြေခံနားလည်သဘောပေါက်မှုတွေ မတူညီကြပါဘူး။ အနောက်နဲ့ သူတို့ကြားက ကွဲပြားမှုထက်တောင် သူတို့အချင်းချင်းကြားကွဲပြားမှုက ပိုပြီးကြီးမားကောင်းကြီးမားနေနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ ဘုံရန်သူရှိခြင်းက ဘုံအကျိုးစီးပွားကိုလည်း ဖန်တီးပေးတတ်ပါတယ်။ အစ္စလာမ်နဲ့ တရုတ် လူ့အဖွဲ့အစည်း တွေက အနောက်အပေါ် အမုန်းပွားမှုခြင်းတူညီနေတော့ အနောက်ဆန့်ကျင်ရေးအတွက် အတူတူ ပူးပေါင်းကြဖို့ အကြောင်းတစ်ရပ် ရရှိသွားနိုင်ပါတယ်။ ဟစ်တလာကိုတော်လှန်ဖို့ စတာလင်တောင် မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းခဲ့ပါသေးတယ်။

မတူညီ များပြားတဲ့ ကိစ္စတွေကို အခြေခံပြီး သူတို့ချင်း ပူးပေါင်းမှု ဖြစ်ပွားနိုင်ပါတယ်။ ဒီကိစ္စတွေထဲမှာ လူ့အခွင့်အရေးအပေါ်သဘောထားနဲ့၊ အထင်ကရ အဖြစ်ဆုံးကတော့ ဒီ စီဗီလိုက်ဇေးရှင်းနှစ်ခုစလုံးက သူတို့ရဲ့ စစ်တပ်စွမ်းရည်တွေကို တိုးမြှင့်ဖို့ ကြိုးစားအားထုတ်မှုပါ။ အထူးသဖြင့်တော့ အနောက်တိုင်းရဲ့ သမားရိုးကျ စစ်အင်အားကို ယှဉ်ပြိုင်နိုင်အောင် ဖျက်ဆီးရေးလက်နက်ကြီးတွေနဲ့ ဒုံးကျည်တွေပိုင်ဆိုင်ဖို့ ကြိုးစား လာနေကြခြင်းပါပဲ။ ၁၉၉၀ ခု စောစောပိုင်းနှစ်တွေမှာ ကွန်ဖျူးရှပ် အစ္စလာမ်ဆက်ဆံရေး ( Confucian Islamic Connection ) ရှိခဲ့ကြတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားကတစ်ဖက်၊ ပါကစ္စတန်၊ အီရန်၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျားနဲ့ အယ်(လ်)ဂျီးရီးယားတို့ကတစ်ဖက် ပူးပေါင်းပြီး အထက်ပါကိစ္စတွေနဲ့ ဆက်စပ်ပြီး အနောက်ကို ရင်ဆိုင်နိုင်ဖို့ အမျိုးမျိုးကြိုးစားခဲ့ကြပါတယ်။

အနောက်နဲ့ အဲဒီလူ့အဖွဲ့အစည်းတွေကြားက ကွဲလွဲမှုကိစ္စဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျဉ်းမှာ အလွန် အရေးကြီးပါတယ်။ အထင်ကရ အရေးအခင်း သုံးခုမှာ အနောက်ရဲ့ အားစိုက်ထုတ်မှုတွေ ပါဝင်ပတ်သက်နေပါတယ်။ အနောက်က
(၁) သူတို့ရဲ့ စစ်အင်အား အသာစီးရယူထားမှုကို တည်မြဲစေဖို့ လက်နက် ထိန်းချုပ်ရေး ပေါ်လစီနဲ့ အဏုမြူ၊ ဇီဝလက်နက်၊ ဓာတုလက်နက်တွေပိုင်ဆိုင်မှု၊ ဒီ လက်နက်တွေသုံးစွဲမှုကို တန်ပြန်ထိန်းချုပ်ရေး ပေါ်လစီများ ကျင့်သုံးခြင်း
(၂) အနောက်တိုင်းက လူ့အခွင့်အရေးကို အလေးထားသလို တခြားလူ့အဖွဲ့အစည်းတွေကလည်း လူ့အခွင့် အရေးကို လေးစားဖို့ ဖိအားတွေပေးခြင်း၊ အနောက်သတ်မှတ်တဲ့မူအတိုင်း အခြားလူ့အဖွဲ့အစည်းတွေလည်း ဒီမိုကရေစီစနစ်ကို မွေးစားကျင့်သုံးဖို့ ဖိအားတွေပေးခြင်းအားဖြင့် အနောက်နိုင်ငံရေးတန်ဖိုးနဲ့ ဖွဲ့စည်းပုံကို ဦးစားပေးခြင်း
(၃) အနောက်မဟုတ်တဲ့ လူမျိုးတွေ အနောက်နိုင်ငံတွေထဲ ၀င်ရောက်နေထိုင်ခွင့်၊ ဒုက္ခသည်အဖြစ် လက်ခံမှု ပမာဏ ကန့်သတ်ခြင်းအားဖြင့် အနောက်လူ့အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ လူမျိုးစု ပေါင်းစည်းမှုကို ကာကွယ်ခြင်း (တို့ ဖြစ်ပါတယ်)။

အနောက်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေကနေ သူတို့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာ အနောက်အတွက် အခက်အခဲတွေ ရှိနေခဲ့သလို ဆက်လည်း ရှိနေဦးမယ့် လက္ခဏာပါ။
လက်နက်များ ပြန့်ပွားခြင်း ( Weapons Proliferation )

စစ်ရေးစွမ်းရည်တွေ စီးဝင်ပျံ့နှံ့သွားမှုဟာ ကမ္ဘာ့စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုး တိုးတက်လာခြင်းရဲ့ အကျိုး ဆက်ဖြစ်ပါတယ်။ စီးပွားရေးအရ ပိုပြီးချမ်းသာလာကြရင် ဂျပန်၊ တရုတ်နဲ့ အခြား အာရှနိုင်ငံတွေရဲ့ စစ်အင်အားလည်း ပိုပြီးအားကောင်းလာကြမှာပါ။ တဖြည်းဖြည်းနဲ့ အစ္စလာမ်မစ် အဖွဲ့အစည်းတွေကလည်း လိုက်လာကြလိမ့်မယ်။ စီးပွားရေးပြုပြင်တည်ဆောက်မှု အောင်မြင်သွားမယ်ဆိုရင် ရုရှားလည်း လိုက်လာမှာပါ။ နှစ်ဆယ်ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်တွေအတွင်း အနောက်မဟုတ်တဲ့ နိုင်ငံအများအပြားဟာ အနောက်နိုင်ငံတွေ၊ ရုရှား၊ အစ္စရေးနဲ့ တရုတ်ဆီကနေ ခေတ်မှီလက်နက်တွေ ၀ယ်ယူတပ်ဆင်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ အလွန်ခေတ်မီတဲ့ လက်နက်ဆန်းများ ထုတ်လုပ်နိုင်ရေးအတွက် သူတို့လက်ဖြစ် အထောက်အကူပစ္စည်းများကိုလည်း တီထွင် နိုင်ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဒီအတိုင်းပဲ ဆက်ရှိနေပြီး (၂၁) ရာစု ဦးပိုင်းနှစ်တွေမှာ အရှိန်အဟုန် ပိုကောင်းလာစရာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၂၁) ရာစုထဲမှာလည်း အနောက်၊ အထူးသဖြင့် ဗြိတိန်၊ ပြင်သစ်တို့ရဲ့ ပံ့ပိုးမှုနဲ့ အမေရိကန်ကသာလျှင် တစ်ကမ္ဘာလုံးနီးပါးကို စစ်ရေးအရ၀င်ရောက်ဖက်စွက်နိုင်ပါလိမ့်မယ်။ နောက်ပြီး ကမ္ဘာ့နေရာ အားလုံးနီးပါးကို လေယာဉ်နဲ့ ဗုံးသွားကျဲနိုင်တဲ့ အစွမ်းမျိုးလည်း အမေရိကန်တွေမှာသာရှိပါလိမ့်မယ်။ ဒါတွေဟာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်တဲ့ အမေရိကန်တွေရဲ့ စစ်အင်အား၊ ကမ္ဘာအပေါ် လွှမ်းမိုးထားနိုင်တဲ့ စီဗီလိုက်ဇေး ရှင်းကြီးရဲ့ စစ်အင်အားတွေပဲဖြစ်ပါတယ်။ မဝေးလှတဲ့ အနာဂတ်ကာလရဲ့ စစ်အင်အား ချိန်ခွင်လျာကတော့ အနောက်ဖက်ကို သိသိသာသာကြီး ယိမ်းလျက်ပဲ ရှိနေပါလိမ့်မယ်။

ပထမတန်းစား သမားရိုးကျ စစ်အင်အားပိုင်ဆိုင်ဖို့ အချိန်၊ ကြိုးစားအားထုတ်မှုနဲ့ အသုံးစရိတ်တွေ လိုအပ် နေတာကြောင့် အနောက်ရဲ့သမားရိုးကျ စစ်အင်အားကို ယှဉ်ပြိုင်နိုင်ဖို့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအနေနဲ့ အခြား ဖြတ်လမ်းနည်းတွေရှာဖွေကြည့်ဖို့ အလွန်အမင်းစိတ်အားထက်သန်နေကြလိမ့်မယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဖြတ်လမ်းနည်း ကတော့ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်ကြီးတွေပိုင်ဆိုင်ရေး ဒါတွေကို တပ်ဆင်အသုံးပြုနိုင်ရေးပဲ ဖြစ်ပါတယ်။ စီဗီလိုက်ဇေးရှင်းတွေရဲ့ ပဓာနနိုင်ငံကြီးတွေနဲ့ ဒေသတွင်းသြဇာလွှမ်းမိုးလိုတဲ့ နိုင်ငံတွေဟာ ဒီလိုလက်နက်ကြီးတွေ ပိုင်ဆိုင်ဖို့ အထူး စိတ်အားထက်သန်နေကြပါတယ်။ ဒီလို လက်နက်ကြီးတွေရှိရင် (တစ်) သူတို့ စီဗီလိုက်ဇေးရှင်းထဲရှိ နိုင်ငံတွေနဲ့ ဒေသတွင်းမှာ သြဇာဖြန့်ကျက်ထားနိုင်ပါတယ်။ (နှစ်) သူတို့ စီဗီလိုက်ဇေးရှင်း အတွင်းရှိ နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေအတွင်း အမေရိကန်(သို့)အခြားပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ ၀င်ရောက် ဖက်စွက်မှုကို ဟန့်တားထားနိုင်ပါတယ်။

တကယ်လို့ အီရတ် အဏုမြူလက်နက် ပိုင်ဆိုင်သည်အထိ စောင့်ပြီးနောက် နှစ်နှစ် သုံးနှစ်လောက်ကြာမှ ဆဒ္ဒန်ဟူစိန်က ကူဝိတ်ကို ကျူးကျော်သိမ်းပိုက်လိုက်မယ်ဆိုရင် ကူဝိတ်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးအများကြီး ပိုရှိပြီး ဆော်ဒီရေနံတွင်းတွေတောင် သူ့လက်ထဲ ရောက်လာနိုင်ပါလိမ့်မယ်။ အနောက်မဟုတ်တဲ့ နိုင်ငံတွေဟာ ပင်လယ်ကွေ့ စစ်ပွဲသင်ခန်းစာကို ကြေကြေညက်ညက် ရယူခဲ့ကြပါတယ်။

- ဆက်ရန်
ဇင်ဝေသော်

(1) http://tiny.cc/8kkwnx

စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ


အခန်း (၈)
အနောက်နဲ့ အခြား ( The West and the Rest )
စီဗီလိုက်ဇေးရှင်းစုံ အရေးအခင်းများ

"အန္တရာယ်အကြီးမားဆုံး ပဋိပက္ခတွေဟာ မောက်မာတဲ့ အနောက်တိုင်း၊ သည်းခံ မှုမရှိတဲ့ အစ္စလာမ်နဲ့ ယုံကြည်မှုလွန်ကဲတဲ့ တရုတ်တို့ အကြားမှာ ဖြစ်ပွားဖို့ များနေပါတယ်"
"ဒီမိုကရေစီကို ထောက်ခံ အားပေးပေမဲ့ အစ္စလာမ်စာအုပ်ကြီးသမားတွေ အာဏါ ရလာတော့ ဒီမိုကရေစီကိစ္စကို နောက်လျိုထားတယ်။ အီရန်နဲ့ အီရတ်ကိုတော့ လက်နက်ထိမ်းချုပ်ရေးအကြောင်း သြ၀ါဒတွေ ချွေတယ်။ အစ္စရေးကိုကျတော့ ဒီလို မဟုတ်ပြန်ဘူး" (ဟန်တင်တန်)

*******************************************************
အနောက်တိုင်း တစ်ကမ္ဘာလုံးဆိုင်ရာ အယူအဆ
( Western Universalism )

ခေတ်သစ်ကမ္ဘာကြီးထဲရှိ စီဗီလိုက်ဇေးရှင်း မတူညီတဲ့ နိုင်ငံတွေ၊ အုပ်စုတွေကြား က ဆက်ဆံရေးဟာ နီးနီး စပ်စပ်မရှိနိုင်တဲ့အပြင် အခြေအနေ တင်းမာမှုတွေ မကြာမကြာ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ တချို့ စီဗီလိုက်ဇေးရှင်း တွေကြားက ဆက်ဆံရေးကတော့ အများထက်ပဋိပက္ခအသွင် ပိုဆောင်နေပါလိမ့်မယ်။ ဒေသ တွင်းအဆင့်မှာ အကြမ်းဖက်မှုအများဆုံး ဖြစ်ပွားနိုင်တာက အစ္စလာမ် စီဗီလိုက်ဇေးရှင်းနဲ့ သူ့ရဲ့ အိမ်နီးချင်း အော်သိုဒေါက်(စ်)၊ ဟိန္ဒူ၊ အာဖရိကန်နဲ့ အနောက်တိုင်း ခရစ်ယန်နိုင်ငံတွေကြားမှာ ဖြစ်ပွားပါလိမ့်မယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ အဆင့်မှာတော့ အနောက်နဲ့ အနောက်မဟုတ်တဲ့ နိုင် ငံတွေကြား (the west and the rest) မှာ ပဋိပက္ခတွေ ဖြစ်ပွားနိုင်ပြီး အတင်း မာဆုံး ပဋိပက္ခတွေကတော့ မွတ်စလင်နိုင်ငံတွေနဲ့ အာရှနိုင်ငံ တွေက တစ်ဖက်၊ အနောက်ကတစ်ဖက်၊ ဒီနှစ်ဖက်ကြားမှာ ဖြစ်ပွားပါလိမ့်မယ်။ အနာဂတ်ရဲ့ အန္တရာယ်အကြီးမားဆုံး ပဋိပက္ခတွေဟာ မောက်မာတဲ့ အနောက်တိုင်း၊ သည်းခံ မှုမရှိတဲ့ အစ္စလာမ်နဲ့ ယုံကြည်မှုလွန်ကဲတဲ့ တရုတ်တို့ အကြားမှာ ဖြစ်ပွားဖို့ များနေပါတယ်။
စီဗီလိုက်ဇေးရှင်းကြီးတွေကြားမှာ အနောက်တိုင်း စီဗီလိုက်ဇေးရှင်းဟာ အခြား စီဗီလိုက်ဇေးရှင်းတွေအပေါ် အကျိုးသက်ရောက်မှုကြီးမားတဲ့ စီဗီလိုက်ဇေးရှင်း ကြီး တစ်ခုဖြစ်သလို ဆိုးကျိုးတွေလည်း ရှိနေတတ်ပြန်ပါတယ်။ အနောက်ရဲ့ အင်အား၊ ယဉ်ကျေးမှု ( Power and culture ) နဲ့ အခြားနိုင်ငံတွေရဲ့ အင်အား ယဉ်ကျေးမှုကြားက ဆက်ဆံရေးဟာ ကမ္ဘာ့စီဗီလိုက်ဇေးရှင်းကြီးတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့နေပါလိမ့်မယ်။ အခြား စီဗီလိုက်ဇေးရှင်းတွေရဲ့ အင်အားက တိုးတက် လာတော့ အနောက်ယဉ်ကျေးမှု လွှမ်းမိုးထားနိုင်ခြင်းကလည်း အားလျော့လာ တယ်။ အနောက်မဟုတ်တဲ့ လူတွေကလည်း သူတို့ကိုသူတို့ ယုံကြည်မှုတွေ ပိုခိုင်မာလာပြီး သူတို့ကိုယ်ပိုင် ယဉ်ကျေးမှုတွေ အားကောင်းလာအောင် ကြိုးစား လာနေကြတယ်။ အနောက်နဲ့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအကြား အဓိကပြဿနာက သဟဇာတမဖြစ်ခြင်း၊ အထူးသဖြင့်တော့ အနောက်ယဉ်ကျေးမှုကို တစ်ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဖြစ်လာအောင် အမေရိကန်တွေက ကြိုးစား အားထုတ်ခြင်းနဲ့ သူတို့ စွမ်းရည်တွေ ကျဆင်းလာနေခြင်းပဲ ဖြစ်ပါတယ်။

ကွန်မြူနစ်ဝါဒ ပျိုလဲသွားတဲ့နောက် လစ်ဘရယ်ဒီမိုကရေစီဟာ ကမ္ဘာနဲ့ချီပြီး အောင် ပွဲခံလိုက်နိုင်တယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးကျင့်သုံးဖို့ သင့်လျော်တယ် ဆိုတဲ့ အမြင်နဲ့ သူတို့နိုင်ငံရေး အယူဝါဒကို ရှေ့တန်းတင်၊ အားသစ်လောင်းမိရာ က ဖြစ်ပွားလာတဲ့ သဟဇာတမကျမှု (အဆီအငေါ် မတည့်မှု) ကြီးဖြစ်ပါတယ်။ အနောက် အထူးသဖြင့် အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး၊ အာဏါအကန့်အသတ်သာပိုင်ဆိုင်တဲ့အစိုးရ၊ လူ့အခွင့်အရေး၊ ပုဂ္ဂလိက၀ါဒနဲ့ တရားဥပဒေစိုးမိုးရေး စတဲ့ အနောက်တိုင်းရဲ့ တန်ဖိုးတွေကို အနောက် မဟုတ် တဲ့ နိုင်ငံတွေလည်း ကျင့်သုံးသင့်တယ်။ သူတို့ လူ့အဖွဲ့အစည်းတွေကိုလည်း အနောက်ရဲ့ တန်ဖိုးတွေနဲ့အညီ ပုံစံသွင်းယူသင့်တယ်လို့ ယဉ်ကျေးမှုပျံ့ပွားရေးကို အမြဲကြိုးစားနေတတ်တယ်။ အခြားစီဗီလိုက်ဇေးရှင်းတွေထဲရှိ အနည်းစုနိုင်ငံတွေ က ဒါကိုလက်ခံကြိုဆိုပြီး ဒီတန်ဖိုးတွေကိုလည်း မြင့်လာအောင် အားထုတ်ကြ ပါတယ်။ ဒါပေမဲ့ အများစုရဲ့ ဒီတန်ဖိုးတွေ အပေါ် သဘောထားကတော့ သံသ ယတွေနဲ့ ဆန့်ကျင်ဖက်ဆီကို ဦးတည်နေပါတယ်။ အနောက်ရဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ အယူဝါဒဟာ အနောက်မဟုတ်တဲ့ အခြားသူတွေအတွက်တော့ ယဉ်ကျေးမှုနယ်ချဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိအနေအထားအတိုင်းတည်မြဲနေဖို့ အနောက်က ကြိုးစားနေသလို ဆက် လက်ပြီးတော့လည်း ကြိုးစားနေလိမ့်မယ်။ ဒီ အကျိုးစီးပွားတွေဟာ ကမ္ဘာ့မိသားစု တစ်ခုလုံး ( World Community ) ရဲ့ အကျိုးစီးပွားလို့ အဓိပ္ပါယ်ဖွင့်ဆိုရင်း သူတို့အကျိုးစီးပွားကို ရောင်ပြန်ဟပ်စေ၊ တစ်ကမ္ဘာလုံးဆိုင်ရာ တရားဝင် အသိ အမှတ်ပြုမှုကို ဖြစ်စေဖို့အတွက် လွတ်လပ်သောကမ္ဘာ ( Free World ) ဆိုတဲ့ စကားလုံးနေရာမှာ ကမ္ဘာ့မိသားစုဆိုတဲ့ ( World community ) စကားလုံးနဲ့ အစားထိုးလာပါတယ်။ ဥပမာအားဖြင့် အနောက်နိုင်ငံတွေဟာ သူတို့လွှမ်းမိုး ထားတဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးစနစ်ထဲကို အနောက်မဟုတ် တဲ့ နိုင် ငံတွေပါ ပါဝင်ပူးပေါင်းလာကြဖို့ ကြိုးစားနေကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ( IMF – International Morretary Fund ) နဲ့ အခြားနိုင်ငံတကာ စီးပွားရေးအဖွဲ့တွေကနေတဆင့် စီးပွားရေး အကျိုး အမြတ်အတွက် ကြိုးစားနေကြသလို သင့်တော်မယ်ထင်တဲ့ အချို့ပေါ်လစီတွေကို အခြားနိုင်ငံတွေကပါ လိုက်နာကျင့်သုံးလာကြဖို့လည်း ဖိအားတွေပေးလာနေ ကြတယ်။ ဒါပေမဲ့ အနောက်မဟုတ်တဲ့ လူတွေအထဲမှာတော့ ဘဏ္ဍာရေး ၀န်ကြီးတွေနဲ့ ကျန်လူနည်းစုကသာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေအဖွဲ့ ကို ထောက်ခံကြပါလိမ့်မယ်။ ကျန်တဲ့လူတိုင်းလိုလိုကတော့ ဒါကို သဘောတူကြ မယ် မဟုတ်ပါ ဘူး။ သူတို့ကဆိုရင် ဂျော်ဂီအာဘာတော့(ဗ်)ရဲ့ IMF အရာရှိတွေ အပေါ် သတ်မှတ်လိုက်တဲ့ စကားကိုတောင် သဘော တူကြပါလိမ့်မယ်။
“IMF အရာရှိတွေဟာ လူထုရဲ့ငွေကြေးကို အလွဲသုံးစားပြုဖို့ ဆန္ဒတွေပြင်းပျ၊ ဒီမိုကရေစီမကျ၊ စည်းစနစ်မကျတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေတွေကို ထုတ်ပြန်၊ သူများတကာရဲ့ စီးပွားရေးလွတ်လပ်ခွင့်ကို ချုပ်ခြယ်နေတဲ့ ဘော်ရှီဗစ် လက်သစ်တွေသာ ဖြစ်တယ် ” Note-1

အနောက်တိုင်းရဲ့ မူနဲ့ လက်တွေ့ကျင့်သုံးမှု ကွာဟချက်ကို ထောက်ပြဖို့ အနောက် မဟုတ်တဲ့လူတွေက ပါးစပ် မတွန့်ကြဘူး။ "အယောင်ဆောင်" "မျှမျှတတမရှိ" "ဒါက ဒီလိုရှိပါတယ်” စတဲ့ ထိကပါးရိကပါး ဝေါဟာရတွေဟာ တစ်ကမ္ဘာလုံး ဆိုင် ရာဝါဒီတွေ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေပါ။ ဒီမိုကရေစီကိုတော့ ထောက်ခံ အားပေးတယ်။ ဒါပေမဲ့ အစ္စလာမ်စာအုပ်ကြီးသမားတွေ အာဏါရလာတော့ ဒီမို ကရေစီကိစ္စကို နောက်လျိုထားတယ်။ အီရန်နဲ့ အီရတ်ကိုတော့ လက်နက် ထိမ်း ချုပ်ရေးအကြောင်း သြ၀ါဒတွေ ချွေတယ်။ အစ္စရေးကိုကျတော့ ဒီလို မဟုတ်ပြန် ဘူး။ လွတ်လပ်စွာကုန်သွယ်ခွင့်ကိုတော့ စီးပွားရေးလိုတရစနစ်တစ်ခုလို အမွှမ်း တင်ပြီး စိုက်ပျိုးရေးကိုကျတော့ ဘာမှ မပြောပြန်ဘူး။ တရုတ်ရဲ့ လူ့အခွင့်အရေး ကိစ္စကိုပုံကြီးချဲ့ပေမဲ့ ဆော်ဒီအာရေးဗျကိုကျတော့ ရေငုံနှုတ်ပိတ်နေပြန်ရော၊ ရေနံ ချမ်းသာတဲ့ ကူဝိတ်အပေါ် ကျူးကျော်လာသမျှကို ခေါင်းခံဖြေရှင်းပေးပြီး ရေနံမရှိ တဲ့ ဘော့စနီးယန်းတွေအပေါ် ကျူးကြော်လာမှုတွေကိုကျတော့ လက်ပိုက်ကြည့်နေပြန်တယ်။ တစ်ကမ္ဘာလုံးအဆင့်ရှိ မူဝါဒကိုလက်တွေ့ ကျင့်သုံး ရာမှာ အဆင့်အတန်းခွဲခြားမှုဟာ ရှောင်လွဲလို့မရတဲ့ ကိစ္စဖြစ်ပါတယ်။

နိုင်ငံရေးလွတ်လပ်မှုရပြီးတဲ့နောက် အနောက်မဟုတ်တဲ့နိုင်ငံတွေဟာ အနောက်ရဲ့ စီပွားရေး၊ စစ်ရေးနဲ့ ယဉ်ကျေးမှု လွှမ်းမိုးထားခြင်းကနေလည်း လွတ်မြောက်ချင်လာကြတယ်။ အရှေ့အာရှ အဖွဲ့အစည်းတွေဆိုရင် စီးပွားရေး အရ အနောက်နဲ့တန်းညှိဖို့ လမ်းကြောင်းပေါ်ရောက်နေကြပါပြီ။ အာရှနိုင်ငံတွေနဲ့ အစ္စလာမ်နိုင်ငံတွေ ကလည်း စစ်ရေးအရ အနောက်နဲ့အင်အားညှိဖို့ ဖြတ် လမ်းနည်းတွေ ရှာဖွေနေကြတယ်။ အနောက် စီဗီလိုက်ဇေးရှင်းရဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ အယူဝါဒ မျှော်လင့်ချက်၊ အနောက်ရဲ့ အင်အားကျဆင်းဆုတ်ယုတ်လာ မှုနဲ့ အခြားစီဗီလိုက် ဇေးရှင်းတွေရဲ့ သူတို့ယဉ်ကျေးမှုကို ပြန်လည်အင်အားဖြည့် လာမှုတွေကြောင့် အနောက်နဲ့ အနောက်မဟုတ်တဲ့ နိုင်ငံတွေအကြား ဆက် ဆံရေးကတော့ ယေဘုယျအားဖြင့် မချောမွေ့ဖို့ သေချာနေပါတယ်။ ဆက်ဆံရေးတွေရဲ့ တင်းမာမှုအတိုင်းအဆတွေကတော့ သိသိသာသာကွဲပြားနေပြီး ဖြစ်နိုင်ခြေ သုံးမျိုးရှိနေပါတယ်။

တစ်။ စိန်ခေါ်လာနေတဲ့ အစ္စလာမ်၊ တရုတ် စီဗီလိုက်ဇေးရှင်းတွေနဲ့ အနောက်ရဲ့ ဆက်ဆံရေးဟာ အထစ်အငေါ့တွေ အမြဲရှိနေနိုင်ပြီး တစ်ခါတစ်ခါ အလွန် တင်းမာတဲ့ အခြေအနေမျိုးကိုတောင် ရောက်သွားနိုင်ခြေ ရှိပါတယ်။

နှစ်။ အနောက်နဲ့ လက်တင်အမေရိက၊ အာဖရိက၊ အနောက်ကို မှီခိုနေရတဲ့ စီဗီလိုက်ဇေးရှင်းငယ်လေး တွေရဲ့ကြားမှာတော့ မဆိုစလောက် ပြဿနာလေးတွေပဲ ရှိပါမယ်။ အထူးသဖြင့်တော့ အနောက်နဲ့ လက်တင် အမေရိက ဆက်ဆံရေးမှာပါ။

သုံး။ ရုရှား၊ ဂျပန်နဲ့ အိန္ဒိယတို့ရဲ့ အနောက်နဲ့ ဆက်ဆံရေးကတော့ အထက်နှစ်ခုရဲ့ အကြားမှာပဲ ရှိနေ မယ့်သဘောပါ။ ပူးပေါင်းမှုတွေရှိနိုင်သလို ပဋိပက္ခတွေလည်း ရှိနိုင်တယ်။ အဲဒီ စီဗီလိုက်ဇေးရှင်းသုံးခုဟာ တစ်ခါတခါ စိန်ခေါ်သူ စီဗီလိုက်ဇေးရှင်းတွေ (တရုတ်နဲ့ အစ္စလာမ်)နဲ့ ပေါင်းသလို တစ်ခါတခါ အနောက်နဲ့လည်း ပေါင်းလာနိုင် ပါတယ်။ သူတို့ဟာ တစ်ဖက်ကအနောက်၊ အခြားတစ်ဖက်က အစ္စလာမ်နဲ့ တရုတ် စီဗီလိုက်ဇေးရှင်းကြားမှာ “ လေယူရာယိမ်း-Swing ” စီဗီလိုက်ဇေးရှင်းတွေ ဖြစ်နေပါလိမ့်မယ်။

ကျွန်တော့်ဆရာတွေထဲက တစ်ပါးနဲ့တစ်ယောက်


သူတို့က ဆရာဘုန်းကြီး ဦးပညောဘာသနဲ့ ဖိုးချောပါ။

ဖိုးချောကိုအကြမ်းပုံဖော်ရရင် ဉာဏ်သာမန်သာရှိသူ၊ သူ့ကိုယ်သူသိသူ၊ မိဘမဲ့ မနှစ်မြို့ဖွယ်ဘဝမှာကြီးပြင်းခဲ့ရသူ၊ ဗလကောင်းသူ၊ တစ်ခါတစ်ခါ ကျောင်းသား ငယ်များကို အနိုင်ကျင့်တတ်သူ၊ အများအားဖြင့် မဟုတ်မခံစိတ်ရှိသူ၊ ပြောရဲဆိုရဲ ရှိသူ၊ ကျောင်းသားအကြီးဆုံး၊ ကျောင်းအပြန်လမ်း အတန်းမပျက်အောင် ကွပ်ကဲ ရသူ၊ အိမ်ရောက်ရောက်ချင်း ကျောင်းသားတွေက မိဘကို ကန်တော့၊ မကန်တော့လေ့လာပြီး ဆရာဘုန်းကြီးကို တရားဝင်ပြန်လျှောက်ရသူလို့ ဆိုရမယ်ထင်ပါတယ်။
(မှတ်မှတ်ရရ အဲဒီတုန်းက ကျောင်းကနေအိမ်မပြန်ခင်"ဘုရားတပည့်တော် ဇင်ဝေသော်၊ ဆရာ့ထံမှ မိဘထံ ပြန်ပါရစေဘုရား" လို့ သုံးကြိမ်လျှောက်ပြီးမှ အိမ်ပြန်ခွင့် ရှိပါတယ်)
ဒါတွေထဲမှာ ကျနော်ပြောပြလိုတာက ဖိုးချောရဲ့ သူ့ကိုယ်သူသိသူနဲ့ ပြောရဲ ဆိုရဲ ရှိသူဆိုတဲ့အချက် နှစ်ချက်ဖြစ်ပါတယ်။
ထိုစဉ် ကျနော်က ၉ နှစ်သားဖြစ်ပြီး ဖိုးချောက ၁၃နှစ်သားလောက်လို့ ထင်ပါ တယ်။ ဆရာဘုန်းကြီး ဦးပညောဘာသက ကျနော်နဲ့ဖိုးချောကို မနက်ပိုင်း လော ကနီတိသင်ပေးပြီး နေ့ပိုင်းမှာ လေးတန်းသင်္ချာတွေသင်ပေးပါတယ်။ ဘာဖြစ် လို့ နှစ်ယောက်ထဲလည်းဆိုရင် ဦးပညောဘာသက လူတိုင်းကို မသင်လို့ပါ။ ဘာလို့ မသင်တာလဲ၊ သူ့မှာ အနာကြီးရောဂါ (ဆိုးဆိုးဝါးဝါး) ရှိပါတယ်။ ဒါဆိုရင် စာဖတ်သူများ အဖြေရနိုင်ပါပြီ။

စာမရရင် ထိုင်ထလုပ်ရပါတယ်။ ဒါပေမဲ့ ထိုင်ထလုပ်ရတိုင်း ဖိုးချောဖြစ်နေတာ များပါတယ်။ ကျနော်က တော်လို့မဟုတ်ပါ။ ကျနော့်မှာ လေးတန်းအောင်ပြီး သားအမ ၆ ယောက်ရှိနေလို့ပါ။ တစ်နေ့မှာတော့ ပေးတဲ့စာက များနေတော့ ဖိုးချောက ဦးပညောကိုလျှောက်ပါတယ်
"တပည့်တော် မနက်ဖြန်အတွက်ကြိုပြီး ထိုင်ထလုပ်လို့ ရပါသလား ဘုရား"
"ဘာဖြစ်လို့ မင်းက မနက်ဖြန်အတွက်ကြိုပြီး ထိုင်ထလုပ်ချင်ရတာလဲ"
"ဒီလောက်များတဲ့စာ မနက်ဖြန်လည်း တပည့်တော်မရနိုင်တာ သေချာလို့ပါ ဘုရား"
ဆရာသမားက ရယ်ပါတယ်။ စာကိုလည်း လျှော့ပေးလိုက်ပါတယ်။
ဒါ့ကြောင့် ငယ်ငယ်က ဖိုးချောကို ကျနော် ချစ်သွားပါတယ်၊ စာကျက်ရတာ လျော့ သွားလို့ပါ။ အခု လေးစားပါတယ်၊ မှန်တယ်ထင်လို့ပါ။

ဆရာဘုန်းကြီး ဦးပညောဘာသ
နောက်မှ အဖေရှင်းပြလို့သိရတာက ဆရာဘုန်းကြီး ဦးပညောဘာသအနေနဲ့ ဒီစာတွေသင်နေတာက အဓိပ္ပါယ်အများကြီးရှိပါတယ်(ရည်ရွယ်ချက် အလွန် ကြီးပါတယ်)။ စာသင်ကျောင်း မတက်ပေမဲ့ ၉ နှစ်သားတစ်ယောက်ဟာ လေး တန်းပညာရပ်တွေကို တတ်နေသင့်တယ်။ ဘုန်းကြီးကျောင်းလိုက်လို့ လောကီ ပညာနောက်ကျနေခဲ့တာမျိုး မဖြစ်သင့်ဘူး။ ဘုန်းကြီးကျောင်းသားက မြန်မာစာ မညံ့နိုင်ဘူး၊ သင်္ချာပဲညံ့မယ်ဆိုပြီး လေးတန်းသင်္ချာတွေ အတင်း သင်ပေးနေခြင်းဖြစ်ပါတယ်။ မှန်ပါတယ်။ ဆရာဘုန်းကြီးရဲ့ သင်္ချာမညံ့ဘူးဆိုတာ အတန်းကျောင်း ပြောင်းတက်တော့ သိရပါတယ်။ ကျန်တဲ့ကျောင်းသားတွေက မူလတန်း၊ တစ်တန်း၊ နှစ်တန်းစသည် အဆင့်ဆင့်တက်ခဲ့ကြပေမဲ့ ကျနော်က ဘုန်းကြီးကျောင်းကလာပြီး လေတန်းကို ခုန်တက်ခဲ့တာပါ။ ကျောင်းအုပ်ဆရာကြီး ဦးမြအောင်ကလည်း လက်ခံပါတယ်။ ဆရာဘုန်းကြီးကလည်း လေးတန်းမထားရင် မတက်နဲ့၊ ငါ့ကျောင်းပြန်ခဲ့လို့ မှာလိုက်ပါတယ်။

လေးတန်းအောင်တော့ ဆရာဘုန်းကြီးက ငါးတန်းသင်္ချာတွေ ဆက်သင်ပေးပြန် ပါတယ်။ ကံမကောင်းတာက အဲဒီနှစ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာဘုန်းကြီး ပျံတော်မူသွားခဲ့ခြင်းဖြစ်ပါတယ်။
အခု ဖိုးချောလည်း မရှိရှာတော့ပါ။

သို့သော် ဆရာဘုန်းကြီး ဦးပညောဆီက(ဆရာ့မှာ လက်ချောင်းလေးတွေ မရှိရှာ ဘူး) အညံ့မခံစိတ်နဲ့ ဖိုးချောဆီက ကိုယ့်ကိုယ်ကိုသိမှု၊ ပြောစရာရှိရင် ရဲရဲတင်း တင်းပြောမှုကတော့ ကိုယ်ညံ့လို့ အပြည့်အဝမရလိုက်တာကလွဲရင် ယူရမယ့် သင်္ခန်းစာတွေဆိုတာကိုတော့ လုံးဝ ယုံကြည်မိတယ်။
ကျနော်မသေသေးသရွေ့ သူတို့လည်း ကျနော့်ဘဝထဲမှာတော့ မသေနိုင်တော့ပါဘူး။

မောင်သစ်ဝေ(ဦးဝိသုဒ္ဓ၊ ထနောင်းတိုင်) စတဲ့ ဘ/ကဆရာတော်များ၊ သူငယ်ချင်း များကို ဦးကျို့ ဂုဏ်ပြုလျက်

သီဟနာဒ (သို့မဟုတ်) ဇင်ဝေသော် (By Yay Kyi Chamm Mya)


တစ်ရက်က (၁၂.၁၀.၂၀၁၄ ) စာရေးဆရာ ဇင်ဝေသော် (အရှင်စိတ္တရ) လက်ဆောင်ပေးထားသော စာအုပ်ကို တပည့်တစ်ယောက်ထံမှ တဆင့် လက်ခံရရှိသည်။

စာအုပ်နာမည်က “ လူ့ယဉ်ကျေးမှုပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း” ဘာသာပြန်စာအုပ်။ ရရချင်း အလုပ်များနေသဖြင့် ကောက်မကိုင်ဖြစ်ခဲ့။ သတိရလို့ ကောက်လှန်ကြည့်တော့ “ဦးသုနန္ဒာလင်္ကာရ အတွက် အမှတ်တရ ဇင်ဝေသော်” ဆိုသော လက်မှတ်နှင့်တူ “ ဖတ်ပြီးရင် အကြံဥာဏ်လေးတွေ လုပ်ပါဦး” ဆိုသည့် စာသားပါ ပူးတွဲပါလာသည်။ သူ့စာအုပ်ကို အစအဆုံး မဖတ်ရသေးလို့ လောလောဆယ် ဘာအကြံဥာဏ်မှ မပေးတတ်ပေမဲ့ သူ့အပေါ် ကိုယ်မြင်ခဲ့မိတဲ့ အမြင်လေးတွေကိုတော့ဖြင့် ပြောပြချင်သည်။

တကယ်တော့ သူနဲ့ကိုယ်က စင်္ကာပူရောက်မှသာ သိကြသည့် မိတ်ဆွေများဖြစ်သည်။ လူထက် စာကို အရင်သိခဲ့တာဟု ပြောက ပိုမှန်မည်ထင်သည်။ ရွှေမြန်မာမဂ္ဂဇင်းမှာတုန်းက စောနေလတ် ကလောင်နာမည်ဖြင့် ရေးခဲ့သော သူ့ဆောင်းပါးများက သူ့အား ဘုန်းကြီးတစ်ပါးလို့ မထင်ရလောက်အောင် မိမိကို ဖမ်းစားခဲ့ဖူးသည်။ “ဒီပုဂ္ဂိုလ် စာရေး အတော်ဖြစ်သဟ”..ဟု စိတ်ထဲမှာ ချီးမွမ်းနေမိသည်။ လူချင်း မြင်ဖူးသည့်အခါ ထောင့်တောင့်တောင့် ဖြစ်နေတတ်သည့် သူ့ပုံစံက ကိုယ်ကြိုက်သည့် ပုံစံမျိုးတော့ မဟုတ်။ သို့ပေမဲ့ သူ့စာတွေကြောင့် သူ့ကို အဝေးမှပင် ခင်မင်လေးစားနေမိသည်။ သင်တန်းများကို အကြောင်းပြုပြီး သူနဲ့ နီးနီးကပ်ကပ် ဆက်ဆံရသည့်အခါ အခြားဘုန်းကြီးများထံမှာ မတွေ့ရသည့် အရည်အချင်းကောင်းများစွာ သူ့မှာ ရှိနေသည်ကို ထင်ထင်ရှားရှား တွေ့မြင်ရသည်။ သည်နောက်မှာတော့ သူ၏ ထောင့်တောင့်တောင့်ပုံစံသည် ကိုယ့်အတွက် အထူးအဆန်းမဟုတ်တော့။ တိုင်ပင်ဖော် ဆွေးနွေးဖော် မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။

မနှစ်က လီကွမ်ယု ၏ “Hard Truths” ကို “နားဝင်မချိုတဲ့ အမှန်တရားများ” အမည်ဖြင့် ဘာသာပြန်ထားသော သူ့စာအုပ်ထွက်လာသည်။ လက်ဆောင်မရမီကပင် ထိုစာအုပ်ကို သူများဆီမှ ငှါး၍ ဖတ်ခဲ့သည်။ ဖတ်ပြီး သဘောအကျကြီး ကျမိသည်။ လူတိုင်း ဖတ်သင့်သည်ဟုလည်း ယူဆမိသည်။ ထိုစာအုပ်ကြောင့် သူ၏ အင်္ဂလိပ်စာပေအရည်အသွေးနှင့် ဘာသာပြန်အယူအဆကို အကဲခတ်မိသလို “ဒီပုဂ္ဂိုလ်က ဒီလိုလည်း ဖြစ်သဟ” ဟု ထပ်မံချီးမွမ်းရပြန်သည်။ သူနဲ့ ရင်းနှီးနေပြီမို့ စာအုပ်ဖတ်ပြီးပြီးချင်း ဖုန်းဆက်ကာ ၀မ်းသာအားရ ချီးမွမ်းမိတာ သတိရနေသည်။ ကိုယ်တိုင်လည်း ပေါ်ပြူလာစာအုပ်ဆိုင်မှ မူရင်းအင်္ဂလိပ်စာအုပ်ကို ထပ်ဝယ်ဖတ်ဖြစ်သည်အထိ သူ့စာအုပ်က တွန်းပို့ခဲ့သည်။

တစ်ခါက တိုက်တိုက်ဆိုင်ဆိုင်ပင် သူက သူ၏ နားဝင်မချိုတဲ့ အမှန်တရားများ စာအုပ် မိတ်ဆက်ပွဲအတွက် မြန်မာပြည်ရောက်နေသလို ကိုယ်ကလည်း မယ်တော်ကြီး (၁) နှစ်ပြည့်အတွက် ကုသိုလ်ကောင်းမှုလုပ်ရန် မြန်မာပြည် ပြန်ခဲ့သည်။ စိတ်ကူး ပေါ်လာသည့်အလျောက် မယ်တော်ကြီး၏ (၁) နှစ်ပြည့်အခမ်းအနားတွင် ပင့်သံဃာများအတွက် လှူဖွယ်ဝတ္ထုတစ်ခုအနေဖြင့် သူ့စာအုပ်ကို ထည့်လှူရန် ၁၀ အုပ် ၀ယ်ယူအားပေးခဲ့သည်။ ပြည်တွင်းသာသနာပြုနေကြသည့် ကျောင်းထိုင်ဘုန်းကြီးများအနေဖြင့် သူ့စာအုပ်ကနေ အတွေးသစ် အကြံသစ်များ ရလိုရငြား ဟူသော ရည်ရွယ်ချက်နှင့်ဖြစ်သည်။ ရန်ကုန်ပြန်ရောက်သည့်အခါလည်း ထပ်မံဝယ်ယူ၍ မိမိနှင့်ဆက်စပ်ရာ စာဖတ်ဝါသနာပါသည့် ကျောင်းသူ ကျောင်းသား များနှင့် စာသင်တိုက်ရှိ စာချဆရာအချို့အပြင် ၊ စာသင်သား အချို့အားလည်း လှူဒါန်းခဲ့သည်။ သူတို့မှတဆင့် ပျံ့နှံ့သွား၍ ထပ်မံဝယ်ယူသူများရှိသည်ကို သတင်းပေးကြသည့်အခါမှာတော့ ကိုယ့်မိတ်ဆွေစာရေးဆရာအတွက် အားရ ၀မ်းသာဖြစ်ရသည်မှာ အမှန်ပင်။

အခုနောက်တစ်အုပ် လာပြန်လေပြီ။ လောလောဆယ် စာမျက်နှာ ၂၄ အထိသာ ဖတ်ထားရသေးသည်။ အရင်စာအုပ်ထက်စာလျှင် သေချာနားလည်အောင်ကား ဖြည်းဖြည်းချင်း ဖတ်နေရသည်။ သေချာဖတ်က တဖြည်းဖြည်း ဆွဲခေါ်သွားမည့် စာအုပ်အဖြစ်တော့ ကြိုတင် မြင်နေမိပါသည်။ သူ့ဘာသာပြန်စာအုပ်များထဲက အကြိုက်ဆုံးသော စာသားတွေ စကားလုံးတွေ အများကြီးရှိသည်။ ထိုထဲက ထူးထူးဆန်းဆန်း ကိုယ်ကြိုက်နေသည့် စကားလုံးလေးတစ်ခုကို ပြောပြပါဆိုလျှင် စာအုပ်မျက်နှာဖုံးပေါ်ရှိ “ဇင်ဝေသော် ( မြန်မာပြန်)” ဆိုသည့် ရိုးရိုးရှင်းရှင်း အကြွားကင်းသည့် စာလုံးလေးပင် ဖြစ်သည်။ ထို့စာလုံးလေးကြောင့်ပင် ကိုယ်က သူ့ကို ပိုလေးစားမိသည်။

မိမိတို့လောကတွင် အင်္ဂလိပ်ဘွဲ့ဒီဂရီတွေ ကြွက်မြီးတန်းအောင်တပ်ပြီး အကြွားမျှအားထုတ်ကာ တကယ်အလုပ်မဖြစ်လှသည့် သူတွေက ပေါများလွန်းလှသည်။ အခုတော့ နောက်မှာ ဘာဘွဲ့ဒီဂရီအမြီးမှမပါ ရှင်းလင်းစွာဖြင့်ပင် ကလောင်နာမည်ပြုထားသော သည်ပုဂ္ဂိုလ်ကား “ဟေ့..တကယ် “တတ်” ရင်….အဲဒါတွေ “တပ်”စရာ မလိုဘူးကွ” ဟု အောက်ခံ အရည်အသွေးမပါ အပေါ်ခရင်သက်သက်သာ လှအောင်လုပ်ထားသည့် မွေးနေ့ကိတ်နှင့်တူသောသူများကို သီဟနာဒ ပီပီ ဟိန်းဟောက် ခြိမ်းခြောက်နေသလိုပင်။

ဆောင့်ကြောင့်ထိုင်တတ်ကာမျှဖြင့် ကိုယ့်ကိုယ်ကို ခြင်္သေ့ဟု အထင်ရောက်နေသူများကို မကြာခဏ တွေ့ကြုံရတတ်လို့ စိတ်ပျက်နေသည့် မိမိအဖို့ ဇင်ဝေသော် လို ခြင်္သေ့စစ်စစ်ကြီးတွေ ပေါ်လာတာကိုတော့ဖြင့် အားရ၀မ်းသာ လက်ကမ်းကြိုဆိုမိပါသည်။

ရေကြည်ချမ်းမြ (Singapore)

16.10.2014
Yay Kyi Chamm Mya